← Chapters

အပိုင်း (၂၂၁)

Vol. 16 Ch. 221

အပိုင်း (၂၂၁)

Vol. 16 Ch. 221

ချောင်ရှောင်းသည် စိတ်လိုလက်ရ တိုက်ခိုက် သတ်ဖြတ်တတ်သည့် စိတ်ကြမ်းကိုယ်ကြမ်း လူတစ်ယောက် ဖြစ်၏။ သွားအနည်းငယ် ဆုံးရှုံးသည်ဆိုလျှင်တောင်မှ၊ သူ၏မျက်နှာ တစ်ခုလုံး သွေးများဖြင့် ပြည့်လျှံလျက် ရှိနေသည် ဆိုလျှင်တောင်မှ အားကုန်သုံးကာဖြင့် ရှေ့ဆီသို့ လှမ်းတက်နေ၏။

‘ရှမ့်လန်... မင်း စောင့်နေ။ ဒီတစ်ကြိမ် ငါ့ကို အသက်ရှင်သန်ခွင့်ရပြီဆိုရင် မင်းရဲ့ မိသားစုတစ်ခုလုံးကို ပိုးစိုးပက်စက် သတ်ပစ်မယ်’

အမွှေးတိုင်တစ်တိုင် ထွန်းစာ၏ ဆယ်ပုံတစ်ပုံဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ ချောင်ရှောင်းသည် သူ၏ တာဝန်ကို ပြီးမြောက်ခဲ့ပြီဖြစ်၏။ သွားကို အသုံးပြုကာဖြင့် ကျင်းကျန်နန်၏ ရှေ့ မီတာ ၁၀၀ နားဆီသို့ ရောက်အောင် သွားနိုင်ခဲ့သည်။

“ကျေးဇူးရှင်ကြီး.. ကျုပ် လုပ်နိုင်ခဲ့ပြီ။ ကျုပ် လုပ်နိုင်ခဲ့ပြီ။ ကျုပ် အသက်ရှင်ပြီ” ချောင်ရှောင်းသည် ဝမ်းမြောက်စွာဖြင့် အော်ဟစ်လျက် ရှိနေ၏။ သူသည် အလွန် ကြောက်မက်ဖွယ်ရာကောင်းသည့် ငရဲခန်းကို ဖြတ်လျှောက်ပြီးခဲ့သလိုပင် ခံစားနေမိ၏။

ရှမ့်လန်သည် အားတက်သရောဖြင့် လက်ခုပ်တီးကာ အားပေးလိုက်သည်။ “အံ့အားသင့်စရာပဲ .. အစ်ကို ချောင်ရှောင်း။ ခင်ဗျားဟာ တကယ့်ကို အံ့အားသင့်စရာပဲ။ လောကရဲ့ အလှည့်အပြောင်းတွေကို ဖန်တီးနိုင်တဲ့ လူတစ်ယောက်ပဲ”

ချောင်ရှောင်းက ဟစ်အော်လိုက်၏။ “ကျေးဇူးပါပဲ။ ကျေးဇူးပါပဲ ဆရာကြီးလန်”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒီအရာက ခင်ဗျား ကိုယ်တိုင် လုပ်ခဲ့တာပဲ။ သမိုင်းမှတ်တမ်းထဲမှာ ခင်ဗျားက ပထမဦးဆုံးပဲ။ ကျုပ် ခင်ဗျားကို မသတ်ဘူး။ ကျုပ် စကားကို ကျုပ် လိုက်နာရမှာပေါ့”

ချောင်ရှောင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကျေးဇူးတင်ပါတယ်။ ကျုပ်ရဲ့ အသက်ကို အခုလိုမျိုး ချမ်းသာပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်ဗျာ”

ရှမ့်လန်က ပြောလိုက်သည်။ “ရတယ်၊ ရတယ်။ ကျုပ် ခင်ဗျားကို မသတ်ဘူးလို့ပဲပြောတာ။ ဒါပေမဲ့ တခြားသူတွေ ခင်ဗျားကို သတ်မှာကို တားပေးမယ်လို့မပြောခဲ့ဘူးလေ။ အားနာပါတယ်”

ရှမ့်လန် ပြောနေတုန်းမှာပဲ ကျင်းကျန်နန်သည် ခါးတွင်ရှိနေသည့် ဓားကိုဆွဲထုတ်ကာဖြင့် ချောင်ရှောင်း၏ နှလုံးသားထဲသို့ ထိုးသွင်းလိုက်၏။ ပြီးနောက် ချောင်ရှောင်း၏ ဦးခေါင်းကို ခုတ်ဖြတ်လိုက်၏။ ပင်လယ်ဓားပြငယ်သည် မျက်လုံးအပြူးသားနှင့် သေဆုံးသွားခဲ့ပြီ ဖြစ်၏။

