အပိုင်း (၂၀၉)
Vol. 16 Ch. 209
ရှမ့်လန်သည် တံခါး၏အပြင်ဘက်ဆီသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်ရန်ပြင်လိုက်သည့် အချိန်မှာပဲ ...
“ကျွီ”
တံခါးတစ်ချပ်က ရုတ်တရက် ပွင့်လာခဲ့၏။ ပြီးနောက် အမျိုးသမီးတစ်ယောက် လျှောက်ဝင်လာ၏။ သူမသည် ရှစ်ချင်းချင်းပင် ဖြစ်၏။
အဘယ့်သို့ ဤသို့ဖြစ်နေရသနည်း။ သူမသည် မျက်တွင်းများ ချိုင့်ဝင်လျက်ရှိနေပြီး မျက်လုံးများကလည်း သွေးကဲ့သို့ နီရဲလျက် ရှိနေ၏။ ထို့အပြင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့်ပုံလည်း ပေါ်သည်။
ရှမ့်လန်က တီးတိုး ပြောလိုက်၏။ “လွန်ခဲ့တဲ့ညက ကျုပ်တို့ကြားမှာ ဘာတွေ ဖြစ်ခဲ့သေးလဲ”
ရှစ်ချင်းချင်းသည် အံကိုကြိတ်ကာဖြင့် တီးတိုး ပြောဆိုလိုက်သည်။ “ရှင့်အိမ်မက်ထဲမှာပဲ ရမယ်။ ဘာဖြစ်ရမှာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ဆေးစွမ်းက တော်တော်ထက်တာပဲ။ ခင်ဗျား ဒီကိစ္စကို ဘယ်လို ကျော်ဖြတ် ခဲ့တာလဲ”
“ဝါး”
ရှစ်ချင်းချင်းသည် အကြိမ်အနည်းငယ် သမ်းဝေလိုက်၏။ ပြီးနောက် သူမ၏လက်ကို အမှတ်မထင်နှင့် ယမ်းခါပြလိုက်သည်။
ရှမ့်လန်သည် သူမ၏ ညာဘက်လက်ကို အသာလှမ်းကြည့်လိုက်၏။ ရေနူးနေသောကြောင့် အဖြူရောင်ပင် သန်းလျက်ရှိပြီး ပဲကြီးရေခွံများပင် ထလျက် ရှိနေ၏။ သူသည် သူမ၏ ဘယ်ဘက်လက်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထိုနည်းတူစွာပင်။
“သောက်ကျိုးနည်း.. ခင်ဗျားက တကယ့်ကို ဉာဏ်ကောင်းတာကိုး”
ရှမ့်လန်သည် မည်သို့မှ မနေနိုင်တော့ဘဲ ပြောလိုက်မိ၏။ “ခင်ဗျား တကယ့်ကို အလုပ်ကြိုးစားခဲ့ရတာကိုး”
ရှစ်ချင်းချင်းသည် အံကိုကြိတ်ကာ ပြောဆိုလိုက်သည်။ “ရှင် နောက်ထပ်အပိုတွေ လျှောက်ပြောရင် ကျွန်မ ရှင့်ကို သတ်ပစ်မယ်”
သူမသည် တခြားသော တစ်စုံတစ်ယောက်၏ အမိုးအကာအောက်တွင် ရောက်သည့်အခါမျိုး၌ ဦးကိုညွှတ်ကာဖြင့် ရိုရိုသေသေ နေထိုင်ရမှာ ဖြစ်၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ မရိုကျိုးနိုင်တော့ချေ။ ရှမ့်လန်ဆိုသည့်သူသည် မယုံရကြောင်း သူမသိရှိသည်။ သူမ အကြောင်း လျှောက်ပြောနေလျှင် မည်သို့လုပ်မည်နည်း။
“အင်း”
ရှမ့်လန်သည် သက်ပြင်းတစ်ချက် ချလိုက်၏။ “ကံကောင်းလို့ လွန်ခဲ့တဲ့ညက ကျုပ်တို့ကြားမှာ ဘာမှမဖြစ်ခဲ့တာ။ မဟုတ်ရင် ကျုပ် အပြစ်ရှိရှိသလို ခံစားနေရအုံးမယ်”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ရှင့်လိုလူမျိုးက အပြစ်ရှိတယ်လို့ ခံစားတတ်သေးတာလား”
ရှမ့်လန်က ပြောလိုက်၏။ “ရှိတာပေါ့။ ကျုပ်လည်း အပြစ်ရှိသလို ခံစားတတ်တယ်။ ဒါပေမဲ့ ခင်ဗျားကြောင့်တော့ မဟုတ်ဘူး။ ကျုပ်မိန်းမကြောင့်ပဲ”
“အင့်ဟယ် ...”
