အပိုင်း (၂၁၃)
Vol. 16 Ch. 213
ဤတစ်ကြိမ်မှာတော့ အရေးကြီးသည့် ကိစ္စရပ်များကို ပြုလုပ်ကာ အိမ်သို့ ဝင့်ကြွားစွာပြန်လာပြီး ဇနီးသည်နှင့် ရင်ဆိုင်ရတော့မည့် ယောက်ျားတစ်ယောက်ကဲ့သို့ပင်။
သူ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သူ့မိန်းမ သိရှိသွား၍ မဖြစ်ချေ။ မဟုတ်ပါက သေမတတ် ရိုက်သတ်ခြင်းကို ခံရပေမည်။ မူလန်သည် ကျိန်းသေပေါက် စိတ်ဆိုးမှာ ဖြစ်၏။
မူလန်သည် အကောင်းမွန်ဆုံး အချိန်ကို ဖြတ်သန်းနိုင်ရန် ပြင်ဆင်ခဲ့ပြီးသား ဖြစ်လိမ့်မည်။ နှစ်ဦးနှစ်ယောက်၏ ကြားထဲတွင် အရေးကြီးသည့် အခိုက်အတန့်ကို ဖြတ်သန်းရမှာ ဖြစ်ပြီး ဤအရာသည် နှစ်ယောက်လုံးအတွက် ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။ အလွန်ရင်ခုန်ရမည့် အခိုက်အတန့် မဟုတ်ပါလား။ မူလန်သာ သူ၏ လူပျိုဘဝ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရှိပါက .... သူ တခြားသော မိန်းမတစ်ယောက်နှင့် အိပ်စက်ခဲ့သည်ကို သိရှိပါက မည်ကဲ့သို့ တုံ့ပြန်မည်နည်း။
ရှမ့်လန်သည် ထိုအတွေးကို တွေးတောရင်း ထိတ်လန့်သွားခဲ့၏။ အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ အားမွေးလိုက်မိသည်။
“အင်း.. ငါ့ရဲ့ခန္ဓာကိုယ်မှာ တစ်စုံတစ်ခု ပျက်ယွင်းနေတာမျိုး ပြလို့ မဖြစ်သေးဘူး။ ဘာပဲပြောပြော ငါက အရမ်းပင်ပန်းနေတဲ့ပုံစံမျိုး ဖြစ်လို့ မဖြစ်ဘူး။ ရောက်တာနဲ့ ‘မိန်းမ အရမ်းလွမ်းလိုက်တာ’ ဆိုပြီး ပြေးဝင်သွားရမယ်”
ရှမ့်လန်သည် ငွေရောင်မှန်ရှေ့တွင် ရပ်ကာဖြင့် စကားလုံးနှင့် အမူအရာ အမျိုးမျိုးကို သရုပ်ဆောင် လေ့ကျင့်လျက် ရှိနေ၏။ သူသည် သူ၏မိန်းမကို လိမ်ညာလှည့်ဖြားရန် ကြိုးစားနေခြင်းဟု တခြားသော လူများက ပြောဆိုနိုင်၏။ သို့ပေမည့် ထိုအရာကို အဘယ်သို့ လိမ်ညာခြင်းဟု ပြောဆိုရမည်နည်း။ သူ့မိန်းမ ဝမ်းနည်းသွားမည် စိုးရိမ်သောကြောင့်ပင်။
“ဟွမ်ဖန် .... ငါ့ရဲ့အမူအရာက ပုံမှန်ရော ကျရဲ့လား။ ငါ့ရဲ့ မျက်လုံးထဲမှာ ရိုးသားမှုတွေရော မြင်ရရဲ့လား။ ငါ လိမ်ညာနေတယ်ဆိုတဲ့ အရိပ်သင်္ကတမျိုး မင်း မြင်လား” ရှမ့်လန်သည် ဟွမ်ဖန်ကို မေးမြန်းလိုက်၏။
