ပံ့ပိုးကူညီခြင်း
Vol. 158 Ch. 2247
"ကျေးဇူးများကြီးတင်ပါတယ်။" ရီဖူရှင်းက ခေါင်းညိတ်ကာ သွမ့်ထျန်းရှုံကို ပြောလိုက်သည်။
ဤသည်က သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ပေသည်။ သူ့ကို ထိုကဲ့သို့ ထောက်ခံပေးပြီး သူ့ဘက်မှ ရပ်တည်ရန်မှာ ထိုသူက ရီဖူရှင်းနှင့်အတူ သေသေရှင်ရှင် ရှိနေမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အခက်အခဲများအလယ်၌သာ တစ်စုံတစ်ယောက်က စစ်မှန်သော မိတ်ဆွေဟုတ်မဟုတ် သိနိုင်ပေသည်။
"ဆရာ။" ကျန်းယွဲ့လီက သူမ ဘေးတွင် ရပ်နေသည့် မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ်ကို ခေါ်လိုက်သည်။ ချင်းချင်းကလည်း သူမ ဆရာကို ကြည့်လိုက်သည်။ သူတို့သည် ယခင်က ရီဖူရှင်းနှင့် အဆက်အသွယ် ရှိခဲ့သည်။ ရီဖူရှင်း၏ ပါရမီအကြောင်းက မည်သို့မှ ပြောရန် မလိုအပ်ပေ။ ယခင်ကထက် ပို၍ သာလွန်လာသည်ကို သက်သေပြပြီး ဖြစ်သည်။
သူတို့သည် ဟိုအရင်အချိန်ကြာမြင့်စွာကတည်းက ရီဖူရှင်း၏ မိတ်ဆွေ ဖြစ်လာချင်နေကြခြင်း ဖြစ်သည်။ ချင်းချင်းနှင့် ရီဖူရှင်း၏ ဆက်ဆံရေးကလည်း အတော်လေး ကောင်းမွန်ပေသည်။
ယခု ရီဖူရှင်းက သေခြင်းရှင်ခြင်း အခြေအနေနှင့် ကြုံတွေ့နေရသောအခါ သူ့ကို ကူညီထောက်ပံပေးရန် မိတ်ဆွေအချို့ လိုအပ်နေပေလိမ့်မည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ထောက်ခံအားပေးနေသရွေ့အခြေအနေက ပြောင်းပြန် ဖြစ်သွားနိုင်ပေသည်။ အဆုံးမှာတော့ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများစွာသည် အားကောင်းလှသည့် ရန်လိုမှုကို မပြသကြပေ။ အမှန်တွင် သူတို့က ဤနေရာသို့ စူးစမ်းလေ့လာရန် ရောက်နေကြခြင်း ဖြစ်သည်။
ရီဖူရှင်းကို သတ်ပြီး စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်ကို ခိုးယူရန်မှာ ဤမျှ ထိပ်သီးအင်အားစုများစွာနှင့် သူတို့က ရီဖူရှင်းကို သတ်ဖြတ်လိုက်လျှင်ပင် မဟာအင်ပါယာ၏ အမွေအနှစ်က မည်သူ့အပိုင် ဖြစ်သွားလိမ့်မည်နည်း။
သူတို့သည် ၎င်းအတွက် ကျိန်းသေတိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။ သို့ဆိုလျှင် အင်အားစုအားလုံးက ၎င်းအတွက် စစ်ပွဲနောက်တစ်ခု စတင်သွားနိုင်ပေသည်။
