← Chapters

ပျယ်လွင့်သွားသော ကံကောင်းခြင်းများ

Vol. 38 Ch. 543

ပျယ်လွင့်သွားသော ကံကောင်းခြင်းများ

Vol. 38 Ch. 543

...

ထိုအစောင့်အရှောက် ကြယ်သည် ထိုမိန်းကလေးကိုသာ ခေါ်ဆောင်လာခဲ့ပါက မူလကြယ်အား စိတ်ကျေနပ်စေလိမ့်မည်ဟု တွေးမိခဲ့သည်။

ယခုကဲ့သို့ မူလကြယ်အား စိတ်ဆိုးစေလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

ထိုသို့သော ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကြောင့် သူသည် အခေါက်ပေါင်း တစ်ထောင်မျှ အသတ်ခံလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရသည်။

“မင်းက င့ါရဲ့ အမျိုးသမီးကို ဒီလိုမျိုး အကြမ်းပတမ်း ဆက်ဆံချင်နေတာလား” ရီဇီခီယဲလ်သည် အေးစက်စွာဖြင့် ပြန်မေးလိုက်၏။

“မ…မဟုတ်ပါဘူး။ အဲ့လိုမျိုး မဟုတ်ပါဘူး။ ကျွန်တော်မျိုး မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ အရှင်”

ထိုအစောင့်အရှောက်ကြယ်သည် သူ့အနေနှင့်သာ ဤနေရာတွင် အနည်းငယ်မျှသော မှားယွင်းသည့် အပြုအမူအချို့ ဆက်လက်ပြုလုပ်မိပါက ချက်ခြင်း အပစ်ပေးခံရတော့မည် ဖြစ်သည်အား သဘောပေါက်လိုက်သည်။

ထိုအခါတွင် သေခြင်းတရားသည်ပင် ပိုကောင်းသော ကံကြမ္မာတစ်ခု ဖြစ်လာပေလိမ့်မည်။

သူသာ ကံမကောင်းပါက အစောပိုင်းကျူးကျော်သူများဖြစ်သည့် နက်ခရိုမန်ဆာများ ခံစားရမည့် ကံကြမ္မာထက် ပိုဆိုးရွားသော အခြေအနေမျိုးကိုပင် ကြုံတွေ့ရနိုင်လေသည်။

“င့ါ မိန်းကလေးကို လုံးဝနဲနဲတောင်ထိဖို့ စိတ်မကူးနဲ့။ ငါကိုယ်တိုင် သူမဆီသွားမယ်။ ငါ သူမကို အချိန်အကြာကြီး စောင့်ခဲ့ရတာ။ နောက်ထပ် နာရီအနည်းငယ်လောက်တော့ ထပ်စောင့်နိုင်ပါသေးတယ်။”

ရီဇီခီယဲလ်သည် သူ၏အစောင့်အရှောက်ဆီမှ သတ်ဖြတ်လိုစိတ်များကို ပြန်ရုပ်သိမ်းရင်း သတိပေးစကားအချို့ဆိုလိုက်၏။

နောက်ဆုံးတွင်မှ ရီဇီခီယဲလ်၏ အစောင့်အရှောက်ကြယ်သည် ကောင်းစွာအသက်ပြန် ရှူနိုင်တော့သည်။

သူသည် အပြစ်ပေးခံရတော့မည် မဟုတ်သည့်အတွက် စိတ်သက်သာရာရသွားခဲ့သည်။

“သေသေချာချာ မှတ်ထားပါ့မယ် သခင်လေးခင်ဗျာ” သူသည် ချွေးများရွှဲနစ်နေလျက်ပင် ထရပ်လိုက်ကာ ထပ်လောင်းကတိပေး လိုက်သည်။

“သူမကို ညတောင်ပံ မျိုးနွယ်စုထဲကနေ ဘယ်မှ မထွက်သွားစေဖို့ပဲ သေချာအောင် စောင့်ကြည့်ထားပါ။ ငါ မနက်စာ စားပြီးရင် သူမဆီကို ကိုယ်တိုင်သွားမယ်။”

