အခြားရွေးချယ်စရာ မရှိခြင်း
Vol. 38 Ch. 552
…
“ရှင်...ရှင် ဘာလုပ်မလို့လဲ” အာရန်သည် ယဲ့ဗ်နီအား လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သောအခါ သူမသည် မယုံနိုင်စွာဖြင့် တုံ့ပြန်လိုက်မိသည်။
“ကျွန်မကို ခုချက်ချင်း လွှတ်ပေးစမ်း”
သူမသည် အာရန်ကို ရုတ်တရက် တွန်းထုတ်ကာ သူ၏ လက်ထဲမှ ရုန်းထွက်ရန် ကျိုးစားလိုက်သည်။
“ကျွန်မကိုတောင် အသားယူရဲတယ်လား ရှင့်မှာအတော်သတ္တိရှိနေသလား”
အာရန်သည် သူမ၏ တုံ့ပြန်မှုများကို ပါးစပ်ဖြင့် ပြန်မဖြေဘဲ သူ၏ ညာလက်ကို မြှောက်ပြကာ သူမကိုယ်ပေါ်မှ ကြိုးများကို ဖြေပေးလိုက်ခြင်းဖြစ်ကြောင်း အမူအရာနှင့် သဘောပေါက်စေလိုက်သည်။
ထိုအခါမှသာ ယဲ့ဗ်နီ သည် သူမ၏ လက်များ လွတ်မြောက်နေပြီဖြစ်ကြောင်း သဘောပေါက်သွား၏။
အာရန်သည် သူမကိုယ်ပေါ်ရှိ ကြိုးများကို ဖယ်ရှားပေးရန်ကျိုးစားလိုက်ခြင်းသာ ဖြစ်လေသည်။
သူမက လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း အာရန်အနေနှင့် ယခုကဲ့သို့ အမှန်တကယ် လွှတ်ပေးလိမ့်မည်ဟု သူမ တကယ့်ကို မမျှော်လင့်ထားခဲ့ချေ။
ယင်းအစား အာရန်သည် သူမအား သတ်ပစ်လိမ့်မည်ဟုသာ သူမ ထင်မှတ်ထားခဲ့၏။
“ဘာ... ဘာလို့လဲ”
အချိန်အတော်ကြာပြီးနောက် သူမသည် တစ်လုံးတည်းသော စကားလုံးကိုသာ ပြောနိုင်ခဲ့သည်။
သူသည် သူမအနေဖြင့် မဖြစ်နိုင်ဟုထင်ထားသော အရာများကို တစ်ခုပြီးတစ်ခု အောင်မြင်အောင် လုပ်ဆောင်ပြနိုင်ခဲ့သော အပြင်လူတစ်ဦးသာ ဖြစ်လေ၏။
ထိုသူသည် ညတောင်ပံမျိုးနွယ်စု၏ မင်းသမီးလေးကို ပြန်ပေးဆွဲခဲ့သည်။
သူသည် သူမအား ညှိနှိုင်းရေးအတွက် နယ်ရုပ်တရုပ်အလား အသုံးချသွားခဲ့သေးသည်။
သို့သော် ယခုတွင်မူ သူသည် သူမအား ချက်ချင်းပင် လွှတ်ပေးလိုက်သည်တဲ့လား..။
အဘယ်ကြောင့်နည်း...။
သူမအနေဖြင့် သူ့အား တိုက်ခိုက်ခဲ့လျှင်ပင် သူ့ကိုယ်သူ အနိုင်ယူနိုင်ကြောင်း ယုံကြည်မှုရှိနေခဲ့၍လား။
သို့မဟုတ် သူသည် အခြားတစ်ခုခုကို လုပ်ဆောင်ရန် ကြံစည်နေခြင်းများလား။
သူ၏ လုပ်ရပ်နောက်ကွယ်တွင် မည်သည့် ကောင်းသော ရည်ရွယ်ချက်မှ ရှိနေလိမ့်မည်မဟုတ်ဟု သူမ ယုံကြည်ထားလေသည်။
