ရှင်သန်ခြင်း၏ရနံ့
Vol. 38 Ch. 541
…
“ဖေဖေ့ သဘောထားကို နားလည်ပေးတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်” ညတောင်ပံကလန်၏ မိသားစုခေါင်းဆောင်သည် သမီးဖြစ်သူအနားသို့ ချဥ်းကပ်သွားကာ ပွေ့ဖက်ထားလိုက်သည်။
သူ၏ မျက်လုံးများအတွင်း၌ သမီးဖြစ်သူအတွက် ပူပန်မှုများဖြင့် ပြည့်နှက်လျက်ရှိ၏။
ပွေ့ဖက်ထားစဥ်မှာပင် သူသည် ထပ်ခါတလဲလဲ တောင်းပန်နေမိသည်။
“ဖေဖေ တောင်းပန်ပါတယ်ကွယ်။ သမီးကို ကာကွယ်ဖို့ ဒါ့ထက် ပိုကောင်းတဲ့နည်းလမ်းကို ဖေဖေ ရှာမတွေ့ခဲ့ဘူး။ အဖေကြောင့် သမီး ဒီလို ဒုက္ခဆင်းရဲခံလိုက်ရတာ…”
သူ၏ လက်ချောင်းများဖြင့် သမီးဖြစ်သူ မျက်နှာရှိ ဒဏ်ရာအမာရွတ်လေးများကို ဖြေးညင်းစွာ ထိကြည့်မိလိုက်သည်။
၎င်းတို့သည် သမီးဖြစ်သူ၏ ကိုယ်ပေါ်ရှိ အမာရွတ်များ မဟုတ်ဘဲ သူ၏ နှလုံးသားတွင် ထင်နေသော အမာရွတ်များကဲ့သို့ပင် ခံစားလိုက်ရသည်။
သူမကို ထွက်ပြေးရန် ခိုင်းစေနိုင်သော်လည်း ကြယ်များ၏ ကျူးကျော်သူများကို လိုက်လံရှာဖွေနေမှုများကြောင့် သူမအား ကျူးကျော်သူအဖြစ် မှားယွင်းကာ ဖမ်းမိသွားခဲ့ပါက အခြေအနေများသည် ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။
သူမ ဘေးကင်းကြောင်း သေချာစေရန်အတွက် သူမအား ဤနေရာသို့ ပြန်ခေါ်လာရန် နည်းလမ်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ခဲ့ရသည်။
ဤသည်မှာ သူ့အတွက် တစ်ခုတည်းသော ဖြေရှင်းနည်းပင်ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ထိုနည်းလမ်းအတွက် သူသည် မိမိကိုယ်ကိုယ် အပြစ်တင်မိနေဆဲပင် ဖြစ်သည်။
မိသားစုခေါင်းဆောင်သည် သူ၏ ညတောင်ပံ မျိုးနွယ်တစ်ခုလုံးအား မူလကြယ်များ၏ အမျက်ဒေါသအတွက် ခေါင်းခံလိုက်ရမည့်အဖြစ်မျိုးသာ စိုးရိမ်ခဲ့ခြင်း မရှိခဲ့ပါက ထို သတ္တမမူလကြည်ဖြစ်သူ ရီဇီခီယဲလ်အား သူကိုယ်တိုင်ပင် ပြန်လည် သတ်ပစ်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။
သူ့သမီးအတွက် အစားထိုးပေးသည့် အနေဖြင့် သူသည် ရီဇီခီယဲလ်အား အာရုံပြောင်းပေးနိုင်ရန် မျိုးနွယ်စုအတွင်းမှ အခြားချောမောလှပသော မိန်းမပျိုလေးများကိုသာ အသုံးပြုခဲ့ရသည်။
“ဒါက အဖေ့အမှားတော့ မဟုတ်ပါဘူး”
ယဲ့ဗ်နီသည်လည်း သူမ ဖခင်၏ အခက်အခဲကို နားလည်လေသည်။
