← Chapters

အပိုင်း (၂၁၅)

Vol. 16 Ch. 215

အပိုင်း (၂၁၅)

Vol. 16 Ch. 215

ရွှမ်ဝူအိမ်တော်၏ အတွင်းဘက်မှာတော့ …

ကျင်းမူကုန်း၏ စကားကို နားထောင်ပြီးသည့်နောက် သူ၏ အမေ စုဖေ့ဖေ့၊ အစ်မကြီး မူလန်နှင့် ယောက်ဖ ရှမ့်လန်တို့သည် ကြောင်အလျက် ရှိနေ၏။ ဝတုတ်သည် တကယ့်ကို ကလေးဆန်လွန်းခဲ့၏။ သို့ပေမည့် တဖြည်းဖြည်း အရွယ်ရောက် ရင့်ကျက်လာပုံပေါ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဝတုတ်... မင်း သေသေချာချာ စဉ်းစားပြီးပြီလား”

ကျင်းမူကုန်းသည် ခပ်မြန်မြန်ဆိုသလိုပဲ ခေါင်းညိတ်လိုက်သည်။ “အင်း နှစ်ရက်လုံးလုံး သေသေချာချာ စဉ်းစားထားခဲ့တာပါ။ အစပိုင်းတုန်းက အရမ်းကို ကြောက်လန့်ခဲ့ရတယ်ဆိုပေမဲ့ အဆုံးသတ်မှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ခဲ့တယ်”

စုဖေ့ဖေ့၏ မျက်လုံးများက နီရဲသွားခဲ့၏။ သူမသည် သူမ၏သားငယ်ကို ရံဖန်ရံခါဆိုသလို ရိုက်နှက် ဆူငေါက်ခဲ့သည်ဆိုသော်လည်း ဤကလေးသည် သူမ၏တစ်ဦးတည်းသောသားပင် ဖြစ်၏။ မည်ကဲ့သို့ မချစ်ဘဲ နေမည်နည်း။ ထို့အပြင် ရှမ့်လန်သည် ရွှမ်ဝူအိမ်တော်သို့ ရောက်ရှိလာပြီးနောက် ကျင်းမူကုန်းအား ပိုမို အားကောင်းလာစေရန် ဖြတ်လမ်းနည်းဖြင့် လေ့ကျင့်ပေးခဲ့သည်။ တချိန်ချိန်တွင် အားကောင်းသည့် ဆက်ခံသူ တစ်ယောက်ဖြစ်လာမှာ မြေကြီးလက်ခပ်မလွဲပင်။

ကျင်းမူကုန်းသည် မည်သည့် ပြဿနာကိုမှ မပြုလုပ်ဘဲ လိမ်လိမ်မာမာနှင့် နေထိုင်သည့် သားငယ်တစ်ယောက်ပင် ဖြစ်လေ၏။ တခြားအပြင်ဘက်သို့ လှည့်လည်သွားလာပြီး ပြဿနာရှာတတ်သော တော်ဝင်မျိုးနွယ်မှ သခင်လေးများနှင့် အလုံးစုံ ခြားနား၏။

ယခု သူမ၏သားသည် လောကထဲသို့ ထွက်ပြီး နန်းမြို့တော်ရှိ ပြဿနာပေါင်း သောင်းခြောက်ထောင် နှင့် ရင်ဆိုင်ရပေတော့မည်။ သူမ အဘယ်သို့ မစိုးရိမ်၊ မပူပန်၊ ဝမ်းမနည်းဘဲ နေမည်နည်း။ သူမ၏သားသည် သူမ၏ ရင်ခွင်အောက်မှ တစ်ကြိမ်လေးတောင် ထွက်ခွာခဲ့ဖူးသူ မဟုတ်ချေ။ သို့ပေမည့် ဤကောင်လေးသည် အပြင်ဘက်သို့ထွက်ကာ နေထိုင်ကြည့်မှသာလျှင် အရွယ်ရောက်ဖို့ လုံလောက်သည့် အတွေ့အကြုံများကို ရရှိမှာဖြစ်၏။ မိဘ၏အရိပ်အောက်တွင်အစဉ်အမြဲ နေထိုင်နေပါက သိန်းငှက်ဖြစ်လျှင်တောင်မှ ကောင်းကင်ပေါ်တွင် ရဲရဲဝင့်ဝင့် ပျံသန်းရဲလိမ့်မည် မဟုတ်ချေ။

ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် စာကြည့်ခန်းထဲတွင် ကျန်ရစ်ခဲ့၏။ “ယောက်ဖ... ဒီရက်ပိုင်းအတွင်း ခင်ဗျား မရှိဘူးလေ။ ကျုပ်သိချင်တာ အနောက်အရပ်သို့ ခရီးသွားခြင်းဇာတ်လမ်းတွေရဲ့ အကြောင်းပဲ။ ကျုပ် ကိုယ့်ဘာသာ စာလုံးပေါင်းသောင်းချီ ရေးသားထားတယ်။ ကြည့်ကြည့်ပါအုံး”

ရှမ့်လန်သည် ထိုအရာကိုယူကာ ကြည့်ရှုလိုက်၏။ ပြီးနောက် နာရီဝက်လောက် သေသေချာချာ ဖတ်ရှုလိုက်၏။ တကယ့်ကို အံ့အားသင့်ပြီး ပျော်ရွှင်သွားခဲ့၏။ ဝတုတ်၏ စာရေးသားခြင်းနှင့် ပတ်သက်သည့် စိတ်ခံစားချက်များက ပိုမိုကာ တိုးတက်လာခဲ့ပြီဖြစ်သည်။

သူ့ဘာသူ ဇာတ်လမ်းများ ဖန်တီးသည်သာမက မွန်းစတားများအား တိုက်ခိုက်အနိုင်ယူသည့် ဇာတ်ဝင်ခန်းများကိုပင် ရေးသားထားခဲ့၏။ မွန်းစတားများသည် မသေဆုံးသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ကောင်းကင်နှင့် မြေကြီးအတွက် ဒူးထောက်ကာ တောင်းပန်ရသည့်အခြေအနေမျိုး ထိရေးသားထားခဲ့၏။ စာအုပ်တစ်အုပ်ကို မည်ကဲ့သို့ရေးသားရမည်ဖြစ်ပြီး မည်ကဲ့သို့ ချိတ်ဆက်အသုံးပြုရမည်ဆိုသည်ကိုလည်း ကောင်းကောင်း သိရှိနေလေ၏။

သို့ပေမည့် ဝတုတ်၏ စိတ်ကူးဉာဏ်နှင့် အကြောင်းအရာအားလုံးတို့သည် အနောက်အရပ်သို့ခရီးသွားခြင်း ဇာတ်လမ်းတွဲနှင့် သင့်တော်လိမ့်မည်မဟုတ်ချေ။ အငြိုးအတေးများ ပါဝင်လျက် ရှိနေသောကြောင့်ပင်။

“ဘယ်လိုထင်လဲ ယောက်ဖ”

ကျင်းမူကုန်းသည် စိုးရိမ်ကြီးစွာဖြင့် မေးမြန်းလိုက်၏။ သူသည် ယခုမှ စာအုပ်တစ်အုပ်ကို စတင်ရေးသားဖူးသော စာရေးသူအသစ် တစ်ယောက်ကဲ့သို့ပင် တခြားသူများ၏ သဘောထားကို လိုက်လံမေးမြန်းလို့နေသည်။။

“နန်းတွင်းကျောင်းကို ဝင်ရောက်ပြီးတဲ့နောက်မှာ ကျုပ် စာအုပ်ကို ဆက်ပြီးရေးရမယ်။ ပြီးတော့ သေသေချာချာ လည်း ရေးရမယ်”

ကျင်းမူကုန်းက ပြောလိုက်၏။ “နန်းတွင်းကျောင်း တစ်ခုလုံးမှာ ကျုပ်က ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ်ရမယ်။ ယောက်ဖ”

“အင်း”

“လန်လင်ရှောင်ရှောင်ရှမ့် ဆိုတဲ့နာမည်ကိုပဲ ဆက်ပြီး အသုံးပြုရင် အဆင်ပြေရဲ့လား”

ရှမ့်လန်က ပြောလိုက်သည်။ “ဝတုတ်.. မင်းရေးထားတာ တကယ်ကို ကောင်းတယ်”