အာရန်သည် သန့်စင်ကြိုးကွင်းကို သူ၏ စနစ်သိုလှောင်ခန်းထဲသို့ ပြန်လည် သိမ်းဆည်းထားလိုက်ချိန်တွင် သူ၏ နောက်ကွယ်တွင် ဖီးနစ်ငှက်ကြီးတစ်ကောင်သည် ဝင့်ကြွားစွာဖြင့် အေက်သို့ ဆင်းသက်လာခဲ့သည်။
“ဘာလို့လဲဆိုတော့ မင်း ပြန်မသွားနိုင်ဘူးဆိုတာ ငါ သိနေခဲ့လို့ပဲ”
ဖီးနစ်ငှက်ကြီးသည် သူမ၏ ဦးခေါင်းကို နှိမ့်ချကာ သူ့တောင်ပံများကို ဖြန့်ကျက်ပြီး အာရန်အား ကြိုဆိုဟန်ပြလိုက်သည်။
အာရန်သည် မည်သည့် ရှင်းပြချက်မှ ထပ်မံ၍ မပေးတော့ဘဲ ဖီးနစ်ငှက်ပေါ်သို့ တက်လိုက်လေသည်။
သူသည် မိန်းကလေးအား ပြန်လှည့်ကြည့်ကာ သူမ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့သည်။
ယခုအချိန်တွင် သူမကို အတင်းအကျပ် ခိုင်းစေခြင်းသည် အချည်းနှီးသာ ဖြစ်လေသည်။
ဝိညာဉ်ရှာဖွေခြင်းအမှု မပြုလုပ်မချင်း ထိုသို့ အတင်းအကျပ်စေခိုင်းခြင်းသည် မည်သည့် ထူးခြားမှုမျှ ရှိမည် မဟုတ်ကြောင်း သူ သဘောပေါက်ထားသည်။
သူသည် သူမ၏ စိတ်ရင်းဖြင့် ကူညီပေးသည်ကို လိုအပ်လေသည်။
ဤသို့မှသာ သူမသည် သူ့အား ထောင်ချောက်ထဲသို့ ဆွဲချတော့မည် မဟုတ်ပေ။
သူမကို ယုံကြည်အောင် ပြောဆိုနိုင်မည့် နည်းလမ်းများ အားလုံးအား သူကြိုတင် စဥ့်စားထားပြီး ဖြစ်လေသည်။
သူသည် ပထမဆုံး လှုပ်ရှားမှုကိုသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မ ပြန်မသွားနိုင်ဘူးလို့ ရှင် ဘာကြောင့် ထင်နေတာလဲ” ယဲ့ဗ်နီ က အာရန်အား မေးလိုက်သည်။
သို့သော် သူမ၏ အမူအရာများအရ သူမ၏ စစ်မှန်သော အတွေးများကို ခန့်မှန်းရန်မှာ မခက်ခဲလှပေ။
အာရန်အနေနှင့် သူမ၏ ရည်ရွယ်ချက်များကို ကြိုတင် သိရှိနေခြင်းကြောင့် သူမအတော်လေး အံ့သြသွားခဲ့ရသည်။
“ဘာလို့လဲဆိုတော့ မင်းမှာ ပြန်သွားစရာ နေရာ မရှိတော့လို့ပဲ။ မင်း မျိုးနွယ်စုဆီ ပြန်သွားရင် ကျူးကျော်သူတစ်ဦးနဲ့ ပူးပေါင်းလုပ်ဆောင်မှုနဲ့ မင်းကို စွတ်စွဲတာ ခံရလိမ့်မယ်။ ငါက သဘောကောင်းလို့ လွှတ်ပေးလိုက်တယ်လို့ဆိုတာကို သူတို့ ယုံကြလိမ့်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား”
“မင်း ပြန်သွားမယ်ဆိုရင် မင်းရဲ့ မျိုးနွယ်စုတစ်ခုလုံးဟာ အများရဲ့ ဘုံရန်သူတွေ ဖြစ်လာလိမ့်မယ်။ နောက်ဆုံး မူလကြယ်တွေရဲ့ ပစ်မှတ်ပါ ဖြစ်သွားလိမ့်မယ်။ မင်း ပြန်သွားတာဟာ မင်းရဲ့ မျိုးနွယ်စုကို ပျက်စီးစေမှာဖြစ်ပြီး မင်းက အဲဒီအတွက် တာဝန်ရှိသူတစ်ဦး ဖြစ်သွားလိမ့်မယ်”