ထိုကြောင့် ရီဖူရှင်းနှင့် ရန်ငြိုးရှိသော သူများသာလျှင် ရီဖူရှင်းအား အမှန်တကယ် သတ်ဖြတ်ရန် ဆုံးဖြတ်ကြမည် ဖြစ်သည်။ ထို့အပြင် အရှုပ်အထွေးများနှင့် ပရမ်းပတာ ဖြစ်လာမည်ကို မစောင့်နိုင်တော့သော မှော်နက်လောကနှင့် နတ္ထိဘုံမှ လူများလည်း ရှိနေသေးသည်။ သူတို့သည် ကောင်းကင်ဒေသမှ အင်အားစုများ သွေးကွဲသွားပြီး ပြင်းထန်သည့် အရှုပ်အထွေးတို့ ဖြစ်လာမည်ကို မစောင့်နိုင်ကြတော့ပေ။
ထိုအခိုက်အတန့်တွင် လူအများသည် အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိကြပေသည်။ ချက်ချင်းပင် လူအများက ခေါင်းမော့ကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူတို့ မော့ကြည့်လိုက်သည့်အခါ ရှေ့သို့ ခြေလှမ်းလာသည့် ပုံရိပ်များစွာကို မြင်လိုက်ကြရသည်။ သူတို့ တစ်ယောက်ချင်းစီက ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များ ဖြစ်သည်။ တစ်ယောက်ချင်းစီမှ ထုတ်လွှတ်နေသော အရှိန်အဝါတို့က အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထိုလူများ ထွက်ပေါ်လာသည့်အခါ တုန်းဟွာနယ်မြေ ထိပ်သီးအင်အားစုမှ လူအချို့က ထွက်ပေါ်လာသည့်အခိုက်အတန့်၌ မျက်နှာအမူအရာက ပြောင်းလဲသွားပေသည်။ ကောင်းကင်၌ ထွက်ပေါ်လာသူများကို မြင်သည့်အခါ နင်ဟွာ၏ အကြည့်များတွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"သူ ပြောတာ မှန်တယ်။ ကောင်းကင်ဒေသက ကျင့်ကြံသူမိတ်ဆွေတွေ မဟာအင်ပါယာက ဖြတ်လမ်းကြောင်းကို ဘာအတွက်ကြောင့် ဖွင့်ပေးခဲ့တာလဲ။ ခင်ဗျားတို့ သေသေချာချာ စဥ်းစားသင့်တယ်။ ကျုပ်တို့ ကောင်းကင်ဒေသထဲက အင်အားစုတစ်ခုကို ဆန့်ကျင်ဖို့အတွက် ပြင်ပဘုံက အင်အားစုတွေနဲ့ ပူးပေါင်းမယ်ဆိုရင် အင်ပါယာနန်းတော်က ဘယ်လိုတွေးလိမ့်မလဲ။" ကောင်းကင်မှ လူက ကျယ်လောင်စွာ ပြောလိုက်သည်။ "ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ အမွေအနှစ်ကို ရရှိခဲ့တာ သင့်တော်ပါသေးတယ်။ အနည်းဆုံးတော့ မဟာအင်ပါယာရဲ့ အမွေအနှစ်က အခိုးမခံခဲ့ရဘူးလေ။"
ထိုလူများက အောက်သို့ လျှောက်လာခဲ့ပေသည်။ နင်ဟွာက သူတို့ကို ကြည့်လိုက်သည်။ သူက အဆင်ပြေနေပုံမပေါ်ပေ။ သူသည် အတိတ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အချို့ကို ပြန်စဥ်းစားနေပုံရသည်။
အမှန်ပင် သူတို့ ဖြစ်သည်။ ထိုအချိန်က သူတို့သာလျှင် ရီဖူရှင်းကို ကယ်တင်နိုင်ခဲ့ပေသည်။
သို့သော် လောကကြီး၏ အရေးကိစ္စများတွင် ပါဝင်ပတ်သတ်ခြင်းမရှိဘဲ လိပ်နတ်ဘုရားကျွန်း၌သာ နေထိုင်ခဲ့သော ထိုအကြီးအကဲက မည်သည့်အတွက်ကြောင့် ရီဖူရှင်းကို ကူညီရန် လက်ကမ်းပေးခဲ့ရသနည်း။