သူမ၏ ဖခင်သည် သူမအား အချစ်မြတ်နိုးဆုံးပင် ဖြစ်လေ၏။
သူ့တွင်လည်း ထိုဆုံးဖြတ်ချက်ကြောင့် မည်မျှ ခက်ခဲခဲ့မည်ကို သူမ နားလည်ထားသည်။
“သမီး ဒီလိုမျိုးရွေးချယ်လိမ့်မယ်လို့ ဖေဖေသိ ဟင်... သမီးဘယ်ကနေပြန်လာတာလဲ” မိသားစုခေါင်းဆောင်သည် ယဲ့ဗ်နီအား ထွေးပွေ့ထားရာမှ ရုတ်တရက် နောက်ဆုတ်လိုက်ပြီး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“သမီး အနီးအနား တောအုပ်ထဲက ရေကန်မှာ ပုံမှန်အတိုင်း ရေသွားချိုးနေခဲ့တာလေ။ ဘာဖြစ်လို့လဲ ဖေဖေ”
ယဲ့ဗ်နီသည် သူမ ဖခင်၏ ထူးခြားသော တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ထူးဆန်းတယ်။ ဒါနဲ့ သမီး အဲ့ဒီမှာ တစ်စုံတစ်ရာ ထူးခြားတာမျိုး တွေ့ခဲ့မိသေးလား။ ရှားပါးတဲ့ သွေးအသက်ပန်းလိုမျိုးလား”
မိသားစုခေါင်းဆောင်သည် ထိုသို့ မေးလိုက်စဥ်မှာပင် သူ၏မျက်နှာအမူအရာသည် အနည်းငယ် ပို၍ရှုပ်ထွေးနေဟန်တူ၏။
“အဲလိုမျိုးတော့ မတွေ့မိပါဘူး။ သွေးအသက်ပန်းတွေက ဒီလောက်ရှားပါးတာ အဖေလည်း သိရဲ့သားနဲ့။ ဒီနားက တောတွေထဲမှာ ရှိနေခဲ့ရင် ကျွန်မတို့ တွေ့နှင့်တာ ကြာရောပေါ့။ ဘာလို့ ရုတ်တရက် အဲလို ထူးဆန်းတဲ့မေးခွန်းတွေ မေးနေရတာလဲ” ထိုမိန်းကလေးသည် ဖခင်၏ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့ပေ။
“ဘာဖြစ်လို့လဲဆိုတော့ သမီးအနားမှာ ဖေဖေ တစ်ခါမှ မခံစားဖူးတဲ့ ထူးခြားတဲ့ ရှင်သန်ခြင်းရဲ့ရနံ့တစ်မျိုးကို ရလိုက်လို့ပဲ။ ထူးဆန်းလိုက်တာ…”
ယဲ့ဗ်နီ၏ ခန္ဓာကိုယ်ကို သေခြာစွာ လှည့်ပတ်ကြည့်ရှုရင်း မိသားစုခေါင်းဆောင်၏ မျက်နှာအမူအရာသည် ပို၍ပင် နက်ရှိုင်းလာခဲ့၏။
ထိုစဥ် အာရန်သည်လည်း ထိုစကားကြောင့် ရုတ်ရက် ထိတ်လန့်သွားရသည်။
အာရန်သည် သူ၏တည်ရှိမှုကို သတိမထားမိအောင် မိန်းကလေး၏ ဝတ်ရုံအတွင်း၌ ဝင်ရောက် ပုန်းအောင်းနေခဲ့ခြင်းဖြစ်လေသည်။
သူမ၏ဖခင်သည် သူ၏တည်ရှိမှုကို ဒီမျှ လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့မိပေ။
ဤအခန်းတွင်း၌ သူ၏ အသက်ဓာတ်ရနံ့များအား ဖုံးကွယ်ထားနိုင်ရန် သေခြင်းတရား၏ ပြင်းထန်သောရနံ့များ မရှိသောကြောင့်များလား...။
အကယ်၍ ယခုနေ သူ့အား ရှာဖွေတွေ့ရှိခဲ့ပါက ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာတော့မည်မှာ သေချာလေသည်။
