ယဲ့ဗ်နီ၏ ပြန်လည်ကုစားနိုင်စွမ်း
Vol. 38 Ch. 544
…
နေရာတစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားခဲ့၏။
ယဲ့ဗ်နီ၏အခန်းဆီမှ ယခင် ဘယ်တုံးကမှ မမြင်ခဲ့ဘူးသော သူစိမ်းတစ်ယောက်ဖြစ်သူ အာရန်အား မြင်တွေ့လိုက်ရသဖြင့် လူအများသည် အံ့အားသင့် မှင်သက်ကာ စိုက်ကြည့်နေမိခဲ့ကြလေသည်။
အာရန်သည် စိတ်ပျက်စွာဖြင့် ၎င်း၏ ဦးခေါင်းကိုပြန်ကုပ်ရင်း သက်ပြင်းချလိုက်မိ၏။
သူသည် အရှေ့တိုက်ရှိ ဇာတ်လိုက်ဖြစ်သူ လန်ဆီမှ ကံကြမ္မာခန္ဓာကို ရယူပိုင်ဆိုင်ထားခဲ့ပြီးဖြစ်သည်။
ထိုအချိန်မှစ၍ သူ၏ကံသည် အတိုင်းအတာတစ်ခုအထိ ပိုမို ကောင်းမွန်လာခဲ့သည်ဟု ဆိုရပေမည်။
သို့သော် ယခုကဲ့သို့ အရေးကြီးဆုံးအချိန်တွင် ကံတရားက သူ့အား လှည့်စားလိမ့်မည်ဟုကား ဘယ်တုံးကမျှ မမျှော်လင့်ထားခဲ့ပေ။
အရွယ်အစားကြီးမားရန် လိုအပ်သည့်အခါ သူသည် ပိုမိုသေးငယ်လာခဲ့ပြီး သေးငယ်ရန် လိုအပ်သည့်အခါတွင်မူ သူ၏မူလ အရွယ်အစားသို့ ပြန်လည်ရရှိခဲ့လေသည်။
၎င်းသည် ပုံမှန်အတိုင်း ဟုတ်မဟုတ်ကိုမူ သူ မသေချာပေ။
သို့မဟုတ် သူသည် ဤငရဲပြည်ဆိုသောနေရာသစ်သို့ ရောက်ရှိလာသောကြောင့် များလား။
အရှေ့တိုက်အတွက် ကံကြမ္မာမှ ဖန်တီးပေးထားသည့် ကံကြမ္မာခန္ဓာသည် ဤလောကတွင်မူ အသုံးမဝင်တော့ခြင်းများလား။
အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်ပိုင်းတွင် သူသည် ကောင်းမွန်သည့် အတွေ့အကြုံများကို မရရှိခဲ့သောကြောင့်ပင်တည်း။
ယဲ့ဗ်နီသည် အိပ်ရာပေါ်တွင် ထိုင်လျက်ပင် ရှိနေဆဲဖြစ်ကာ ရှုပ်ထွေးမှုနှင့် စူးစမ်းလိုစိတ်များ ရောနှောနေသည့် အကြည့်ဖြင့် အာရန်အား စိုက်ကြည့်နေခဲ့၏။
အာရန်တစ်ယောက် သူ၏အဝတ်အစားများဆီမှ ဖုန်မှုန့်များကို ဖယ်ရှားရန် ကြိုးပမ်းရင်း အဝတ်အစားများကို ပုတ်ခတ်နေသည်ကို သူမ တွေ့လိုက်ရသည်။
“ရှင်က ဘယ်သူလဲ”
ရှုပ်ထွေးမှုများပြည့်နှက်နေသော အသံဖြင့် ယဲ့ဗ်နီက မေးလိုက်သည်။
အာရန်သည် ပုံမှန်အရွယ်အစားသို့ ပြန်ရောက်သွားပြီဖြစ်သဖြင့် သူမသည် သူဆီမှ အလွန်အားကောင်းသည့် အသက်ဓာတ်တစ်မျိုးကို ခံစားလိုက်ရလေသည်။
