စမ်းကြည့်ကြမလား
Vol. 38 Ch. 545
…
အာရန်၏ ချွန်ထက်သော နဂါးလက်သည်းများသည် ယဲ့ဗ်နီ၏ ရင်ဝကို ထိုးဖောက်သွားပြီး သူမ၏ နှလုံးသားကို ထိလုထိခင်ပင် ဖြစ်သွားခဲ့၏။
အနည်းငယ်မျှ ထပ်မံ၍ ထိုးဆွလိုက်ရုံဖြင့် သူမ၏ နှလုံးသားကို ရင်ဘတ်ထဲမှ ဆွဲထုတ်နိုင်တော့မည်ဖြစ်သည်။
အာရန်အတွက် သူ့ရှေ့မှ လူသည် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ဂရုမစိုက်ပေ။
ယခုအချိန်တွင် အာရန်၏ မျက်ဝန်းများတွင် နူးညံ့သိမ်မွေ့ခြင်းများ ရှိမနေတော့ပဲ သူ့အားတိုက်ခိုက်မည်ဆိုပါက ရက်ရက်စက်စက် ပြန်လည် တုံ့ပြန်ရန်အဆင်သင့် အနေအထားတွင် ရှိနေခဲ့ပြီဖြစ်သည်။
သို့သော် အာရန်သည် အဆိုးဆုံးအခြေအနေများထိ မရောက်ရန်မူ တတ်နိုင်သမျှ ရှောင်ရှားလိုနေဆဲပင်။
သူသည် ဝါးမြိုသူစွမ်းရည်ဖြင့် ယဲ့ဗ်နီ၏ သွေးမျိုးဆက်ကို ရယူနိုင်မလား သို့မဟုတ် ဤစွမ်းရည်သည် သူ၏ကံကြမ္မာခန္ဓာကဲ့သို့ ငရဲဘုံသားများအပေါ် အလုပ်မဖြစ်ခဲ့ရင်ကော ဟူသော သံသယစိတ်နှင့်အတူသိလိုစိတ် အနည်းငယ်လည်း ဖြစ်ပေါ်နေမိသည်။
လောလောဆယ်တွင် သူမအား အသက်ရှင်လျက် ထိန်းထားရန်မှာ ပို၍အရေးကြီးသောကြောင့် သူမ၏ နှလုံးသားကို သူ မဆွဲထုတ်ခဲ့ပေ။
သူမသည် ဤနေရာမှ ထွက်ခွာရန် သူ့အတွက် အရေးပါသော လူတစ်ဦး ဖြစ်နေခဲ့လေသည်။
ထို့ကြောင့် အာရန်သည် သူမအား တစ်ခုခုအဖြစ်ခံ၍ မရသေးပေ။
“ရှင် ကျွန်မကို သတ်လိုက်ရင် ရှင့်လည်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”
ယဲ့ဗ်နီသည် သူမ၏ အခြားလက်ကို အသုံးပြု၍ အာရန်၏ ဝမ်းဗိုက်အတွင်းသို့ သူမ၏ လက်သည်းများကို ပြန်လည်၍ ထိုးစိုက်ချလိုက်၏။
သူမသည် သူမကိုယ်သူမ လွတ်မြောက်အောင် ကြိုးစားရမည့်အစား အာရန်အား ပို၍ နာကျင်စေရန်သာ ကြိုးစားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုသူသည် သူမအား မသတ်ဝံ့သည်ကို သိရှိနေခဲ့သောကြောင့်ပင်တည်း။
“မူလကြယ်တစ်ပါးကတောင် အလိုရှိနေတဲ့ ချောမောလှပတဲ့ မိန်းမလှလေး တစ်ယောက်နဲ့ အတူသေရမယ်ဆိုရင် ဒါလဲ သိပ်တော့ မဆိုးပါဘူးလေ။ နောင်ဘဝမှာ ကြွားဝါလို့တောင် ရသေးတာပေ့ါ”
အာရန်၏ လက်သည်းများက ယဲ့ဗ်နီ၏ နှလုံးသားကို အနည်းငယ် ပွတ်သပ်လိုက်ရာ သူမ၏ နှလုံးသားသည် အဆွဲခံလိုက်ရသည့်အလား နာကျင်စွာ ခံစားလိုက်ရသည်။
“ဒါဆို မင်း ကျူပ်ကို လုပ်ဝံ့မလုပ်ဝံ့ဆိုတာ တကယ်ပဲ စမ်းသပ်ချင်နေတာ သေခြာလား”
