မာနအတွက်တိုက်ပွဲ
Vol. 38 Ch. 550
….
“သ..သခင်လေ...”
အစောင့်အရှောက်ကြယ်သည် သူ၏ နောက်ရှိ အသံလာရာဆီသို့ လှည့်ကြည့်ရန်ပင် သတ္တိမရှိတော့ပေ။
ထိုအသံကို သူ့အနေနှင့် ကောင်းမွန်စွာ မှတ်မိလေသည်။
၎င်းသည် ငရဲဘုံရှိ အလွန်ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး၏ အသံဖြစ်လေသည်။
လူများစွာက ရီဇီခီယဲလ်အား သူ၏ အမ အကူအညီဖြင့် မူလကြယ်အဆင့်သို့ ရောက်ရှိလာခဲ့သော တနှာစိတ်ကြီးမားလွန်းသူတစ်ဦး သက်သက်ဟုသာ ထင်မှတ်ကာ ပေါ့ပေါ့တန်တန်ပင် သဘောထားခဲ့ကြသည်။
အစောင့်အရှောက်ကြယ်သည် အမှန်တရားကို သိရှိထားသော လူအချို့ထဲမှ တစ်ဦးဖြစ်လေသည်။
တနှာစိတ်ကြီးမားလွန်းသူအဖြစ်သတ်မှတ်ခံထားရသော ထိုမူလကြယ်သည် အခြားသူများထင်မှတ်ထားသည်ထက် များစွာ ပိုမို၍ အန္တရာယ်ရှိသူဖြစ်၏။
အမှန်တကယ်တွင်းမူ ရီဇီခီယဲလ်သည် မည်သည့်ပြင်ပအကူအညီမှ မရှိဘဲနှင့်ပင် မူလကြယ်များကြားတွင် တစ်ကိုယ်တည်း ရပ်တည်နိုင်စွမ်းရှိသူဖြစ်သည်။
လူအများသိထားသည့် တနှာစိတ်ကြီးမားလွန်းသူ ဟူသော အပေါ်ယံဂုဏ်ပုဒ်တစ်ခု၏ နောက်ကွယ်တွင် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်သည် တစ်ချိန်လုံး ပုန်းကွယ်၍ ရှိနေခဲ့ခြင်းဖြစ်၏။
“သ..သခင်လေး ဒီကို ဘာလာလုပ်တာလဲ”
အစောင့်အရှောက်ကြယ်သည် လက်ရှိ အခြေအနေအကြောင်း ရီဇီခီယဲလ်တစ်ယောက် မည်မျှသိထားသည်ကို မသိနိုင်ပေ။
မိန်းကလေး ပြန်ပေးဆွဲခံရကြောင်းကိုသာ ရီဇီခီယဲလ်တစ်ယောက် သိနှင့်ပြီးဖြစ်ပါက သူသည် အမှန်တကယ် ဆိုးရွားသော ဒုက္ခတောတွင်းသို့ ကျရောက်သွားပြီး ဖြစ်လေသည်။
“မင်း အလျင်လိုစွာ ထွက်သွားတာကို ငါ လှမ်းမြင်လိုက်တယ်လေ။ မင်း ဘယ်ကိုသွားလဲဆိုတာ ငါလဲ သိချင်စိတ်ဖြစ်လာမိတာပေ့ါ”
မူလကြယ်သည် အစောင့်အရှောက်ကြယ်အား အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်ခြင်းဖြစ်၏။
၎င်းတို့နှစ်ဦးကြားရှိ စွမ်းရည် အဆင့်အတန်းသည် အများအမြင်၌ အနည်းငယ်မျှသာ ကွာခြားတော့ဟန်ရသော်လည်း အမှန်တကယ်မှာမူ ၎င်းတို့နှစ်ဦးကြားရှိ ကွာခြားချက်မှာ လွန်စွာကြီးမားကြောင်း အစောင့်အရှောက်ကြယ်ကိုယ်တိုင်သာ အသိဆုံးဖြစ်လေသည်။
သူ တစ်သက်လုံး ကြိုးစားခဲ့လျှင်ပင် ရီဇီခီယဲလ်အား လိုက်မီနိုင်လိမ့်မည်မဟုတ်ပေ။