၎င်းသည် အစောင့်များ ဖမ်းမိခဲ့သည့် ကျူးကျော်သူများနှင့် လုံးဝကွဲပြားခြားနားနေသည်။
ထိုမရင်းနှီးသောသူစိမ်းဆီမှ မသိမသာ စိမ့်ထွက်နေသည့် အန္တရာယ်ရှိသည့် ခံစားချက်ကို သူမကိုယ်တိုင်ပင် ခံစားလိုက်မိ၏။
ဤလူသည် သူမ၏ အိမ်တွင်းသို့ သူမကိုယ်တိုင်ပင် မသိလိုက်ပါဘဲ သူမနှင့် အလွန်နီးကပ်သည်အထိ ရောက်ရှိလာနိုင်ခဲ့သည့်အဖြစ်အား ယခုအချိန်ထိ မယုံကြည်နိုင် ဖြစ်နေရဆဲပင်။
အကယ်၍ အာရန်သည် အခြားတစ်ဖက်သို့ မျက်နှာမူမနေခဲ့ပါလျှင် သူမအား တစ်စုံတစ်ရာ ပြုလုပ်ရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်မည်ဟုပင် သူမ ယူဆမိပေလိမ့်မည်။
သူ၏ ပုံစံအရ သူမ မသိခဲ့သည့် အချိန်တစ်ခုကတည်းက သူသည် ဤအခန်းထဲတွင် ရှိနေနှင့်ပြီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေလေသည်။
အကယ်၍ သူသာ အလိုရှိခဲ့လျှင် သူမအား တစ်စုံတစ်ရာ ကြိုးပမ်း၍ပင် ရနိုင်လေ၏။
သို့သော် ယင်းအစား ထိုသူသည် ဤနေရာဆီမှ မည်သူမျှမမိအောင် ထွက်ခွာရန် ကြိုးစားနေပုံရနေခဲ့သည်။
အာရန်သည် သူမအား မည်သို့ရှင်းပြရမည်ကိုပင် မသိတော့ချေ။
ဤလောက၏ ရှုပ်ထွေးမှုများကို သူ ကိုယ်တိုင်ပင် နားမလည်နိုင်သေးသဖြင့် ရှင်းပြရန်မှာ ပို၍ပင် ရှုပ်ထွေးနေသေး၏။
“ကျုပ် ဒီနေရာ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ခဲ့တာ မဟုတ်ပါဘူး။ မင်းသာ ခွင့်ပြုမယ်ဆိုရင် အခုချက်ချင်းပဲ ပြန်ပါတော့မယ်”
အာရန်သည် အခြေအနေမည်သို့ကိုင်တွယ်ရမည်ကို မသိတော့သဖြင့် ခပ်တည်တည်ပင် ထိုသို့ပြောဆိုလိုက်မိ၏။
အာရန်၏ ပြောဆိုပုံမှာ မှားယွင်းသောအချိန်တွင် မှားယွင်းသောနေရာသို့ ရောက်ရှိသွားခဲ့သည့် သာမန် လမ်းပျောက်နေသော ခရီးသွားဧည့်သည် တစ်ဦးနှင့်ပင် တူနေတော့သည်။
ယဲ့ဗ်နီအား စောင့်ရှောက်ရန်တာဝန်ကျသော ကြယ်သည် ကနဦးထိတ်လန့်မှုမှ ပြန်လည်သက်သာသည်နှင့် အာရန်ဆီသို့ ဒေါသတကြီးဖြင့် တိုးဝင်လာခဲ့သည်။
သူ၏ သတ်ဖြတ်လိုစိတ်အား မည်သူမျှ မဟန့်တားဝံ့ချေ။
အစေခံများနှင့် ကျေးကျွန်များပင် ထိုသတ်ဖြတ်လိုစိတ်များပြင်းထန်နေသည့် အော်ရာတစ်ခု၏ ဖိစီးမှုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ဒူးထောက်လဲကျကာ အသက်ရှူရသည်ပင် ပိုမို၍ ခက်ခဲလာကြသည်။
