လောင်းကြေးထပ်ခြင်း
Vol. 38 Ch. 547
…
အစောင့်အရှောက်ကြယ်သည် သူ၏ စီးတော်ယာဉ်သားရဲအား ဆင့်ခေါ်လိုက်ရာ အာရန်သည် သူတစ်ခါမျှ မမြင်ဖူးသေးသော သားရဲမျိုးစိတ်သစ်တစ်ခုကို ထပ်မံ မြင်တွေ့လိုက်ရလေသည်။
၎င်းသည် နဂါးတစ်ကောင်နှင့် ဝံပုလွေကြီးတစ်ကောင်တို့ကို ပေါင်းစပ်ထားသည့် ပုံသဏ္ဌာန်ရှိသည့် ငရဲဘုံသားရဲမျိုးစိတ်တစ်ခုဖြစ်ပြီး ၎င်း၏ အကြေးခွံများ အောက်ရှိ အရေပြားသည် အရည်ပျော်နေသော ချော်ရည်ပူအစိုင်အခဲများနှင့်ပင် ဆင်တူနေ၏။
၎င်း၏အကြေးခွံများသည် နက်မှောင်သော မီးတောင်ကျောက်တစ်မျိုး၏ အရောင် ဖြစ်နေပြီး ၎င်းတွင် အသက်ဝင်နေပုံရသော ကြက်သွေးရောင် သွေးကြောကြီးများ အတိုင်းသားမြင်နေရလေသည်။
၎င်း၏ မျက်လုံးများသည် မှောင်မိုက်မှုများဖြင့် ပြည့်နှက်လျက်ရှိပြီး ၎င်းသာ ဒေါသထွက်လာပါက လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမြိုရန် အသင့်ဖြစ်နေသော နတ်ဆိုးတစ်ပါးနှယ်ပင် တူညီနေခဲ့၏။
၎င်း၏ ဦးခေါင်းပေါ်တွင်လည်း နောက်ဘက်သို့ ကွေးညွှတ်နေသော နက်မှောင်လွန်းသော ဦးချိုနှစ်ချောင်းရှိနေခဲ့ပြီး သာမန်ဦးချိုများထက် များစွာ ပိုမို၍ မာကျောပုံရလေသည်။
၎င်း ငရဲဘုံသားရဲသည် မြေပြင်တွင် ကျက်စားလေ့ရှိသော သားရဲတစ်ကောင် ဖြစ်ပုံရသော်လည်း ၎င်းတွင်ပိုင်ဆိုင်ထားသော အတောင်ပံများ၏ တည်ဆောက်ပုံအရ တိုတောင်းသောအဝေးကို လျှောတိုက်ပျံသန်းရန်နှင့် ဝေးကွာသော အကွာအဝေးကိုမူ ခုန်ပျံကျော်လွှားရန် ဖြန့်ကားနိုင်စွမ်းရှိပုံရလေ၏။
အာရန်တစ်ယောက် ထိုသားရဲအား အကဲခပ်နေစဥ် ၎င်းသားရဲ၏ ချွန်ထက်သော ဆူးတောင်များပါရှိသည့် အမြီးမှာ သူရှိရာသို့ ရုတ်တရက် ရောက်ရှိလာ၍ ငုံကာ ရှောင်တိမ်းလိုက်ရသေးသည်။
ထိုအမြီးဖြင့် အနည်းငယ်မျှ ထိခိုက်မိလျှင်ပင် အလွန်အမင်း နာကျင်စေမည်မှန်း သူ သေချာသိနေခဲ့၏။
“ဒါ ငါ့မှာရှိတဲ့ အမြန်ဆုံးသားရဲပဲ။ တစ်နာရီကြာပြီးရင် မိန်းကလေးကို ဒီသားရဲကိုယ်ပေါ်မှာပဲ တင်ထားခဲ့လို့ရတယ်။ ပြီးရင် သားရဲက သူမကို ဒီ ပြန်ခေါ်လာပေးလိမ့်မယ်”
ထိုသို့ အစောင့်အရှောက်ကြယ်မှ အာရန်အား ရှင်းပြနေစဥ် အာရန်သည် ထိုကြယ်၏ စကားများဆီမှ ထူးဆန်းသောအချက်တစ်ခုကို သတိပြုမိလိုက်သည်။
ခုနလေးတင် ထို ကြယ်အစောင့်အရှောက်သည် ဒေါသကြောင့် သေတော့မတတ် ဖြစ်နေပုံရလေသည်။