အတွေးတစ်ချက်တည်းဖြင့်ပင် ထိုတနှာစိတ်ကြီးမားသူဆိုသော မူလကြယ်သည် သူ့အား အကြိမ်ထောင်ချီအထိ အလွန်နာကျင်စေသော နည်းလမ်းပေါင်းများဖြင့် သတ်ပစ်နိုင်စွမ်းရှိနေပြီး ထိုနည်းလမ်းများကလည်း တစ်စုံတစ်ဦးကို သေခြင်းတရားကို ဒူးထောင်၍ တောင်းခံမိစေသည်အထိ ဆိုးဝါးလွန်းလေသည်။
“ကျုပ်... ကျုပ် အင်အားကြီးမားတဲ့ လူစိမ်းတစ်ယောက်ရဲ့ ရှိနေမှုကို အာရုံခံမိပြီး ဒီလို လာကြည့်တာပါ။ အဲဒီလူက ထွက်ပြေးသွားနှင့်ပြီ ထင်တယ်” အစောင့်အရှောက်ကြယ်သည် အခြေအနေကို တတ်နိုင်သမျှ ပြန်လည်ကယ်တင်ရန် ကြိုးစားမိခဲ့သည်။
“ဪ ငါတောင် အာရုံမခံမိတဲ့ အင်အားကြီး ကျူးကျော်သူ သူစိမ်းတစ်ယောက်ကို မင်းက အာရုံခံမိလိူက်တယ်ဆိုပါတော့”
အစောင့်အရှောက်ကြယ်၏စကားကြောင့် ရီဇီခီယဲလ်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့သည်။
သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း ထိုစကားလုံးများရှိ အေးစက်မှု ကိုမူ အစောင့်အရှောက်ကြယ်တစ်ယောက် ခံစားမိလိုက်ဆဲပင်။
“ကျုပ်...”
အစောင့်အရှောက်ကြယ်သည် စကားလုံးအချို့ဆက်ပြောရန် ကြိုးစားလိုက်သော်လည်း သူ၏ မွေးရာပါ အန္တရာယ်ခံစားနိုင်သည့် အသိတစ်ခုကြောင့် ရပ်တန့်လိုက်ရသည်။
သူသာ စကားတစ်ခွန်းခန့် ထပ်မံ မှားယွင်းပြောဆိုမိပါက ချက်ချင်းအသတ်ခံရမည်မှန်း သဘောပေါက်လိုက်သည်။
“ငါ အမှတ်မမှားဘူးဆိုရင် မင်းကို ညတောင်ပံကလန်ရဲ့မင်းသမီးကို ကာကွယ်ဖို့ ညွှန်ကြားထားခဲ့တာမဟုတ်ဘူးလား။ ဒါပေမယ့် မင်းက ဒီမှာ ကျူကျော်သူ လူစိမ်းတစ်ယောက်ကို လိုက်ဖမ်းနေတယ်တဲ့လား။ ကျူးကျော်သူတွေကို ဖမ်းမိတဲ့ အခါ ရရှိမဲ့ ဂုဏ်သိက္ခာနဲ့ အောင်မြင်မှုတွေ အတွက် င့ါအမိန့်တွေကိုတောင် လျစ်လျူရှုဝံ့တယ်ပေ့ါလေ”
မူလကြယ်သည် ငရဲဘုံသားရဲ၏ ခြေရာများကို လေ့လာနေရင်းပြောလိုက်သည်။
“ဒါမှမဟုတ်... အဲဒီတာဝန်ကို မင်း ပျက်ကွက်ခဲ့တာမလား သူက မိန်းကလေးကို ခေါ်သွားခဲ့လို့ မင်းက ကျူးကျော်သူ လူစိမ်းကို လိုက်ဖမ်းနေခဲ့တာပေ့ါ။ အဲ့လူစိမ်းက သူမကို ခေါ်သွားနိုင်ရုံတင်မကဘူး မင်းကတောင် သူ့ကိုထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တာပေါ့ဟုတ်လား”
စက္ကန့်အနည်းငယ်အတွင်းမှာပင် ရီဇီခီယဲလ်သည် အခြေအနေအရပ်ရပ်ကို နားလည်လိုက်ပြီး ဖြစ်လေသည်။
“ကျုပ်....”