“မင်းအကြောင်း ဆက်ပြောရမယ်ဆိုရင်... မင်းကို အရမ်းလိုချင်နေတဲ့ ဟိုတနှာရူး မူလကြယ်ကလည်း မင်းကို စိတ်ကြိုက် ခြေတော်တင်ဖို့ ကျိုးစားလိမ့်မယ်။ ဒဏ်ရာအနည်းငယ်က သူ့ရဲ့ ဆန္ဒတွေကို တားဆီးနိုင်မယ်လို့ မင်း တကယ်ကော ယုံကြည်မှုရှိရဲ့လား။ တကယ်လို့ အဲ့ဒီဒဏ်ရာတွေက သူ့ကို ဟန့်တားနိုင်ခဲ့မယ် ဆိုရင်တောင် သူက မင်းကို ပိုဆိုးရွားတွေအရာတွေ ခံစားရအောင်လုပ်ပစ်ဦးမှာ ကြိမ်းသေ သလောက်ပဲ။ မင်းအဲ့လိုဖြစ်ဖို့ ဆန္ဒရှိတာသေခြာရဲ့လား”
မိန်းကလေးသည် ထိုစကားများကြောင့် အာရန်အား မယုံကြည်နိုင်စွာ ငေးကြည့်နေမိ၏။
အာရန်သည် သူမ၏ စိတ်ကို ဖတ်နိုင်နေသကဲ့သို့ပင်။
သူ ပြောလိုက်သော စကားလုံးတိုင်းသည် ပစ်မှတ်ကို ထိမှန်သော မြှားများနှင့်တူညီနေခဲ့၏။
အာရန်ပြောသည်မှာ အမှန်ပင်ဖြစ်လေသည်။
သူမသာ သူမကလန်သို့ ပြန်သွားခဲ့ပါက သူမ၏ မျိုးနွယ်စုသည် အများ၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။
သူမသာ အခြားတစ်နေရာသို့ ထွက်ပြေးပြီး အဖမ်းခံရပါကလည်း သူမ မျိုးနွယ်စုအတွက် အကျိုးဆက်သည် အတူတူပင် ဖြစ်၏။
အာရန်အနေနှင့် သူမအား ပြန်ပေးဆွဲခဲ့သည့် အချိန်မှစ၍ သူ့နှင့်အတူ နေရန်မှလွဲ၍ သူမတွင် အခြားရွေးချယ်စရာ မရှိတော့ကြောင်း ကံကြမ္မာက ဆုံးဖြတ်လိုက်ပြီး ဖြစ်လေသည်။
အာရန်သည် ယဲ့ဗ်နီအား အတင်းအကျပ် လုပ်ဆောင်ရန် မလိုအပ်ပေ။
“မင်းက င့ါလို အပြင်လူတစ်ဦးရဲ့ ဓားစာခံအဖြစ် ရှိနေသမျှကာလပတ်လုံး မင်းရဲ့ မျိုးနွယ်စုက လုံခြုံနေလိမ့်မယ်။ ဆိုလိုတာက ငါတို့ဟာ ရန်သူတွေပါပဲ။ ဒါပေမဲ့ မင်းကိုယ်မင်း ဓားစာခံလို့ မသတ်မှတ်တော့တဲ့ အချိန်မှာတော့ ငါတို့ဟာ မဟာမိတ်တွေ ဖြစ်လာကြလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် မင်းက မင်းရဲ့ အပြစ်ကင်းစင်မှုကို ဘယ်လောက်ပဲ ထုတ်ဖော်ပြသနေပါစေ ဘယ်သူမှ မင်းကို ယုံကြည်ကြတော့မှာ မဟုတ်ဘူး”
မိန်းကလေးသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထာားလိုက်မိသည်။
သူမသည် နွံအိုင်တစ်ခုအတွင်းသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
သူမ ခုခံလေလေ ထိုနွံအိုင်က သူမအား ပိုမို၍ ဝါးမြိုလေလေပင် ဖြစ်ပေလိမ့်မည်။