ဝတုတ်သည် ပျော်ရွှင်သွားမိ၏။

“ဒါပေမဲ့ “

ရှမ့်လန်က ပြောလိုက်သည်။ “မင်းက အနောက်အရပ်သို့ ခရီးသွားခြင်းဇာတ်လမ်းတွဲကို ရေးဖို့ မသင့်တော်ဘူး။ မင်းရဲ့စာရေးသားခြင်းပုံစံက တကယ့်ကို ကြမ်းတမ်းတယ်။ အမုန်းတရားတွေကလည်း ပြည့်နှက်နေတယ်။ ခံစားချက်တွေက တင်းမာတယ်”

ကျင်းမူကုန်းသည် တွန့်ကနဲဖြစ်သွား၏။

“ဒီ.... ဒီလောက်ကြီးတောင်လား”

“ဟုတ်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီတော့ မင်းကို ငါ နောက်ထပ် စာအုပ်တစ်အုပ်ကို မိတ်ဆက်ပေးမယ်။ မင်းအတွက် အရင်ဆုံး စာလုံးရေခြောက်သောင်း ရေးပေးမယ်။ ကျန်တာကို မင်းက ကိုယ့်ဘာသာကိုယ် ဆက်ပြီးတော့ ရေးတော့။ အခုမရေးနဲ့အုံး။ နားထောင်အုံး”

“ကောင်းပါပြီ” ကျင်းမူကုန်းက ပြောလိုက်၏။

ပြီးနောက် ရှမ့်လန်သည် စတင်ကာ ရွတ်ဖတ်ပြတော့၏။ သူသည် ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း စာအုပ်အား စတင်ကာ ရွတ်ဖတ်ပြခဲ့ခြင်း ဖြစ်လေ၏။

ဝတုတ်သည် ဇာတ်လမ်းတွဲကို နားထောင်ရင်း သွေးများ ဆူပွက်လာခဲ့၏။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ့ကိုယ်သူ ရှောင်ယန်အဖြစ် စတင်ကာ တွေးတောလာမိသည်။

‘လူငယ်တွေကိုနိမ့်ကျသည်ဆိုပြီး အနိုင်မကျင့်လေနှင့်’

ဟူသည့်စကားပုံသည် သူ့၏နှလုံးသားထဲတွင် ပေါက်ဖွားလာခဲ့၏။ ထို့အပြင် ယောက်ဖသည် ဤကဲ့သို့သော စကားလုံးကို ခဏခဏ ပြောဆိုခဲ့ဖူး၏။

နာရီအနည်းငယ် ကြာပြီးနောက် ရှမ့်လန်သည် ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းစာအုပ်၏ ပထမအတွဲကို စတင်ကာ ရွတ်ဖတ်ပြခဲ့ပြီး ဖြစ်သည်။

ကျင်းမူကုန်း၏ မျက်လုံးများက တောက်ပလျက်ရှိ၏။ “ကောင်းကင်ဘုံ.... ဒီဇာတ်လမ်းက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ။ ကျုပ် ငိုတောင် ငိုချင်တယ်။ ဘာကြောင့် နတ်ဘုရားတွေ ကျုပ် ကျင်းမူကုန်းကို ဒီလိုကောင်းမွန်တဲ့ဇာတ်လမ်းမျိုးကို နားဆင်စေရတာလဲ”

စာပေပညာအရ ပြောရမည်ဆိုလျှင် အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းတွဲသည် ဂန္တဝင်ဇာတ်လမ်းမျိုးပင်။ သို့ပေမည့် လူငယ်များအတွက် ခံစားချက်၊ ဇာတ်လမ်းသဘောသဘာဝ၊ အရာအားလုံးတို့၌ ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း ဇာတ်လမ်းတွဲက သင့်တော်လွန်းသည်။

ရှမ့်လန်က ပြောလိုက်၏။ “ဝတုတ်... မင်း သေသေချာချာ စဉ်းစားသင့်တယ်။ မင်းနန်းတွင်းကျောင်းကို ဝင်ရောက်ပြီးတဲ့အချိန်မှာ ဒီစာအုပ်ကို ဆက်ပြီးရေးဖို့အတွက် စိတ်ပါရဲ့လားဆိုတာ”