အစောင့်အရှောက်ကြယ်သည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့သည်။
သူ လူမိသွားပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
ထို့ကြောင့် အစောင့်အရှောက်ကြယ်သည် မူလကြယ် ရီဇီခီယဲလ်တစ်ယောက် သူ့အား ပိုမို ဆိုးရွားသည့်အရာများ မလုပ်ဆောင်နိုင်ခင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားလိုက်သည်။
ကံမကောင်းစွာဖြင့် သူသည် ထိုအရာကို မလုပ်ဆောင်နိုင်မီမှာပင် မမြင်နိုင်သော ခွန်အားတစ်ခုက သူ၏ခန္ဓာကိုယ်ကို ချုပ်ကိုင်ထားလိုက်၏။
မူလကြယ်သည် နောက်ပြန် လှည့်ကြည့်လိုက်ပြီး အစောင့်အရှောက်ကြယ်အား ဝါးစားမတက် ဒေါသထွက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
“မင်း င့ါကို ဒီလောက်အထိ စိတ်ပျက်အောင် လုပ်လိမ့်မယ်လို့ တကယ် မမျှော်လင့်ထားခဲ့ဘူး။ မင်းအပေါ်မှာ ငါ တကယ်ပဲ မျှော်လင့်ချက်တွေ အများကြီး ထားခဲ့မိတယ်”
သူသည် အစောင့်အရှောက်ကြယ်ဆီသို့ တိုးကပ်သွားလိုက်ပြီး အစောင့်အရှောက်ကြယ်၏ ဦးခေါင်းပေါ်တွင် သူ၏လက်ကို တင်ထားလိုက်သည်။
“နောက်ထပ် အခွင့်အရေးတစ်ခုလောက်....ကျေးဇူးပြပြီး ကျုပ်ကို နောက်ထပ် အခွင့်အရေးတစ်ခုလေးပဲ ထပ်ပေးပါ ကျုပ် သူမကို ရအောင်ပြန်ခေါ်လာခဲ့ပေးပါ့မယ်”
အစောင့်အရှောက်ကြယ်၏ မျက်ဝန်းများသည် တုန်ရီလျက်ရှိနေခဲ့ပြီး သူသည် အခွင့်အရေး တစ်ခုရရန်အတွက် အသဲအသန် တောင်းပန်နေခဲ့မိ၏။
“ရှူး...”
မူလကြယ်သည် စိတ်ပျက်သွားဟန် ဖြင့် သူ၏လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ အစောင့်အရှောက်ကြယ်၏ နှုတ်ခမ်းများသည် ရုတ်တရက် ပိတ်သွားခဲ့သည်။
အစောင့်အရှောက်ကြယ်၏ နှုတ်ခမ်းသားများသည် စတင်၍ အရည်ပျော်ကျလာပြီး ပါးစပ်ပေါက်ရှိ နှုတ်ခမ်းနှစ်ခုစလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ ပိတ်သွားခဲ့၏။
“မွမ်း.... မွမ်း...”