ရီဇီခီယဲလ်သည် သူ့အတွက် သတ်မှတ်ပေးထားရာ နေအိမ်အတွင်းသို့ ပြန်လည်ဝင်သွားလိုက်ပြီး အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။

တစ်ဖန် အခန်းတွင်းမှ ပျော်ရွှင်မိန်းမောဖွယ် အသံများသည် အချိန်ကြာမြင့်စွာ မရပ်မနားဘဲ တောက်လျှောက် ပျံ့လွင့်လာခဲ့လေသည်။

အစောင့်အရှောက် ကြယ်သည် ထိုနေရာမှ ထွက်ခွာလာပြီး ယဲ့ဗ်နီအား သူမ၏ အခန်းမှ မထွက်ခွာစေရန် သေခြာဂရုတစိုက် စောင့်ကျပ်နေလေတော့၏။

ထိုအချိန် သူမ၏ အခန်းထဲတွင် အခြားအမျိုးသားတစ်ဦး ရှိနေသည်ကိုတော့ သူလုံးဝ သတိမထားမိခဲ့ပေ။

သူတင်မက ယဲ့ဗ်နီကိုယ်တိုင်သည်ပင် အခြားအမျိုးသားတစ်ဦး သူမအခန်းထဲတွင် ရှိနေသည်ကို သတိမပြုမိခဲ့ဘဲ အပေါ်ဝတ်ရုံကို ချွတ်၍ အိပ်ယာပေါ်သို့ ပစ်တင်လိုက်လေသည်။

အာရန်သည် ဝတ်ရုံနှင့်အတူ အိပ်ယာပေါ်သို့ ပြုပ်ကျသွားခဲ့သည်။

သူသည် အတွင်းမှနေ၍ ခေါင်းကို ပြူကြည့်လိုက်ရာ ယဲ့ဗ်နီသည် သူမ၏ ကျန်အဝတ်အစားအချို့ကိုပါ ဆက်လက် ချွတ်နေသည်ကို မြင်တွေ့လိုက်ရ၏။

သူမသည် အဝတ်အစားများကို ဆက်လက်ချွတ်နေခဲ့ကာ အဝတ်အစားအနည်းငယ်မျှသာ သူမ၏ ခန္ဓာကိုယ်တွင် ကျန်ရှိတော့သည်။

ထို့နောက် သူမ၏ သက်တောင့်သက်သာဖြစ်စေရန် ဝတ်ဆင်လိုက်သော အဝတ်အစားအချို့သည် အာရန်အား သူ၏ မူလကမ္ဘာမှ အမျိုးသမီးများ အိပ်ခါနီးဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများကိုပင် ပြန်လည် အမှတ်ရစေလိုက်၏။

‘ဒါက ညဝတ်အင်္ကျီမဟုတ်လား’

အာရန်သည် ဤကမ္ဘာတွင်ရှိနေသော အဝတ်အစားများကိုမြင်လိုက်ရသဖြင့် လွန်စွာ အံ့အားသင့်သွားခဲ့ရသည်။

သူ၏ မူလကမ္ဘာနှင့် ထပ်တူကျသော ဝတ်စုံဖက်ရှင်များကို ဤနေရာရှိ ပုဂ္ဂိုလ်များ ဖန်တီးဝတ်ဆင်ကြခြင်းသည် သည်အတိုင်း သာမန် တိုက်ဆိုင်မှုသက်သက်မှ ဟုတ်ပါရဲ့လား...။

သို့မဟုတ် ဤငရဲဘုံနှင့် သူ၏ မူလ ကမ္ဘာကြားတွင် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများ ပျံ့နှံ့စေရန် အခြားချိတ်ဆက်မှုများ ရှိနေခဲ့၍လား...။