ဟွမ်ဖန်သည် ရှမ့်လန်ကို သေသေချာချာ ကြည့်ရှု၏။ ထို့အပြင် သူမသည် တကယ်ပင် ချီးကျူးနေမိ၏။ ဤအရာသည် သဘာဝစွမ်းရည်လား။ တဏှာရူးများ၏ ကျွမ်းကျင်လွန်းလှသည့် သဘာဝပေး သန္ဓေပါရမီလား။ သရုပ်ဆောင် ကောင်းမွန်လွန်းလှချေ၏။ ပြစ်ချက်ဟူ၍ တစ်ချက်ကလေးမှ မရှိခဲ့ချေ။
ရှမ့်လန်၏ သရုပ်ဆောင်မှုသည် တကယ့်ကို ပြည့်စုံလွန်း၏။ ဟွမ်ဖန်သည် ကြက်သီးမွှေးညင်းများပင် ထလာမိသည်။
‘ငါ ဘယ်တော့မှ ယောက်ျားမယူဘူး။ ငါ ဘယ်တော့မှ တစ်စုံတစ်ယောက်ကို မချစ်တော့ဘူး’
“ကောင်းပြီ” ရှမ့်လန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ ပြီးနောက် သူသည် ဤအမူအရာကို ထိန်းချုပ်ထား ခဲ့၏။ မည်သည့်ပြစ်ချက်ကိုမှ ထုတ်ဖော်ပြသ၍ မဖြစ်ချေ။ မူလန် သိရှိသွား၍လည်း မဖြစ်ချေ။
ပြီးနောက် သူသည် ရက်အနည်းငယ်ခန့် အခွင့်အရေးယူကာ အနားယူမည်။ ခန္ဓာကိုယ်၌ ရှိနေသည့် ကုတ်ရာခြစ်ရာ၊ ကိုက်ရာများ ပျောက်ကွယ်သွားမှသာလျှင် သူ၏မိန်းမနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားဖို့ စဉ်းစားထားခဲ့၏။ နုရှောင့်မြို့တွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သူ၏စိတ်ထဲမှာ မောင်းထုတ်ရပေလိမ့်မည်။
ရှမ့်လန်... သရုပ်ဆောင်ဘုရင်သည် သင်္ဘောပေါ်မှ အသာဆင်းကာဖြင့် ဆိပ်ကမ်းဆီသို့ လျှောက်ထွက်သွားခဲ့၏။
‘ငါက အကောင်းဆုံး သရုပ်ဆောင်တစ်ယောက်ပဲ။ ဘယ်ပြစ်ချက်ကိုမှ မူလန် မြင်မှာ မဟုတ်ဘူး။ ငါ လိမ်တာ မဟုတ်ဘူး။ အင်း... လိမ်တယ်ဆိုရင်တော့ အဖြူရောင် လိမ်ညာခြင်းပဲ’
ရှမ့်လန်သည် ခေါင်းကို မော့ကာဖြင့် ကောင်းကင်ကြီးဆီသို့ ကြည့်လိုက်၏။ ပြီးနောက် သူသည် ဆိပ်ကမ်း၏ အထက်တွင် သူ့ကို မျှော်ကာဖြင့် စိုးရိမ်ပူပန်မှုများနှင့် ကြည့်နေသော မျက်ဝန်းတစ်စုံကို မြင်လိုက်ရ၏။ ထိုသူသည် သူ၏မိန်းမ မူလန်ပင် ဖြစ်၏။ သူ၏ နှလုံးသားထဲမှ ချစ်သူပင် ဖြစ်၏။ သူမ၏ မျက်လုံးများတွင် စိုးရိမ်မှု၊ ကြောက်လန့်မှု၊ အဆင်မပြေမှုများနှင့် ပြည့်နှက်လျက်ရှိနေသည်။
ရှမ့်လန်သည် မူလန် ဤကဲ့သို့ ဖြစ်ပျက်နေသည့် အသွင်အပြင်အမူအရာမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူမသည် အလုံးစုံသော စိုးရိမ်မှုများနှင့် ပြည့်နှက်နေသည့် မိန်းမတစ်ယောက်ကဲ့သို့ပင်။