သူ ယနေ့ ဤနေရာသို့ ရောက်လာခြင်းမှာလည်း ရီဖူရှင်းကို ကူညီရန် ဖြစ်ပေလိမ့်မည်။
ထိုပုဂ္ဂိုလ်မှာ မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သည့် နတ်သမုဒ္ဒရာကုန်းမြေ လိပ်နတ်ဘုရားကျွန်းစုမှ လွှမ်းမိုးနိုင်သော ထိပ်သီးပုဂ္ဂိုလ်ဖြစ်သည့် အင်ပါယာရှီ ဖြစ်ပေသည်။ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်လည်း လိုက်ပါလာသည်။ သူတို့နှစ်ယောက်အပြင် ဆေးအင်ပါယာနှင့် လီချန်ရှန်းလည်း ရှိနေသည်။
အင်ပါယာရှီ၏ အပြုအမူက ထို့ထက်ပို၍ လျှို့ဝှက်ချက် မဟုတ်တော့ပေ။
ဆေးအင်ပါယာနှင့် တုန်းဟွာနယ်မြေ၏ အဓိကအိမ်တော်ကြားမှ ရန်ငြိုးအာဃာတက သေလောက်သည်အထိ ပြင်းထန်သည်အား လူတိုင်း သိကြသည်။ ယနေ့ အင်ပါယာရှီက သူတို့နှင့်အတူ ရောက်လာသည်ဆိုခြင်းမှာ မညျသညျ့အဓိပ်ပါယျဖွဈကွောငျး ထုတ်ပြောနေရန် မလိုပေ။
သူတို့သည် နယ်မြေသခင်အိမ်တော်မှ မည်သို့ မြင်မည်ကို ထပ်မံဂရုစိုက်ခြင်းမရှိတော့ပေ။
တုန်းဟွာနယ်မြေ၏ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်သည့်အခိုက်အတန့်၌ ချက်ချင်း နားလည်သဘောပေါက်သွားကြသည်။ သူတို့သည် ယခုကဲ့သို့ အခိုက်အတန့်၌ အင်ပါယာရှီက ရီဖူရှင်းကို ကူညီရန် ထွက်ပေါ်လာလိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်ထားဖူးခြင်း မရှိပေ။
အအံ့သြဆုံးလူမှာ ရီဖူရှင်းကိုယ်တိုင်ပင် ဖြစ်သည်။ သူက အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကို မြင်ရုံမျှမက ဆေးအင်ပါယာနှင့် လီချန်ရှန်းကိုပါ မြင်တွေ့နေရပေသည်။
ဆေးအင်ပါယာနှင့် လီချန်ရှန်း။ ထိုစီနီယာနှစ်ယောက်က သူ့ကို ယခင်နေ့ရက်များ၌ ဂရုစိုက်ကာ ကူညီပေးခဲ့ကြသည်။
"အင်ပါယာရှီ၊ ကောင်းကင်အရှင်။" ရီဖူရှင်းက အင်ပါယာရှီနှင့် မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကို အရင် နှုတ်ဆက်လိုက်ပြီးနောက် အကြည့်များကို ဆေးအင်ပါယာနှင့် လီချန်ရှန်းထံသို့ ရွှေ့ပြောင်းသွားခဲ့သည်။ သူ့မျက်လုံးများထဲ၌ အပြုံးတစ်ခုကို မြင်နိုင်ပေသည်။
"ကျုပ်တို့ အချိန်မီရောက်လာတာပဲ။" လီချန်ရှန်းက အပြုံးနှင့် ပြောလိုက်သည်။
ဆေးအင်ပါယာက ရီဖူရှင်းထံသို့ လျှောက်လာကာ သူ့ပခုံးကို ပုတ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ "ကျုပ် မင်းအကြောင်း အများကြီး ကြားတယ်။ မဆိုးဘူး။"
