← Chapters

ငရဲခွေးမြို့

Vol. 38 Ch. 553

ငရဲခွေးမြို့

Vol. 38 Ch. 553

…

ယဲ့ဗ်နီ၏ စူးရှသော အကြည့်များသည် အာရန်အပေါ်၌ အချိန်ပြည့် ကျရောက်နေခဲ့သည်။

အကယ်၍ အကြည့်ဖြင့်သာ လူသတ်နိုင်မည်ဆိုပါလျှင် အာရန်သည် ယခုဆိုလျှင် အလောင်းတစ်လောင်း ဖြစ်နေလောက်ပေပြီ။

သို့သော် သူမ မည်မျှ ဒေါသထွက်နေပါစေ သူမအနေနှင့် ဘာမျှ မတတ်နိုင်ခဲ့ပေ။

အခြေအနေများသည် သူမ ထိန်းချုပ်နိုင်သည့် အတိုင်းအတာ၏ အပြင်ဘက်တွင် ရှိနေခဲ့၏။

“မြို့တော်ဆီကို ဘယ်လိုသွားရမလဲ”

အာရန်သည် နောက်ဆုံးတွင် တင်းမာနေသော အခြေအနေကို အနည်းငယ်သက်သာသွားရန် စကာလုံးအချို့ဖြင့် စတင်လိုက်သည်။

“ရှင့်အနေနဲ့ မြို့တော်ကို သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး”

ယဲ့ဗ်နီ၏ စကားလုံးတစ်လုံးချင်းစီတိုင်းသည် အာရန်အတွက် အဆိပ်အပြည့် ခတ်ထားသောခွက်တစ်ခွက်ကဲ့သို့ ဖြစ်နေခဲ့၏။

“အပြင်လူတွေကို မဝင်နိုင်အောင် တားထားတဲ့ အတားအဆီး တစ်မျိုးမျိုး ရှိနေလို့လား”

အာရန်သည် စူးစမ်းလိုစိတ်ဖြင့် အားတင်း၍ ထပ်မံ မေးလိုက်သည်။

“ကျွန်မက အဲဒါကြောင့် မဖြစ်နိုင်ဘူးလို့ ပြောတာ မဟုတ်ဘူး”

ယဲ့ဗ်နီသည် မထီမဲ့မြင်ပြုချင်နေသည့် လေသံဖြင့် အာရန်၏အမေးကို ပြန်ဖြေလိုက်သည်။

သူမသည် သူ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်သော်လည်း ထိုသို့ လုပ်ရသည်ကို ကျေနပ်နေသည်ဟုတော့ မဆိုလိုပေ။

“ဒါဆို ဘာလို့လဲ”

အာရန်သည် သူမ၏ ခနဲ့တဲ့တဲ့ တုံ့ပြန်မှုများကို ဂရုမစိုက်ဘဲ ဆက်မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ကျွန်မတို့ တလွဲလမ်းကြောင်းကို သွားနေတာလေ ငတုံးကောင်ရဲ့” ယဲ့ဗ်နီကသည် နောက်ဆုံးတွင် သည်းခံနိုင်စွမ်းများ ကုန်ဆုံးသွားခဲ့ကာ ပေါက်ကွဲမိတော့သည်။

“ကျွန်မတို့ မြို့တော်နဲ့ ဆန့်ကျင်ဘက် ဝေးရာဘက်ကို ပျံသန်းနေတာ အချိန်အတော်တောင် ကြာနေပြီလေ”

“ရှင် ပြန်လှည့်ချင်တယ်ဆိုရင် ညတောင်ပံမျိုးနွယ်စု နယ်မြေကို ဖြတ်ပြီး ပျံသန်းမှရလိမ့်မယ်။ အဲဒီမှာ ရှင့်ကို ဘယ်သူစောင့်နေမယ်လို့ ထင်လဲ”

သူမသည် သူမ၏ စကားကိုရပ်ကာ တစ်စုံတစ်ဦးကိုမြင်ယောင်နေဟန်ဖြင့် တိုးတိုးလေးထပ်မံ၍ ရေရွတ်လိုက်မိသည်။

“အဲဒီ အကျင့်မကောင်းတဲ့ မူလကြယ်”

အာရန်သည် သူ၏ နဖူးကို ပြနလည်ပွတ်သပ်နေမိသည်။

သက်ပြင်းချသံတစ်ခု သူ၏ နှုတ်မှ ထွက်လာခဲ့သည်။

“ဟုတ်တာပေါ့။ ဒီငရဲဘုံမှာ ငါ့ ကံက ဒီလိုပဲဖြစ်နေရမယ်လေ”