ရှမ့်လန်သည် ရှေ့ဆီသို့ လှမ်းတက်၏။ ပြီးနောက် ချောင်ရှောင်း၏ ဦးခေါင်းကို ကောက်ယူကာဖြင့် အမဲရောင် ဝတ်စုံနှင့် လူဆီသို့ လှမ်းကာ ပစ်ပေးလိုက်သည်။

ဤလူသည် ပင်လယ်ဓားပြ ချောင်ထျန်းဝေ စေလွှတ်ခဲ့သည့် ကိုယ်စားလှယ်ပင် ဖြစ်၏။ ချောင်ရှောင်း၏ ညှိနှိုင်းဆွေးနွေးမှုကို ၈၀ - ၂၀ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲရန်အတွက် လာကာ ပြောဆိုသည့်လူလည်း ဖြစ်၏။

ယခုအချိန်မှာတော့ ချောင်ရှောင်း အောက်ပိုင်းသေနေသည့်ခွေးကဲ့သို့ တွားသွားကာဖြင့် တစ်ဖက်မိန်းကလေး၏ ခြေထောက်ကို သွားနမ်းသည့် မြင်ကွင်းကို မြင်ခဲ့ရသည်။ သခင်လေး ချောင်ရှောင်းသည် သေဆုံးခါနီးအချိန်တွင်ပင် ကြီးမားလွန်းသည့် အရှက်ခွဲခြင်းကို ခံစားခဲ့ရသည်။

ရှမ့်လန်သည် ချောင်ရှောင်း၏ ဦးခေါင်းကို ပင်လယ်ဓားပြဘုရင်၏ ကိုယ်စားလှယ်လက်ထဲသို့ ထည့်ပေးကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “အစ်ကိုကြီး.. ခင်ဗျားရဲ့ ဒေါသတရားတွေကို ခဏလေး သည်းခံထား။ ပြီးတော့ အစ်ကိုကြီး ချောင်ရှောင်းရဲ့ ခေါင်းကိုလည်း ပင်လယ်ဓားပြဘုရင်ဆီကို ကိုယ်တိုင်ကိုယ်ကျ ပေးအုံး။ ပြီးတော့ သူ့ကိုလည်း စိတ်ထဲမှာ ဖြစ်နေတဲ့ နာကျင်မှုတွေကို ခဏလောက် သည်းခံထားအုံးလို့ ပြောလိုက်။ ဘာပဲဖြစ်ဖြစ် ဒီ ခေါင်းပေါင်း နှစ်ထောင်ကျော်ကို ကျုပ် ပို့ပေးလိုက်မယ်”

“ဪ.. ဒါနဲ့ ပင်လယ်ဓားပြဘုရင်ကို ပြောဖို့ မမေ့နဲ့အုံး။ သူ့ရဲ့ သားက ဆိုးဆိုးဝါးဝါး အခြေအနေမျိုးနဲ့ သေဆုံးခဲ့ရတာလို့။ ပြီးတော့ ဂရုစိုက်အုံး။ ခင်ဗျားရဲ့ လမ်းခရီးက အဆင်ပြေစေဖို့ ကျုပ် ဆုတောင်းပေးနေပါတယ်”

ပင်လယ်ဓားပြဘုရင်၏ ကိုယ်စားလှယ်သည် မီတာတစ်ရာအဝေးတွင် ရပ်တန့်လျက် ရှိနေသည်။ ချောင်ရှောင်း တစ်ယောက် မိမိသွားကိုအသုံးပြုကာဖြင့် ရှေ့ဆီသို့ တက်လှမ်းနိုင်ရန် ရှိရှိသမျှ ကျောက်ခဲများကိုကိုက်ကာဖြင့် ရှေ့သို့တိုးလာသည်ကို သေသေချာချာ မြင်ရ၏။ သို့ပေမည့် ချောင်ရှောင်းသည် ကျင်းကျန့်နန်၏ ရှေ့ဆီသို့ရောက်သည့်အချိန်မှာတော့ ဦးခေါင်းကိုခုတ်ဖြတ်၍ သတ်ဖြတ်ခြင်း ခံခဲ့ရ၏။