ကျင်းမူကုန်းက ပြောလိုက်သည် “ကျုပ် ကျိန်းသေပေါက် ရေးရမယ်။ ဘဝမှာ ဘာတစ်ခုမှ မလုပ်ရတော့ဘူး ဆိုရင်တောင်မှ ကျုပ် စာအုပ်ကိုတော့ ရေးအုံးမယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဒီစာအုပ်ကို ရေးပြီးတဲ့အချိန်မှာ နန်းတွင်းကျောင်းမှာရှိနေတဲ့ ကျောင်းသားတွေက ဖတ်ပြီး မင်းကိုဆူငေါက်တာ၊ ဘယ်စာပေပညာမှ မရှိဘူးဆိုပြီး ဆဲဆိုတာမျိုးတွေ လုပ်ကြလိမ့်မယ်။ ပြီးတော့ သူတို့က မင်းကို နန်းတွင်းကျောင်း တစ်ခုလုံးကို အရှက်သိက္ခာ ကျဆင်းစေတဲ့လူ တစ်ယောက်လို့ လက်ညှိုးထိုးပြီး ဆူငေါက်လိမ့်မယ်”

“ကျုပ်.. ကျုပ် ကျော်ကြားလာနိုင်တာလား” ကျင်းမူကုန်းက ပြန်လည်ကာ မေးလိုက်၏။

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ ဒါပေမဲ့ မင်းကျော်ကြားလာနိုင်လိမ့်မယ်။ နန်းတွင်းကျောင်း တစ်ခုလုံးမှာတောင်မှ မင်း ကျော်ကြားလာလိမ့်မယ်။ အသက် ၂၀ အောက်မှာရှိတဲ့ လူငယ်တွေအကုန်လုံးကို မင်းဒီပိုက်ကွန်ကြီး တစ်ခုတည်းနဲ့ ဖမ်းချုပ်လို့ရတယ်။ ဒါပေမဲ့ မင်းရဲ့ဂုဏ်သိက္ခာက သိပ်ပြီးတော့ကောင်းမှာ မဟုတ်ဘူး။ လူတွေက မင်းကို အဆိပ်စာအုပ်တွေရေးသားတယ်ဆိုပြီး ဆဲဆိုလိမ့်မယ်”

“ဟား ဟား ဟား ဟား”

ကျင်းမူကုန်းက ပြောလိုက်၏။ “ကျော်ကြားရင် ပြီးတာပဲ။ ကျန်တာ ဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ကျော်ကြားပြီဆိုရင် မိန်းမတစ်ယောက်တော့ ရပြီမလား”

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ မောက်မာပြီးတော့ မပြည့်စုံတဲ့ကျောင်းသားတွေနဲ့ ဆုံတွေ့ရလိမ့်မယ်”

“ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်က ကျောင်းသားဆိုး တစ်ယောက်ပဲလေ”

ကျင်းမူကုန်းက ပြောလိုက်၏။ “ယောက်ဖ ဒီဇာတ်လမ်းကို မြန်မြန်ဆန်ဆန် ရေးလိုက်မယ်။ ထင်တာကတော့ နန်းမြို့တော်ကို သွားတဲ့လမ်းမှာ တစ်ခါတည်း စဉ်းစားပြီး ရေးသွားတာ ကောင်းမယ်နဲ့တူတယ်”

ပြီးနောက် ရှမ့်လန်သည် မြန်မြန်ဆန်ဆန် ဆိုသလို ထပ်မံကာ ပြောဆိုလိုက်၏။ ဝတုတ်သည် ဤဇာတ်လမ်းကို ရရှိခဲ့ပြီးနောက်မှာတော့ ပြိုင်ဘက်ကင်း လျှို့ဝှက်သိုင်းကျမ်းကြီး တစ်ခုကို လက်ခံရရှိခဲ့သော သိုင်းအကျော်အမော် တစ်ယောက်ကဲ့သို့ပင် ခံစားနေရသည်။

“ကျေးဇူးတင်ပါတယ် ယောက်ဖ၊ ခင်ဗျား ကျုပ်အပေါ် အရမ်းကောင်းလွန်းတယ်။ ခဏစောင့်နေပါအုံး။ ယောက်ဖကို ကျုပ် အရှက်ရအောင် မလုပ်ပါဘူး။ ကျိန်းသေပေါက် ကျော်ကြားတဲ့လူတစ်ယောက် ဖြစ်လာရမယ်”