နောက်တစ်စက္ကန့်အတွင်းမှာပဲ မူလန်၏အကြည့်သည် ရှမ့်လန်အပေါ်သို့ ကျဆင်းလာခဲ့၏။ ပထမအကြည့်မှာပဲ အဘယ့်ကြောင့် သူမ၏ ယောက်ျားက မိန်းမတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားရသနည်းဆိုသော အရိပ်အယောင်များ ပေါ်လာသည်။ သို့ပေမည့် ကိစ္စမရှိချေ။ အသက်ရှင်နေသည်ဆိုပါက သို့မဟုတ် ဒဏ်ရာမရရှိပါက အရာအားလုံး အဆင်ပြေ၏။ သူမ အရာအားလုံးကို လက်သင့်ခံပေးနိုင်၏။
မူလန်သည် ရှေ့ဆီသို့ ပြေးလာပြီး ရှမ့်လန်ကို ခပ်တင်းတင်း ဖက်လိုက်သည်။
ရှမ့်လန်၏ သရုပ်ဆောင်မည့်အကြံအစည်အားလုံးသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ သူ၏ နှလုံးသား တစ်ခုလုံးက အရေပျော်သွားခဲ့သည်။ မျက်ရည်များသည် ထိန်းချုပ်မရနိုင်စွာဖြင့် ပါးအထက်သို့ ကျဆင်းလာခဲ့၏။ “မိန်းမ .... ငါ တောင်းပန်ပါတယ်။ ငါ .... ငါ တောင်းပန်ပါတယ်။ ငါ တခြားမိန်းမတစ်ယောက်နဲ့ အိပ်ခဲ့တယ်”
..............
ရွှမ်ဝူအိမ်တော်ထဲမှာတော့ မိန်းမစိုးသည် အပြင်ဘက်၌ မောက်မာဝင့်ကြွားစွာဖြင့် မတ်တပ်ရပ်ကာဖြင့် စောင့်ဆိုင်းလျက် ရှိနေ၏။ အိမ်တော်၏ အလယ်ဘက် တံခါးကြီးပွင့်သွားသည့်အချိန်မှာတော့ ရွှမ်ဝူသည် မိသားစုကို ဦးဆောင်ကာဖြင့်ထွက်ကာ ကြိုဆိုရမှာဖြစ်၏။ သို့ပေမည့် အလယ်ဆုံးရှိ တံခါးကြီးက ပိတ်ထားလျက် ရှိနေသေးသည်။
သို့ပေမည့် တံခါးကြီးပွင့်သွားသည့်အချိန်မှာတော့ လူနှစ်ယောက်ကသာလျှင် လျှောက်ကာထွက်လာခဲ့၏။
ရွှမ်ဝူအိမ်တော်၏ မြို့စားကတော်ကြီး စုဖေ့ဖေ့နှင့် ကျင်းမူကုန်းတို့ပင်။ သူမ မည်သည့်အရာကို ဝတ်ထားသနည်း။ တိုက်ခိုက်ရန် ချပ်ဝတ် ဖြစ်နေသည်လား။
ဤအချိန်မှာတော့ ကျင်းမူကုန်းသည် စိတ်နှင့်ကိုယ် မကပ်သလိုပင်။ နှုတ်ခမ်း၊ လက် ခန္ဓာကိုယ်အနှံ့တွင် မဲနက်သည့် မင်များဖြင့် ပေပွလျက် ရှိနေ၏။
အိမ်ရှေ့စံ ကျင်းမူကုန်းအကြောင်းကို သူကြားခဲ့ပြီးပြီဖြစ်၏။ ဤကောင်လေးသည် တကယ့်ကို အမှိုက်စ တစ်ခုကဲ့သို့ပင်။
သူ၏ ရှေ့တွင် ရှိနေသည့် ဝတုတ်ကောင်သည် မည်သည့်အရာမှ သုံးစားမရသည့် လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ အနည်းဆုံးတော့ စာပေရေးသားခြင်းကိုတော့ ကျွမ်းကျင်ပုံပေါ်၏။