“အ”
ဤမိန်းကလေးသည် ရှေ့ဆီသို့ လှမ်းတက်ပြီး ရှမ့်လန်၏ ဒူးခေါင်းကို ဖြတ်ကန်လိုက်သည်။
ရှမ့်လန်သည် ပြင်းပြင်းထန်ထန် နာကျင်သွားခဲ့၏။ သူမ၏ ကန်ချက်သည် ဒူးခေါင်းတစ်ခုလုံး ဆွဲဖြုတ်ခံလိုက်ရသလို နာကျင်စေခဲ့၏။
အချက်အလက်အားဖြင့် ရှစ်ချင်းချင်းသည် အားများများ စိုက်ထုတ်ကာ ကန်ကျောက်ခဲ့သည် မဟုတ်ချေ။ ရှမ့်လန်က အလွန် အားနည်းနေသောကြောင့် ဖြစ်၏။
သူမသည် ရှုပ်ထွေးသည့် စိတ်ခံစားချက်များနှင့် ပြည့်နှက်လို့နေပြီး လွန်ခဲ့သည့်ညက အဖြစ်အပျက်သည် သူမကို အလုံးစုံ အရှက်ခွဲသကဲ့သို့ပင် ခံစားနေမိသည်။
လွန်ခဲ့သည့်ညက ရေချိူးခန်းထဲ၌ သူမ ပြုလုပ်ခဲ့သမျှ အရာအားလုံးတို့သည် ညအိပ်မက်ဆိုးတစ်ခု ကဲ့သို့ပင်။ သူမ၏ လက်ကျန်ဘဝတစ်လုံး ထိုအရာကို ထုတ်ဖော်ပြောဆိုဖို့ မဆိုနှင့် သူမ၏ စိတ်၊ အသိအမှတ်ဉာဏ်ထဲမှပင် ထိုအရာအားလုံးကို ဖျက်သိမ်းချင်စိတ်ပင် ရှိ၏။
စောဏတုန်းက ရှမ့်လန်သည် ထိုအကြောင်းကို စနောက်ခဲ့၏။ ထို့ကြောင့် သူမ ဒေါသထွက်စွာဖြင့် ကန်ကျောက်ခဲ့ခြင်း ဖြစ်သည်။
ရှမ့်လန်က မေးလိုက်၏။ “သူ ...သူ.. သူမက ဘယ်လိုလဲ”
ရှမ့်လန်သည် ချောင်ယောင်းအာ၏ နာမည်ကို ထုတ်ဖော်ကာ မပြောရဲချေ။ ထို့အပြင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ သူသည် ဆန္ဒရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ နှစ်ပေါင်း ၄၀ ကျော် လူပျိုဘဝကို ထိန်းသိမ်းခဲ့ရသည်။ သို့ပေမည့် လက်ရှိ အခြေအနေမှာတော့ ဆိုးဆိုးရွားရွားဖြင့် လူပျိုရည် ပျက်ခဲ့ရ၏။ ထို့အပြင် ကြမ်းကြမ်းတမ်းတမ်း ပျက်ခဲ့ရခြင်းဖြစ်သည်။
ဤအရာသည် ဘဝတစ်ခုလုံး စုတ်ပြတ်ဆင်းရဲလွန်းသောကြောင့် တစ်နေ့တစ်နေ့ ဂေါ်ဖီထုပ်၊ ဆန်ပြုတ်များကိုသာ စားသုံးနေရသည့် လူတစ်ယောက်၏ ဖြစ်စဉ်နှင့် ဆင်တူ၏။ ထိုသူသည် အသားကို တစ်ခါမှ မစားခဲ့ဖူးချေ။ အသားကို စားချင်စိတ် ရှိ၏။ ထိုသို့ ဆိုလျှင်တောင်မှ အနီရောင် ကြွပ်ကြွပ်လေး ကြော်ထားခဲ့သည့် ဝက်ခေါက်လေး တစ်ဖက်ဆိုလျှင် လုံလောက်လေပြီ။
အဆုံးသတ်မှာတော့ အသားကို စားရသည့် အချိန်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရေအတွက်ဖြင့် ပန်းကန်လုံးပေါင်း မြောက်မြားစွာကို စားခဲ့ရ၏။ မည်ကဲ့သို့ ခံနိုင်မည်နည်း။ စားလို့တော့ အလွန်ပင် ကောင်း၏။ သို့ပေမည့် ပါးစပ်ထဲသို့ ပြွတ်သိပ်ကာ ထိုးထည့်နေသကဲ့သို့ပင်။