ထို့နောက် တအောင့်ကြာသောအခါ သူမသည် တစ်စုံတစ်ရာကို စဉ်းစားမိလိုက်ဟန်ဖြင့် သူမ၏ နှုတ်ခမ်းထောင့်များ လှစ်ခနဲ ပွင့်သွားခဲ့ကာ သူမ၏ ချွန်ထက်သော အစွယ်များ ပေါ်လာခဲ့သည်။
“ရှင့်ရဲ့ အလျင်လိုမှုကြောင့် အရေးကြီးတဲ့ အရာ တစ်ခုကို မေ့သွားခဲ့တယ်လို့ ကျွန်မ ထင်တယ်”
“အော်ဟုတ်လား ငါမေ့သွားတာများရှိသေးလို့လား ပြောပါဦး”
အာရန်သည် သူမ၏စကားကြောင့် စိတ်ဝင်တစား ဖြစ်သွားဟန်ဖြင့် ပြန်မေးလိုက်သည်။
“ငါ ဘာကို လွဲချော်သွားတယ်ဆိုတာ မင်း ဘာလို့ မပြောပြသေးတာလဲ”
“ဟင်း ဟင်း တကယ်လို့ ကျွန်မသာ ရှင့်ကို သတ်ပြီး ရှင့်ရဲ့ ရုပ်အလောင်းကို ပြန်ယူသွားနိုင်ခဲ့ရင် ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ပြီ မဟုတ်ဘူးလား” ယဲ့ဗ်နီက ကောက်ကျစ်စွာ တစ်ချက်ပြုံး၍ ပြန်ပြောလိုက်သည်။
“ရှင် ကျွန်မကို ကြိုးဖြည်ပေးခဲ့တဲ့အချိန်မှာ အဲဒါတွေကို ရှင် မစဉ်းစားမိခဲ့ဘူးလေ ဟုတ်တယ်မလား။”
“ငါ့အနေနဲ့ အဲဒါကို မစဉ်းစားခဲ့မိဘူးလို့ မင်းကို ဘယ်အရာက ထင်စေခဲ့တာလဲ”
အာရန်သည် သူ၏ ပခုံးကို တွန့်ပြရင်း သက်တောင့်သက်သာဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“မင်း ငါ့ကို အနိုင်ယူနိုင်တာ မယူနိုင်တာ ခဏဖယ်ထားဦး။ မင်း အနိုင်ယူ နိုင်ခဲ့မယ် ဆိုရင်တောင် ငါ သေဆုံးခါနီးအချိန်မှာ ငါ့ရဲ့ ရုပ်အလောင်းနဲ့ ငါ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတစ်ခုမကျန်ကို ဖျက်ဆီးပစ်နိုင်တဲ့ ထူးခြားတဲ့အစွမ်းတစ်ခု ငါ့မှာ ရှိနေတယ်”
အာရန်သည် လိမ်ညာမှုအချို့ အမှန်တရားအချို့နှင့် ရောနှောကာ မိန်းကလေးအား အခြေအနေကို ပိုမို ရှုပ်ထွေးသွားစေရန် ပြောလိုက်လေသည်။
သူ့အနေနှင့် သူမအား လုံးဝ ရိုးသားနေရန် မလိုအပ်ပေ။
သူသည် သူမအား သူနှင့်အတူ ရှေ့ဆက်သွားရန်မှလွဲ၍ အခြားနည်းလမ်းတစ်ခု မရှိတော့ကြောင်း ယုံကြည်အောင်သာ လုပ်ဆောင်ရန် လိုအပ်လေ၏။
“ငါ့ရဲ့ ရုပ်အလောင်း မပါဘဲ မင်းရဲ့ အပြစ်ကင်းစင်မှုကို ဘယ်လိုလုပ် သက်သေပြနိုင်မလဲ။ သူတို့က မင်း ငါ့ကို လွတ်မြောက်အောင် ကူညီပေးခဲ့တယ်လို့ပဲ ယုံကြည်ကြလိမ့်မယ်။ မင်းရဲ့ အခြေအနေကလည်း စောစောကပြောခဲ့တဲ့ အခြေအနေဆီ ပြန်ရောက်သွားလိမ့်မယ်”
“ရှင်...”