ကျင်းမူကုန်းသည် စာပေရေးသားခြင်းကိုသာလျှင် အလွန်ပင် အာရုံစိုက်၏။ တစ်စုံတစ်ခုကို တွေးသည့် အချိန်မျိုးတွင် သူသည် အမှတ်မထင်ဆိုသလို စုတ်တံကိုကိုက်တတ်၏။ ထို့ကြောင့်ပင်လျှင် သူ၏ ပါးစပ်တစ်ခုလုံးတွင် မင်များနှင့် ပေပွလျက် ရှိနေခြင်းပင်။ သူ့လက်နှင့် ဟိုနေရာကိုပွတ်၊ ဒီနေရာကိုပွတ် ပြုလုပ်ပြီးသည့်အချိန်မှာတော့ တစ်ကိုယ်လုံး မင်များဖြင့် မဲနက်လျက်ရှိသည်။
မိန်းမစိုးသည် အေးစက်စက်ပြောလိုက်၏။ “ရွှမ်ဝူက ကျုပ်တို့ကို အထင်သေးနေတာလား။ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ရောက်နေပြီ။ ရွှမ်ဝူဘယ်မှာလဲ။ ဘာလို့အမိန့်တော်ကိုလာပြီးတော့ လက်မခံရတာလဲ”
စုဖေ့ဖေ့ကပြောလိုက်သည်။ “ကျွန်မယောက်ျား ဒီမှာ မရှိပါဘူး”
စုဖေ့ဖေ့သည် ယဉ်ကျေးလွန်းသည့် စကားလုံးအဖြသ် ကျွန်မ၏ခင်ပွန်းသည် စသဖြင့် … ပြောဆိုခဲ့ခြင်း မဟုတ်ချေ။
မိန်းမစိုးကပြောလိုက်၏။ “သူဘယ်ကိုသွားတာလဲ။ အမိန့်တော်ကိုလာပြီးတော့ လက်ခံခိုင်းလိုက်”
စုဖေ့ဖေ့က ပြောလိုက်သည်။ “ဝမ်ကျားကျွန်းကိုသွားတယ်”
မိန်းမစိုး၏ မျက်ခမ်းစပ်များက တုန်ယင်သွားခဲ့၏။ သူ၏မျက်လုံးထက်တွင် လောဘတရား၏ အရိပ်အရောင်များ ထင်ဟပ်လာခဲ့၏။ သူသည်လည်း ဝမ်ကျားကျွန်းအကြောင်း ကြားခဲ့ပြီးသားဖြစ်၏။ ကျင်းကလန်သည် ကြီးမားလွန်းသည့် ရွှေတွင်းကြီးကို ရှာဖွေတွေ့ရှိခဲ့သည်ဆိုသော သတင်းသည် တည်နေရာ အနှံ့ဆီသို့ တောမီးလောင်သလိုပင် ပျံ့နှံ့နေပြီဖြစ်၏။
ထိုအရာကို နန်းတွင်းတစ်ခုလုံးကပင် သိရှိပြီးဖြစ်၏။ သို့ပေမည့် သူတို့သိရှိသည် ဆိုလျှင်တောင်မှ ဘာလုပ်နိုင် မည်နည်း။ ဤအရာသည် တစ်ဖက်လူများ၏ ပိုင်ဆိုင်မှုပင် ဖြစ်၏။ ဘုရင်မင်းမြတ်ပင်လျှင် သွားရောက်ကာ သိမ်းဆည်း၊ လုယူ၍ မဖြစ်ချေ။
ရွှမ်ဝူ ဤနေရာတွင် မရှိသည်ဖြစ်သောကြောင့် မိန်းမစိုးသည် ရဲတိုက်ထဲသို့ မဝင်တော့ချေ။ စုဖေ့ဖေ့ သည် အလွန်လှပ၏။ ထို့အပြင် စုဖေ့ဖေ့ကို သူဘာမှလည်း လုပ်၍မရချေ။ လုပ်စရာအရာလည်း သူ့၌ မရှိပေ။ ထို့ကြောင့် အထဲသို့ ဝင်ရောက်ခြင်း ဆိုသည်မှာ ဘာတစ်ခုမှ ထူးခြားမည့်အရာမျိုး မဟုတ်ပေ။