ပြီးနောက် ကျင်းမူကုန်းသည် ရှက်ဝဲဝဲဖြင့် ပြောလိုက်၏။ “ယောက်ဖ... စာအုပ်အသစ် ထုတ်တဲ့အချိန်ကျရင် ကျုပ်နာမည်နဲ့ ထုတ်မှာနော်”

စုဖေ့ဖေ့သည် ဝတုတ်ကို စောစောအိပ်ရန် လာရောက်ကာ ပြောဆို၏။ သို့ပေမည့် ရှမ့်လန်နှင့် ကျင်းမူကုန်းတို့ အပူတပြင်း ဆွေးနွေးသည့်အသံများကို ကြားရသည့် အချိန်မှာတော့ ချက်ချင်းပဲ အခန်းဆီသို့ ပြန်သွားပြီး ကျင်းမူကုန်းအတွက် အဝတ်အစားများကို ထုပ်ပိုးပြီး ကူညီလျက်ရှိနေလ။ ဤဝတုတ်သည် သူ၏ယောက်ဖနှင့် အလွန်အမင်း ရင်းနှီးလျက် ရှိနေသည်။ ကောင်းသည့်အရာပင်။

နောက်တစ်ရက် နေမထွက်ခင်မှာပဲ အလွန်ဆန်းကြယ်သည့် ဧည့်သည်များသည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့၏။ မိန်းမစိုးအိုကြီးနှင့် ဒါဇင်ပေါင်းချီသော စစ်သည်များပင်ဖြစ်၏။

“ဂါရဝပြုပါတယ်။ မြို့စားကတော်”

မိန်းမစိုးသည် စုဖေ့ဖေ့ကို ဦးညွှတ်လိုက်၏။ ဤမိန်းမစိုးသည် ပဉ္စမမင်းသား နင်ကျန်း၏ နှုတ်ဆက်စာကို ယူဆောင်လာခဲ့၏။ သူသည် နင်ကျန်း၏ ယုံကြည်သည့် မိန်းမစိုးပင်ဖြစ်သည်။

“အရှင်မင်းသားက ဆက်ခံသူကိုခေါ်ယူဖို့အတွက် လူတွေ စေလွှတ်ခိုင်းလိုက်တာပဲ။ နန်းမြို့တော်ဆီ ရောက်တဲ့အချိန်မှာ ဆက်ခံသူက ပဉ္စမမင်းသားရဲ့အိမ်တော်မှာ နေထိုင်ရလိမ့်မယ်။ နေ့စဉ်နေ့တိုင်း ပဉ္စမမင်းသားက သူ့ရဲ့လူတွေကို လွှတ်ပြီးတော့ ဆက်ခံသူကို ကာကွယ်ပေးပါလိမ့်မယ်။ ဒီတော့ မြို့စားကတော် စိတ်ချပါ” မိန်းမစိုးအိုကြီးက ပြောဆိုလိုက်၏။

စုဖေ့ဖေ့က တကယ့်ကို ရင်ထဲတွင် ထိမိသွား၏။ ပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်သည်။ “အရှင်သား ကို ကျေးဇူးတင်ပါတယ်..... ကျေးဇူးပြုပြီး ခဏစောင့်ပါအုံး။ ဒေသထွက် ပစ္စည်းလေးတွေ ပြင်ဆင်ပေးထားပါတယ်”

မိန်းမစိုးအိုကြီးက ပြောလိုက်၏။ “မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။ အရှင်မင်းသားကပျော်မှာ မဟုတ်ပါဘူး”

စုဖေ့ဖေ့က ပြောလိုက်သည် “ဘာပဲဖြစ်ဖြစ် ဒါတွေက တန်ဖိုးကြီးမားတဲ့အရာတွေတော့ မဟုတ်ပါဘူး။ လက်ခံ ပေးသွားပါအုံး”

ပြီးနောက် စုဖေ့ဖေ့သည် လက်ဆောင်အနည်းငယ်ကို ပြင်ဆင်ပေးခဲ့၏။ ဤအရာက ပိုးထည်၊ ဓား၊ လက်နက်များ မဟုတ်ချေ။ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေမွှေးနှင့် မျက်နှာကပ်ခွာများပင်ဖြစ်၏။ အရာအားလုံးသည် နင်ကျန်း၏ မိန်းမအတွက် ပြင်ဆင်ပေးခဲ့ခြင်းဖြစ်၏။