“အင်း... သခင်မက တစ်စုံတစ်ယောက်ကို သွားပြီးတော့ လက်ခံတွေ့ဆုံနေတယ်” ရှစ်ချင်းချင်းက ပြောလိုက်၏။
“ဘယ်သူလဲ” ရှမ့်လန်က မေးမြန်းလိုက်သည်။
“နုရှောင့်မြို့ရဲ့ အရှင် ချောင်ထျန်းဝေပဲ”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “အင်း.... အဲလူက ရှင့်ကို သူ့ရဲ့ အိမ်တော်ဆီကို ခေါ်သွားချင်နေတာလေ။ ဒါ့ကြောင့် သခင်မ ချောင်ယောင်းအာဆီကနေ ရှင့်ကို တောင်းနေတယ်”
ရှမ့်လန်သည် ကြက်သီးမွှေးညှင်းများပင် ထသွားခဲ့သည်။ မဖြစ်သေးချေ။ ဤအရာမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဟုတ်တယ်။ ရှင့်ကို သူ့ရဲ့ မယားငယ် လုပ်ဖို့ပေါ့။ ကံကောင်းပါစေ”
မယားငယ် မဆိုနှင့်။ ချောင်ထျန်းဝေသည်သာ သူ၏ မျက်နှာကို မြင်ပါက ကျိန်းသေပေါက် နုတ်နုတ်ဆင်းကာ သတ်ဖြတ်ပေလိမ့်မည်။ ချောင်ယောင်းအာသည် ရှမ့်လန်အကြောင်းကို သေသေချာချာ မသိချေ။ သို့ပေမည့် ချောင်ထျန်းဝေ ကတော့ ကောင်းကောင်းသိရှိ၏။ ချောင်ထျန်းဝေသည် ရှမ့်လန်၏ ပုံတူပန်းချီများကို မြင်ဖူးသည်။
အဖြူရောင်ရဲတိုက်ကြီး၏ ဟောခန်းကြီးထဲမှာတော့ ချောင်ယောင်းအာသည် အလုံးစုံ ပြန်လည် ကောင်းမွန် သွားခဲ့၏။ သူမသည် ယခင်ကအတိုင်း ရဲရဲတင်းတင်းနှင့် ဟိတ်ဟန်ကောင်းစွာ ရှိနေ၏။ လွန်ခဲ့သည့် ညက ဖြစ်ခဲ့ရသည့် နာကျင်မှုအားလုံးသည် သဲထဲရေသွန်ကဲ့သို့ပင် တစ်ခုမှ မရှိခဲ့ချေ။ လွန်ခဲ့သောညက ရူးရူးမူးမူး ပြုလုပ်ခဲ့သည့် အရိပ်အယောင်ဟူ၍ တစ်ခုမှ မရှိချေ။ သာမန်အတိုင်းပင်။
ချောင်ထျန်းဝေက ပြောလိုက်၏။ “ယောင်းအာ... စိတ်မပူနဲ့။ ကျိန်းသေပေါက် ဒီကိစ္စကို ငါ စုံစမ်းပေးမယ်။ ဒီ စာဖိုမှုး ရှုရှု အသက်ရှင်သေလား၊ သေသွားပြီလား ဆိုတာကို ငါလည်း သိချင်တယ်။ မင်းကို ထိခိုက်နာကျင်အောင် လုပ်တဲ့လူတိုင်းက ဘယ်လောက် ကြီးမားတဲ့ နောက်ခံပဲရှိရှိ ငါ ကျိန်းသေပေါက် လက်လွတ်ပေးမှာ မဟုတ်ဘူး”
“အင်း” ချောင်ယောင်းအာသည် အမှတ်မထင် ပြန်လည်ကာ ပြောဆိုလိုက်သည်။
ချောင်ထျန်းဝေက ပြောလိုက်၏။ “ယောင်းအာ.. တစ်စုံတစ်ခု ကြီးမားတဲ့ကိစ္စ ဖြစ်ပြီ။ ဒီကိစ္စက စစ်တပ်ကြီး တစ်ခုလုံးကို ငါ ဦးဆောင်ပြီး သွားရမယ့် ကိစ္စမျိုးပဲ။ နုရှောင့်မြို့က မင်းရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေဖို့ လိုအပ်တယ်”
“အင်း”