“အပြင်လူ သူစိမ်းတစ်ယောက်လား”
သူသည် ဒေါသတကြီး အော်ဟစ်လိုက်မိ၏။
“မင်းက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ပြီးတော့ မိန်းကလေး ယဲ့ဗ်နီရဲ့ အခန်းထဲမှာ ဘာဝင်လုပ်နေတာလဲ ဘာလဲ ညတောင်ပံကလန်က အပြင်လူတွေနဲ့ပါ ပူးပေါင်းနေပြီလား”
ထိုအစောင့်အရှောက် ကြယ်၏ စကားလုံးများက ယဲ့ဗ်နီကိုပါ တွေဝေသွားခဲ့စေ၏။
အကယ်၍ ညတောင်ပံကလန်သည် အပြင်လူများနှင့် ပူးပေါင်းသည်ဟု စွပ်စွဲခံရပါက ၎င်းသည် သူတို့၏ ကလန်တစ်ခုလုံးအတွက်ပါ ဆိုးဝါးသော အခြေအနေတစ်ခု ဖြစ်သွားပေလိမ့်မည်။
သူတို့၏ ကလန်တစ်ခုလုံးအား သစ္စာဖောက်များဟု သတ်မှတ်ခံရနိုင်ပြီး ၎င်းသည် အလွန်ဆိုးရွားသော ရလဒ်တစ်ခု ဖြစ်သွားနိုင်ပေသည်။
ထိုအမျိုးသားသည် သူမအား ထိခိုက်စေသည့် ရည်ရွယ်ချက်မရှိခဲ့လျှင်ပင် သူမသည် ညတောင်ပံကလန်၏ သစ္စာခံမှုအား ရှင်းလင်းအောင် ပြုလုပ်ရမည်ဖြစ်သည်အား သဘောပေါက်လိုက်သည်။
ထို့နောက် သူမသည် အိပ်ရာပေါ်မှ အမြန်ဆင်းလိုက်၏။
အစောင့်အရှောက်ကြယ်အနေဖြင့် သူမ၏ ကလန်အား အပြစ်ဖို့ခြင်းမှ ကာကွယ်နိုင်ရန် သူမသည် အရာအားလုံးကို ရှင်းလင်းပြတ်သားအောင် ပြုလုပ်ရပေလိမ့်မည်။
ကျူးကျော်သူကို သူမ၏ လက်ဖြင့် ကိုယ်တိုင်သတ်ပစ်ရမည်ဖြစ်၏။
အာရန်မှာမူ အခန်းထဲမှ မိန်းကလေး၏ ရည်ရွယ်ချက်များကို မသိရှိနိုင်ဘဲ သူ၏ ဦးခေါင်းကိုသာ စိတ်ရှုပ်စွာဖြင့် ဆက်လက်ကုတ်နေခဲ့မိသည်။
အာရန်သည် ထိုအစောင့်အရှောက်ကြယ်၏ အမေးအား ပါးစပ်ထဲတွေ့ကရာ ပြန်ဖြေလိုက်မိ၏။
“ကျုပ်အနေနဲ့ အိမ်သာတက်ချင်လို့လိုက်ရှာရင်း လမ်းပျောက်သွားတယ်လို့ ပြောရင် ခင်ဗျား ယုံမှာလား”
အစောင့်အရှောက်ကြယ်သည် အာရန်တစ်ယောက် ဘာပြောပြော အနည်းငယ်မျှပင် ယုံကြည်မည်မဟုတ်ပေ။
ထိုအရာကို အာရန်တစ်ယောက် သိရှိပြီးဖြစ်၏။
အစောင့်အရှောက်ကြယ်သည် မည်သည့်ဆင်ခြေမျိုးကိုမဆို ယုံကြည်ရလောက်အောင် မိုက်မဲသူတစ်ဦး မဖြစ်နိုင်ပေ။
အဆုံး၌ သူသည် ၎င်းအတွက် ရန်သူတစ်ဦးသာ ဖြစ်နေသည် မဟုတ်ပါလော...။
အစောင့်အရှောက်ကြယ်သည် အန္တရာယ်ရှိသူတစ်ဦး ဖြစ်ကြောင်းကို အာရန်တစ်ယောက် ခံစားနိုင်နေသည်။