ရှမ့်လန်သည် ရှေ့ကိုလှမ်းတက်ကာ ပြောလိုက်သည်။ “အရှင်မင်းသားက အခုတလောအတွင်းမှာ ခက်ခဲနေတယ် မလား”

ဤအရာက သေချာ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ရွှမ်ဝူအိမ်တော်သည် ဆိုးဆိုးဝါးဝါး အခြေအနေမျိုး ရောက်ရှိသည့်အချိန်တွင် စုဖေ့ဖေ့သည် နေရာအနှံဆီသို့ သွားရောက်ပြီး ပိုက်ဆံများကိုချေးခဲ့၏။ သို့ပေမည့် ရွှေဒင်္ဂါး တစ်ထောင်ကိုသာလျှင် ချေးယူနိုင်ခဲ့၏။ သူမသည် တော်ဝင်မျိုးနွယ်များကြားထဲတွင် ရယ်ဖွဲ့စရာ ဖြစ်ခဲ့၏။

ပဉ္စမမင်းသားနင်ကျန်းသည် အချိန်ကိုက် ရောက်ရှိလာခဲ့ပြီး ရွှေဒင်္ဂါး ၁၇၀၀၀ ကျော်ကို လာရောက်ကာ ပေးအပ်ခဲ့၏။ ထိုအချိန်တုန်းက ဘုရင်မင်းမြတ်သည် တကယ်ကို မပျော်မရွှင် ဖြစ်ခဲ့၏။ ရွှေဒင်္ဂါး ၁၇၀၀၀ ဆိုသည်မှာ အခြေအနေတစ်ခုလုံးကို ပြောင်းလဲနိုင်သည့်အရာ မဟုတ်သောကြောင့်သာလျှင် ဤကိစ္စကို လက်လွှတ်ပေးခဲ့ခြင်းပင် ဖြစ်သည်။

သို့ပေမည့် ရှမ့်လန်သည် ရွှေဒင်္ဂါး ခုနစ်သိန်းကို ထုတ်ယူပြီး ယင်ယွမ်အဖွဲ့အစည်း၏ ဦးခေါင်းကို ပိတ်ရိုက်ခဲ့၏။ ထို့ကြောင့် တစ်လောကလုံးတွင် ရှိနေသည့်လူပေါင်းများစွာတို့၏ မျက်နှာကို ပိတ်ရိုက်ခြင်းနှင့်ဆင်တူ၏။

ဘုရင်မင်းမြတ်က ဒေါသထွက်ခဲ့၏။ ထိုကဲ့သို့သော ဒေါသတရားသည် ရွှမ်ဝူအိမ်တော်ဆီသို့ ကျရောက် မလာခဲ့ချေ။ ထိုအစား နင်ကျန်းပေါ်သို့ ကျရောက်ခဲ့သည်။ နင်ကျန်းသည် ရွှမ်ဝူအိမ်တော်နှင့် ပူးပေါင်းပြီး သူ့ကို ဒုက္ခပေးခဲ့သည်ဟုပင် သတ်မှတ်ခဲ့သည်။

မြို့တော်တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထိုအရာများကို ပြောဆိုခဲ့ကြပြီး လှောင်ပြောင်သည့် မှတ်ချက်များပင် ပြုခဲ့၏။ ပဉ္စမမင်းသား နင်ကျန်းသည် လူမှုဆက်ဆံရေး မကောင်းပေ။ ရိုးသားပြီး တုံးအသူတစ်ယောက်လည်း ဖြစ်၏။ သို့ပေမည့် ကောက်ကျစ်သည့်နည်းလမ်းမျိုးနှင့် ဘုရင်ကို ပုန်ကန်ချင်စိတ် ရှိနေခြင်းဟု ကောလဟာလ ထွက်လာခဲ့၏။

ရွှမ်ဝူအိမ်တော်အနေနှင့် ဆိုးဝါးစုတ်ပြတ်တော့မည်ကို သိရှိ၏။ ထို့ကြောင့် ထိုသူတို့၏ နှလုံးသားကို ရရှိရန်အတွက် ရွှေဒင်္ဂါး ၁၇၀၀၀ကို အသုံးပြုခဲ့ခြင်းဟု အားလုံးသောသူတို့က ပြောဆိုခဲ့ကြ၏။ ထို့ကြောင့် နင်ကျန်းသည် အားလုံးသောသူတို့၏ တံတွေးခွက်ထဲတွင် မျှောခဲ့ရသည်။