ဖြစ်စဉ်တစ်ခုလုံးကို သူ သေသေချာချာ မြင်ခဲ့ရ၏။ သို့ပေမည့် ကျင်းဟွေ့၊ ရှမ့်ဆယ့်သုံး၊ ကျင်းရှိယန် တို့သည် ဘေးတစ်ဖက်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူ လှုပ်ရှားသည်နှင့် တစ်ပြိုင်နက် သေဆုံးရပေလိမ့်မည်။ ရှမ့်လန်သည် ချောင်ရှောင်း၏ ဦးခေါင်းကို သူ၏လက်ထဲသို့ ပစ်ပေးခဲ့၏။ ချက်ချင်းပဲ သူ၏လက်များသည် သွေးများဖြင့် ပေပွသွားခဲ့၏။ ထို့အပြင် သွေးများသည် နွေးထွေးလျက်ရှိနေတုန်းပင်။

ပင်လယ်ဓားပြဘုရင်၏ ကိုယ်စားလှယ်သည် မမေးဘဲ မနေနိုင်တော့ချေ။ “ဘာကြောင့်လဲ”

သူသည် တကယ့်ကို နားလည်ရန် ခက်ခဲလို့နေခဲ့၏။ ဤရှမ့်လန်သည် တကယ့်ကို ရူးသွပ်သွားလေပြီလား။ ပင်လယ်ဓားပြဘုရင်၏ ဒေါသတရားကို မကြောက်လန့်လေသည်လား။ ကျင်းမိသားစုတစ်ခုလုံး အဖျက်ဆီးခံရမည်ကို မကြောက်လန့်လေသည်လား။

ရှမ့်လန်က မဖြေခဲ့ချေ။ ထိုအစား မေးမြန်းလိုက်၏။ “ခင်ဗျားရဲ့ ရွက်သင်္ဘောက ဘယ်မှာလဲ”

ကိုယ်စားလှယ်သည် သူ၏နောက်ဘက်တွင်ရှိနေသည့် ဆိပ်ကမ်းဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ သေးငယ်သည့် လှေလေးသည် ထိုနေရာတွင် ဆိုက်ကပ်ထား၏။ သို့ပေမည့် ထိုလှေသည် ခေါင်းပေါင်း နှစ်ထောင်ကို သယ်ယူ၍ ပင်လယ်ပြင်ကို ခတ်ကူးရန်အတွက်မူ သေးငယ်လွန်းချေသည်။

ရှမ့်လန်က ပြောလိုက်၏။ “အားလုံးပဲ။ ဒီခေါင်းပေါင်း နှစ်ထောင်ကျော်ကို လှေပေါ်ကို ဝိုင်းတင်ပေးလိုက်ကြ။ ဒီအစ်ကိုကြီးကို ပစ္စည်းပစ္စယတွေနဲ့ ပြန်ပို့ပေးရမယ်”

ရွှမ်ဝူအိမ်တော်မှ စစ်သည်တော် တစ်ရာကျော်တို့ ပေါ်ပေါက်လာခဲ့လေ၏။ ၎င်းတို့သည် လှည်းများကို ယူဆောင်လာကာဖြင့် ခေါင်းပြတ်များကို တင်၏။ ပြီးနောက် ပင်လယ်ဓားပြ ရွက်သင်္ဘော ပေါ်သို့ ခေါင်းပြတ်များကို တင်ပေး၏။ အချိန်အတိုင်းအတာတိုအတွင်းမှာပဲ လူသေခေါင်းပေါင်း နှစ်ထောင်ကျော်တို့ သည် ရွက်သင်္ဘောပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ပင်လယ်ဓားပြဘုရင်၏ ကိုယ်စားလှယ်သည် ရှမ့်လန်ကို နက်နက်ရှိုင်းရှိုင်းပင်လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။ သူသည် မည်သည့် ခြိမ်းခြောက်မှုကိုမျှ မပြုလုပ်ခဲ့ချေ။ အဘယ့်ကြောင့် ဆိုသော် မလိုအပ်သောကြောင့်ပင်။ စစ်ပွဲကို ရှောင်ရှား၍ မရနိုင်တော့ချေ။ ပြီးသည့်နောက် သူကိုယ်တိုင်ပင်လျှင် ပင်လယ်ဓားပြဘုရင်နှင့်အတူ လိုက်ပါလာခဲ့ပြီး ကျင်းမိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်ရပေမည်။ ပြီးနောက် ကျွန်းပေါ်တွင် ရှိနေသည့် လူပေါင်းများစွာတို့ကို သတ်ဖြတ် ပစ်ရပေလိမ့်မည်။