‘ဒါကြောင့် ခွန်အားကြီးမားသူတွေကို ငါအမြဲတမ်း ရှောင်ချင်နေခဲ့တာပဲ။ ဒီရူးနေတဲ့ အမျိုးသမီးက သူမမိသားစုထဲမှာ အားအကောင်းဆုံးဖြစ်တဲ့ သူမအဖေဆီကို ခုလိုအနားမယူပဲ တည့်တည့်ကြီး သွားတွေ့လိမ့်မယ်လို့ ဘယ်သူက ထင်မိခဲ့မှာလဲ’
ထိုမိသားစုခေါင်းဆောင်အပေါ် သူ့တွင် အကဲခပ်လိုစိတ်အချို့ ရှိနေခဲ့သော်လည်း သူ့အား ဖမ်းမိသွားမည်ကို စိုးရိမ်၍ အနည်းငယ်ထွက်ကြည့်ရန်ပင် မကြိုးစားခဲ့ပေ။
ထိုသို့ဆိုပါလျက် သူ၏ ရနံ့အား ယခုကဲ့သို့ ရိပ်မိသွားလိမ့်မည်ဟု သူ့အနေနှင့် အမှန်တကယ်ပင် မမျှော်လင့်မိခဲ့ချေ။
အကယ်၍ ထိုမိသားစုခေါင်းဆောင်သည် အာရန်အား ရှာဖွေတွေ့ရှိသွားခဲ့ပါက အာရန်တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိတော့မည်ဖြစ်၏။
ပထမရွေးချယ်စရာမှာ ဤနေရာရှိလူများအား သတ်ပစ်ရန်ပင် ဖြစ်သည်။
သို့သော် သူကိုယ်တိုင်ပင် မသိမမြင်ဖူးသေးသည့် ထိုမိသားစုခေါင်းဆောင်၏ ခွန်အားကို သူမည်သို့မျှ တိုင်းတာ၍ မရနိုင်ပေ။
ထိုရွေးချယ်စရာကိုသာ သူ့အနေနှင့် ရွေးချယ်ရမည်ဆိုပါက အရာရာသည် ကံတရားအတိုင်းသာ မျှော်လင့်နိုင်ပေတော့မည်။
ဒုတိယရွေးချယ်စရာမှာ သူတို့နှင့် ထွက်၍ စကားပြောပြီး သူ၏အခက်အခဲများအား ရှင်းပြရန်ပင် ဖြစ်၏။
သို့သော် ဤရွေးချယ်စရာသည်လည်း အန္တရာယ်များသည်ဟု သူခံစားမိနေဆဲပင်။
သူသည် ဤကမ္ဘာတွင် ကြယ်များမှ လိုက်လံရှာဖွေနေသော အဖိုးတန်ပစ်မှတ်တစ်ခု ဖြစ်လေသည်။
မိသားစုခေါင်းဆောင်သည် သူ၏မျိုးနွယ်ကို ကာကွယ်ရန်အတွက် သမီးဖြစ်သူကိုပင် နာကျင်အောင် လုပ်ရက်သူ ဖြစ်နေသဖြင့် သူ့ကဲ့သို့အပြင်လူ သူစိမ်းတစ်ယောက် ဘက်မှ ရပ်တည်ကာ ခိုလှုံခွင့် ပေးလိမ့်မည် မဟုတ်ပေ။
သူသည် သူစိမ်းတစ်ဦးကို ကာကွယ်ပေးခြင်းမျိုးဖြင့် သူ၏ မျိုးနွယ်စုအား အန္တရာယ်တောအတွင်းသို့ ကျရောက်စေမည့် သူမျိုးမဟုတ်ချေ။
ထိုအရာက ဖြစ်နိုင်ခြေ အနည်းငယ်မျှပင် မရှိသလောက်ပင်။
အာရန်သည် လုံးဝမလိုအပ်ပါဘဲ အခြားသူတစ်ဦး၏ လက်တွင်းသို့ သူ၏အသက်ကို ထိုးအပ်ရန်အထိ တုံးအသူတစ်ဦး မဟုတ်ပေ။
ထို့နောက် အာရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ထိုမိသားစုခေါင်းဆောင်က သူ၏ သမီးဖြစ်သူအား လေ့လာစောင့်ကြည့်နေစဥ်မှာပင် အဆိုးဆုံးအခြေအနေတစ်ခုအတွက် အသင့်ပြင်ဆင်ထားလိုက်သည်။