အာရန်သည် ထိုမိန်းကလေးမှ သူရှိရာဘက်သို့ ပြန်လှည့်မလာမီ ဝတ်ရုံထဲမှ အလျင်အမြန် ထွက်ခွာလိုက်ကာ အခြားနေရာတစ်ခုတွင် ပုန်းကွယ်နေလိုက်၏။

မိန်းကလေးသည် အခန်းတွင်းရှိ စားပွဲတစ်ခုဆီသို့ လျှောက်သွားကာ စာအုပ်တစ်အုပ်ကို ကောက်ယူပြီး အိပ်ယာဆီသို့ ပြန်လာခဲ့သည်။

သူမအတွက် နေရာလွတ်အနည်းငယ်ရစေရန် အစောပိုင်း ဝတ်ရုံကို ဘေးသို့တွန်းဖယ်ကာ အိပ်ယာပေါ်တွင် လဲလျောင်းပြီး စာအုပ်ကို စတင်ဖတ်ရှုတော့၏။

‘ငရဲမှာ စာအုပ်တွေ ဖတ်တဲ့ ဉာဏ်ကြီးရှင်တွေတောင် ရှိနေမယ်လို့ ဘယ်သူကများ တွေးမိမှာလဲ...’

မိန်းကလေးသည် ထိုစာအုပ်အတွင်း၌ အာရုံစူးစိုက်နေချိန်တွင် အာရန်သည် အခန်းထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော် သူအိပ်ယာပေါ်မှ ခုန်ဆင်းရန် ပြင်လိုက်ဆင်စဉ်မှာပင် တစ်စုံတစ်ခုအား မြင်လိုက်ရသဖြင့် ရပ်တန့်လိုက်၏။

သူသည် မိန်းကလေးအား ပြန်ကြည့်မိလိုက်ရာ တစ်စုံတစ်ခုကို အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရလေသည်။

မိန်းကလေး ဖတ်နေသော စာအုပ်အမျိုးအစားကို သဘောပေါက်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

၎င်းသည် သာမန်စာအုပ်တစ်အုပ်ပင် မဟုတ်ဘဲ ရုပ်ပြကာတွန်း စာအုပ်တစ်အုပ်ဖြစ်နေခဲ့သည်။

၎င်းက ဆက်လက်၍ ရိုးရှင်းသော တိုက်ဆိုင်မှုတစ်ခု ဖြစ်ရန်မှာမူ အတော်လေး သံသယဝင်ဖွယ် ဖြစ်သွားခဲ့ပြီဖြစ်၏။

အဝတ်အစားအချို့ ထပ်တူညီနေသည်ကို လက်ခံပေးနိုင်သော်လည်း သူ၏ မူလ ကမ္ဘာပေါ်တွင် ရှိခဲ့သည့်အတိုင်း ခေါင်းစဉ်ပင် အတူတူဖြစ်နေသော ရုပ်ပြကာတွန်းစာအုပ်များကကော...။

၎င်းသည် သူ၏ မူလ ကမ္ဘာတွင်ပင် အတော်လေးရေပန်းစားခဲ့သော ဂန္တဝင်မြောက် သွေးစုပ်ဖုတ်ကောင်တစ်ဦး(ဒရက်ဂူလာ) အကြောင်း ရေးဖွဲ့ထားသည့် ရုပ်ပြကာတွန်း စာအုပ်တစ်အုပ် ဖြစ်နေခဲ့လေသည်။

‘ဒီလောက င့ါရဲ့ မူလ ကမ္ဘာမြေနဲ့ အမှန်တကယ်ပဲ ချိတ်ဆက်မှုတွေ ရှိနေတယ်ထင်တယ်။ ဒါက ကမ္ဘာမြေကနေ ဒီကို ရောက်ရှိလာတဲ့ ကမ္ဘာကူးပြောင်းလာသူ တစ်ယောက်ယောက်ကြောင့်များလား။ သူကပဲ ဒီလောကကို ပြောင်းလဲပစ်ခဲ့တာများလား။ ဒါမှမဟုတ် ဒီလောကက ငါထင်ထားတာထက်ပိုပြီး ကမ္ဘာမြေနဲ့ ပိုမိုနက်ရှိုင်းတဲ့ ချိတ်ဆက်မှုတွေရှိနေတာများလား။’