အားလုံးထွက်ခွာသွားခဲ့ပြီးနောက် ကျင်းကျန့်နန်တစ်ယောက်တည်းသည်သာ တည်နေရာတွင် မတ်မတ်ရပ် နေ၏။ ရှမ့်လန် ရှေ့ဆီသို့ လျှောက်သွားချိန်မှာတော့ သူမ၏ မျက်နှာတစ်ပြင်လုံးမှာ နီရဲသွားခဲ့၏။

ရှမ့်လန်သည် တစ်ဖက်လူကို လှမ်းကာကြည့်ရှုသည်။

ဤမိန်းကလေးသည် ရဲရင့်လွန်းလှချေ၏။ သို့ပေမည့် သူ၏ရှေ့သို့ ရောက်သည့်အချိန်တွင် ဘာမှ ဘာတစ်ခုကိုမှ တည်ငြိမ်နိုင်စွမ်း မရှိသည့် မြီးကောင်ပေါက် မိန်းကလေးငယ် တစ်ယောက်အဖြစ်သို့ ပြောင်းလဲနေတတ်သည်။ သူမသည် အလုံးစုံ ကြောက်လန့်နေခဲ့၏။

‘ကောင်မလေး၊ ဒီလိုမဖြစ်နဲ့လေ။ မင်းဒီလိုမျိုး ခြေထောက်ကို လိမ်ထားတာ မင်းရဲ့ခါးက ပိုပြီးတော့ ထွက်လာစေတယ်။ ငါ မင်းကို မကြည့်ဘဲ မနေနိုင်တော့ဘူး။ ဒါပေမယ့် မဖြစ်သေးဘူး။ ငါ့မိန်းမကို ထပ်ပြီး ဝမ်းနည်းအောင် လုပ်လို့မဖြစ်ဘူး။ ငါက အရင်တုန်းက အမှားအယွင်းတစ်ခုကို ပြုလုပ်ဖူးတဲ့ လူတစ်ယောက်ပဲ။ ငါက ယောက်ျားဆိုးတစ်ယောက် ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် ငါ့ဆီမှာ ကိုယ်ပိုင် အောက်ခြေစည်းမျဉ်းတော့ ရှိတယ်။ ဒီတော့ မြန်မြန်ထွက်သွားတော့။ မဟုတ်ရင် ငါ့စိတ်ငါ ထိန်းနိုင်မှာ မဟုတ်တော့ဘူး’

ရှမ့်လန်ကပြောဆိုလိုက်၏။ “ကျေးဇူးပါပဲ။ ဓားနတ်မိမယ်”

ကျင်းကျန့်နန်သည် ခေါင်းကိုငုံ့ကာ ပြောလိုက်သည်။ “ကျွန်မက သမက်တော်ကို ကျေးဇူးတင်ရမှာပါ။ ကျွန်မရဲ့ ဒေါသတရားတွေကို ဖြေဖျောက်ပြီးတော့ ဒီမိစ္ဆာကောင်ကို သတ်ဖြတ်ပစ်နိုင်တဲ့အတွက် ကျွန်မ အရမ်း ပျော်တယ်”

ရှမ့်လန်ကပြောလိုက်၏။ “ဒါဆိုရင် မသွားခင် တစ်ခုခု စားသွားချင်သေးလား”

“မဟုတ်၊ မဟုတ်၊ မလိုပါဘူး”

ကျင်းကျန့်နန်က ပြောလိုက်သည်။ “သခင်မလေးက ကျွန်မရဲ့ အကူအညီကို လိုအပ်နိုင်တယ်။ ပြီးတော့ ကျွန်မ ဒီနေရာမှာ ဘာအလုပ်မှ မရှိဘူး။ သွားပါတော့မယ်”

ပြီးနောက် ကျင်းကျန့်နန်သည် အလျင်အမြန်နှင့် ထွက်ခွာသွားခဲ့၏။

မနီးမဝေးတွင် ရှိနေသည့် ကျင်းဟွေ့မှာတော့ ဘာပြောရမှန်းပင် မသိတော့ချေ။

‘ကျင်းကျန့်နန်... ငါ ငါမင်းရဲ့အစ်ကိုကြီးလေ။ ငါတို့က မောင်နှမအရင်းတွေလို နေထိုင်ခဲ့ကြတာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ ငါရှိနေတာတောင် မင်း သတိမပြုမိရတာလဲ။ ငါ့ကို တစ်ချက်ကလေးမှတောင် မကြည့်ဘူး။ စကားတစ်လုံးမှလည်း မဆိုဘူး။ ဒီအတိုင်း ထွက်သွားတယ် ဟုတ်လား’