တခြားသောအရာများက ကိစ္စရပ်သေးသေးလေး ဖြစ်သည်ဆိုလျှင်တောင် ဘုရင်မင်းမြတ်၏ သံသယကို ရရှိခြင်းကတော့ ကိစ္စကြီးဖြစ်၏။ ဘုရင်မင်းမြတ်သည် သူ့ကိုခေါ်ဆောင်ကာဖြင့် အကြိမ် အနည်းငယ်ကြာ ဆူငေါက်ခဲ့၏။ ပြီးနောက် အချိန်အတော်များများ ဒူးထောက်ကာ အပြစ်ပေးခဲ့၏။

ဤတစ်ကြိမ်မှာတော့ နင်ကျန်းသည် ကျိန်းသေပေါက် သူ၏အပြစ်ကင်းစင်မှုအတွက် ရွှမ်ဝူအိမ်တော်နှင့် ခပ်ဝေးဝေးတွင် နေထိုင်ရပေလိမ့်မည်။ သို့ပေမည့် ဘုရင်မင်းမြတ်သည် ကျင်းမူကုန်းအား နန်းတွင်းကျောင်းဆီသို့ လာရောက်သင်ကြားရန်အတွက် ပေးအပ်လိုက်သည့် အမိန့်တော်အကြောင်းကို သိရှိပြီးသည့်နောက်မှာတော့ သူ ထိုင်မနေနိုင်တော့ချေ။ တစ်ဖက်လူက ဓားစာခံအဖြစ် ခေါ်ဆောင်လာခဲ့သည် ဖြစ်ကြောင်း သိရှိ၏။ ထို့ကြောင့်ပင်လျှင် စတင်ကာလှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

သူသည် ကျင်းမူကုန်းတစ်ယောက် နန်းတွင်းကျောင်းဆီသို့ စာပေလာရောက်သင်ကြားသည့် အချိန်တွင် သူ၏အိမ်တွင် ခေါ်ဆောင်ကာဖြင့် ကလေးငယ်တစ်ဦးကဲ့သို့ ပြုစုပြုထောင်ကာ ကာကွယ်ပေးထားရန် စဉ်းစားခဲ့၏။ နင်ကျန်းသည် ကျိန်းသေပေါက် အစွမ်းကုန် တာဝန်ယူရမည်ဟု ခံယူချက်ရှိ၏။ တခြားသောသူများ ၏ သံသယကို ဖယ်ရှားနိုင်ရန်အတွက် စိတ်ထဲတွင်ရှိသည့်အရာမျိုးကို မပြုလုပ်ရန် သည်းခံအောင့်အီး နေမည် မဟုတ်ပေ။

ရှမ့်လန်၏စကားကို ကြားသည့်အချိန်မှာတော့ မိန်းမစိုးအိုကြီးက ပြောလိုက်၏။ “ကျုပ်တို့ သခင်လေးဆီမှာ ဘာစိတ်ဆန္ဒမှ မရှိပါဘူး။ ဒီတော့ သူ့အပေါ် အထင်သေးခြင်း၊ အထင်ကြီးခြင်းကလည်း ကိစ္စမရှိဘူး။ သူ အသားကျနေပါပြီ”

ရှမ့်လန်သည် ဦးညွှတ်ကာဖြင့် ပြောဆိုလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ အရှင်သား ... ရှမ့်လန်က နန်းတွင်းကို ဝင်ရောက်တဲ့အချိန်ကျရင် ကျိန်းသေပေါက် လာလည်ပါ့မယ်”

“အင်း... တကယ်ကိုကောင်းတယ်။ ကျုပ် ပြောလိုက်ပါ့မယ်” ပြီးနောက် မိန်းမစိုးအိုကြီးသည် တစ်စုံတစ်ခုကို ပြောဆိုရန်အတွက် တွန့်ဆုတ်လို့နေ၏။