အစောင့်အရှောက်ကြယ်သည် ညီးတွားသံအချို့ကို ပြုလုပ်မိလိုက်ပြီး သူ၏ ပါးပြင်တစ်လျှောက် မျက်ရည်များ စီးကျလာခဲ့သည်။
သူ၏ မျက်ခွံများသည်ပင် အလိုလိုပြန်လည် ပေါင်းစပ်သွားခဲ့သည်။
၎င်းတို့သည် သူ၏ မျက်လုံးများကို ပိတ်ရန် ချည်မျှင်များဖြင့် ချုပ်လိုက်သကဲ့သို့ပင်။
“မင်းမှာ င့ါကို စကားပြောပိုင်ခွင့် ဆုံးရှုံးသွားပြီ။ ငါ့ကို ကြည့်တာကတောင် မင်းလို အရှုံးသမားတစ်ယောက်အတွက် စော်ကားမှုတစ်ခုပဲ။ မင်းအတွက် ထိုက်တန်တဲ့ တစ်ခုတည်းသောအရာက အဲ့ဒီ နာကျင်မှုတွေပဲ။ အဲဒါက မင်းရဲ့ နောက်ဆုံး အချိန်အထိ ဒီကျရှုံးမှုကို ပြန်လည် သတိရစေမယ့် ငါ့ရဲ့ ပစ်ဒဏ်ပဲ...”
ရီဇီခီယဲလ်က အစောင့်အရှောက်ကြယ်၏ ခွန်အားကို စုပ်ယူဝါးမြိုလိုက်ရာ သူသည် အနည်းငယ်မျှပင် ပြန်လည် မခုခံနိုင်ခဲ့ပေ။
သူ၏ ပိတ်ထားသော မျက်လုံးများမှ သွေးမျက်ရည်များသာ စီးကျလာခဲ့သည်။
“သူ့ကို ဟိုကျူးကျော်သူတွေ ထားတဲ့နေရာကို ခေါ်သွားလိုက်ကြ”
မူလကြယ်သည် ထိုအစောင့်အရှောက်ကြယ်အား သူ၏ ဆံပင်မှ ဆွဲကိုင်ကာ တစ်နေရာတွင် ပစ်ချလိုက်လေသည်။
အရိပ်များထဲမှ နောက်ထပ်အစောင့်ကြယ်များ ထွက်ပေါ်လာခဲ့ကြသည်။
၎င်းတို့သည် အပြစ်ပေးခံထားရသော အစောင့်အရှောက်ကြယ်အား ဆွဲခေါ်သွားကြကာ အမှောင်ထုအတွင်း ဝင်ရောက် ပျောက်ကွယ်သွားကြလေသည်။
ထိုအစောင့်အရှောက်ကြယ်အား ဆွဲခေါ်သွားပြီးနောက် ရီဇီခီယဲလ်သည် ဖီးနစ်ငှက်၏ ခြေရာများကို ပြန်ကြည့်လိုက်သည်။
ဖီးနစ်ငှက်သွားရာ လမ်းကြောင်းကို သူ ခန့်မှန်းနိုင်ခဲ့၏။
သို့သော် သူလည်း ၎င်းကို ကျေနပ်ပုံမရပေ။
“ဒါက ဖီးနစ်ငှက် ဖြစ်နေတာလား...”