သူ၏ ကံဆိုးမှုသည် မည်မျှအထိ ဆိုးဝါးနေသနည်းဆိုလျှင် သူ ကျပန်းရွေးချယ်လိုက်သည့် လမ်းကြောင်းတစ်ခုသည်ပင် သူ၏ ပန်းတိုင်နှင့် လုံးဝ ဆန့်ကျင်ဘက်ကြီး ဖြစ်နေခဲ့ရလေသည်။

သူ့အနေနှင့် ရန်သူနယ်မြေထဲတွင် ရှိနေချိန်၌ ယဲ့ဗ်နီတစ်ယောက် နိုးထလာသည်အထိ စောင့်ဆိုင်းနေနိုင်သူလည်း မဟုတ်ခဲ့ပေ။

သူသည် ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချခဲ့ရခြင်းဖြစ်ပြီး ထိုကဲ့သို့ မှားယွင်းသော ဆုံးဖြတ်ချက်ကို ချခဲ့မိခြင်းပင် ဖြစ်လေ၏။

သူသည် ယဲ့ဗ်နီကို ကြည့်လိုက်ရာ သူမ၏ ဒေါသသည် သိသာထင်ရှားနေဆဲပင် ဖြစ်သည်။

“မင်း မချင့်မရဲဖြစ်နေတာကို ငါ နားလည်ပါတယ်...”

“မချင့်မရဲဖြစ်တယ် ဟုတ်လား”

ယဲ့ဗ်နီသည် မယုံနိုင်စွာဖြင့် အာရန်အား ပြန်လည်စိုက်ကြည့်လိုက်သည်။

“မချင့်မရဲဖြစ်ရအောင် ကျွန်မကို ပြန်ပေးဆွဲတဲ့ လူစိမ်းတစ်ယောက်နဲ့ အတူ ကြက်တစ်ကောင်လို ဖီးနစ်ငှက်ရဲ့ ကျောပေါ်မှာ စီးပြီး ကျွန်မအိမ်နဲ့ ဝေးကွာတဲ့နေရာကို ထွက်လာခဲ့ရတာလေ။ ဘာကို မချင့်မရဲဖြစ်ရမှာလဲ”

“အင်ပါ အဲ့လိုပြောမိတာ အဓိပ္ပါယ်နားလည်မှု လွဲသွားတယ်လို့ပဲ မှတ်ယူလိုက်ပါ ဟုတ်ပြီလား”

အာရန်သည် သူ၏ ဦးခေါင်းကို နောက်တစ်ကြိမ် ပြန်ကုတ်ရင်း ပြောလိုက်သည်။

“ဒါနဲ့ မင်းရဲ့ နယ်မြေကို မဖြတ်ဘဲ မြို့တော်ဆီ ရောက်နိုင်မယ့် အခြားနည်းလမ်း တစ်ခုခုများ ရှိနေသေးလား”

ယဲ့ဗ်နီ၏ မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့သည်။

“မဖြစ်နိုင်ဘူး” ဟု သူမက ခိုင်မာစွာ ပြောလိုက်သည်။

“ရှင့်အနေနဲ့ လာရာလမ်းအတိုင်း ပြန်လှည့်မှပဲ ရောက်နိုင်လိမ့်မယ်”

သူမ၏ သတိပေးစကားကို အာရန်တစ်ယောက် နားထောင်လိမ့်မည်ဟု သူမ ယူဆထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မူလကြယ်၏ လက်ထဲမှ လက်မတင်လေး လွတ်မြောက်လာပြီးနောက်မှ မည်သူကများ ထိုနေရာသို့ ပြန်သွားလိုမည်နည်း။

သို့သော် အာရန်သည် သူမ၏ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ ပြုမူခဲ့လေသည်။

သူတို့၏ ဖီးနစ်ငှက်ကြီးသည် သည်အတိုင်းဆက်သွားရမည့်အစား ရိုးရှင်းစွာပင် နောက်သို့ပြန်လှည့်ကာ သူတို့ လာခဲ့သည့် လမ်းကြောင်းအတိုင်း လှည့်ပျံရန် ပြင်ဆင်လိုက်သည်။

“ရှင်... ရှင် ဘာလုပ်နေတာလဲ”

ယဲ့ဗ်နီသည် မယုံကြည်နိုင်သော အသံဖြင့် အော်ဟစ်ပြောလိုက်သည်။

“ငါလား ပြန်လှည့်နေတာလေ မမြင်ဘူးလား”

အာရန်သည် သူမ၏ စကားကို ဂရုမစိုက်ဘဲ ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။

“ပြန်လှည့်ဖို့ကလွဲပြီး တခြား ဘာလုပ်ရဦးမှာလဲ”

ညတောင်ပံမျိုးနွယ်စု၏ နယ်မြေကို တဖန် ပြန်လည် ဖြတ်သန်းရမည်ဆိုလျှင်ပင် သူ့အနေနှင့် ဤငရဲဘုံ၏ မြို့တော်သို့ မဖြစ်မနေ သွားရန်လိုအပ်နေလေသည်။