"အကြီးအကဲ အဆင်ပြေရဲ့လား။" ရီဖူရှင်းက မေးလိုက်သည်။
"အင်း.. ကျုပ် ဒဏ်ရာတွေက သက်သာလုနီးပါးပဲ။" ဆေးအင်ပါယာက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်၌ ရှိနေသော ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်တို့ အခု တိုက်ခိုက်လို့ရပြီ။"
"ကျွန်မကိုပါ ထည့်တွက်လိုက်။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ အင်ပါယာရှီ၊ ဆေးအင်ပါယာနှင့် အခြားလူများက အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့ထံ လျှောက်လာသူမှာ မြူနှင်းဝေနတ်နန်းတော်မှ ဓားနတ်မိမယ် ဖြစ်လေသည်။ ဤသည်မှာ ရီဖူရှင်းအား အနည်းငယ် အံ့အားသင့်သွားစေသည်။ သူသည် ဓားနတ်မိမယ်ကလည်း ဤသို့ အခြေအနေမျိုး၌ သူ့ကို ပံပိုးကူညီပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဓားနတ်မိမယ်သည် အနီးဝန်းကျင်မှ ကျင့်ကြံသူများကို ထက်ရှသော အကြည့်များနှင့် ကြည့်ရင်း ပြောလိုက်သည်။ "အင်ပါယာရှီရဲ့ စကားတွေက ကျွန်မ ပြောချင်တာနဲ့ ကွက်တိပဲ။ ကောင်းကင်ဒေသက လူတိုင်းပဲ သေချာဂရုစိုက်စဥ်းစားပါ။ ရှင်တို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို မကူညီတာက အဆင်ပြေတယ်။ ဒါပေမယ့် တကယ်ပဲ ပြင်ပဘုံက ကျင့်ကြံသူတွေနဲ့ လက်တွဲဖို့ ရည်ရွယ်နေရင် အင်ပါယာနန်းတော်က သေချာပေါက် မပျော်မရွှင် ဖြစ်လိမ့်မယ်။ ပြီးတော့ ဒီနေ့ နယ်မြေအသီးသီးရဲ့ နယ်မြေသခင် အိမ်တော်က လူတွေလည်း ရောက်လာကြတယ်မလား။ ရှင်တို့ ဒီကို ရောက်လာတာ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ဖြစ်မယ်လို့ ကျွန်မ ယုံတယ်။ ကျွန်မတို့ ရန်သူတွေ မဖြစ်သင့်ဘူးမလား။"
အမှန်တကယ်ပင် ယနေ့၌ တုန်းဟွာနယ်မြေသခင်အိမ်တော်မှ နင်ဟွာ၊ ရှန်ချင်းနယ်မြေမှ ကျိုးမုဟွမ်အပါအဝင် နယ်မြေအသီးသီးရှိ နယ်မြေသခင်အိမ်တော်များမှ ကျင့်ကြံသူများစွာ ရောက်နေခဲ့ကြသည်။
သို့သော် သူတို့က ရီဖူရှင်းကို ဆန့်ကျင်ရန် ရည်ရွယ်ချက် မရှိသလို ဆန့်ကျင်မည်လည်း မဟုတ်ပေ။ သူတို့က စောင့်ကြည့်နေရုံသာ ဖြစ်သည်။ ရီဖူရှင်းအား ပစ်မှတ်ထားရန် သူတို့၏ ကျင့်ကြံသူများကို အမိန့်ပေးရန် ဖြစ်နိုင်ချေမှာ အလွန်နိမ့်ပေသည်။ သူတို့က ထိုသို့ လုပ်ခဲ့လျှင် အင်ပါယာနန်းတော်ကို ရှင်းပြရခက်သွားပေလိမ့်မည်။