သို့သော် ယခုချက်ချင်းပင် သူသည် အတော်လေးတည်ငြိမ်သွားပုံ ရသွားပြန်၏။ အမှန်အတိုင်းဆိုရလျှင် ထိုကြယ်သည် သူ၏ပျော်ရွှင်မှုကို ဖုံးကွယ်ရန် အလွန်အမင်း ကြိုးစားနေရ သကဲ့သို့ပင် ဖြစ်နေလေသည်။
ထို့ကြောင့် ထိုသားရဲနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ရှိနေမည်မှာ သေခြာသွားခဲ့၏။
အကယ်၍ ၎င်းသည်သာ ထိုကြယ်၏ အချစ်ဆုံးသားရဲတစ်ကောင် ဖြစ်လျှင် အဘယ်ကြောင့် သူ၏လက်အတွင်းသို့ ထိုးအပ်လိုက်စဥ် ဤမျှ ပျော်ရွှင်နေရသနည်း။
‘ဒါက အဓိပ္ပာယ်မရှိဘူး ... သူ့မှာ သွေးစာချုပ်လိုမျိုး တစ်ခုခုရှိနေတာများလား။ အဲဒီလိုဆိုရင် အဲဒီလူက သူ့သားရဲကို ဘယ်နေရာရောက်နေလဲဆိုတာ ခြေရာခံနိုင်ဖို့ အခွင့်အလမ်း များနေတယ်။ ဒါကြောင့် သူ ပျော်နေတာများလား’
အာရန်သည် ထိုကြယ်၏ အဓိက ရည်ရွယ်ချက်များမှာ သူ့ကို ထိုသားရဲအား စီးနင်းသွားစေရန် ဖြစ်မည်ဟု ခန့်မှန်းလိုက်မိ၏။
သို့တိုင် အာရန်သည် ထိုကြယ်၏ ရက်ရောမှုကို မငြင်းဆန်ခဲ့ပေ။
ထို အစောင့်အရှောက်ကြယ်အား အနည်းငယ် အရှက်ခွဲရန်အတွက် အာရန်တွင် ကိုယ်ပိုင်အစီအစဉ်တစ်ခု ရှိနေသဖြင့် ထိုငရဲဘုံသားရဲကို ပျော်ရွှင်စွာပင် ယူဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။
“ခင်ဗျားက ဒီလောက် ကြင်နာတတ်မှတော့လည်း ခင်ဗျားရဲ့ ညွှန်ကြားချက်အတိုင်း ကျုပ် လိုက်နာပါ့မယ်”
ထို့နောက် အာရန်တစ်ယောက် ငရဲဘုံသားရဲ၏ ကိုယ်ပေါ်သို့ တက်လိုက်ပြီးနောက်တွင်ပင် ယဲ့ဗ်နီမှာ သူ၏ လက်ထဲတွင် ငြိမ်းချမ်းစွာ အိပ်ပျော်နေဆဲပင်။
အာရန်သည် ထိုငရဲဘုံသားရဲ၏ နောက်ကျောပေါ်တွင် တက်ထိုင်မိလိုက်သည်နှင့် ထိုသားရဲ၏ ခန္ဓာကိုယ်မှ ထွက်လာသည့် အပူဓာတ်တစ်မျိုးကို ခံစားမိလိုက်သည်။
သူ့အား မည်သို့မျှ မထိခိုက်စေသည့် မီးတောက်များပိုင်ဆိုင်ထားသော သူ၏ ဖီးနစ်ငှက်မလေးနှင့် မတူဘဲ ဤငရဲဘုံသားရဲပေါ်တွင် ထိုင်ရခြင်းသည် အတော်လေး မသက်မသာဖြစ်လှသည်ဟု အာရန်တစ်ယောက် တွေးမိလိုက်၏။
ယဲ့ဗ်နီသည် သတိမေ့မြောလျက်ရှိနေခဲ့ကာ ထိုသားရဲ၏ အပူဓာတ်ကြောင့် အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်းမျိုးမရှိပဲ အရန် ၏လက်ပေါ်တွင်ပင် ဆက်လက်၍ လှဲလျောင်းနေခဲ့ကာ သူမ၏ အသက်ရှူသံများသည် ပုံမှန်အတိုင်း ရှိနေဆဲပင်။
အစောင့်အရှောက်ကြယ်သည် ၎င်းတို့အား နားမလည်နိုင်သော အမူအရာတစ်ခုဖြင့် စောင့်ကြည့်နေခဲ့သည်။
သူသည် အာရန်အား နှစ်ဖက်သွားဓားတစ်ချောင်းကို ပေးအပ်လိုက်ခြင်းဖြစ်၏။