သူ၏မိန်းမ နေကောင်းသလား၊ အခြေအနေကောင်းလားဆိုသည်ကို သူ မေးမြန်းချင်စိတ်ရှိ၏။ သို့ပေမည့် ကျင်းကျန့်နန်သည် သူ့ကိုပင် မမြင်ခဲ့ချေ။ ကျင်းဟွေ့သည် အမှတ်မထင် သက်ပြင်းချလိုက်မိပြီး မနေ့ညက တစ်ညလုံး အိမ်သာထဲတွင် ဆောင့်ကြောင့်ထိုင်နေရသည့် မြင်ကွင်းကို ပြန်လည်ကာ မြင်ယောင်လာမိ၏။

‘ဟင်း.. ဒီလိုလူမျိုးနဲ့ အလုပ်လုပ်ရတာ ကောင်းတဲ့အရာ တစ်ခုတော့ မဟုတ်ဘူး’

ပြီးနောက် သူသည် အလောတကြီးပင် ပါးစပ်ကို အုပ်ကာမိ၏။ သူသည် စိတ်ထဲမှ ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း ပါးစပ်မှ လွှတ်ခနဲ ထွက်သွားမလား ဆိုသည်ကို စိုးရိမ်မိ၏။ ထို့အပြင် သမက်တော်သည် အရာအားလုံးကို ကျွမ်းကျင်သည့် လူတစ်ယောက်ဖြစ်၏။ စိတ်ဖတ်ခြင်းကိုပါ တတ်ကျွမ်းနေပါက သူသာ ဒုက္ခရောက်မည် မဟုတ်ပါလား။

...........

ရှမ့်လန်နှင့် ရွှမ်ဝူတို့သည် တောင်စောင်းတွင် ရှိနေသည့် အိမ်ဆီမှ ထွက်ခွာသွားခဲ့ကြ၏။ သူတို့သည် မနီးမဝေးတွင် ရှိနေသည့် ကြီးမားလွန်းသော မိုင်းတွင်းကြီးကို လှမ်းကြည့်လိုက်၏။ လူပေါင်း တစ်သောင်းကျော်တို့သည် ထိုမိုင်းတွင်းကြီးထဲတွင် အလုပ်လုပ်လျက်ရှိနေ၏။

ဟုတ်ပေ၏။ ရွှေများကို တူးနေခြင်း မဟုတ်ပေ။ ကြောက်လန့်ဖွယ်ရာ ကောင်းသည့် ထောင်ချောက်ကြီးတစ်ခုကို အဆုံးသတ်နေကြခြင်းပင် ဖြစ်၏။ ဝမ်ကျားကျွန်းစီမံကိန်းကို မည်မျှကြာအောင် ပြင်ဆင်ခဲ့ရသနည်း။ ပြောရမည်ဆိုလျှင် ဤမဟာဗျူဟာကို စတင်ပြီး နှစ်ဝက်နီးပါးခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဤအရာကိုစတင်ပြီး အကောင်အထည်ဖော်ခဲ့သည်မှာ လွန်ခဲ့သည့် လေးလကတည်းက ဖြစ်၏။ အနည်းဆုံး လူပေါင်းသောင်းချီ ပါဝင်ပတ်သက်ခဲ့၏။ အနည်းဆုံးအားဖြင့် လူပေါင်းထောင်ချီတို့ တည်ရှိနေ၏။ တကယ့်ကို ကြီးမားလွန်းသည့် အားအင်စိုက်ထုတ်မှုပင်။ လူပေါင်းတစ်သောင်းကျော်တို့သည် ဖောက်ထွင်း၍ မရနိုင်ခဲ့သည့် ပိုက်ကွန်ကြီးကို နှစ်ဝက် နီးပါးလောက် ကြိုးစားတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ရှမ့်လန်ကပြောလိုက်၏။ “အဖေ ... နှစ်သစ်ရောက်တော့မှာပဲ”

ရွှမ်ဝူကျင်းကျိုးက ပြောလိုက်သည်။ “အင်း.. သုံးရက်ပဲလိုတော့တယ်”

ယခုနှစ်သည် မြန်မြန်ဆန်ဆန်နှင့် ကုန်လွန်သွားတော့မည်ဖြစ်၏။

ကျင်းကျိုးမြို့စားကြီးကပြောလိုက်သည်။ “အင်း.. အရင်တုန်းက နွေဦးရာသီပွဲတော် ရောက်တိုင်း ရောက်တိုင်းမှာ ငါတို့အိမ်တစ်ခုလုံးက မီးအိမ်တွေ၊ စာတန်းတွေနဲ့ အသက်ဝင် လှုပ်ရှားပြီး ပျော်ရွှင်စရာဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲတာကို ငါ သိပ်မကြိုက်ခဲ့ဘူး။ အချိန်တိုင်း အချိန်တိုင်း အဲလိုမျိုးလုပ်ရတာကို မကြိုက်ခဲ့ဘူး။