“ဘုရင်မင်းမြတ်က ရွှမ်ဝူဆက်ခံသူ ကျင်းမူကုန်း အတွက် အမိန့်စာပါလာတယ်။ ဒူးထောက်ပြီး လက်ခံပါ ….. ကျင်းမူကုန်း”
ဝတုတ်သည် မျက်ပြူးဆန်ပြာ ဖြစ်သွား၏။ သူစဉ်းစားနေသည့် ဇာတ်လမ်းက ဘယ်ရောက်သွားသနည်း။ သူသည် တကယ့်ကို ကျော်ကြားသည့် စာရေးသူတစ်ယောက် ဖြစ်ချင်၏။ တခြားသောကိစ္စများကို စိတ်မဝင်စားချေ။ လောကတွင် သူ့အတွက် အပျော်ရွှင်ဆုံးသောအရာသည် စာရေးသားခြင်းပင်ဖြစ်၏။
“ဆက်ခံသူကျင်းမူကုန်း အမိန့်တော်ကိုလက်ခံပါ”
မိန်းမစိုးသည် ထပ်ကာ ပြောလိုက်သည်။ “ဆက်ခံသူ… ကျုပ်တို့ကို ခင်ဗျား သဘောမတွေ့လို့လား”
ကျင်းမူကုန်းသည် သတိပြန်ဝင်သွား၏။ ပြီးနောက် ခေါင်းကိုမော့ကာ ပြောလိုက်၏။ “ဟမ်… ဘာ ဘာတွေ ပြောနေတာလဲ”
မိန်းမစိုးသည် ဒေါသထွက်သွား၏။ သို့ပေမည့် ကျင်းမူကုန်း၏ ကြောင်တောင်တောင်အမူအရာကို မြင်ရသည့် အချိန်မှာတော့ သူသည် အကူအညီမဲ့သလိုပင်ခံစားနေမိ၏။ အရူးတစ်ယောက်နှင့် သူ အဘယ်သို့ ဖတ်ပြိုင်ကာ ငြင်းခုန်ရမည်နည်း။ သူသာလျှင် မျက်နှာပျက်ရပေလိမ့်မည်။
“ဆက်ခံသူကျင်းမူကုန်း.. အမိန့်တော် လက်ခံပါ”
ဤအချိန်မှာတော့ ကျင်းမူကုန်းက ကြောင်အသွားခဲ့၏။ သူသည် သေးထွက်ကျလုမတတ်ပင် ကြောက်လန့်သွားခဲ့၏။
သူ့အတွက် အမိန့်တော် ဖြစ်နေသည်လား။ မဟုတ်သေးပေ။ သူ ကျင်းမူကုန်းသည် အခြားသောသူအားလုံးတို့၏ လျစ်လျူရှုခြင်းကို ခံထားရသည့် လူတစ်ယောက် မဟုတ်ပါလား။ သူ၏မိဘများ ရှေ့တွင်ပင်လျှင် သူသည် အရာရောက်သည့်လူ မဟုတ်ချေ။ ဘုရင်မင်းမြတ်အတွက်ဆိုလျှင် ပိုမိုကာ ဆိုးဝါးပေလိမ့်မည်။
အဘယ့်ကြောင့် ဘုရင်မင်းမြတ်သည် သူ့အတွက် အမိန့်တော် တစ်ခုကို ပေးအပ်ခဲ့ရသနည်း။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။
ပြီးနောက် သူသည် အနားပတ်ဝန်းကျင်ကို လှည့်ကာ ကြည့်ရှုလိုက်သည်။ ‘ယောက်ဖ ဘယ်ရောက်နေတာလဲ။ ကျုပ် အခု ဘာဆက်လုပ်ရမလဲ’
“ဒူးထောက်စမ်း” စုဖေ့ဖေ့သည် ဘေးတစ်ဖက်ဆီမှ အသာပြောလိုက်၏။
ကျင်းမူကုန်းသည် ချက်ချင်းပဲ ဒူးထောက်ထိုင်ချလိုက်သည်။