ကိစ္စကြီး ရှိသည် ဆိုလျှင်တောင်မှ ချောင်ယောင်းအာသည် ဤကဲ့သို့ သာမန်ကာလျှံကာ ဆိုသလိုသာ ပြန်လည် ဖြေဆိုလျက် ရှိနေ၏။ သူမအတွက် နုရှောင့်မြို့ကို စောင့်ရှောက်ကာကွယ်ရခြင်း ဆိုသည်မှာ သေးငယ်သည့် ကိစ္စရပ်လေး တစ်ခုသာလျှင် ဖြစ်၏။ ချောင်ထျန်းဝေ၏ ရဲတိုက်ကြီးသည် အလွန် မာကျောလွန်းလှပြီး လူပေါင်းတစ်သောင်းလောက် လာရောက်ကာ တိုက်ခိုက်လျှင်ပင် ဘာမှလုပ်နိုင်မည် မဟုတ်ချေ။ သူမတို့ ခုခံကာကွယ်မှု မပြုလုပ်ဘူးဆိုလျှင်တောင်မှ တစ်ဖက်လူများသည် ဤနေရာကို ချိုးဖျက် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။
“ဟုတ်ပြီ။ ယောင်းအာ... ပြီးတော့ ကိစ္စတစ်ခု ရှိသေးတယ်” ချောင်ထျန်းဝေက ပြောလိုက်သည်။
“အင်း”
ချောင်ထျန်းဝေက ပြန်လည်ကာ ပြောဆိုလိုက်၏။ “အင်း... မင်းကို လာပြီး ဆေးကုပေးတဲ့ အမျိုးသမီး သမားတော်က ဆေးပညာစွမ်းရည် အရမ်းမြင့်မားတယ်လို့ ပြောတယ်။ မင်းရဲ့ အဆိပ်ကိုတောင် ကုသပေးနိုင်ခဲ့ တယ်တဲ့”
ချောင်ယောင်းအာက ပြောလိုက်သည်။ “အဖေ..... ဒီကိစ္စကို ဘယ်လို သိတာလဲ”
ချောင်ထျန်းဝေသည် ဘေးတစ်ဖက်တွင် ရှိနေသည့် အစေခံ လုရီကို လှမ်းကာ ကြည့်လိုက်၏။
လုရီက ပြောလိုက်သည်။ “သခင်မလေး.... သခင်မလေးကို အဆိပ်ခတ်နေတဲ့ ရှုရှုအကြောင်းကို လျှို့ဝှက်ချက်အဖြစ် ထားထားလို့ မဖြစ်ဘူးလေ။ ဒါကြောင့် သခင်ကြီးဆီ သတင်းပို့လိုက်တာပါ။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်ပြီးမေးတဲ့အချိန်မှာ ကျွန်မ အမျိုးသမီးသမားတော်အကြောင်းလည်း ထပ်ပြောလိုက်တယ်”
“ဪ” ချောင်ယောင်းအာသည် ထူးမခြားနားသလိုပင် တုံ့ပြန်လိုက်၏။
လုရီသည် အဘယ်ကြောင့် အမျိုးသမီးသမားတော်အကြောင်းကို ပြောရသနည်း။ ဟုတ်ပေ၏။ လက်စားချေခြင်း သာလျှင် ဖြစ်၏။ သူမသည် ဤအမျိုးသမီးသမားတော်အား ချောင်ထျန်းဝေ ခေါ်ဆောင်သွားခြင်းကို လိုလား၏။ ချောင်ထျန်းဝေ၏ လက်ထဲသို့သာ ရောက်ရှိသည်ဆိုပါက မည်သည့် အမျိုးသမီးမျိုးမဆို သတ်ပေးပါရန် တောင်းဆိုသည်အထိ ပြုကျင့်ခံရပေလိမ့်မည်။
ချောင်ရှောင်း၏ အမျိုးသမီးများကို နှိပ်စက်သည့် အမူအကျင့်နှင့် စိတ်နေစိတ်ထားသည် မည်သည့် နေရာမှ ရောက်ရှိလာသနည်း။ ကျိန်းသေပေါက် ချောင်ထျန်းဝေ ဆီမှ အမွေဆက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ ဤအမျိုးသမီး သမားတော်သည်သာ ချောင်ထျန်းဝေ၏ လက်ထဲသို့ ရောက်ရှိသွားသည်ဆိုပါက ကျိန်းသေပေါက် သူမ၏အသက် တစ်ဝက်လောက် ဆုံးရှုံးသွားမှာ ဖြစ်၏။ ဤအမျိုးသမီးသမားတော်သည် တစ်ဖက်လူများ၏ ကိစ္စကို ဝင်ရောက်ကာ နှောင့်ယှက် မွှေနှောက်ရဲ၏။ ထို့အပြင် ချောင်ယောင်းအာကိုပင် ပျောက်ကင်းအောင် ကုသပေးခဲ့၏။ ထို့ကြောင့် ကျိန်းသေပေါက် သေသင့်သည်။