"မြူနှင်းဝေနတ်နန်းတော်က ဓားနတ်မိမယ်က ကျုပ်တို့ တုန်းဟွာနယ်မြေမှာ အားအကောင်းဆုံး အမျိုးသမီး ရန်ဟောင်တစ်ပါး ဖြစ်နေတာ မအံ့သြတော့ပါဘူး။" အင်ပါယာရှီက ရယ်မောကာ ချီးကျူးလိုက်သည်။ ထိုသို့သော သတ္တိမျိုးက အလွန် ရှားပါးပေသည်။
"ကျေးဇူးတင်ပါတယ် နန်းတော်သခင်။" ရီဖူရှင်းက ဓားနတ်မိမယ်ကို အရိုအသေပေးလိုက်သည်။ ဤတစ်ကြိမ်၌ သူ့ဘက်မှ ရပ်တည်ပေးခဲ့သည့်အတွက် သူက ထိုခင်မင်ရင်းနှီးမှုအား အမြဲထာဝရ မှတ်မိနေပေလိမ့်မည်။
"အရမ်း ယဥ်ကျေးလွန်းနေပါပြီ။" ဓားနတ်မိမယ်က သူ့ကို အာရုံမစိုက်ဘဲ သူမ၏ ထက်ရှသော မျက်လုံးများက ကောင်းကင်သို့ ရွှေ့ပြောင်းသွားခဲ့သည်။ ထို့နောက် သူမက ပြောလိုက်၏။ "ဒီနေ့မှာ အရှုပ်အထွေးတွေက ပိုပြီး ပြင်းထန်လာနေပြီ။ ကျွန်မတို့ ကောင်းကင်ဒေသမှာ ထွက်ပေါ်လာတာ ရှင်တို့အားလုံး ပြင်ပဘုံနဲ့ ပူးပေါင်းပြီး ကောင်းကင်ဒေသရဲ့ ပါရမီရှင်နဲ့ ရင်ဆိုင်မယ့်အစား သူ့ကို ကူညီပေးသင့်တယ်။ ကျွန်မတို့အချင်းချင်းကြားမှာ တိုက်ခိုက်မှုဖြစ်ပွားလာခဲ့ရင် ကောင်းကင်ဒေသရဲ့ အင်အားက အားနည်းသွားလိမ့်မယ်။ မဟာအင်ပါယာ ရှင်တို့ကို အပြစ်မပေးခဲ့ရင်တောင် လူတွေက ဒါကို အမှတ်ရနေလိမ့်မယ်။ ရှင်တို့ သေချာဂရုတစိုက် စဥ်းစားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
အလွန် လွှမ်းမိုးနိုင်စွမ်းရှိသော ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး သူတို့၏ စကားများက လူအများကို သက်ရောက်စေခဲ့သည်။ ဤတိုက်ပွဲ၌ ကောင်းကင်ဒေသမှ လူများ ပါဝင်ရန်မှာ အတော်လေး ခက်ခဲပေလိမ့်မည်။
"ဒါက အမွေအနှစ်လေးတစ်ခုပါပဲ။ ကျင့်ကြံသူတစ်ယောက် ယူသွားတာ အမှားမှ မဟုတ်တာ။" အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထက်ရှသည့် ဓားအလင်းတစ်ခုက ကောင်းကင်မှ ကျဆင်းလာပြီး ကောင်းကင်ထက်၌ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာသည်။ သူက ထိုနေရာ၌ ရပ်နေခဲ့၏။ သူက ဖျက်ဆီး၍ မရနိုင်သော ဖြစ်တည်မှုတစ်ခုကဲ့သို့ လောကတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေနိုင်လောက်သည့် ထက်ရှသော ဓားတစ်လက်ကဲ့သို့ပင် ဖြစ်သည်။
"ထိုက်ချူဓားသခင်။" ရီဖူရှင်းသည် ထိုပုဂ္ဂိုလ်ကို မြင်သည့်အခါ ချက်ချင်း သိလိုက်သည်။ ထိုက်ချူတော်ဝင်မြေမှ နံပါတ်တစ်ကျင့်ကြံသူ ထိုက်ချူဓားသခင် ဖြစ်လေသည်။ သူက အရှင်ထိုက်ရွှမ်ကို ဒဏ်ရာရစေခဲ့သောသူလည်း ဖြစ်သည်။