အခြားသားရဲတစ်ကောင်ဆိုလျှင် ထိုခြေရာဖြင့် ၎င်း၏ အော်ရာကို သူ့အနေနှင့် ခြေရာခံနိုင်စွမ်းရှိလေသည်။
ကံမကောင်းစွာဖြင့် ဖီးနစ်ငှက်ဖြစ်နေသောကြောင့် ၎င်း၏ ခြေရာကို ကောက်ရန်မှာ မဖြစ်နိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ငရဲဘုံတွင် ဖီးနစ်ငှက်သည် ခြေရာခံရ အခက်ခဲဆုံး သားရဲတစ်မျိုး ဖြစ်နေသောကြောင့်ပင်။
ဖီးနစ်ငှက်၏ အော်ရာသည် နေရာအနှံ့အပြားတွင်ပျံ့နှံ့နေသော သေခြင်းအဆီအနှစ်များကို ပြီးပြည့်စုံစွာ ဖျက်ဆီးနိုင်စွမ်းရှိလေသည်။
ထို ဖီးနစ်ငှက်မှ မြေပြင်ပေါ်တွင် ချန်ထားခဲ့သော အမှတ်အသားများအပေါ် အခြေခံ၍ သာ အကြမ်းဖျင်း လမ်းကြောင်းကိုသာ သူ့အနေနှင့် ခန့်မှန်းနိုင်ခဲ့လေသည်။
သို့သော် မှန်ကန်သော လမ်းကြောင်းကို ဆုံးဖြတ်ရန်မှာ ထိုမျှနှင့် မလုံလောက်ခဲ့ပေ။ ဖီးနစ်ငှက်သည် ကောင်းကင်ယံတွင် လမ်းကြောင်းတစ်ခုကို အလွယ်တကူ ပြောင်းလဲနိုင်လေသည်။
“သူက ကျူးကျော်သူ လူစိမ်းတစ်ယောက်ဆိုရင် သူ့အပေါင်းအပါတွေနဲ့သေခြာပေါက် သွားတွေ့မှာပဲ။ သူတို့ကို ငါကိုယ်တိုင် ကိုင်တွယ်မှဖြစ်တော့မယ် ထင်တယ်” ထိုသို့ပြောပြီးနောက် မူလကြယ်သည် နောက်ပြန်လှည့်ကာ ပျောက်ကွယ်သွားခဲ့သည်။
အမှန်တကယ်တွင် အာရန်သည် မည်သည့် ဦးတည်ရာကိုမျှ မပြောင်းလဲပဲ တစ်ဖြောင့်တည်းသာ ပျံသန်းနေခဲ့ခြင်းဖြစ်လေသည်။
သူ၏ ဦးတည်ရာကို ခန့်မှန်းရန် ကြိုးစားနေသော လူတစ်ဦး ရှိကြောင်းကိုမူ သူ့အနေနှင့် မသိနိုင်ခဲ့ပေ။
နစ်ခရိုမန်ဆာ မျှော်စင်သခင်အား သူ့အနေနှင့် မည်မျှအထိ ဆိုးဝါးသော ပြသနာတောထဲ ဆွဲထည့်လိုက်မိပြီဖြစ်မှန်း အာရန်တစ်ယောက် အနည်းငယ်မျှပင် မရိပ်မိခဲ့ချေ။
ထိုမူလကြယ်သည် အာရန်အား မျှော်စင်သခင်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီဖြစ်၏။
ယခင်က မူလကြယ်သည် ကျူးကျော်သူ လူစိမ်းများကို အလေးအနက်မထားခဲ့ပေ။ ၎င်းသည် သူ့အတွက် ပျော်စရာ သာမန်ကိစ္စတစ်ခုသာ ဖြစ်လေသည်။ သူ၏အစစ်အမှန်ရည်ရွယ်ချက်မှာ ယဲ့ဗ်နီသာ ဖြစ်လေ၏။
ကံမကောင်းစွာဖြင့် ဤပျော်စရာ သာမန်ကိစ္စလေးသည် သူ့အတွက် ရုတ်တရက် အလွန်အမင်း အလေးအနက်ထားစရာတစ်ခု ဖြစ်လာခဲ့ပေပြီ။
ကျူးကျော်သူတစ်ဦးသည် သူ၏နယ်မြေထဲသို့ ဝင်ရောက်ကာ သူပိုင်ဆိုင်သည့် အရာတစ်ခုကို ယူဆောင်သွားခဲ့ခြင်းဖြစ်လေသည်။
သူ့အနေနှင့် ဤမျှအထိ အစော်ကားမခံခဲ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်၏။ ယခင်က သူ့အား စော်ကားမိခဲ့သော သူတစ်ဦးတစ်ယောက်မျှ ယနေ့ကို မြင်တွေ့နိုင်ရန် အသက်မရှင်ခဲ့ကြပေ။
သတ္တမ မူလကြယ်အတွက်မူ ၎င်းသည် သူ၏ မာနအတွက် တိုက်ပွဲတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
#Catfoot