တော်ဝင်မျိုးနွယ်တွေမှာ ဒီလိုမျိုးလုပ်ရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဒါတွေက အသုံးဝင်လား၊ အသုံးမဝင်လား မသိဘူး။ ဒါပေမယ့် လုပ်ကိုလုပ်နေရတဲ့ အရာမျိုးပေါ့။ ဒီလိုအရာမျိုးတွေကို ငါ မကြိုက်တာတော့ သေချာတယ်”

လူတွေအကုန်လုံး ဒုက္ခရောက်နေတဲ့အချိန်မှာ ငါတို့က ဒီလိုမျိုးတွေ လုပ်နေမယ်ဆိုရင် သူတို့က ပြောကြမှာပေါ့။ ကြည့်... ကျင်းမိသားစုကိုကြည့်... ပျော်ပွဲရွှင်ပွဲတွေ လုပ်နေကြတယ်နော် ဆိုတာမျိုး .... ဒီအသံတွေ ထွက်လာမှာကို ငါဘယ်လိုမှ မခံနိုင်ဘူး”

ရှမ့်လန်က နားလည်သွားခဲ့သည်။ သူ၏ ယောက္ခထီးကြီးသည် အချိန်တော်တော်များများ၌ လူပေါင်းများစွာတို့၏ စိတ်ဆန္ဒကို နားလည်ခြင်းဖြင့် နေထိုင်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်သာလျှင် မြေပိုင်နက်အတွင်းရှိ လူအများ၏ လေးစားမှုကို ခံရခြင်း ဖြစ်၏။ ထို့အပြင် ဤအရာသည် ဂုဏ်သိက္ခာတရားပင် ဖြစ်၏။

ဂုဏ်သိက္ခာတရား ဆိုသည်မှာ ဝယ်ယူ၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ လူများ၏နှလုံးသားတို့တွင် တည်ရှိ နေသည့် အရာသာဖြစ်၍ သွားရောက်ထိုးထည့်ပေး၍လည်း မရနိုင်သလို၊ သွားရောက်ဆွဲထုတ်၍လည်း မရနိုင်ပေ။ မိမိ၏အပြုအမူ၊ စိတ်နေစိတ်ထား၊ အချက်အလက်အားလုံးပေါ်တွင် မူတည်၍ ဖြစ်လာခဲ့ခြင်းပင်။ ဤကဲ့သို့သော ဂုဏ်သိက္ခာတရားကို ဖန်တီးနိုင်ဖို့အတွက် ကျင်းကျိုးမြို့စားကြီးသည် နှစ်ပေါင်း နှစ်ဆယ်တိတိ ကြိုးစားခဲ့ရသည်။

ကျင်းကျိုးမြို့စားကြီးက ပြောလိုက်၏။ “အခု ဒါတွေအကုန်လုံးပြီးရင် ငြိမ်းချမ်းတော့မှာလား”

ရှမ့်လန်က ပြောလိုက်သည်။ “ဘာပဲပြောပြော၊ တကယ့်ကို ကြီးမားတဲ့အရာကြီးကို ကျုပ်တို့ ပြင်ဆင်ရအုံး မှာပဲ။ မပြီးသေးပါဘူး”

ကျင်းကျိုးကပြောလိုက်၏။ “ဒီနှစ်ပွဲတော်မှာ မိသားစုတွေ တူတူမနေနိုင်ခဲ့ဘူး။ ဘာလို့ မင်း အိမ်ကို မပြန်တာလဲ။ အိမ်ပြန်ပြီး မင်းရဲ့မိဘ၊ မူလန်၊ ပြီးတော့ မင်းယောက္ခမနဲ့ ထမင်းလေးဘာလေး သွားစားအုံးပေါ့”

ရှမ့်လန်က ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ထိုအဆိုပြုချက်ကို ချက်ချင်းပဲ ငြင်းပယ်လိုက်သည်။

“မဖြစ်သေးပါဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ပြီးရင် အားလုံးကို ဖမ်းဆီးမယ့် စီမံကိန်းကစတော့မှာလေ။ ဒီအရာက အရေးကြီးဆုံးအရာတစ်ခုပဲ။ ပေါ့ပေါ့ပါးပါး နေလို့မဖြစ်ဘူး။ ဘာအမှားအယွင်းမှလည်း ပြုလုပ်လို့ မဖြစ်ဘူး။ ကျုပ်တို့ ဒီနှစ်ကုန်ရင် အသက်ရှင်ချင် ရှင်လိမ့်မယ်။ ဒါပေမယ့် ရန်သူတွေကိုလည်း သတ်ပစ်ရမယ်။ စစ်ပွဲက မကြာခင် လာတော့မှာ”