ထို့နောက် ယဲ့ဗ်နီကို လွှတ်ပေးပြီးနောက် သူ၏ ရှေ့သို့ ပြန်ရောက်လာသောအခါ ဖြစ်ပေါ်လာမည့် ထိုလူစိမ်ချာတိတ်၏ စိတ်ပျက်အားငယ်နေသောမျက်နှာကို မြင်ယောက်ကြည့်မိလိုက်သည်။
အာရန်သည် အစောင့်အရှောက်ကြယ်အား အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် အစောင့်အရှောက်ကြယ်သည် နောက်တစ်နာရီကြာအောင် အာရန်၏ ညွှန်ကြားချက်များကို လိုက်နာရန် သူ၏ သားရဲအား ညွှန်ကြားလိုက်သည်။
အံ့အားသင့်စရာကောင်းစွာဖြင့် ၎င်းသားရဲသည် အစောင့်အရှောက်ကြယ်၏ စကားလုံးများကို တုံ့ပြန်ခဲ့ပြီး ၎င်း၏ မှောင်မိုက်လွန်းသော မျက်လုံးများက အစောင့်အရှောက်ကြယ်၏ စကားကို ကောင်းစွာ နားလည်သည့်အလား တစ်ချက်ပြန်လည်စိုက်ကြည့်လိုက်၏။
ထို့နောက် အားပြင်းသော လှုပ်ရှားမှုတစ်ခုဖြင့် သားရဲကြီးသည် ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားခဲ့ကာ ၎င်း၏ကြီးမားသော ခြေသည်းများက မြေပြင်ကို တဒုန်းဒုန်းမြည်ဟီးစေကာ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားလေတော့၏။
ဤသို့ဖြင့် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများသည် ရုတ်တရက် မှုန်ဝါးသွားပြီး လေသည် အာရန်၏ ဝတ်ရုံကို တဖြတ်ဖြတ်ဖြင့် အရှိန်ပြင်းစွာ တိုက်ခတ်နေတော့သည်။
အာရန်သည် ယခင်က မြန်နှုန်းအတွက် ကျော်ကြားသော ဒဏ္ဍာရီလာ ဖီးနစ်ငှက်အပါအဝင် သားရဲအတော်များများကို စီးနင်းခဲ့ဘူးပြီးဖြစ်လေသည်။
သို့တိုင် ဤငရဲဘုံသားရဲသည် ၎င်းတို့ထက် လွန်စွာပိုမို၍ မြန်ဆန်နေခဲ့သည်ကိုမူ သူ့အနေနှင့် မငြင်းနိုင်ခဲ့ချေ။
၎င်းသည် စွမ်းအင် ဘယ်သောအခါမှ မကုန်ဆုံးနိုင်သော စီးတော်ယဥ်တစ်မျိုးလည်း ဖြစ်လေ၏။
အဘယ်ကြောင့်ဆိုသော် ဤပတ်ဝန်းကျင်တွင် သေခြင်းအဆီအနှစ်များ အလွန်အမင်း များပြားနေခြင်းကြောင့် ငရဲဘုံသားရဲသည် သူ၏စွမ်းအင်ကို အချိန်တိုင်း ပြန်လည် ဖြည့်တင်းနေနိုင်သည်ဟု သူ ခံစားမိလိုက်သောကြောင့်ပင်။
သို့သော် အာရန်သည် ငရဲဘုံသားရဲအကြောင်း အံ့ဩနေရန်ဖြင့် သူ၏ အချိန်များကို ထပ်မံ မကုန်ဆုံးစေခဲ့ပေ။
အမှန်တကယ်ဆိုရလျှင် မူလကြယ်မှ မည်သည့်စီးတော်ယာဉ်မျိုးကို ပိုင်ဆိုင်မည်ကို ပင် သူ့အနေနှင့် ပို၍ပင် စူးစမ်းလိုနေသေး၏။
အကယ်၍ အစောင့်အရှောက်ကြယ်တွင်ပင် ထိုမျှ အံ့သြဖွယ်ကောင်းသော သားရဲတစ်မျိုးရှိနေခဲ့မည်ဆိုလျှင် မူလကြယ်များ ဆိုလျှင်မူ ပို၍ပင် အံ့သြစရာ ကောင်းသောအရာများ ကိုယ်စီ ရှိနေကြပေလိမ့်မည်။