မိန်းမစိုးကပြောလိုက်၏။ “ရွှမ်ဝူအိမ်တော်ရဲ့ဆက်ခံသူ ကျင်းမူကုန်း.. အမိန့်တော် လက်ခံပါ။ နန်းတွင်းကျောင်းကို ဝင်ပြီးတော့ စာပေသင်ကြားမှု ပြုလုပ်ရမယ်။ မနှောင့်နှေးဘဲ သုံးရက်အတွင်း အမြန်ဆုံး ထွက်ခွာရမယ်”
ဘုရင်မင်းမြတ်သည် အရှိန်အဟုန်ပြင်းပြင်းနှင့် တစ်ဖက်လူကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုအမိန့်တော်ကို ကြားရသည့်အချိန်မှာတော့ မြို့စားကတော် စုဖေ့ဖေ့သည် ကြောင်အသွားခဲ့သည်။
ကျင်းမူကုန်းအတွက် ဆိုလျှင် ပိုမိုကာ ဆိုးရွား၏။ ဘုရင်မင်းမြတ်သည် သူ့ကိုနန်းတွင်းကျောင်းသို့ ဝင်ရောက်ကာ သင်ကြားစေချင်သည်လား။ ထို့အပြင် သုံးရက်အတွင်း ထွက်ခွာလာစေချင်၏။ ဘာကိုဆိုလိုသနည်း။ သူဘာလုပ် ရမည်နည်း။
‘ယောက်ဖ.. ခင်ဗျား ဘယ်ရောက်သွားတာလဲ’
“အမိန့်တော်ကို လက်ခံမယ်” မိန်းမစိုးက ပြောလိုက်၏။
ကျင်းမူကုန်းသည် ရှေ့ဆီသို့လှမ်းတက်ပြီး အမိန့်တော်စာရွက်ကို လှမ်းကာ ယူလိုက်သည်။
“ဆက်ခံသူ … အဆင်သင့် ပြင်ထားပါ။ သုံးရက်အတွင်း ကျုပ်တို့နောက်ကို လိုက်ခဲ့ရမယ်” မိန်းမစိုးက ပြောလိုက်၏။
ကျင်းမူကုန်းက ပြောလိုက်သည်။ “ဘာ… ခင်ဗျားနဲ့သွားရမှာ ဟုတ်လား”
မိန်းမစိုးက ပြောလိုက်၏။ “ကျုပ်ကိုယ်တိုင် ဆက်ခံသူကို နန်းတွင်းဆီရောက်အောင် လိုက်ပို့မှာပါ။ ဒီအတွက်နဲ့ ပတ်သက်ပြီးတော့ ဆက်ခံသူ သဘောမတွေ့တာများ ရှိနေလို့လား”
“မဟုတ်.. မဟုတ်ပါဘူး” ကျင်းမူကုန်းသည် ခေါင်းကို အသာခါယမ်းကာ ပြောလိုက်သည်။
ပြီးနောက် မိန်းမစိုးသည် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။ “ကျုပ် ရွှမ်ဝူမြို့ရဲ့ မြို့တော်ဝန်အိမ်တော်မှာ စောင့်နေမယ်”
ကျင်းမူကုန်းသည် ကြောက်လန့်တကြားနှင့် ပြောလိုက်သည်။ “အမေ.. ကျုပ်ဘာလုပ်ရမလဲ။ ကျုပ် မသွားချင်ဘူး။ ကျုပ် အိမ်ကနေ မသွားချင်ဘူး။ ကျုပ် မိဘတွေကို မထားခဲ့ချင်ဘူး။ ပြီးတော့ ယောက်ဖကိုလည်း မခွဲချင်ဘူး”
ဤဝတုတ်သည် ငယ်ရွယ်စဉ်တည်းက အိမ်မှထွက်ခွာဖူးသူတစ်ယောက် မဟုတ်ချေ။
မြို့စားကတော် စုဖေ့ဖေ့သည် အလွန်ရှားပါးသည့် ကြင်နာတတ်သောလေသံဖြင့် ပြောလိုက်၏။ “စိတ်မပူနဲ့။ မင်းယောက်ဖ မကြာခင်ပြန်လာလိမ့်မယ်။ သူ့ဆီမှာ ဖြေရှင်းနည်းရှိမှာပါ”
………
ယန်ဝူစီရင်စု၏ ဆိပ်ကမ်းမှာတော့ ...