ရွှမ်ဝူက ပြောလိုက်သည်။ “ဟုတ်တယ်၊ စစ်ပွဲက မကြာခင် လာတော့မှာပဲ။ ငါ့အဖေကြောင့်ဖြစ်ခဲ့တဲ့ အရှက်သိက္ခာတရားကို ငါကျိန်းသေပေါက် လက်စားချေရမယ်။ ငါ့အဖိုးအတွက် ငါ ဒီကောင်တွေကို သတ်ပစ်ရတော့မှာပဲ”

................

“ဒီနှစ်ကူးမှာတော့ ဘာမှမလုပ်ဖြစ်တော့ဘူး”

နုရှောင့်မြို့၏ အခမ်းနားဆုံးသော ခြံဝင်းထဲတွင် အလွန်လှပသော အမျိုးသမီးတစ်ယောက်က သက်ပြင်းချလိုက်၏။ ယနေ့သည် အမှန်ပင် အေးလှသည်။ မိုးနှင်းပွင့် အချို့ပင် ညင်သာစွာ ကျဆင်းနေ၏။ အပြင်ဘက်တွင် လေအေးများ တိုက်ခတ်နေသော်လည်း အိမ်တွင်းမှာမူ နွေဦးကဲ့သို့ နွေးထွေးနေသည်။

ထိုအလွန်လှပသော အမျိုးသမီးသည် မြေခွေးမွှေးအင်္ကျီကို ဝတ်ဆင်ထားပြီး မျက်လုံးများ တောက်ပကာ သွားများ ဖြူဖွေးနေသည်။ သူမသည် သူမ၏ ဖြူဖွေးသော လက်များကို မြှောက်၍ ပြတင်းပေါက်မှ အလင်းရောင်ဖြင့် ဂရုတစိုက် ကြည့်နေ၏။ သူမ၏လက်သည် နူးညံ့ပျော့ပျောင်းခြင်း ရှိမရှိ၊ အအေးမိ၍ အကွက်အပြောက်များ ပေါ်လာ၊ မလာကို ကြည့်နေခြင်းပင်။ သဘာဝကျစွာပင် မရှိပေ။ ကျောက်စိမ်းကဲ့သို့ နုဖတ်လျက် ကြက်သွန်မြိတ်ကဲ့သို့ ဖြူဖွေးနေဆဲဖြစ်၏။

သူမသည် ပျင်းရိစွာ ထိုင်နေ၏။ ဘေးတွင် အစေခံ လေးယောက်၊ မိန်းမစိုး ဆယ်ယောက်တို့က အမှုထမ်းနေကြသည်။

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ထိုင်စရာနေရာပင်မရှိချေ။ ရပ်နေချိန်တွင်ပင် ခါးကိုင်း၍ ဦးညွှတ်နေရသည်။

ဤအမျိုးသမီး၏ အမည်မှာ ကျောင်းရန်ဖြစ်၏။ အိမ်ရှေ့စံမင်းသား၏ ယုံကြည်စိတ်ချရသူနှင့် ကိုယ်လုပ်တော် တစ်ယောက်ပင်။ အတိအလင်း လက်ထပ်၍ မိဖုရားဘွဲ့ကို မရရှိသေးသော်လည်း အပြင်ဘက်တွင်မူ အိမ်ရှေ့စံမင်းသား၏ အလိုတော်ကို ကိုယ်စားပြုနိုင်သည်။ ထို့ကြောင့် မြို့စားကြီးပင် သူမရှေ့တွင် ထိုင်ခုံ မရှိပေ။

“ကောင်းပြီ၊ ဆုတ်ခွာကြ”

အစေခံများနှင့် နန်းတွင်းမိန်းမစိုးအားလုံး ဆုတ်ခွာသွားကြပြီး အသက်ကြီးသော နန်းတွင်းမိန်းမစိုးတစ်ယောက်သာ ကျန်ခဲ့၏။ သိုင်းပညာ အလွန်မြင့်မားပြီး အသက်ကြီးသော နန်းတွင်းမိန်းမစိုး ဖြစ်သည်။

