သဘောတူညီမှု
Vol. 38 Ch. 546
…
“သူမက ခင်ဗျား ပိုင်ရှင်ရဲ့ အသည်းလေး မဟုတ်ဘူးလား” ဟုအာရန်က ပြန်မေးလိုက်သည်။
အာရန်၏ စကားလုံးများတွင် လေးစားမှု အနည်းငယ်မျှပင် မရှိခြင်းကြောင့် အစောင့်အရှောက်ကြယ်သည် ခေတ္တမျှပင် ကြောင်အမ်းသွားခဲ့သည်။
ထိုအရာက သူသည် ရီဇီခီယဲလ်၏ ကျွန်တစ်ဦးဖြစ်သည်ဟု သွယ်ဝိုက်၍ ခေါ်ဝေါ်ခံလိုက်ရခြင်းပင် မဟုတ်ပါလား...။
သို့သော်လည်း ၎င်းကို ငြင်းဆန်ရန်အတွက် သူသည် တုန့်ပြန်စကားအချို့ဆိုရန်ပင် မကျိုးစားခဲ့ပေ။
ရီဇီခီယဲလ်သည် ငရဲဘုံအတွင်း အမှန်တကယ် အလွန်အရေးပါသူတစ်ဦး ဖြစ်လေ၏။
ထို့ကြောင့် သူသည် ရီဇီခီယဲလ်ထံတွင် အစေခံအဖြစ်ဝင်ရောက်အမှုထမ်းဖြစ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းအသုံးအနှုန်းသည် ရိုင်းပြသည်ဟုဆိုနိုင်သော်လည်း လုံးဝမှားယွင်းနေသည်တော့ မဟုတ်ခဲ့ပေ။
“မင်းက မူလကြယ်အကြောင်းရော ဒီမိန်းကလေးဘယ်သူလဲဆိုတာပါ သိထားပြီးဆိုရင် သူမကို မြန်မြန်လွှတ်ပေးလိုက်တာပိုကောင်းမယ်ထင်တယ်။ ငါမင်းကို ဒီအတိုင်း လွယ်လွယ်ကူကူ သေခွင့် ပေးမယ်။ ငါတို့ သခင်လေးသာ ဒီကိုရောက်လာရင်တော့ မင်းရဲ့ကံကြမ္မာကို မင်းတောင်စိတ်ကူးနဲ့ မြင်ယောင်ဝံ့တော့မှာ မဟုတ်ဘူး”
အစောင့်အရှောက်ကြယ်သည် အာရန်အား မိန်းကလေးကို လွှတ်ပေးရန် ဆွဲဆောင်ရင်း ကမ်းလိုက်၏။
မိန်းကလေးသာ လွတ်မြောက်သွားပါက ထိုရှေ့ရှိချာတိတ်ကို သူ့အနေနှင့် အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။
“ကျုပ်က ခင်ဗျားရဲ့ သခင်ကို သိနေရုံတင်မကဘူး သူ့ရဲ့ စိတ်နေစိတ်ထား ကိုလည်း ကောင်းကောင်းသိထားတယ်။ ပြောရမယ်ဆို ခင်ဗျား သူ့ကို ကြောက်နေတယ် မဟုတ်လား”
မူလကြယ်အကြောင်း အာရန်သည် လုံလောက်စွာ ကြားသိထားပြီးဖြစ်ရာ သူ၏ စရိုက်ကို ခန့်မှန်းနိုင်နေပြီဖြစ်၏။
အစောင့်အရှောက်၏ မျက်ဝန်းများအတွင်းရှိ ကြောက်ရွံ့နေမှုများအရ ၎င်းက သူ၏ သံသယများသည် ပို၍ပင် ရှင်းလင်းသွားစေခဲ့သည်။
“ဒီမိန်းကလေးသာ တစ်ခုခုဖြစ်ခဲ့ရင် ခင်ဗျားက ကျုပ်ထက်တောင် ပိုဆိုးရွားတဲ့ ကံကြမ္မာမျိုးကြုံတွေ့ရလိမ့်မယ်။ ကျုပ်က သူမကို ခင်ဗျားရှေ့မှောက်မှာတင် ဖမ်းဆီးနိုင်ခဲ့တာ။ ခင်ဗျားသခင်က ဒီကိစ္စကို လျစ်လျူရှုပြီး ခင်ဗျားကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ တကယ်ပဲထင်နေတာလား” အာရန်သည် အစောင့်အရှောက်ကြယ်အား အနည်းငယ် ထပ်မံ၍ တွန်းအားပေးလိုက်သည်။