“ဟုတ်ပါတယ် သခင်မလေး.. ရှစ်ချင်းချင်းက တကယ်တော့ နုကျန့်စီရင်စု ရဲ့ ခရိုင်အုပ်ချုပ်ရေးမှုး ကျန်းချုံးရဲ့ ချွေးမလို့လည်း ကျွန်မကြားခဲ့ပါတယ်။ သေဆုံးသွားခဲ့ပြီလို့လည်း သတင်းတွေ ထွက်ခဲ့တယ်”
လုရီက ထပ်မံကာ ပြောဆိုလိုက်၏။ “ဘယ်လိုဖြစ်ပြီး အသက်ရှင်လာတာလဲ။ ဘယ်လို ဖြစ်ပြီးတော့ သခင်မလေးရဲ့ ဘေးနားကို ရောက်လာတာလဲ။ ဒါ တိုက်ဆိုင်မှုတစ်ခု ဟုတ်ရဲ့လား”
ဤစကားစုသည် တစ်ဖက်လူအားလုံးကို ချောက်ထဲသို့ တွန်းပို့ခဲ့ခြင်းပင် ဖြစ်၏။ လုရီ၏ ပြစ်မှတ်မှာ တကယ့်ကို ရှင်းလင်းလွန်း၏။ သူမသည် ချောင်ထျန်းဝေ၏ အာရုံစိုက်မှုကို လိုချင်၏။ ထို့အတူ ရှစ်ချင်းချင်းနှင့် အမျိုးသမီး သမားတော် နှစ်ယောက်လုံးတို့ကို ချောင်ထျန်းဝေအား ခေါ်ဆောင်သွားစေချင်သည်။
ချောင်ထျန်းဝေသည် ဤစကားကို မကြားသကဲ့သို့ပင် ဟန်လုပ်လျက် ရှိနေ၏။ သူသည် ရှစ်ချင်းချင်းကို စိတ်ဝင်စား၏။ သို့ပေမည့် သူမကို အသုံးပြုရန်တော့ စိတ်ဝင်စားခြင်း မရှိချေ။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ချောင်ထျန်းဝေသည် အရာအားလုံးကို ဆော့ကစားခဲ့ဖူး၏။ ထို့ကြောင့် သူ ပစ်မှတ်ထားခဲ့သည့် မိန်းကလေးများသည် သူ၏ လက်မှ လွတ်မြောက်ခြင်း မရှိခဲ့ချေ။
ချောင်ထျန်းဝေက ပြောလိုက်၏။ “မင်းရဲ့အဖေက နှစ်ပေါင်းများစွာ ပင်လယ်ထဲမှာ နေခဲ့တာဆိုတော့ မိုးဒဏ် လေဒဏ်တွေခံပြီး အတွင်းဒဏ်ရာ တော်တော်များများ ရရှိခဲ့တယ်။ ဒီအမျိုးသမီးသမားတော်ကို ကုသစေချင်လို့ပါ”
ချောင်ယောင်းအာက ပြောလိုက်လေသည်။ “အင်း... ဒါကြောင့် မွေးစားအဖေက သူမကို လိုချင်တာလား”
ချောင်ထျန်းဝေက မျက်မှောင်ကုတ်လိုက်၏။ ဤချောင်ယောင်းအာသည် တကယ့်ကို ရိုးသားလွန်းလျက် ရှိနေ၏။ သို့မဟုတ် ရိုးသားချင်ယောင် ောင်နေခြင်းလား မသိချေ။ လူသားများ၏ ရိုးရှင်းသည့် စကားလုံးကိုပင် နားမလည်သည့် ဟန်ပန်မျိုးဖြင့် ပြန်လည်ကာ မေးမြန်းလျက် ရှိ၏။
ချောင်ထျန်းဝေက ပြောလိုက်သည်။ “မင်းအဖေက သူ့ကို အိမ်တော်ဆီ ခေါ်သွားချင်တယ်။ ထူးချွန်တဲ့ သမားတော်တစ်ယောက်က အသုံးဝင်မှာပဲလေ။ သူ့ကို ကုသပေးခိုင်းပြီးရင် ပြန်ပို့ပေးလိုက်မယ်”