သူက ထိုနေရာ၌ ရပ်နေသည်ကို ကြည့်ရင်း ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် အခြားအင်အားစုများမှ ကျင့်ကြံသူတို့၏ အကြည့်များက အေးစက်သွားသည်။ ယခင်က သူတို့သည် ထိုက်ချူဓားသခင်မှ လမ်းဆုံးထိ တွန်းပို့ခဲ့သည်ကို ခံစားခဲ့ရသည်။ အရှင်ထိုက်ရွှမ်သည်လည်း အကြီးအကျယ်ဒဏ်ရာရရှိသွားခဲ့၏။
"လူတိုင်းပဲ ဒီလိုဆက်ပြီး နှောင့်နှေးနေဦးမယ်ဆိုရင် အခြေအနေတွေက ထိန်းချုပ်ရ ပိုခက်လာလိမ့်မယ်။" ကိုက်ချိန်က အနီးရှိ ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်သည်။ အစောပိုင်းက အတူတကွ ပူးပေါင်း၍ ရီဖူရှင်းအား သတ်ဖြတ်ရန် အတော်လေးများပြားသည့် အင်အားစုတို့က သဘောတူခဲ့ကြသည်။
သူတို့က ရီဖူရှင်း၏ ထောက်ခံသူများကို ဆက်၍ စကားပြောခွင့်ပေးလိုက်လျှင် ပိုမိုများပြားသော လူများ၏ စိတ်ဓာတ်တို့က ယိမ်းယိုင်လာပေလိမ့်မည်။
အရပ်မျက်နှာအသီးသီးမှ ကျင့်ကြံသူများက အစွမ်းထက်သော စွမ်းအားတို့ကို ထုတ်လွှတ်လာခဲ့သည်။ မှော်နက်လောကနှင့် နတ္ထိဘုံမှ ကျင့်ကြံသူများက တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူတို့က မည်သည့် စိုးရိမ်စရာမှ ရှိမနေပေ။ သူတို့က မဟာအင်ပါယာ အပြစ်တင်ခြင်း အပြစ်ပေးခြင်းတို့နှင့် သက်ဆိုင်နေခြင်း မရှိပါချေ။ ရီဖူရှင်းအတွက်လည်း သူတို့ကို လက်စားချေရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ထို့အပြင် သူတို့က ဤကိစ္စနှင့် ကောင်းကင်ဒေသ၏ အင်အားကို အားနည်းသွားစေရန် လုပ်ဆောင်နိုင်သေးသည်။ မည်သည့်အတွက်ကြောင့် နောက်ပြန်ဆုတ်ရမည်နည်း။
ထို့ကြောင့် သူတို့သည် လှုပ်ရှားမှုပြုလုပ်ရန် တွေဝေခြင်း မရှိကြပေ။
"ကောင်းကင်ဒေသရဲ့ အတွင်းရေးကိစ္စကို အချင်းချင်းပဲ ဖြေရှင်းမယ်။ ဘာတွေပဲဖြစ်ဖြစ် အပြင်ဘက်က အင်အားစုတွေ ပါဝင်ပတ်သတ်စရာအကြောင်း မရှိဘူး။" အားအင်ပြည့်ဝလှသော အသံတစ်ခုက ပြောလိုက်သည်။ စကားပြောလိုက်သည့် ထိုလူက အစွမ်းထက်ကျင့်ကြံသူများစွာ ခြံရံ၍ ရပ်နေခဲ့သည်။
ရီဖူရှင်းက ခေါင်းကို မော့ကာ ကြည့်လိုက်၏။ ၎င်းက ကောင်းကင်ဒေသမှ အင်အားစုတစ်ခုဖြစ်သော်လည်း ရီဖူရှင်းက သူနှင့် မရင်းနှီးပေ။