အစောင့်အရှောက်ကြယ် ကဲ့သို့ပင် သူသည်လည်း မူလကြယ်အား ယခုအချိန်တွင် ထိပ်တိုက်ရင်ဆိုင်လိုခြင်း မရှိသေးပေ။
ထိုအတွက် သတ္တမမူလကြယ် ရီဇီခီယဲလ်တစ်ယောက် ဤနေရာသို့ ရောက်မလာခင် အာရန်သည်လည်း ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်ခွာသွားချင်နေခဲ့သည်။
ထိုသို့သာဆိုပါက ထိုအရာသည် သူတို့နှစ်ဦးစလုံးအတွက် အကောင်းမွန်ဆုံးပင် မဟုတ်ပါလား...။
“မင်း ဘာလိုချင်တာလဲ”
အစောင့်အရှောက်ကြယ်သည် သူနှင့် ညှိနှိုင်းရန်ပင် ကြိုးစားနေသည့် ထိုလူစိမ်းချာတိတ်ကို သတ်ဖြတ်ပစ်လိုသော ဆန္ဒများအား အသဲအသန်ပင် ဖိနှိပ်ထားရလေသည်။
သူသည် ကျူးကျော်သူ လူစိမ်း အတော်အတန်များများကို မြင်ဖူးခဲ့ပြီးဖြစ်သည်။
၎င်းတို့ထဲမှ အတော်များများသည် သူ၏ လက်တွင်း၌ သေဆုံးသွားကြခြင်း ဖြစ်လေသည်။
ဤကဲ့သို့သော အခြေအနေမျိုးများတွင်ပင် သူသည် အနည်းငယ်မျှပင် တွေဝေခြင်းမျိုး မရှိခဲ့ပေ။
ထိုမိန်းကလေးအားသာ စိုးရိမ်စရာသာမလိုခဲ့လျှင် ဤတိုက်ပွဲအတွင်း ညတောင်ပံကလန် တစ်ခုလုံးကို ဖျက်ဆီးမိခဲ့မည်ဆိုလျှင်ပင် သူ့အနေနှင့် အာရန်အားသတ်ရန် အနည်းငယ်မျှပင် စနိုးစနှောက်ဖြစ်မိလိမ့်မည် မဟုတ်ချေ။
“ကျုပ် ဒီအခက်အခဲကနေလွတ်မြောက်ချင်သလို ခင်ဗျားလဲ ထပ်တူလွတ်မြောက်နိုင်မဲ့ ကိစ္စတစ်ခုကို ညှိနှိုင်းချင်တယ်။ ခင်ဗျားက ဒီလိုကိစ္စမျိုးကို လွယ်လွယ်သဘောပေါက်ဖို့ လုံလောက်အောင် ဉာဏ်ကောင်းလိမ့်မယ်လို့ ကျုပ်ယုံကြည်မိတယ်”
အစောင့်အရှောက်က အာရန်၏ ရည်ရွယ်ချက်ကို နားလည်လိုက်သဖြင့် သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
“ကောင်းပြီ မင်းကို ငါ ဘေးကင်းစွာ ထွက်ခွာခွင့်ပြုမယ်။ ဒီမိန်းကလေးကို လွှတ်ပေးရင် မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားခွင့်ရစေရမယ်လို့ ကတိပေးတယ်။ ပြီးတော့ ဒီအကြောင်းကို သခင်လေးဆီကနေ လျှို့ဝှက်ထားပေးမယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ငါတို့ ထပ်တွေ့တဲ့အခါကျရင်တော့ မင်းအတွက် အဆုံးသတ်မဲ့နေ့ ဖြစ်ရလိမ့်မယ်”
“ကျုပ်က ခင်ဗျားစကားတွေကို မျက်စိမှိတ် ယုံရလောက်အောင် နို့နံ့မစင်သေးတဲ့ ကလေးတစ်ယောက်လို့များ ထင်နေတာလား”