“ထူးဆန်းတယ်။ ငါပဲ စိုးရိမ်စိတ်တွေကြောင့် အလွန်အကျွံ တွေးမိသွားတာများလား” မိသားစုခေါင်းဆောင်သည် ထိုသို့ပြောပြီးနောက် သမီးဖြစ်သူအား ပတ်ပတ်လည် လှည့်ပတ်စစ်ဆေးခြင်းကို ရပ်တန့်လိုက်သည်။
“ဒါပေမဲ့ အဲ့လိုလဲ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ အာရုံခံစွမ်းအားက ဘယ်တော့မှ မမှားယွင်းဖူးဘူး”
မိသားစုခေါင်းဆောင်သည် ယဲ့ဗ်နီမှ တစ်စုံတစ်ရာကို မှတ်မိသွားသည်အချိန်အထိ ထိုကိစ္စကို လက်လျှော့ရန် ဆန္ဒမရှိခဲ့ချေ။
“ခုမှ မှတ်မိတယ် ကျွန်မအစောပိုင်းက ကျူးကျော်သူအချို့နဲ့ တွေ့ခဲ့သေးတယ် အဲ့ဒါကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့” ဟု သူမက ပြန်ပြောလိုက်၏။
“သူတို့ထဲက နှစ်ယောက်ကို ကျွန်မတို့အစောင့်တွေက ဖမ်းဆီးပြီး ခေါ်လာခဲ့တာ။ သူတို့ရဲ့ရနံ့အချို့ ကျွန်မဆီမှာ ကပ်ကျန်နေသေးတာ ဖြစ်ရမယ်။ အဖေက ဒီကိစ္စကို အရမ်းအာရုံစိုက်လွန်းနေသလိုပဲ” ဟု သူမက ထပ်လောင်းပြောဆိုလိုက်ရာ အာရန်သည် သူမအား အလွန်ကျေးဇူးတင်မိလိုက်သဖြင့် ဖက်နမ်းပစ်ချင်စိတ်ပင် ဖြစ်ပေါ်မိလိုက်သည်။
သူ့အတွက် ဤကဲ့သို့ အကူအညီ အလိုအပ်ဆုံးအချိန်တွင် ထိုမိန်းကလေးသည် မသိလိုက်ပါဘဲ သူ့အား အလိုလိုကာကွယ်ပေးရန် ဆင်ခြေတစ်ခု ပေးလာခဲ့လေသည်။
သူသည် အချိန်ကိုက် ဖမ်းမိခံလိုက်ရသော နစ်ခရိုမန်ဆာမျှော်စင်မှ ခန်းမမှူးများကိုပင် အနည်းငယ် ကြိတ်၍ ကျေးဇူးတင်မိလိုက်၏။
သူတို့သာ ထိုအချိန်က ရှိမနေခဲ့လျှင် မျိုးနွယ်ခေါင်းဆောင်သည် ထိုကိစ္စကို လွယ်လွယ်နှင့် လက်လျှော့ရန် ဆန္ဒရှိလိမ့်မည်မဟုတ်ဟု သူတွေးမိသည်။
ယခုမူ မိသားစုခေါင်းဆောင်သည် ထိုကိစ္စကို ဆက်လက်သံသယဝင်ရန် မည်သည့်ဆင်ခြေမျှ မရှိတော့ပေ။
ဤသည်မှာ အမှန်တကယ်ပင် ပြည့်စုံသော ဖြေရှင်းချက်တစ်ခု တိုက်ဆိုင်စွာ ဖြစ်နေခဲ့လေသည်။
ယခုအာရန်၏ သွင်ပြင်သည် အလွန်သေးငယ်လွန်းနေသောကြောင့် သူ၏ အသက်ဓာတ်ရနံ့ကို သာမန်ခန္ဓာကိုယ်အတိုင်းရှိနေသည့် ခန်းမမှူးများထံမှ အကြွင်းအကျန်အဖြစ် ကျန်ရှိနေသော အသက်ဓာတ်ရနံ့များနှင့်သာ နှိုင်းယှဥ်နိုင်ပေလိမ့်မည်။
“ဪ ဒါကြောင့်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ကျူးကျော်သူတွေကို ဖမ်းမိခဲ့ရင်တောင် ဘာလို့ အဖေ့ကို လာအကြောင်းမကြားကြရတာလဲ”