ထိုသူ၏ သတ်ဖြတ်လိုစိတ်ကို ဓားဧကရာဇ်၏ အော်ရာဖြင့် ခုခံနိုင်ခဲ့သော်လည်း နောက်ထပ် မူလကြယ်ဆိုသူသာ ဤနေရာသို့ ထပ်မံရောက်ရှိလာမည်ဆိုပါက သူသည် မည်သို့ဆက်လက်ရင်ဆိုင်ရမည်ကိုပင် မသိနိုင်တော့ပေ။
ထို့ကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းတစ်ခု အမြန်ရှာမှ ဖြစ်ပေတော့မည်။
သူ စဉ်းစားနိုင်သော တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ဘေးကင်းမှုအား အတိုင်းအတာတစ်ခုအထိ အတည်ပြုနိုင်သည့် နည်းလမ်းတစ်ခုသာ ရှိလေသည်။
မူလကြယ်သည် အန္တရာယ်သူတစ်ဦးဖြစ်သော်လည်း သူသိထားသလောက် ထိုသူ၏ ကာမစိတ်သည် ထိုသူ၏ အကြီးမားဆုံး အားနည်းချက်တစ်ခု ဖြစ်နိုင်ပေသည်။
ထိုကဲ့သို့သောလူမျိုးသည်သာ ယဲ့ဗ်နီဆိုသော မိန်းကလေးအတွက် ဤမျှနေရာအထိ ရောက်လာခဲ့ခြင်းဖြစ်ပေလိမ့်မည်။
သူမသည် ထိုသူလိုချင်နေသော မိန်းကလေးတစ်ဦးဖြစ်သော်လည်း ထိုမိန်းကလေးသည် သူနှင့်ရင်ဆိုင်ရမည်စိုး၍ သူမမျက်နှာကို သူမပြန်၍ ဒဏ်ရာရအောင် ပြုလုပ်ခဲ့သည်ကိုမူ ထိုသူ သိနိုင်ဦးမည်မဟုတ်ပေ။
ဤနေရာမှ ဘေးကင်းစွာ ထွက်ခွာရန် တစ်ခုတည်းသောနည်းလမ်းမှာ မူလကြယ် အလိုချင်ဆုံးအရာကို သူ့အနေနှင့် ဖမ်းဆီးခေါ်ဆောင်သွားရန်သာ ဖြစ်လေ၏။
သူသည် ယဲ့ဗ်နီကို ဓားစာခံအဖြစ် ဖမ်းဆီးရပေလိမ့်မည်။
ဓားစာခံတစ်ဦးဖြင့် အာရန်သည် ယခင်ကလည်း တောင်ပိုင်းတိုက်ရှိ အရှင်သခင်ဖြစ်သူ မစ်ထ်ထံမှလည်း တစ်ကြိမ် လွတ်မြောက်ခဲ့ဖူးလေသည်။
မူလကြယ်သည် ထိုစဥ်က မစ်ထ်နှင့် များစွာ ကွဲပြားလိမ့်မည် မဟုတ်လောက်ပေ။
အဘယ်ကြောင့်ဆိုသော် မူလကြယ်သည် ယဲ့ဗ်နီအား မည်မျှ လိုချင်နေခဲ့သည်ကို သူ့အနေနှင့် ခန့်မှန်းမိသောကြောင့်လည်း ထိုအကြံကို ရရှိခဲ့ခြင်းလည်းဖြစ်၏။
ထို့နောက် အာရန်သည် သူ၏ ဆဌမအာရုံကို ဖြန့်ကျက်လိုက်ကာ အစောင့်အရှောက် ကြယ်အား သတိမထားမိစေဘဲ ယဲ့ဗ်နီ၏ လက်ရှိအနေအထားကို လေ့လာရန် ကြိုးစားလိုက်သည်။
“ဟင်”
ယဲ့ဗ်နီကို အာရုံခံမိလိုက်သည်နှင့် သူ၏မျက်နှာအမူအရာများ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