အာရန်သည် သူ၏ဘေးကင်းရေးကို ထိုလူ၏ စကားများအပေါ်တွင် ပုံအပ်မထားနိုင်ပေ။
ယခုနေသာ သူသည် ဤမိန်းကလေးအား လွှတ်ပေးလိုက်မည်ဆိုလျှင် သူ၏ တစ်ခုတည်းသော အသာစီးရနေမှုကို ဆုံးရှုံးသွားရပေလိမ့်မည်။
ထိုကြယ်အား ကောင်းကင်ဘုံကျိန်စာ ကျိန်ဆိုခိုင်းရန် သူ စဉ်းစားလိုက်မိသော်လည်း ၎င်းက ငရဲဘုံရှိ လူများအပေါ်တွင်ကော သက်ရောက်မှုရှိနိုင်ပ့ါမလား သူ့အနေနှင့် မသေချာခဲ့ပေ။
ရဲ့လန်၏ ကံကြမ္မာခန္ဓာသည်ပင် ဤကမ္ဘာတွင် အလုပ်မဖြစ်သောကြောင့် ကောင်းကင်ဘုံကျိန်စာသည်လည်း အလုပ်ဖြစ်မည်မဟုတ်သည့် အခွင့်အလမ်း မှာ ပိုမို၍ မြင့်မားနေလေသည်။
အာရန်သည် အန္တရာယ်များသောအရာတစ်ခုကို မစွန့်စားလိုခဲ့ပေ။ သူ၏အသာစီးရထားမှုကို ဆက်လက်၍ ထိန်းသိမ်းထားရမည်ဖြစ်၏။
“ခင်ဗျားက ကျုပ်ကို မိန်းကလေးနဲ့အတူ ထွက်ခွာခွင့်ပြုရမယ်။ တစ်နာရီကြာအောင် ခင်ဗျား ကျုပ်ကို လိုက်ဖမ်းခွင့်မရှိဘူး။ ကျုပ်ကို ရှာဖွေဖို့ ဘယ်သူ့ကိုမှလည်း စေလွှတ်ခွင့် မရှိဘူး။ တစ်နာရီကြာပြီးလို့ ကျုပ် အဝေးတစ်နေရာိကု ရောက်သွားတဲ့အခါကျရင် မိန်းကလေးကို ကျုပ်ကိုယ်တိုင် ပြန်လွှတ်ပေးလိုက်မယ်။ သူမက သူမ ဘာသာ ဒီနေရာကို ပြန်လာခဲ့လိမ့်မယ်”
အာရန်သည် အစောင့်အရှောက်ကြယ်၏ ရှေ့တွင် အစီအစဥ်တစ်ခုကို ပြောပြလိုက်ရာ အစောင့်အရှောက်ကြယ်သည် ခေတ္တမျှ ပြောစရာစကားပင် ကင်းမဲ့သွားခဲ့ရ၏။
“ဒါက အဓိပ္ပာယ်မရှိဘူး”
သူသည် တုံ့ပြန် စကားအချို့ပြောရန်ပင် အချိန်အတော်ယူလိုက်ရသည်။
အာရန်သည် ၎င်းကိုယ်တိုင် ထွက်ခွာရန် စီစဉ်နေရုံသာမက မိန်းကလေးကိုပါ သူနှင့်အတူ ခေါ်ဆောင်သွားလိုနေခဲ့သည်တဲ့လား...။
သူသည် သူမအား ထိုသို့ ခေါ်ဆောင်သွားပြီးနောက် လုံလောက်သော အကွာအဝေးတစ်ခုသို့ ရောက်သွားသောအခါ သူ့အား အရှက်ခွဲရန် သူမကို သတ်ပစ်ခဲ့မည် ဆိုလျှင်ကော မည်သို့လုပ်မည်နည်း။
ဤသို့ဆိုပါက ထိုလူစိမ်းအား ထပ်မံ၍ ဖမ်းမိခဲ့လျှင်ပင် မိန်းကလေး သေဆုံးသွားပြီ ဖြစ်သဖြင့် ၎င်းသည် အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။
“ငါ အဲဒါကို လက်မခံနိုင်ဘူး။ သူမရဲ့ဘေးကင်းရေးကို မင်းအနေနဲ့ အာမခံနိုင်မယ်လို့ ငါမယုံနိုင်ဘူး” ဟု အစောင့်အရှောက်ကြယ်က ပြန်လည် အော်ဟစ်ပြောလိုက်သည်။
“အဲဒီလိုဆိုရင်တော့ ကျုပ်တို့ သုံးယောက်စလုံး ဒီနေရာမှာပဲ အတူတူ သေလိုက်ကြတာပေါ့”