ချောင်ယောင်းအာသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မဖြစ်နိုင်ပါဘူး”
ချောင်ထျန်းဝေသည် မည်သို့မှ မနေနိုင်ဘဲ ကြောင်အသွားမိ၏။ ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ငြင်းပယ်လိုက် လေသည်လား။
‘ငါက မင်းရဲ့ မွေးစားအဖေ။ ပြီးတော့ နုရှောင့်မြို့ရဲ့ မြို့တော်ဝန်ကွ။ မင်းရဲ့သခင် အဖြစ်တောင် သုံးသပ်လို့ ရတယ်။ အမျိုးသမီးသမားတော်တစ်ယောက်ကို တောင်းတာတောင်မှ ဘယ်လိုဖြစ်ပြီး ငြင်းရဲရတာလဲ။’
“ဘာကြောင့်လဲ” ချောင်ထျန်းဝေက ပြောလိုက်သည်။
ချောင်ယောင်းအာက ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ကျွန်မတို့ ညက အတူတူ အိပ်ခဲ့လို့ပဲ”
ချက်ချင်းပဲ ဧည့်ခန်းကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ ထိုကဲ့သို့ ပြောလိုက်သည့် အချိန် ချောင်ယောင်းအာသည် တစ်ချက်ကလေးမှ တွန့်ဆုတ်မနေခဲ့ချေ။ အစောကြီးထဲက စားသင့်သည့် အရာကို စားပြီးပြီ ဟူသည့် ပုံစံမျိုးနှင့် ပြောဆိုနေခြင်း ဖြစ်သည်။
လုရီပင်လျှင် ကြောင်အသွားခဲ့၏။ ထို့ကြောင့် အသာလှမ်းကာ မေးမြန်းလိုက်၏။ “သခင်မ... သူက မိန်းကလေးလေ”
“ဟုတ်တယ်” ချောင်ယောင်းအာက ပြောလိုက်သည်။
ချောင်ထျန်းဝေ၏ မျက်လုံးများက လင်းလက်သွား၏။ ပြီးနောက် ပြောဆိုလိုက်၏။ “ဒီလိုဆိုလို့ရှိရင် ငါ ဘာမှ မပြောဖူးဘူးလို့ပဲ ထားလိုက်တော့။ ဟား ဟား ဟား ဟား ဟား”
ပြီးနောက် သူက ပြောလိုက်သည်။ “သူ့ကို မြို့တော်ဝန်အိမ်ရာကို ခေါ်မသွားတော့ဘူး။ ဒါပေမဲ့ အပြင်ကို ထွက်ခိုင်းပါအုံး။ ကြည့်ကြည့်ရအောင်လို့”
“မဖြစ်ဘူး” ချောင်ယောင်းအာက ငြင်းဆန်လိုက်ပြန်၏။
ချက်ချင်းပင် ချောင်ထျန်းဝေ၏ အမူအရာက ပြောင်းလဲသွား၏။ သူ့၏ မွေးစားသမီးသည် အချိန်တိုင်းလိုလို သူ့ကို ပုန်ကန်လျက် ရှိနေ၏။ သူမသည် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း မဟုတ်သည် ဆိုလျှင်တောင်မှ ဤအရာသည် တကယ့်ကို လေးနက်လာခဲ့လေပြီ။
“ဘာကြောင့်လဲ” ချောင်ထျန်းဝေက အေးစက်စက် မေးလိုက်သည်။
ချောင်ယောင်းအာက ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ညတုန်းက အရမ်းကြမ်းသွားလို့။ အဲဒီ အမျိုးသမီး သမားတော်ရဲ့ ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာ ရသွားတယ်။ သူ့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်တွေကို ပြလို့မဖြစ်ဘူး”