သူ၏ ညီအကိုယ်တော်ဟု ဆိုသူနိုင်သည် ထိုမြို့တော်၏ ဗဟိုဧရိယာတွင် တည်ရှိနေခြင်းဖြစ်ကြောင်း သူ့အနေနှင့် ခန့်မှန်းထားပြီးဖြစ်လေသည်။

ဇာတ်လိုက်၏ ကံကြမ္မာသည် ပြင်ပဒေသမှ စတင်ကာ ဤလောက၏ ဗဟိုဧရိယာတွင် အဆုံးသတ်ခြင်းပင် ဖြစ်လေ၏။

ထိုပုဂ္ဂိုလ်သည် သူ့အား ခြိမ်းခြောက်နိုင်လောက်အောင် သန်မာမည်ဆိုလျှင် သူသည် ငရဲ၏ ဗဟိုချက်ဧရိယာ အနီးတွင် သေချာပေါက် နေထိုင်နေခြင်းသာ ဖြစ်ရပေမည်။

“ရှင်ကအရူးပဲ ရှင့် အသက်ကို ဂရုမစိုက်ရုံတင်မကဘူး ကျွန်မမိသားစုကပါ ရှင့်ကြောင့် ဒုက္ခရောက်တော့မယ်”

မိန်းကလေးသည် အာရန်အား မယုံကြည်နိုင်စွာကြည့်၍ အော်ဟစ်ပြောဆိုလိုက်သည်။

အာရန်သည် လက်လျော့ကာ ဤနေရာမှ ထွက်သွားလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။

သို့သော် အာရန်သည် သူမထက်ပင် ပို၍ ခေါင်းမာသူတစ်ဦး ဖြစ်နေသည်ကို သူမ သတိမထားမိခဲ့ချေ။

အာရန်သည် သူမ၏စကားကို ပြန်မဖြေခဲ့ပေ။

ယခုအခါ သူသည် မှန်ကန်သော လမ်းကြောင်းကို သိရှိသွားပြီဖြစ်သဖြင့် ပိုမို အရေးတကြီး လိုအပ်သည့် ကိစ္စများအပေါ် အာရုံစိုက်ထားရန်ပို၍ အရေးကြီးလေသည်။

ညတောင်ပံမျိုးနွယ်စု နယ်မြေသို့ သူ ပြန်ရောက်သွားပါက ပို၍ပင် သတိထားရမည် ဖြစ်၏။

သူသည် မူလကြယ်နှင့်ပင် ထိပ်တိုက် ရင်ဆိုင်ရဖွယ် ရှိနေသည်။

ထိုသို့ရင်ဆိုင်ရမည့်အရာများအတွက် သူသည် ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများသာမက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများပါ လိုအပ်လေသည်။

မိန်းကလေးသည် သူ့အား ဆက်လက်နားချရန် ကြိုးစားနေခဲ့သော်လည်း အာရန်သည် သူမ၏ စကားများကို အရေးစိုက်ပုံ မပေါ်တော့ပေ။

လျစ်လျူရှုခံရပြီးနောက် ယဲ့ဗ်နီသည် ပို၍ပင် စိတ်မရှည်ဖြစ်လာခဲ့ရသည်။

“ကောင်းပြီ ညတောင်ပံမျိုးနွယ်စု နယ်မြေကို ဖြတ်သန်းဖို့ မလိုတဲ့ တခြားနည်းလမ်း တစ်ခုတော့ ရှိသေးတယ်”

အချိန်အတော်ကြာပြီးနောက် သူမသည် အရှုံးကိုလက်ခံကာ အာရန်အား အလျော့ပေးလိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် အာရန်သည် ပြန်လှည့်တော့မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသောကြောင့်ပင်ဖြစ်၏။

သူမအတွက် ကျန်ရှိနေသည့် တစ်ခုတည်းသော ရွေးချယ်စရာမှာ သူမ၏ နယ်မြေကို မဖြတ်သန်းပဲ ထိုသူ သွားချင်သည့်အရပ်ကို သွားနိုင်မည့်လမ်းအား ညွှန်ပြပေးရန်သာ ရှိတော့သည်။

နောက်ဆုံးတွင် အာရန်သည် သူမ၏ စကားကို ပြန်လည် တုံ့ပြန်ခဲ့လေသည်။

သူမအနေနှင့် တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း အာရန်တစ်ယောက် ခံစားမိခဲ့သော်လည်း မသေချာခဲ့ပေ။

ယခု သူမ ကိုယ်တိုင် ဝန်ခံလိုက်သောအခါမှသာ ပိုမို လွယ်ကူသွားခဲ့ခြင်းဖြစ်သည်။

“ငရဲခွေးမြို့”