အာရန်သည် မိန်းကလေးနှင့် အပြန်အလှန် တိုက်ခိုက်နေစဉ်မှာပင် အစောင့်အရှောက်ကြယ်မှ သူမ၏ မျက်နှာကို မမြင်ရစေရန် သေချာအောင် နေရာချထားလိုက်သည်။
မူလကြယ်ကြယ်သည် သူမ၏ ရုပ်ရည်ကို ဂရုစိုက်၊မစိုက်ကို သူ သေခြာမသိနိုင်သော်လည်း ထိုအရာအတွက် မစွန့်စားလိုသေးချေ။
မူလကြယ်ကြယ်၏ တနှာရာဂပြင်းပြမှုကို ယခုအချိန်သူ၏ လွတ်မြောက်ရေးအတွက် အသုံးချရလိမ့်မည်ဖြစ်၏။
ယခုအချိန်ထိ ထိုမူလကြယ်သည် ညတောင်ပံကလန်၏ မင်းသမီးလေး မျက်နှာပျက်စီးသွားသည်ဟူသော သတင်းကို မသိထားသေးသည့်ပုံပင်။
မဟုတ်ပါက ယခုကဲ့သို့ သူ၏ ကြယ်တစ်ဦးအား အစောင့်အရှောက်အဖြစ် ဤနေရာတွင် လာရောက်ထားရှိလိမ့်မည်မဟုတ်ပေ။
မူလကြယ်ကြယ်၏ စိတ်ဝင်စားမှုကို နှိုးဆွနိုင်ခဲ့သည်မှာ သူမ၏ ကျော်ကြားသော အလှတရားကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထိုအရာ၏ ဆွဲဆောင်မှုကို သူ့အနေနှင့် ဆက်လက်၍ ထိန်းသိမ်းထားရမည်ဖြစ်၏။
အာရန်သည် သူ၏ နှုတ်ခမ်းကို ယဲ့ဗ်နီ၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ရာကို တိုးတိုးလေး ပြောလိုက်၏။
“ဪ ပြောဖို့မေ့နေလို့။ င့ါရဲ့ ကုသနိုင်စွမ်းကလည်း မင်းလောက်နီးနီးပဲနော်။ ဒါကြောင့် မင်းအနေနဲ့ ငါ သွေးထွက်လွန်ပြီး သေသွားမယ်လို့ မျှော်လင့်ထားမယ် ဆိုရင်တော့ အဲဒီအတွေးကို စောစောစီးစီး ပယ်ချလိုက်တာပိုကောင်းလိမ့်မယ်”
အာရန်၏ စကားကြောင့် ယဲ့ဗ်နီ၏ မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့ရသည်။
ထိုသူစိမ်းအမျိုးသားသည် သူမ၏ အတွေးများကို ဖတ်နိုင်နေသကဲ့သို့ပင် ဖြစ်နေ၏။
သူမသည် သူပြောသကဲ့သို့ပင် ရည်ရွယ်ခဲ့မိ၍ သူ၏ ခန္ဓာကိုယ်ထဲသို့ သူမ၏ လက်သည်းများကို ထိုးစိုက်ခဲ့ခြင်းဖြစ်နေသည်။
သူမအနေဖြင့် ပြန်လည်ကုစားခြင်းအစွမ်းကြောင့် သွေးထွက်လွန်ခြင်းအား ဂစိုက်စရာမလိုသဖြင့် သူ့အား အရင် သတိလစ်သွားမည်ကို မျှော်လင့်မိခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုသူတွင်လည်း သူမကဲ့သို့ပင် ကုသနိုင်စွမ်းတစ်မျိုးရှိနေမည်ဟု သူမ အနေနှင့် လုံးဝမထင်ထားခဲ့ပေ။
ဤလောကတွင် ဒဏ်ရာများကို ပြန်လည် ကုသနိုင်စွမ်းရှိသော အင်အားကြီးမားသည့် ပုဂ္ဂိုလ်များစွာ ရှိလေသည်။
သို့သော် ညတောင်ပံကလန်သည် ၎င်းတို့ကြားထဲတွင် မိမိတို့ကိုယ်ကိုယ် ပြန်လည် ကုသနိုင်စွမ်းကြောင့်ပင် အထူးတလည် ထင်ရှားကျော်ကြားသော ကလန်တစ်ခုဖြစ်လေ၏။