“မိန်းမ… ငါ.. ငါတခြားမိန်းမနဲ့ အိပ်ခဲ့တယ်”
ရှမ့်လန်၏စကားကို ကြားရသည့်အချိန်မှာတော့ မူလန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူမသည် ကြက်သေ သေသွားသည်။
ရှမ့်လန်သည် သူမကိုအလျင်အမြန်ဖြင့် ပွေ့ဖက်ကာ ပြောလိုက်၏။ “ငါ … ငါတောင်းပန်ပါတယ်။ ငါတောင်းပန်ပါတယ်”
ပုံမှန်အားဖြင့် ရှမ့်လန်သည် နှုတ်သွက်သော လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် လက်ရှိအချိန်တွင်မှာတော့ တောင်းပန်ပါသည်ဆိုသော စကားလုံးတစ်ခုကိုသာလျှင် အထပ်ထပ် ပြောနိုင်၏။ ဘာတစ်ခုကိုမှ ထပ်ကာ မပြောနိုင်ချေ။
တခြားတစ်ဖက်တွင်ရှိနေသည့် မူလန်သည် ဆွံ့အလျက်ရှိနေသည်။
ဟွမ်ဖန်က ပြောလိုက်၏။ “သွားကြရအောင်။ မဟုတ်ရင် လူတွေအကုန်လုံး ဝိုင်းကြည့်နေလိမ့်မယ်”
ပြီးနောက် မူလန်သည် အသက်ဝိညာဉ်မရှိတော့သော ရုပ်သေးရုပ်ကြီးတစ်ခုကဲ့သို့ပင် ဘေးတစ်ဖက်ဆီမှ လိုက်လျှောက်လာခဲ့၏။ သူမသည် မြင်းကို မစီးနိုင်တော့ချေ။
ဟွမ်ဖန်သည် ရထားလုံးကို မောင်းလျက်ရှိနေ၏။ မူလန်နှင့် ရှမ့်လန်တို့မှာတော့ ရထားလုံးထဲတွင် ထိုင်လျက် ရှိ၏။ ရှမ့်လန်သည် သူ့၏မိန်းမကို အသာပွေ့ဖက်ထား၏။ ပြီးနောက် သူမ၏ နဖူး၊ သူမ၏ မျက်လုံး၊ နှာခေါင်း၊ နားရွက် ပြီးနောက် လည်ကုတ်လေးကို မွတ်သိပ်စွာဖြင့် နမ်းရှိုက်လိုက်၏။
“မိန်းမ… ငါတောင်းပန်ပါတယ်။ ငါတကယ်ကို တောင်းပန်ပါတယ်”
ခဏလောက်ကြာပြီးနောက် မူလန်၏ ပါးပြင်ထက်တွင် မျက်ရည်များ စီးကျလာခဲ့၏။ ပြီးနောက် သူမသည် ရှိုက်ကြီးတငင်နှင့် စတင်ကာငိုကြွေးတော့သည်။
အထဲမှ ငိုသံကိုကြားရချိန်မှာတော့ ဟွမ်ဖန်သည် သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ ငိုကြွေးလိုက်ခြင်းက အကောင်းဆုံးဖြစ်၏။ သို့ပေမည့် ဤကဲ့သို့သော ငိုကြွေးနေသည့်အသံသည် သူမ၏နှလုံးသားများကို ယောင်တိယောင်အနှင့် ဖြစ်စေခဲ့၏။ လောကကြီးတွင် ယောက်ျားကောင်းဟူ၍ မရှိချေ။ ထို့ကြောင့် သူမသည် အနာဂတ်တွင် လက်ထပ်တော့မည် မဟုတ်ချေ။ ကျိန်းသေပေါက် လက်ထပ်မည် မဟုတ်ချေ။