ဧည့်ခန်းကြီးတစ်ခုလုံးက ထပ်မံ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ဤကဲ့သို့ ရူးရူးမူးမူး လုပ်ခဲ့လေသည်လား။ ချောင်ယောင်းအာ၏ တိုက်ခိုက်ရေးပညာသည် ကောင်းကင်က ငြင်းပယ်ရလောက်သည့် အခြေအနေမျိုးသို့ ရောက်ရှိနေသည်။ သူမ ကြမ်းခဲ့သည်ဆိုတော့ လွန်ခဲ့သည့်ညက တစ်ဖက်လူ သေဆုံးမသွားသည်ကပင် ကံကောင်းခြင်း ဖြစ်ပေမည်။
သူ၏မွေးစားသမီးသည် အစောကြီးတည်းက ငြင်းပယ်နေပြီ ဖြစ်သောကြောင့် ချောင်ထျန်းဝေသည် ဆက်လက်ကာ မပြောဆိုတော့ချေ။ ထို့ကြောင့် စကားလမ်းကြောင်း ပြောင်းကာဖြင့် ချောင်ယောင်းအာကို နှစ်သိမ့်ပြောဆိုလိုက်၏။ ထို့အပြင် သူမသည် ထပ်လာမည့် တိုက်ပွဲ၌ နုရှောင့်မြို့ကို ကာကွယ် စောင့်ရှောက်ရန်လည်း လိုအပ်နေသည် မဟုတ်ပါလား။
“ချောင်ရှောင်း မနေ့က ဘာတွေ လုပ်ခဲ့လဲဆိုတာ ငါ သိပြီးပါပြီ”
“အင်း”
“မင်းရဲ့ ဒဏ်ရာရသွားတဲ့ အမျိုးသမီး စစ်သည်တော်တွေကို ကုသပေးဖို့အတွက် အကောင်းဆုံး သမားတော် တွေကို စေလွှတ်လိုက်မယ်။ သူတို့ထဲက တစ်စုံတစ်ယောက်က ကုသလို့မရဘူးဆိုရင် ပြန်ပြီးတော့ လျော်ကြေးပေးမယ်”
ချောင်ထျန်းဝေက ပြောလိုက်၏။ “လွန်ခဲ့တဲ့ ညတုန်းက အဲခွေးကောင် ဘာတွေလုပ်ခဲ့လဲဆိုတာ ငါ သိပြီးတဲ့ နောက်မှာ ချက်ချင်း သူ့ကို လိုက်ဖမ်းခဲ့တယ်။ သူ့ရဲ့ ခြေတွေလက်တွေကို မင်းရှေ့မှာ ရိုက်ချိုးဖို့။ ဒါပေမဲ့ ဒီခွေးသားက မြန်မြန်ဆန်ဆန် ထွက်ပြေးသွားခဲ့တယ်။ အခု ပင်လယ်ပြင်ကိုတောင် ရောက်နေပြီ”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ဘာပဲပြောပြော သူက ကျွန်မရဲ့ မောင်လေးပဲလေ။ ဒီတစ်ကြိမ်တော့ ထားလိုက်ပါတော့။ ဒါပေမဲ့ နောက်တစ်ကြိမ်သာ ရှိလာခဲ့မယ်ဆိုရင် ရက်စက်တယ်ဆိုပြီး ကျွန်မကို အပြစ်မတင်ပါနဲ့”
ချောင်ထျန်းဝေက ပြောလိုက်၏။ “နောက်တစ်ကြိမ် ဟုတ်လား။ နောက်တစ်ကြိမ်ဆိုရင် မင်းတောင် မလိုဘူး။ ငါကိုယ်တိုင် သူ့ရဲ့ ခြေတွေ လက်တွေကို ချိုးပစ်မယ်”
ချောင်ယောင်းအာသည် ရေနွေးခွက်ကို အသာမြှောက်ပြီး သောက်လိုက်၏။
“ဒါဆိုလို့ရှိရင် အဖေ သွားလိုက်အုံးမယ်” ချောင်ထျန်းဝေက ပြော၏။ ပြီးနောက် မတ်တပ်ရပ်ကာ ထွက်ခွာသွားခဲ့ လေ၏။ ချောင်ယောင်းအာသည် တစ်ဖက်လူကို ခြေလှမ်းဆယ်လှမ်းထိ လိုက်ပို့သည်။