၎င်းတို့သည် ည၏ မုဆိုးများ ဖြစ်ကြပြီး ထာဝရရှင်သန်နိုင်သူများဟုလည်း ပြောစမှတ်ရှိထားကြသည်။
တစ်ခုတည်းသော ချွင်းချက်မှာ ၎င်းတို့၏ နှလုံးသားဖြစ်လေသည်။
၎င်းတို့၏ နှလုံးသားသည်သာ ၎င်းတို့၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်ပြီး အာရန်သည် ထိုအားနည်းချက်ကို ပစ်မှတ်ထားမိခဲ့ခြင်း ဖြစ်၏။
“မူလကြယ်တစ်ပါး ဒီကိုရောက်နေတာကို ရှင် သိနေလျက်နဲ့တောင် ရှင်ဒီကို ရောက်လာဝံ့တယ်နော်။ ရှင့်သတ္တိကို ကျွန်မ ချီးကျူးရမလား ဒါမှမဟုတ် ရှင့်ရဲ့ မိုက်မဲမှုအတွက် ရယ်မောပေးရမလား ကျွန်မတစ်ကယ်ကို မပြောတတ်တော့ဘူး။ ရှင့်က ကျွန်မကို ဓားစာခံအဖြစ် ဖမ်းထားရုံနဲ့ သူက ရှင့်ကို လွယ်လွယ် လွတ်ပေးလိမ့်မယ်လို့ ရှင်တကယ် ထင်နေတာလား”
ယဲ့ဗ်နီသည် လှောင်ပြောင်ခနဲ့သည့် အနေဖြင့် စကားလုံးအချို့ဖြင့် တုံ့ပြန်လိုက်၏။
သူမက မူလကြယ်ကြယ်ကို မုန်းတီးနေခဲ့သော်လည်း သူမ၏ ကလန်ကို လူစိမ်းများနှင့် ဆက်နွှယ်မိစေခြင်းမျိုး မဖြစ်စေလိုပေ။
တစ်ချိန်တည်းမှာပင် သူမသည် မူလကြယ်ကြယ်မှ ထိုသူစိမ်းယောင်္ကျားအား လွတ်မြောက်စေလိမ့်မည်ဟုလည်း သူမ မယုံကြည်ချေ။
သူမ၏ မျက်နှာကို ဒဏ်ရာရစေခဲ့ပြီးနောက် သူမ၏ ဆွဲဆောင်နိုင်စွမ်းများသည် မူလကြယ်ကြယ်အပေါ်တွင် သက်ရောက်မှုရှိနိုင်တော့မည်မဟုတ်ပေ။
သူသည်သာ သူမ၏ မျက်နှာအားမြင်ပြီးပါက သူမအား အနည်းငယ်မျှပင် ဂရုစိုက်တော့မည်မဟုတ်ပေ။
အနည်းဆုံးတော့ သူမနှင့် သူမ၏ ဖခင်သည် ဤအစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြစဉ်က ထိုသို့ပင် ယုံကြည်ထားခဲ့ကြလေသည်။
“အဲ့ဒါကိုတော့ မင်း မကြာခင် သိလာရမှာပါ”
အာရန်သည် ထိုသို့ုပြောလိုက်ရင်း သူ၏ ဝတ်ရုံကို ချွတ်လိုက်လေသည်။
သူသည် ယဲ့ဗ်နီ၏ တစ်ကိုယ်လုံးအား သူ၏ဝတ်ရုံဖြင့် ဖုံးအုပ်လိုက်ပြီး အများမြင်ကွင်းမှ သူမအား ဖုံးကွယ်ထားလိုက်၏။
သို့သော် သူ၏လက်သည်းများက သူမ၏ နှလုံးသားပတ်လည်တွင် ရှိနေဆဲဖြစ်ပြီး သူမအား အနည်းငယ်မျှပင် လှုပ်ရှားခွင့် ပြုထားပေ။
အာရန်သည် သူမအား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ လုံလောက်စွာ ခံစားနေရပြီဟု ယုံကြည်လိုက်ပြီးနောက် သူ၏ ဘိုးဘေးနဂါးလျှာအစွမ်းကို အသုံးပြု၍ မိန်းကလေးအား အိပ်ပျော်သွားစေခဲ့သည်။
...