ငရဲ...... ဆိုသောနေရာသည် အာရန်၏ မူလ ကမ္ဘာမြေပေါ်တွင်ပင် ဘာသာရေးဆိုင်ရာ ယုံကြည်မှုများအရ အမှန်တကယ် တည်ရှိနေသော နေရာတစ်ခုဖြစ်သည်ဟု လက်ခံထားကြလေသည်။

ထိုဘာသာရေး ယုံကြည်သူများ ထင်မှတ်ထားသော ငရဲဆိုသည့်နေရာနှင့်သာ ဤငရဲဘုံသည် အတူတူပင် ဖြစ်နေမည်ဆိုပါက ဤနေရာတွင် ထိုသို့သော အရာများ ရှိနေရခြင်းအား ရှင်းပြနိုင်သွားပေလိမ့်မည်။

ထို့ကြောင့် ဤငရဲဘုံသည် သူ၏ စနစ်နှင့်အတူ ရောက်ရှိသွားသော ကမ္ဘာသစ်နှင့်သာ ချိတ်ဆက်နေခြင်း မဟုတ်ဘဲ အခြားတစ်ခုထက်ပိုသော ကမ္ဘာများနှင့်လည်း ချိတ်ဆက်နေနိုင်သည်ဟု စတင်၍ ခံစားမိလာခဲ့သည်။

၎င်းသည် ကမ္ဘာအမျိုးမျိုးကြား ဆက်နွယ်မှုတစ်ခုပင် ဖြစ်နေနိုင်လေသည်။

ထို့ကြောင့် ဤလောကမှ လူများသည် အခြားကမ္ဘာမှ ကျူးကျော်လာသူများကို အလေးအနက်ထားကြခြင်းဖြစ်ပေလိမ့်မည်။

အကြောင်းရင်းမှာ ၎င်းတို့သည် ကမ္ဘာပေါင်းစုံမှ လာရောက်သူများ ဖြစ်နေနိုင်သောကြောင့် ပင်တည်း...။

အာရန်သည် အရာရာကို ဆက်စပ်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့သည်။

ဤငရဲဘုံသည် အာရန်တစ်ယောက် ထင်ထားခဲ့သည်ထက် များစွာ ပိုအရေးပါနေပုံ ရ၏။

၎င်းသည် မြောက်ပိုင်းတိုက်ကြီး၏ ဇာတ်လိုက်ကို ရှာဖွေပြီး သတ်ပစ်ရုံမျှသာ မဟုတ်တော့ပေ။

ဤကမ္ဘာနှင့်ပတ်သက်၍ သူ့အတွက် ထပ်မံ၍ လေ့လာရန် လိုအပ်နေသည့်အရာများစွာ ရှိနေခဲ့ပြီဖြစ်သည်။

ထို့နောက် အာရန်သည် အိပ်ယာပေါ်မှ ခုန်ဆင်းလိုက်လေသည်။

ထို့နောက် သူသည် အချိန်မဆိုင်းတော့ဘဲ တံခါးဝဆီသို့ အလျင်အမြန်ပင် ပြေးထွက်သွားခဲ့သည်။

ပုံမှန်အားဖြင့် ထိုတံခါးဝ၏ အောက်ခြေကြမ်းပြင်နှင့် တံခါးကြား ကွာဟမှုသည် လက်ချောင်းတစ်ချောင်းပင် ထွက်ရန် မလုံလောက်ပေ။

သို့သော် အာရန်၏ သေးငယ်သော အရွယ်အစားကပင် သူ့အား ဤနေရာမှ လွယ်ကူစွာထွက်ခွာရန် အခွင့်အလမ်းတစ်ခုဖန်တီးပေးလိုက်လေသည်။