ယဲ့ဗ်နီသည် သူ့ဘေးတွင် ရောက်ရှိနေပြီဖြစ်ကာ သူမ၏ ချွန်ထက်သော အစွယ်များဖြင့် သူ၏ လည်တိုင်အား ကိုက်ခဲရန်ကြံစီနေသည်ကို မြင်လိုက်ရသဖြင့် ဘေးသို့ အလျှင်အမြန်ပင် ရှောင်တိမ်းလိုက်ရသည်။
အာရန်သည် အချိန်ကိုက်ပင် ဘေးသို့ ရှောင်တိမ်းလိုက် သူ၏ ပိုမိုကောင်းမွန်လာသော အမြန်နှုန်းကို အသုံးပြု၍ ယဲ့ဗ်နီ၏နောက်သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်အာရန်သည် ယဲ့ဗ်နီအား သတိလစ်သွားစေရန် ရည်ရွယ်၍ သူမ၏ ဂုတ်ပိုးအား ရိုက်ချလိုက်လေသည်။
သို့သော် သူယူဆထားသကဲ့သို့ ယဲ့ဗ်နီတစ်ယောက် သတိလစ်မသွားသည့်အခါ သူ၏လုပ်ရပ် မှားယွင်းသွားကြောင်း သဘောပေါက်လိုက်သည်။
ယဲ့ဗ်နီသည် နောက်သို့ ပြန်လှည့်လိုက်ကာ သူမ၏ ချွန်ထက်သော လက်သည်းများအား အာရန်၏ လည်ပင်းဆီသို့ ထပ်မံ၍ ဦးတည်လိုက်ပြန်သည်။
“ကျူးကျော်သူတွေ အားလုံး သေရမယ်”
ယဲ့ဗ်နီတစ်ယောက် ထိုသို့ အော်ဟစ်ပြောလိုက်ရာ သူမသည် ဤလူစိမ်းနှင့် မည်သို့မျှ မပတ်သက်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်ခြင်းလည်းဖြစ်လေ၏။
“လခွီးပဲ မင်းရဲ့ ကုစားနိုင်စွမ်းကလဲ စွမ်းလှချည်လား”
အာရန်သည် ကျိန်ဆဲမိရင်း ယဲ့ဗ်နီ၏ ချွန်ထက်သော လက်သည်းများအား ထပ်မံ၍ ရှောင်တိမ်းလိုက်ရသည်။
“ဒါဆိုရင်တော့ ဒီတစ်ခါ ငါ ပိုပြီး အားစိုက်လုပ်ရတော့မှာပေ့ါ”
အာရန်သည် ယဲ့ဗ်နီ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ သူမ၏ လက်မောင်းတစ်ဖက်သည် လိမ်ထွက်သွားခဲ့ပြီး ထိုနေရာမှ အရိုးများပင် အက်ကွဲသွားစေခဲ့သည်။
သူမ၏ အလွန်ကောင်းမွန်သော ကုသနိုင်စွမ်းကြောင့် သူမအား စိုးရိမ်ပူပန်ရန် အချိန်မရှိခဲ့ပေ။
အာရန်အနေဖြင့် သူမ၏ ဦးဆောင်တိုက်ခိုက်မှုကိုသာ ဆုံးရှုံးစေရန် ဦးစားပေး၍ လုပ်ဆောင်လိုက်ခြင်းဖြစ်လေ၏။
ထို့နောက် အာရန်သည် သူ၏လက်ချောင်းများဆီမှ နဂါးတစ်ကောင်ကဲ့သို့ ချွန်ထက်သော လက်သည်းများ ထွက်ပေါ်လာပြီး ယဲ့ဗ်နီ၏ နှလုံးသားကို ပစ်မှတ်ထားလိုက်သည်။
“ငါ နင့်နှလုံးသားကို ဆွဲထုတ်လိုက်ပြီးရင် နင့်ရဲ့ စူပါကုစားနိုင်စွမ်းကကော အရင်လိုဆက်ပြီး ကုစားပေးနိုင်ဦးမလား စမ်းကြည့်ကြမလား”
#Catfoot