ထို့နောက် ယဲ့ဗ်နီတစ်ယောက် ဘာကြောင့်မှန်းမသိပဲ ရုတ်တရက် အိပ်ငိုက်လာခဲ့သည်။ အခြေအနေကို ထူးဆန်းသည်ဟု သူမ တွေးမိလိုက်သော်လည်း အိပ်ချင်စိတ်ကို သူမ မခုခံနိုင်တော့ချေ။
အထူးသဖြင့် သူမ၏စိတ်သည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားရသောကြောင့်ဖြစ်လေသည်။
သူမ၏ ခန္ဓာကိုယ်လေးသည် စတင်၍ နုံးခွေလာပြီးနောက် တအောင့်ကြာသော် သူမသည် အိပ်ပျော်၍ သတိလစ်သွားတော့သည်။
အာရန်သည် နောက်ဆုံးတွင် သူမ၏ နှလုံးသားအား ဆုပ်ကိုင်ထားသောလက်အား ပြန်ထုတ်လိုက်နိုင်လေသည်။
သူ၏လက်ကို သူမ၏ ရင်ဘတ်မှ ထုတ်ယူလိုက်သည်နှင့် သူမသည် မယုံနိုင်စရာ ကောင်းလောက်အောင်ပင် မြန်ဆန်သည့် အရှိန်ဖြင့် သူမ၏ ဒဏ်ရာများကို ပြန်လည်ကုစားနေခဲ့၏။
စက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏ ရင်ဘတ်မှ ဒဏ်ရာသည် သူမ သတိမေ့မြောနေစဥ်အတွင်းမှာပင် လုံးဝပျောက်ကင်းသွားခဲ့ပြီဖြစ်သည်။
ယခုအချိန် အာရန်၏ ကုသနိုင်စွမ်းသည်လည်း အတော်လေးမြန်ဆန်လာပြီဟု ပြော၍ရသော်လည်း အမှန်တကယ်မှာမူ ထိုမျှအထိတော့ မဟုတ်သေးပေ။
ကံကောင်းထောက်မစွာဖြင့် မိန်းကလေးသည် အစောပိုင်း သူ၏ကြွားလုံးကို ယုံကြည်သွားခဲ့ပြီး သူ၏ကုသနိုင်စွမ်းက သူမထက် များစွာနှေးကွေးနေသည်ကို သတိမထားမိခဲ့ချေ။
အာရန်သည် သူ၏ ကုသနိုင်စွမ်းကို မြှင့်တင်ရန် မူလနဂါး၏ သွေးမျိုးဆက်ကဲ့သို့သော အခြားပြင်ပအကူအညီများကို အသုံးပြုရန်လိုအပ်သည့်အပြင် ၎င်းသည် မူလနဂါးအသွင်အပြည့်အဝ ပြောင်းလဲပြီးမှသာ အလုပ်ကောင်းကောင်း လုပ်လိမ့်မည်ဖြစ်၏။
သူ၏ ယခု လူသားပုံစံဖြင့်မူ ထိုကုသနိုင်စွမ်းသည် အကန့်အသတ်ဖြင့်သာ အသုံးဝင်လေသည်။
ယဲ့ဗ်နီတစ်ယောက် သတိလစ်သွားပြီးနောက် အာရန်သည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ကုသဆေးအချို့ကို ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး ကုသနိုင်စွမ်းကို မြှင့်တင်ရန် အသုံးပြုလိုက်ရသည်။