အာရန်သည် ကျေနပ်စွာ ပြုံးရင်း သူ၏ လက်သည်းများကို မိန်းကလေး၏ ရင်ဘတ်အတွင်းသို့ ထပ်မံ၍ ထိုးစိုက်ရန် ဟန်ပြင်လိုက်ကာ သူ၏ သတ်ဖြတ်လိုစိတ်များကို ပြတ်ပြတ်သားသားပင် ထုတ်ဖော်ပြလိုက်သည်။
“ရပ်လိုက်စမ်း”
အစောင့်အရှောက်ကြယ်သည် ထိုအရာကို ဆက်လက်၍ ရပ်မကြည့်နိုင်တော့ပေ။
မိန်းကလေးကို သူ့အနေနှင့် အသေခံခိုင်း၍ မဖြစ်ပေ။
မိန်းကလေးသာသေသွားခဲ့ပါက ထိုကျူးကျော်သူလူစိမ်းအား အကြိမ်တစ်ထောင် မက သတ်နိုင်မည်ဆိုလျှင်ပင် ၎င်းက အစားထိုးနိုင်မည်မဟုတ်ပေ။
အာရန်က သူ၏လက်ကို နားတစ်ဖက်နားသို့ ကပ်လိုက်ကာ ပို၍ကောင်းစွာ ကြားနိုင်ရန် ကြိုးစားနေသကဲ့သို့ပြုမူလိုက်သည်။
“ခင်ဗျား တစ်ခုခုများ ပြောလိုက်တာလား”
“ငါ မင်းပြောတာကို သဘောတူတယ် ဒါပေမယ့် တစ်နာရီပဲနော် တစ်နာရီပဲ ပြီးတာနဲ့ချက်ချင်း သူမကို ပြန်လွှတ်ပေးရမယ်”
အစောင့်အရှောက်ကြယ်သည် ဤစိတ်ဓာတ်စစ်ဆင်ရေးတွင် အာရန်အား ရှုံးနိမ့်သွားခဲ့သည်မှာ ရှင်းလင်းသွားပြီဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ဖြစ်လာမည့် အကျိုးဆက်များကို ကြောက်ရွံ့နေခဲ့သောကြောင့်ပင်။
မည်သို့ပင်ဆိုစေ မိန်းကလေးသာ သေဆုံးသွားပါက ထိုကျူးကျော်သူ ချာတိတ်နှင့်ယှဥ်လျှင် သူ့အနေနှင့်မူ ပို၍ပင် ဆုံးရှုံးစရာ များနေခဲ့သောကြောင့် ပင်တည်း။
အကယ်၍ သူသည်သာ ထိုချာတိတ်အား အလေးအနက်ထား ရှာဖွေမည်ဆိုလျှင် တစ်နာရီမကဘဲ ဆယ်နာရီကြာအောင် ထွက်ပြေးခွင့်ပေးခဲ့မည်ဆိုလျှင်ပင် ၎င်းအား သူ့အနေနှင့် နောက်ဆုံးတွင် ကြိမ်းသေ ဖမ်းဆီးနိုင်စွမ်း ရှိမည်ဟု ယုံကြည်ထားလေသည်။
“ကျုပ်မျက်ခွက်ကိုပဲ ကြည့်ပါဦး။ ကျုပ်က ယုံကြည်ရမယ့်သူပုံမျိုး ပေါက်မနေလို့လား” အာရန်က အပြစ်ကင်းစွာဖြင့် ထပ်မံ၍ မေးလိုက်သည်။
“တော်ပြီ အချိန်ထပ် မဖြုန်းနဲ့တော့။ သခင်လေးသာ ဒီကိုရောက်လာရင် မင်းကော ငါကော အားလုံး သွားပြီပဲ”
အစောင့်အရှောက်ကြယ်သည် အံကြိတ်ထားသောလေသံဖြင့် ပြောလိုက်ခြင်းဖြစ်၏။
သူသည် ထိုချာတိတ်အား ပြန်လည် ဖမ်းဆီးမိမည့် အချိန်ကိုသာ မစောင့်နိုင်အောင်ဖြစ်နေပြီ ဖြစ်သည်။
ထိုချာတိတ်သာ ပြန်လည်ဖမ်းမိခဲ့ပါက ဤကမ္ဘာတွင် မွေးဖွားလာခဲ့ခြင်းကိုပင် နောင်တရစေသွားအောင် သူ၏ ဒေါသကို ပြန်လည်ဖြေဖျောက်ပစ်မည်ဖြစ်၏။
ကံမကောင်းစွာဖြင့် ယခုကား ထိုအချိန် မဟုတ်သေးပေ။