မူလန်သည် မျက်ရည်များ အဆက်မပြတ် ကျဆင်းလျက် ရှိနေ၏။ သူမသည် မည်သို့မှ မနေနိုင်တော့ချေ။ ဆက်လက်ကာ ငိုယိုနေမိသည်။ စိတ်လိုလက်ရ ငိုယိုပြီးနောက် သူမ၏ မျက်လုံးတစ်ခုလုံးက နီရဲပြီး မို့ဖောင်းလာသည်။
ရှမ့်လန်သည်လည်း နှလုံးသားတစ်ခုလုံး ကွဲကြေစွာဖြင့် မျက်ရည်များ ကျဆင်းနေခဲ့၏။ သူ၏မိန်းမကို သူ့အား ရိုက်နှက်စေချင်၏။ သို့ပေမည့် မူလန်သည် ဝမ်းနည်းဆွေးမြေ့စွာဖြင့် ငိုယိုခြင်းသာလျှင်ရှိ၏။ သူ့ကို ဘာတစ်ခုမှ အပြစ်မဆိုချေ။
“အား”
နောက်ဆုံးမှာတော့ မူလန်၏လက်သီးသည် ရှမ့်လန်၏ ကျောကုန်းပေါ်သို့ ကျဆင်းလာခဲ့၏။ သို့ပေမည့် ဤလက်သီးချက်၏ အားအင်သည် အလွန်နည်းပါး၏။ တစ်ချက်ကလေးမှ နာကျင်စေလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ.. ငါ့ကိုသေအောင် ရိုက်သတ်လိုက်ပါ။ ငါ့ကိုသေအောင် ရိုက်သတ်လိုက်ပါ။ ပြီးတော့ တစ်ခုခုပြောပါအုံး။ မင်းငါ့ကို တစ်ခုခုပြောပါအုံး”
မူလန်သည် ခေါင်းကိုမော့လိုက်၏။ သူမ၏မျက်လုံးများသည် မျက်ရည်များနှင့် ရစ်သိုင်းလျက် ရှိနေ၏။ သူမက မေးလိုက်သည်။ “ဘယ်မိန်းမလဲ။ ရှစ်ချင်းချင်းလား။ ဟုတ်တယ်မလား”
ရှမ့်လန်က ပြောလိုက်၏။ “ချောင်ယောင်းအာပဲ”
မူလန်ကပြောလိုက်သည်။ “ရှင်… ရှင် ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူးမလား။ သူ ရှင့်ကို အတင်း ဖိအားပေးပြီး အိပ်ခိုင်းခဲ့တာမဟုတ်လား”
ရှမ့်လန်က ကြောင်အသွားခဲ့၏။ ဤအရာသည် အမှန်ဖြစ်သည်ဆိုလျှင်တောင်မှ သူသည် ထိုအရာကို ခေါင်းညိတ်ကာ မပြောချင်ပေ။
“အဲလိုပဲဖြစ်ရမယ်။ အဲလိုပဲဖြစ်ရမယ်”
ကျင်းမူလန်သည် အံကိုကြိတ်ကာဖြင့် ဒေါသတကြီးငိုယိုလျက် ရှိ၏။ “ကျွန်မ သူ့ကို သတ်ချင်တယ်။ ချောင်ယောင်းအာ… ကျွန်မ ရှင့်ကိုသတ်မယ်။ သူ ရှင့်ကို ဖိအားပေးခဲ့တာပဲ။ ယောက်ျား …. ရှင် ကျွန်မ ဝမ်းနည်းအောင် တမင်လုပ်မှာ မဟုတ်ဘူး။ ကျွန်မ ရှင့်ကို ယုံတယ်”
ပြီးနောက် ရှမ့်လန်သည် လောကတွင်ရှိနေသည့် လင်မယားများကြားထဲတွင် ယောက်ျား ဖောက်ပြန်သည် ဆိုပါက မိန်းကလေးများသည် မယားငယ်ကိုသာ အဘယ့်ကြောင့် သွားရောက်ရိုက်နှက်သည်ဖြစ်ကြောင်း နောက်ဆုံး နားလည်လိုက်ပြီဖြစ်၏။