“တကယ်ပဲ ရွှေတွင်း ရှိနေတာလား” ကျောင်းရန်က မေးလိုက်၏။

ထန်လွမ်က ပြောလိုက်သည်။ “တကယ်ပဲ ရွှေတွင်း ရှိပါတယ်။ နုရှောင့်မြို့ရဲ့ သခင်လေး ချောင်ရှောင်းက ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ ဥမင်လိုဏ်ခေါင်းထဲမှာ မရေမတွက်နိုင်တဲ့ ရွှေမှုန်တွေ ရှိတယ်။ သန့်စင်ထားတဲ့ ရွှေတုံးတွေ ပိဿာချိန် တစ်ရာကျော် ရှိတယ်။ တွင်းထဲမှာ လက်ရှိလက်ကျန် ပိဿာချိန် ၅၀,၀၀၀ ကျော် ရှိပါတယ်”

ကျောင်းရန်သည် အမူအရာမပျက်ဘဲ လက်ဖက်ရည်ခွက်ကိုယူ၍ ငြင်သာစွာ တစ်ငုံသောက်လိုက်၏။ “ရွှေတွင်းဆိုတာ ဒီလိုမဟုတ်ဘူး”

ကျောင်းရန်က လက်ယပ်ခေါ်လိုက်သည်။

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ချက်ချင်းပင် ရှေ့သို့တိုးလာပြီး လက်ထဲမှ စက္ကူကို ဖြန့်ပေးလိုက်၏။ ဤသည်မှာ ချောင်ရှောင်၏ မူရင်းစာ မဟုတ်ဘဲ ပင်လယ်ဓားပြဘုရင်ထံမှ ကူးယူထားသော စာဖြစ်၏။

ကျောက်ယန်က ပြောလိုက်သည်။ “ရွှေတွင်းက ဒီလိုမဟုတ်ဘူး။ သတ္တုရိုင်းမြေသားထဲကနေ အစုလိုက် အပြုံလိုက် ရွှေမှုန်တွေ မြင်ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အကယ်၍...”

“ရှေးဟောင်းရွှေကြောပေါ်မှာ မဟုတ်ရင်ပေါ့” ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ဆက်ပြောလိုက်၏။

ကျောင်းရန်သည် ထိုင်ခုံ၌ ပျင်းရိစွာ လှဲချလိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “မင်းရဲ့ ဆိုလိုရင်းက ဘာလဲ”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “ကျုပ် ချောင်ထျန်းဝေနဲ့ မဟာမိတ်ဖွဲ့ပြီး ဝမ်ကျားကျွန်းကို သိမ်းပိုက်ချင်ပါတယ်”

“အင်း”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ထပ်ပြောလိုက်သည် “ချောင်ထျန်းဝေက ဘုရင်မင်းမြတ် အမျက်ထွက်မှာကို စိုးရိမ်တယ်၊ စိုးရိမ်ပူပန်တယ်၊ ဒါကြောင့်...”

ကျောင်းရန်က မေးလိုက်၏။ “ဒါကြောင့် ဘာဖြစ်လဲ”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားက နိုင်ငံတော်အရေးကို စိတ်ဝင်တစား စောင့်ရှောက်ပြီး နိုင်ငံတော်အတွက် ကြိုးပမ်းနေပေမယ့် လက်အောက်ခံတွေက မရိုသေကြဘူး။ ဝမ်ကျားကျွန်း ရွှေသတ္တုသိုက်ရဲ့ ၂၅% ကို ဆက်သလိုပါတယ်။ နှစ်စဉ်ဆက်သပါ့မယ်”

ကျောင်းရန်က ပြောလိုက်သည်။ “လက်အောက်ခံနယ်မြေကို ပင်လယ်ဓားပြတွေ သိမ်းပိုက်သွားရင် ဘုရင်မင်းမြတ်အနေနဲ့ အရှက်ရစရာဖြစ်တယ်။ အခု နန်အိုတိုင်းပြည်နဲ့ စစ်ဖြစ်နေတာကို အကြောင်းပြလို့ ရသေးတယ်။ ဟိုဘက်က ပုန်ကန်မှုကို နှိမ်နင်းပြီးသွားရင် အကြောင်းပြချက်မရှိတော့ဘူး။ ရွှဲ့နိုင်ငံရဲ့ နယ်မြေကို ပင်လယ်ဓားပြတွေ အချိန်ကြာမြင့်စွာ သိမ်းပိုက်ထားရင် ဂုဏ်သိက္ခာကျဆင်းမှာ မဟုတ်လား”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “မိဖုရား ပြောတာ မှန်ပါတယ်”

ဤမျက်နှာချိုသွေး စကား.. ကျောင်းရန်သည် အိမ်ရှေ့စံ၏ မိဖုရား မဟုတ်ပေ။

All Chapters