မိသားစုခေါင်းဆောင်သည် နောက်ဆုံးတွင် သူ၏အာရုံခံစွမ်းအားများအား လျှော့ချလိုက်ကာ သူ၏ အတွေးများသည် ကွဲပြားသော ကိစ္စတစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။
မျိုးနွယ်တစ်ခု၏ မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် ကျူးကျော်သူအချို့ ဖမ်းမိခံရသည့်ကိစ္စကိုပင် သူ့အနေနှင့် ဘာမှ မသိရှိရသေးပေ။
“ဖေဖေရယ် မေးဖို့တောင် လိုသေးလို့လား” ဟု ယဲ့ဗ်နီက ပြောင်လှောင်သံအနည်းငယ်ဖြင့် မေးလိုက်သည်။
မူလကြယ်ကဲ့သို့ အမြင့်ပိုင်း ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိနေစဥ်အချိန်တွင် သူ့အား အဘယ်ကြောင့် အကြောင်းမကြားသည်မှာ အဖြေမှာ ရှင်းလင်းနေသည် မဟုတ်ပါလား..။
သူ၏ ကလန်အစောင့်များသည်ပင် မူလကြယ်တစ်ပါး၏ မျက်နှာသာပေးမှုကို ရယူရန် အသဲအသန်ကြိုးစားချင်နေကြလေသည်။
မိသားစုခေါင်းဆောင်က သူ၏ ဦးခေါင်းကိုသာ တွင်းတွင်း ကုတ်လိုက်ကာ အဖြေကို သူကိုယ်တိုင် စဥ့်စားမိသွားခဲ့သည်။
ကျူးကျော်သူများ၏ ကိစ္စကို မူလကြယ်က လာရောက် ဦးဆောင်နေခြင်း ဖြစ်လေ၏။
သူသည်သာ ကြားဝင်၍ သူ၏ အာဏာကို အသုံးချရန် ကြိုးစားလိုက်ပါက မူလကြယ်အား ဆန့်ကျင်ခြင်းနှင့် မည်သို့လျှင် ကွာခြားဦးမည်နည်း။
သူ့အနေနှင့် ထိုသို့ လုပ်ဆောင်နိုင်ဆဲ ဖြစ်သော်လည်း သူသည် သူ၏မျိုးနွယ်အပေါ် မူလကြယ်၏ ငြိုငြင်သွားမည့်အဖြစ်မျိုး အရဲမစွန့်လိုခဲ့ပေ။
“ကောင်းပြီ။ သူ့ကို စိတ်ကြိုက်ပြုမူခွင့်ပေးလိုက်ပ့ါမယ်။ သူ မောသွားရင် သူ့အလိုလို ပြန်သွားလိမ့်မယ်။ အဲဒီအချိန်အထိတော့ သမီးအနေနဲ့ အိမ်ဝင်းထဲကနေ အပြင်ကို ထွက်ခွင့်မရှိတော့ဘူး ကြားလား။”
ယဲ့ဗ်နီသည် အခြေခံအားဖြင့် သူမ ဖခင်၏ နေအိမ်အကျယ်ချုပ်အဖြစ် ကျခံလိုက်ရခြင်းပင်ဖြစ်၏။
သူမသည် ထိုကိစ္စကို စေ့စပ်ညှိနှိုင်းရန် ကြိုးစားချင်ခဲ့သော်လည်း အရာရာသည် အချည်းနှီးပင်ဖြစ်သည်။
နောက်ဆုံးတွင်မူ သူမသည် ထိုအမိန့်ကို သဘောတူလိုက်ရကာ အခန်းထဲမှ ထွက်ခွာသွားခဲ့တော့သည်။
ထိုအခါမှသာ သူမနှင့်အတူလိုက်ပါလာသော အာရန်သည်လည်း မျိုးနွယ်ခေါင်းဆောင်ထံမှ တဖြည်းဖြည်း ဝေးကွာလာသည့်အတွက် အတော်လေး ပြန်လည် စိတ်သက်သာရာ ရသွားခဲ့ရသည်။
#Catfoot