ယဲ့ဗ်နီသည် အံကိုတင်းတင်းကြိတ်ထားလိုက်ပြီး အာရန်အား စားမတတ်ဝါးမတတ် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။
သေဆုံးသည့်အခါ သူ၏ ရုပ်အလောင်းကို ပြန်လည် ဖျက်ဆီးပစ်မည် ဆိုသည့် အာရန်၏ အဓိပ္ပာယ်မရှိသော စကားကို မိန်းကလေးသည် အမှန်တကယ် ယုံကြည်သွားခဲ့လေသည်။
အာရန်အနေနှင့်မူ ထိုကဲ့သို့သော စွမ်းအင်မျိုး သူ၌ ရှိနေခဲ့လျှင်တောင် သူသည် ထိုအခြေအနေတွင်မူ ထိုအရာကို အသုံးမပြုလိုပေ။
မည်သို့ပင်ဆိုစေ အာရန်သည် သူ၏အသက်လေးကို အလေးအနက်ထားသူတစ်ဦး မဟုတ်ပါလော။
“ ငါ့ရဲ့ ချစ်လှစွာသော ဓားစာခံမလေးရေ ငါတို့ သွားကြရင်ကောင်းမယ်ထင်တယ် “
အာရန်သည် သူ၏အစောပိုင်းစကားများသည် ယဲ့ဗ်နီအား အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်ကို သဘောပေါက်လိုက်ကာ အခြားအရာကို အာရုံပြောင်းရန်ကျိုးစားလိုက်သည်။
မိန်းကလေးသည် သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။
သူမတွင် ဆန္ဒမရှိသော်ငြားလည်း သူမသည် ဓားစာခံတစ်ဦး ဖြစ်နေပြီဖြစ်သည့်အပြင် အာရန်တစ်ယောက် ပြန်လည် အဖမ်းမခံရစေရန် သေချာအောင် လုပ်ဆောင်ရမည်ကိုပါ သူမအနေနှင့် နားလည်လိုက်၏။
သူ့ကိုသာ အခြားသူများက ဖမ်းမိသွားခဲ့ပါက သူသည် သူမ၏ မျိုးနွယ်စုအကြောင်း မည်ကဲ့သို့သော အဓိပ္ပာယ်မရှိသည့် အကြောင်းအရာများကို လုပ်ကြံဖန်တီး၍ ပြောဆိုမည်ကို သူမအနေနှင့် မသိနိုင်ပေ။
ယဲ့ဗ်နီသည် လွန်စွာ စိတ်ပျက်နေခဲ့သော်လည်း သူမ၏ မျိုးနွယ်စုကို ကာကွယ်ရန်အတွက် အာရန်နောက်သို့ လိုက်ရန်သာ ရှိတော့ကြောင်း သဘောပေါက်လိုက်သည်။
သူမသည် အာရန်တစ်ယောက် ထွက်ပြေးနိုင်ရန်အတွက် ကူညီပေးရမည် ဖြစ်သည့်အပြင် ဖြစ်နိုင်ပါက သူနှင့်အတူ ဤငရဲဘုံတစ်ခွင်တွင် လှည့်လည်၍ စွန့်စားခန်းများ ဖွင့်ရမည့် ကိန်းပင် ရှိနေလေ၏။
သူမသည် ရှေ့သို့ လျောက်သွားလိုက်ကာ အာရန် ကမ်းပေးသည့် လက်ကို လုံးဝ လျစ်လျူရှုလျက် ဖီးနစ်ငှက်ကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
“ရှင်က မကောင်းဆိုးဝါးတစ်ကောင်ပဲ ရှင့်ကိုယ်ရှင်ကော သိရဲ့လား”
“အဲဒီလိုသမုကြတာမျိုး ငါ့အနေနဲ့ အကြိမ်အနည်းငယ် ကြားခဲ့ဖူးပါတယ်။ အဲ့ဒါက အရမ်းကောင်းတဲ့ ခေါင်းစဉ်လို့ကော မင်း မထင်ဘူးလား”
အာရန်သည် သူမ၏ စွတ်စွဲချက် စကားများကို ဂရုမစိုက်တော့ပေ။
သူ၏ ဖီးနစ်ငှက်မသည် သူမ၏ တောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ယံသို့ တစ်ဖန် ပျံတက်သွားခဲ့သည်။
တစ်ခုတည်းသော ခြားနားချက်မှာ ယခုတစ်ကြိမ်တွင် ထိုမိန်းကလေးသည် ထပ်မံ၍ ပြုတ်ကျတော့မည် မဟုတ်ချေ။
အာရန်သည် ဤငရဲဘုံသို့ ရောက်နေစဉ်အတွင်း အခြားရွေးချယ်စရာမရှိ၍ သူ့အား မဖြစ်မနေ အကူအညီပေးနေရသည့် မဟာမိတ်တစ်ဦးအား ရရှိခဲ့ပြီး ဖြစ်လေ၏။
မူလကြယ်များပင် အာရန်တစ်ယောက် ဤလောကသို့ ခြေချမိသည့် အချိန်မှစ၍ ဤလောက၏ ကံကြမ္မာတွင် မည်သို့သော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနေသည်ကို မသိနိုင်ခဲ့ကြပေ။
#Catfoot