ရှမ့်လန်က စကားထောက်ပေးလိုက်သည်။ “အကြီးအကဲ... ကျေးဇူးပြုပြီး ပြောပါအုံး”

မိန်းမစိုးအိုကြီးက ပြောလိုက်၏။ “သစ်ပင်က ငြိမ်သက်ချင်တယ်ဆိုရင်တောင်မှ လေက ငြိမ်ငြိမ်သက်သက် မနေစေချင်ဘူးလေ။ ဝမ်ကျားကျွန်းရဲ့ကိစ္စရပ်က အကုန်လုံးကို ပျံ့နှံ့နေခဲ့ပြီ။ ဒီတော့ သေသေချာချာ ဂရုစိုက်ဖို့ လိုအပ်လာခဲ့ပြီလို့ ထင်တယ်။ အားလုံးပဲ သေသေချာချာ ဂရုစိုက်ကြပါ”

ရှမ့်လန်သည် ဦးညွှတ်ကာ ပြန်လည် ပြောလိုက်သည်။ “ဒီလိုပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ... အကြီးအကဲ”

နေ့ဝက်လောက်ကြာပြီးသည့်နောက် အားလုံးတို့၏ နှမျောတသ အကြည်အောက်မှာပဲ ကျင်းမူကုန်းသည် ရွှမ်ဝူအိမ်တော်မှထွက်ခွာကာဖြင့် နန်းမြို့တော်ဆီသို့သွားရောက်ခဲ့သည်။ ပဉ္စမမင်းသား စေလွှတ်ပေးလိုက်သော စစ်သည်ပေါင်း တစ်ဒါဇင်ကျော်တို့နှင့်အတူ ရွှမ်ဝူအိမ်တော်မှ လူ၂၀တို့ကလည်း လိုက်ပါ စောင့်ရှောက်၏။

ဘုရင်မင်းမြတ်၏ အမိန့်တော်ကို လာရောက်ပို့ဆောင်သည့် မိန်းမစိုးသည် နှာခေါင်းကိုရှုံ့ကာဖြင့် ပဉ္စမမင်းသား၏ ယုံကြည်ရသည့် မိန်းမစိုးကို ပြောလိုက်သည်။

“ပဉ္စမမင်းသားက တကယ်ကို ဖြူစင်တဲ့ လူတစ်ယောက်လိုပဲ။ စားချိန်၊ သောက်ချိန်တန်နေပြီ။ ဒါပေမဲ့ အခုမှစပြီး ချက်ပြုတ်ဖို့ ကြိုးစားရင်တော့ နောက်ကျနေပြီပဲ”

ဤအရာသည် ပဉ္စမမင်းသားအား လှောင်ပြောင်လိုက်ခြင်းသာလျှင် ဖြစ်၏။ ပဉ္စမ မင်းသားသည် တခြားသော လူများနှင့် ပူးပေါင်းပြီး နန်းပလ္လင်ကို ရယူနိုင်ရန် ပြင်ဆင်နေသည်ဟု သွယ်ဝိုက်ဆိုလိုခြင်း ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. မိန်းမစိုး၊ ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ဘုရင်မင်းမြတ်ကို ဆဲဆိုချင် နေတာလား”

အမိန့်တော် လာရောက်ပို့သည့် မိန်းမစိုးသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ “ခင်ဗျား ဘယ်လိုထင်လဲ။ ခင်ဗျားက သမက်တော်လေး တစ်ယောက်လေ။ ကျုပ်ကို စကားပြောဖို့အတွက် ဘယ်မှာ အခွင့်အရေး ရှိလို့လဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား ပြောနေတာ စားချိန်၊ သောက်ချိန်တန်နေပြီလို့ ပြောတာမလား။ ဒါဘာ အဓိပွာယ်လဲ။ ဘုရင်မင်းမြတ် သေတော့မယ်လို့ ပြောတာလား။ ဘုရင်မင်းမြတ်က နှစ်ပေါင်း တစ်ရာကျော် အသက်ရှည်နိုင်သေးတယ်။ ခင်ဗျားက ဘုရင်ကိုတောင် ကျိန်ဆဲနေတာပဲ။ ဒီကိစ္စကို ဘုရင်မင်းမြတ်ဆီ လျှောက်တင်မှဖြစ်မယ်”

“…..” မိန်းမစိုး။

All Chapters