သူသည် ထိုအရာကို အနည်းငယ်ပင် မနာလိုစိတ် ဖြစ်ပေါ်လာခဲ့မိသည်။
သို့တိုင် အာရန်သည် ထိုအတွေးကို ခေါင်းထဲတွင် ကြာကြာ မထားခဲ့ပေ။
အစောင့်အရှောက်ကြယ်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းနေလေသည်။
သူသည် အာရန်အား ခြေရာခံနိုင်ရန် ရည်ရွယ်၍ ဤသားရဲကို ပေးလိုက်ခြင်းသာ ဖြစ်လေသည်။
ထို့ကြောင့် အာရန်သည် ဤပြဿနာကို အချိန်မှီ ဖြေရှင်းရမည်ဖြစ်၏။
ထို့ပြင် ဤပြဿနာကို ဖြေရှင်းရန်အတွက် သူ့တွင် တစ်နာရီသာ အချိန်ရထားပြီး သူ့ တွင် လက်ရှိစဥ့်စားမိသလောက် ဖြေရှင်းနည်းနှစ်ခုသာ ရှိလေသည်။
အစောင့်အရှောက်ကြယ်၏ စက်ကွင်းမှ လွတ်ကွင်းနိုင်ရန် ထိုငရဲဘုံသားရဲအား အစဖျောက်ပြီး သူ၏ သွားရာ လမ်းကို ပြောင်းလဲရန် သို့မဟုတ် ထိုငရဲဘုံသားရဲအား လုံးဝ အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းတို့ပင် ဖြစ်သည်။
အာရန်သည် ကနဦးတွင် ဘိုးဘေးနဂါးလျှာအစွမ်းကို အသုံးပြု၍ ထိုသားရဲအား ထိန်းချုပ်ရန် ကြိုးစားကြည့်ခဲ့သေးသည်။
သို့သော် ကံမကောင်းစွာဖြင့် ၎င်းသည် အလုပ်မဖြစ်ခဲ့ပေ။
ငရဲဘုံသားရဲသည် အခြားလူတစ်ဦးနှင့် သွေးစာချုပ်ချုပ်ဆိုထားနှင့်ပြီး ဖြစ်လေသည်။
ထိုစာချုပ်ကို ဖျက်ဆီးရန်မှာ နဂါးလျှာအစွမ်း သက်သက်နှင့် မလုံလောက်ပေ။
“ငါ ဟိုအစွမ်းကို သုံးကြည့်သင့်သလား....”
“ဒီပြဿနာကို ဖြေရှင်းဖို့ င့ါမှာ အချိန်မိနစ်ငါးဆယ်ပဲ ကျန်တော့တယ်။ ငါရဲ့လက်ရှိ ကံတရားမျိုးနဲ့ဆိုရင် အခွင့်အရေးက အတော်ကို နည်းတယ်။ ဒါပေမယ့် ငါတစ်ခုခု မှားယွင်းသွားရင်တောင် စက္ကန့်သုံးဆယ်လောက်ပဲ ဆုံးရှုံးသွားမှာပါ။ ဟိုမိန်းကလေး ကလည်း အဲ့လောက် အချိန်ကလေးနဲ့တော့ နိုးမလာလောက်သေးပါဘူး”
အာရန်တစ်ယောက်သည် အတွေးများကြားတွင် ကြောင်ပျောက်လျက်ရှိပြီး အထူးသဖြင့် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ သူ၏ နဂိုရရှိထားသော ကံကောင်းချင်းများသည် ယူပစ်လိုက်သလို လုံးဝ ပျောက်ကွယ် သွားခဲ့ကြ သောကြောင့်ပင်။
သူသည် နတ်ဘုရားမ၏ ဗဟိုဧရိယာအတွင်းသို့ ဝင်ရောက်စဥ် ထာဝရပဲ့တင်သံအစွမ်းကို အသက်သွင်းမိခဲ့လေသည်။
ထိုအစွမ်းကို စတင်ရရှိစဥ်က တစ်နာရီခန့် အသုံးပြု၍ ရမည်ဟု ဖော်ပြထား ခဲ့သော်လည်း ထိုတစ်ခေါက်အသုံးပြု ပြီးကတည်းက ထူးဆန်းစွာဖြင့် စက္ကန့်သုံးဆယ်သာ အသက်သွင်း၍ ရတော့မည်ဟုပြောင်းလဲဖော်ပြသွားခဲ့၏။