သူသည် ထိုတံခါးဆက်ကြားမှ အပြင်သို့လှမ်းထွက်ရန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ခေါင်းမူးဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။

သူ၏ ခေါင်းထဲတွင် မူးဝေမှုကြောင့် အရာရာ လုံးဝရှုပ်ထွေးသွားတော့သည်။

တံခါးအောက်ခြေရှိ ကွာဟမှုသည် စက္ကန့်တိုင်းစီတိုင်း ပိုမို၍ ကျဥ်းမြောင်းလာနေသကဲ့သို့ ခံစားလိုက်ရ၏။

‘မဟုတ်ဘူး ကွာဟမှုက ကျဥ်းမြောင်းသွားတာမဟုတ်ဘူး။ ဒါက...’

အာရန်တစ်ယောက် အရာရာ သဘောပေါက်သွားသည့် အချိန်တွင်မူ အရာရာသည် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။

သူ့အတွက် ထိုသို့ဖြစ်ရန် အချိန်အခါသည် ထိုအချိန်ထက် ပိုမိုဆိုးရွားသည့် အချိန်ဟူ၍ ရှိမည်ပင် မဟုတ်တော့ပေ။

အာရန်သည် ထိုကဲ့သို့ ကိုးလို့ကန့်လန့် အဖြစ် အဓိကထွက်ခွာတော့မည့် အချိန်မှာပင် သူ၏ မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားတော့လေသည်။

‘ဒုန်း....’

အာရန်၏ ခေါင်းနှင့် တံခါးအောက်ခြေဘောင်တို့ တိုက်မိသွားသဖြင့် နေရာအနှံ့အပြားတွင် ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်သွားလေတော့၏။

ထို့နောက် တံခါးတစ်ခုလုံးသည် ပျက်စီးသွားခဲ့ကာ ယဲ့ဗ်နီ၏ အခန်းကို အာရုံစိုက်နေကြသော မျက်လုံးပေါင်းများစွာ၏ ရှေ့တွင် အာရန်တစ်ယောက် လူလုံးပေါ်လာခဲ့တော့သည်။

ထိုစောင့်ကြည့်သူများထဲမှ တစ်ဦးမှာ အစောပိုင်း အစောင့်အရှောက်ကြယ်ပင် ဖြစ်ပြီး ယဲ့ဗ်နီ၏ အခန်းဆီမှ ရုတ်တရက် ထူးဆန်းသောအမျိုးသားတစ်ဦး ပြုန်းဆို ကောက်၍ ပေါ်လာသည်ကို မြင်လိုက်ရလေသည်။

ထိုကျယ်လောင်သောအသံသည် ယဲ့ဗ်နီ၏ အာရုံကိုပင် ဖမ်းစားမိလိုက်သည်။

သူမ ရုပ်ပြစာအုပ်ကို ဘေးချပြီး တံခါးဝအား ငေးကြည့်လိုက်ရာ ပျက်စီးသွားသော တံခါးဝတွင် လူစိမ်းတစ်ဦး ဝမ်းလျားမှောက်လျက် လဲကျနေခဲ့ပြီး ခန္ဓာကိုယ်၏ အပေါ်ပိုင်းသည် အခန်းအပြင်ဘက်တွင် ရောက်နေပြီး အောက်ပိုင်းမှာမူ အခန်း အတွင်းဘက်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။

“ငါ့ကံတွေက ဒီငရဲမှာ တော်တော်ကြီးကို ကောင်းလာခဲ့တာပဲ”

အာရန်သည် သူ၏ ဦးခေါင်းကို ပြန်ကုတ်ရင်း သူသည် ကြီးမားသော ပြသနာတစ်ခုအတွင်းသို့ သက်ဆင်းမိလျက်သားဖြစ်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

#Catfoot

All Chapters