ယဲ့ဗ်နီမှ အာရန်အား တိုက်ခိုက်ရန်ကျိုးစားနေသောအချိန်၌ အစောင့်အရှောက်ကြယ်သည် ဝင်ရောက်မစွက်ဖက်ခဲ့ပေ။
သူသည် သာမန်အပြင်လူ လူစိမ်းတစ်ဦးက ညတောင်ပံကလန်၏ သခင်မလေးအား အနိုင်ယူနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သောကြောင့်ပင်။
ယခုကဲ့သို့ အာရန်မှ ဤတိုက်ပွဲအား ဤမျှ လျင်မြန်စွာ အဆုံးသတ်ပစ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ။
သူသည် ထိုတိုက်ပွဲအား ဝင်ရောက်စွက်ဖက်ရန်ပင် မလုပ်ဆောင်နိုင်မီမှာပင် ယဲ့ဗ်နီသည် အာရန်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီးဖြစ်နေ၏။
ထိုအချိန်တွင် သူသည် အလွန်မိုက်မဲလွန်းခဲ့သည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။ အကယ်၍ သူသာ ပို၍လျင်မြန်စွာ ဝင်ရောက်စွက်ဖက်ခဲ့ပါက သူမသည် အာရန်၏ လက်အတွင်းသို့ ယခုကဲ့သို့ ကျရောက်သွားရလိမ့်မည် မဟုတ်ပေ။
သာမန်မိန်းကလေးတစ်ဦးဆိုလျှင် သူသည် အနည်းငယ်မျှပင် ဂရုစိုက်လိမ့်မည်မဟုတ်ဘဲ အာရန်ကို ဖယ်ရှားပစ်ရန်အတွက် ထိုမိန်းကလေးအား ထိခိုက်စေမည်ဆိုလျှင်ပင် ဆက်လက် ပြုမူမိလိမ့်မည်သာဖြစ်၏။
ကံမကောင်းစွာဖြင့် ယခုအချိန်တွင် ထိုမိန်းကလေးသည် သာမန်မိန်းကလေးတစ်ဦးနှင့် များစွာ ကွာခြားနေခဲ့သည်။
သူမသည် ညတောင်ပံကလန်၏ မင်းသမီးတစ်ပါး ဖြစ်လေသည်။
ထို့ပြင် သူမသည် သူ၏ သခင်လေးဖြစ်သူ သတ္တမမူလကြယ်မှ အလိုချင်ဆုံးသော သူတစ်ဦးလည်း ဖြစ်နေခဲ့၏။
သူ့အနေနှင့် သူမအား တစ်ခုခုဖြစ်စေမိခဲ့ပါက ထိုလူစိမ်းအား ဖမ်းမိခဲ့လျှင်ပင် မူလကြယ်သာ သိရှိသွားမည်ဆိုပါက သူသည်လည်း ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားလိမ့်မည်သာ ဖြစ်လေသည်။
“မင်းရဲ့ လက်ထဲမှာ ရှိနေတာ ဘယ်သူလဲဆိုတာကိုကော မင်းသတိထားမိရဲ့လား” အစောင့်အရှောက်ကြယ်သည် အာရန်အား ထိုသို့လှမ်း၍ မေးလိုက်ရာ သူ၏ မျက်နှာအမူအရာသည် လွန်စွာ မှောင်မိုက်လွန်းနေခဲ့ပြီဖြစ်၏။
#Catfoot