ထိုအစွမ်းကို အသုံးပြုခဲ့စဥ်က သူကိုယ်တိုင်သည်လည်း မေ့မျောနေခဲ့သောကြောင့် ထိုစဥ်က မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သည်ကိုမူ ယခုအချိန်ထိ သူ့အတွက် ပုစ္ဆာတစ်ပုဒ်နှယ် ဖြစ်နေဆဲပင်....။
ထို့ကြောင့် ယခုအချိန်တွင် ထိုအစွမ်းကို အသုံးပြုပါက အဆိုးဆုံးအခြေအနေအဖြစ် စက္ကန့်သုံးဆယ်ထက် ပိုမို၍ ဆုံးရှုံးနိုင်မည်မဟုတ်သဖြင့် ဤအချိန်တွင် လောင်းကြေးထပ်သင့်ပါသလား...။
“အား ငါတော့ ဒီလောင်းကစားနည်းကို စွဲနေပြီထင်တယ်”
သူ၏ ယခု ပြဿနာအတွက် မှန်ကန်သောအဖြေကို သိရှိနိုင်သူ နှစ်ဦးသာ ရှိလေသည်။ ပထမတစ်ဦးမှာ စာရေးဆရာ ဖြစ်၏။
ကံမကောင်းစွာဖြင့် ဤနေရာတွင် မေးခွန်းဘောက်ချာကို အသုံးပြုခြင်းသည် အလဟသဖြစ်သွားလိမ့်မည်ဟု သူ့အနေနှင့် ခံစားနေရသည်။
မှန်ကန်သော အချက်အလက်များ ရှိနေနိုင်သည့် တစ်ဦးတည်းသော အခြားသူမှာ သူ၏ အနာဂတ်မှ သူကိုယ်တိုင်ပင် ဖြစ်လေသည်။
ထို့နောက် အာရန်သည် လက်နှစ်ဖက်ကို စုစည်းလိုက်ကာ သူ သိထားသလောက် နတ်ဘုရားများ အားလုံးကို တိုင်တည်၍ ဆုတောင်းတော့သည်။
“ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ကျုပ်ကို ထပ်ပြီးဒုက္ခမပေးပါနဲ့။ ကျုပ်အများကြီး မတောင်းဆို ပါဘူး။ ဒီပြဿနာအတွက် ဖြေရှင်းနည်းကို သိနေတဲ့ လုံလောက်အောင် အစွမ်းအစရှိတဲ့ အနာဂါတ်က ကျုပ်ကိုကျုပ်ပဲ ခဏလောက် ငှားရမ်းချင်ရုံပါ”
အာရန်သည် ရှိသမျှ နတ်ဘုရားများကို ပတ်၍ ဆုတောင်းပြီးနောက် သူသည် သားရေပြားတစ်ချပ်ကို ထုတ်ယူကာ ငရဲဘုံသားရဲ၏ နောက်ကျောပေါ်တွင် တင်လိုက်ပြီး အကာအကွယ်အဖြစ် စကားလုံးအချို့ကို ရေးထားလိုက်သည်။
အကယ်၍ ၎င်းသည် သူ၏ အနာဂတ်မှ စိတ်ဝိညာဥ်ဖြစ်မည်ဆိုပါက ထိုအခြေအနေကို ချက်ချင်း နားလည်သွားလိမ့်မည်ဖြစ်၏။
သို့သော် ၎င်းသည် သူ၏ အတိတ်မှ စိတ်ဝိညာဥ်ဖြစ်နေခဲ့လျှင် ဤအခြေအနေကြောင့် ရုတ်တရက် လွန်စွာ ထိတ်လန့်သွားနိုင်ချေရှိ၏။
အာရန်၏ အတိတ်မှ စိတ်ဝိညာဥ်သည် ငရဲဘုံမှ သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ပေါ်တွင် သူ့ကိုယ်သူ တွေ့ရှိသည့်အခါ မည်သို့ တုံ့ပြန်မည်ကို သူ မသိနိုင်သော်လည်း သူသည် အတတ်နိုင်ဆုံး ကြိုးစားကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ပြင်ဆင်မှုများ ပြီးစီးပြီးနောက်တွင် အာရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ထာဝရပဲ့တင်သံ ဆိုသည့်အစွမ်းကို အသုံးပြုရန် ပြင်ဆင်လိုက်တော့သည်။
#Catfoot