အာရန်တစ်ယောက် မေးခွန်း မမေးနိုင်ခင်မှာပင် ယဲ့ဗ်နီက ဆက်လက်၍ ရှင်းပြပေးလိုက်သည်။

“ရှင် ငရဲခွေးမြို့ကို ဖြတ်သွားရလိမ့်မယ်”

“ဘာလို့ အဲ့ဒါကို ငါ့ စောစောက မပြောတာလဲ။ ငါ မူလကြယ်နတ်ဆိုးတစ်ပါးနဲ့ တကယ် ရင်ဆိုင်ရတော့မယ်လို့တောင် ထင်မှတ်နေခဲ့တာ”

အာရန်သည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

မူလကြယ်နှင့် ရင်မဆိုင်ရသေးသမျှတော့ သူ၏ စွမ်းရည်များအပေါ် ယုံကြည်ချက် ရှိနေသေး၏။

“ရှင်အဲ့လောက်လဲ ပျော်မနေနဲ့ဦး။ ငရဲခွေးမြို့ဆိုတာ ကျွန်မတို့ အနေနဲ့ ရိုးရိုးရှင်းရှင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နိုင်တဲ့ တောစျေးတန်းလို နေရာမျိုး မဟုတ်ဘူး”

“မင်း ဘာကို ဆိုလိုတာလဲ”

ညတောင်ပံမျိုးနွယ်စု၏ မင်းသမီးလေးမှ အိမ်နီးချင်း နယ်မြေတစ်ခုကို အဘယ်ကြောင့် ထိုမျှ စိုးရိမ်နေရသည်ကို အာရန်တစ်ယောက် သိချင်လာခဲ့သည်။

သူမသည် သူမ၏ အဆင့်အတန်းကို လူသိခံရမည်ကို စိုးရိမ်ရုံသက်သက်ကြောင့်များလား။

သို့သော် ထိုသို့ ဟုတ်နေပုံမရပေ။

“ကျွန်မတို့ အဲဒီကို ရောက်တဲ့အခါ ရှင် သိလာလိမ့်မယ်”

မိန်းကလေးသည် သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

“ကျွန်မတို့ ငရဲခွေးမြို့တော်ထဲကို ဝင်တဲ့အခါ ရှင့်အနေနဲ့ ကံကောင်းဖို့ မျှော်လင့်ထားတာက ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ရှင့်အနေနဲ့ သတ္တမ မူလကြယ်နတ်ဆိုးထက်တောင် ပိုဆိုးတဲ့ တစ်စုံတစ်ရာနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်”

ဤအခြေအနေတွင် သူမသည် အာရန်၏ စကားများကို ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဖြစ်စေ အာရန်သည်လည်း သူမ၏ စကားကို နားမထောင်ခဲ့ချေ။

သူ့နှင့်အတူ ဓားစာခံအဖြစ် သေဆုံးရခြင်းက ဟိုဟိုဒီဒီ ပြေးလွှားနေရခြင်းထက်တော့ ပိုသာသေးသည်မဟုတ်ပါလား။

သို့သော် ဖြစ်နိုင်လျှင်တော့ သူမသည် သူ့နှင့်အတူ သေဆုံးလိုစိတ် ရှိမနေခဲ့ပေ။

ယဲ့ဗ်နီသည် အာရန်အား ညတောင်ပံမျိုးနွယ်စု နယ်မြေ၏ အရှေ့ဘက်ရှိ ငရဲခွေးနယ်မြေသို့ လမ်းညွှန်ပေးလိုက်သည်။

သူတို့သည် ညတောင်ပံမျိုးနွယ်စု နယ်မြေကို ဝေ့ဝိုက်ပျံသန်းကာ ကြယ်များအနေနှင့် ရှာတွေ့နိုင်သည့် အန္တရာယ်ရှိသည့် လမ်းကြောင်းမှန်သမျှကို ရှောင်ရှားခဲ့ကြသည်။

ငရဲခွေးနယ်မြေအနီးသို့ ရောက်ရှိပြီးမှသာ ယဲ့ဗ်နီသည် အာရန်အား အဖမ်းမခံရလိုပါက ဖီးနစ်ငှက်အား တစ်နေရာသို့ ပြန်လွှတ်ပြီး သူမနှင့်အတူ မြေပြင်သို့ လမ်းဆင်းလျှောက်ရန် ပြောလိုက်သည်။

ဤသို့ဖြင့် ၎င်းတို့နှစ်ဦးသည် ဖီးနစ်ငှက်ပေါ်မှ ခုန်ဆင်းလိုက်ကြပြီးနောက် အာရန်သည် သူ၏ ဖီးနစ်ငှက်မလေးကို စနစ်သိုလှောင်ခန်းအတွင်းသို့ ပြန်လည် ပို့ထားလိုက်သည်။

#Catfoot

All Chapters