သူသည် ဆက်လက်၍ အချိန်မဖြုန်းတော့ဘဲ အာရန်အား ဤအိမ်တော်မှ မည်သူမျှ မသိဘဲ ထွက်ခွာသွားနိုင်ရန် စတင်လုပ်ဆောင်တော့သည်။
ဤနေရာ၌ ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့ခဲ့ရသာ အစေခံများနှင့် အစောင့်များအားလုံးကို အစောင့်အရှောက်ကြယ်သည် ကိုယ်တိုင်ပင် ပြန်သတ်ပစ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကျူးကျော်သူ လူစိမ်းတစ်ဦးနှင့် ယခုကဲ့သို့ သဘောတူညီချက်မျိုး ပြုလုပ်မိသည်ဆိုသော သတင်းများ မပေါက်ကြားစေလိုသောကြောင့် ဖြစ်လေသည်။
အာရန်အတွက် နောက်ထပ် ကံကောင်သွားသည့် တစ်ချက်မှာ ထိုသတ်ဖြတ်ခံရသူများ အထဲတွင် ယဲ့ဗ်နီ၏ ရုပ်ရည်ပျက်စီးသွားမှုကို သိရှိထားသူ အများအပြား ပါဝင်သွားခဲ့ခြင်းပင်။
“တစ်နာရီကြာပြီးရင်တော့ မင်း သူမကို ပြန်လွှတ်ပေးရမယ်။ သူမ ဘေးကင်းစွာ မပြန်လာရင်တော့ မင်း မွေးလာတဲ့နေ့ကိုတောင် ပြန်ပြီး နောင်တရသွားစေရမယ်” သူသည် အာရန်အား အိမ်တော်၏ ထွက်ပေါက်အထိပင် လိုက်ပို့ပေးခဲ့ရာ သူ၏ အကြည့်များတွင် အာရန်အား တစ်စစီ ဆွဲဖြဲပစ်ချင်နေကြောင်း ပေါ်လွင်နေသည်ကိုမူ မထိမ်းချုပ်နိုင်ခဲ့ပေ။
သို့သော် စက္ကန့်အနည်းငယ် ကြာသွားသည့်တိုင် အာရန်သည် ထွက်ပေါက်နားတွင် တိတ်ဆိတ်စွာ ရပ်နေဆဲပင်။
“မင်း ဘာလို့ ထွက်မသွားသေးတာလဲ”
အစောင့်အရှောက်ကြယ်သည် အာရန်အား နားမလည်နိုင်စွာ မေးလိုက်သည်။
“အခုမှ စဉ်းစားမိတာ ကျုပ်မှာ စီးသွားစရာတောင် ဘာမှ မရှိဘူးဆိုတာ” အာရန်သည် တစ်စုံတစ်ခုကို စဥ့်စားနေဟန်ဖြင့် ပြန်ပြောလိုက်ခြင်းဖြစ်၏။
“မင်း အကျင့်မကောင်းတဲ့ ကောင်”
အစောင့်အရှောက်ကြယ်သည် သူ၏လက်သီးကို အလွန်ပင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသဖြင့် သူ၏လက်မှ သွေးအချို့ပင် စီးကျလာတော့မတတ် ဖြစ်သွားခဲ့ရသည်။
သူသည် တစ်လက်မအကျောပေးမိ၍ တစ်မိုင်ခန့်အထိ ရှုံးနိမ့်သွားရခြင် အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီဖြစ်၏။
သို့သော်လည်း သူသည် ရုတ်တရက် တစ်စုံတစ်ရာကို စဉ်းစားမိသွားရာ ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။
ထို့နောက် အစောင့်အရှောက်ကြယ်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ သူ၏ အနှစ်သက်ဆုံး သားရဲတစ်ကောင်အား ဆင့်ခေါ်လိုက်လေ၏။
#Catfoot