အဆုံးမှာတော့ ကောင်းကင်ဒေသ၌ နယ်မြေဆယ့်ရှစ်ခု ရှိပြီး ရီဖူရှင်းက တုန်းဟွာနယ်မြေနှင့် ရှန်ချင်းနယ်မြေကိုသာ ရောက်ဖူးခဲ့သည်။ ထို့ကြောင့် သူက နယ်မြေနှစ်ခုမှ ထိပ်သီးပုဂ္ဂိုလ်များကိုသာ သိရှိပေသည်။ အခြားနယ်မြေမှ ကျင့်ကြံသူများက သူ့ရှေ့တွင် ရပ်နေလျှင်ပင် သူက သူတို့ကို မှတ်မိနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက သူ့ကို မသိသော်လည်း လူအများသည် ထိုသူက မည်သူဖြစ်ကြောင်း သိရှိကြသည်။ စကားပြောလိုက်သူမှာ ထိုက်ရှန်နယ်မြေ၏ နယ်မြေသခင်အိမ်တော်မှ လူဖြစ်သည်။ ထို့အပြင် ထိုက်ရှန်နယ်မြေက နယ်မြေဆယ့်ရှစ်ခုကြား၌ အားအကောင်းဆုံး နယ်မြေဖြစ်လေသည်။ ၎င်းသည် ကောင်းကင်ဒေသ အင်ပါယာနယ်မြေနှင့် နီးကပ်စွာ တည်ရှိပြီး အလွန် အစွမ်းထက်သည်။
ထိုက်ရှန်နယ်မြေသခင်အိမ်တော်မှ ကျင့်ကြံသူ၏ စကားလုံးများက ကြီးမားသော အလေးချိန်ကို သယ်ဆောင်ထားသည်။ သူ စကားပြောလိုက်သည့်အခါ ကောင်းကင်ဒေသမှ ကျင့်ကြံသူများ၏ မျက်နှာထက်၌ ဇဝေဇဝါဖြစ်နေသော အမူအရာတို့ ထွက်ပေါ်လာသည်။ သူ၏ စကားလုံးများက မှော်နက်လောကနှင့် နတ္ထိဘုံမှ ကျင့်ကြံသူများကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
သူက ထိုသူများကို ဖယ်ထုတ်ချင်နေသည်။ ရီဖူရှင်းနှင့် ပတ်သတ်သော ကိစ္စအားလုံးက ကောင်းကင်ဒေသ၏ အတွင်းရေးကိစ္စများဖြစ်သည်။
ကြည့်ရသည်မှာ အားကောင်းသည့် တစ်စုံတစ်ယောက်က ရီဖူရှင်းကို ကူညီပံ့ပိုးပေးချင်နေပုံရသည်။ သူတို့က ဤအရေးကိစ္စ၌ ပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မည်ကို မလိုချင်ကြပေ။ အနည်းဆုံး သူတို့က ရီဖူရှင်းအား ရင်ဆိုင်ရန် ကောင်းကင်ဒေသမှ လူများကို မှော်နက်လောက၊ နတ္ထိဘုံမှ လူများနှင့် မပူးပေါင်းစေလိုက်ကြပါချေ။
ထို့နောက် မှော်နက်လောကအင်အားစုများ ရှိသည့်ဘက်မှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်က မေးလိုက်သည်။ "မင်းတို့တွေ ဆက်လှုပ်ရှားဦးမှာရော ဟုတ်ရဲ့လား။"
ယခု ရီဖူရှင်းအား သတ်ဖြတ်လိုသည့် ကျင့်ကြံသူများက အဆိုးဘက်တွင် ရှိနေကြသည်။ ကိုက်ချိန်နှင့် အခြားလူများက အရေးမသာသည့် အခြေအနေတွင် ရှိနေကြပေသည်။
အစွမ်းထက် ကျင့်ကြံသူများက ရီဖူရှင်းအား တစ်ယောက်ပြီး တစ်ယောက် ထောက်ခံအားပေးလာကြသည်။ ထို့အပြင် တရားမျှတမှုဟူသည့် ခေါင်းစဥ်အတွင်း ကောင်းကင်ဒေသမှ လူများက အလျင်စလို မလှုပ်ရှားရဲကြပေ။ သို့သော် ကိုက်ချိန်တို့ အဖွဲ့က အခြားလူများနှင့် မတူပါချေ။ သူတို့က ရီဖူရှင်းကို မသတ်လျှင် သူတို့ကို သေခြင်းတရားက စောင့်ဆိုင်းနေပေလိမ့်မည်။
ယခု လေဟာနယ်ဘုံအတွင်းမှ အင်အားစုများက အမှန်တကယ်ပင် အရေးမသာ ဖြစ်နေခဲ့ပေသည်။
***