← Chapters

သက်ပြင်းချမိတယ်၊ စီးပွားရေးဆိုတာ ဒီလိုညှိနှိုင်းရတာမှမဟုတ်တာ

Vol. 6 Ch. 89

သက်ပြင်းချမိတယ်၊ စီးပွားရေးဆိုတာ ဒီလိုညှိနှိုင်းရတာမှမဟုတ်တာ

Vol. 6 Ch. 89

ချီလင်ဂျိုဓား၏ လက်ကိုင်မှာတိုပြီး လက်ကာဒီဇိုင်းက တစ်ဖက်တွင်သာ ရှိ၏။

ဓားသွားမှာ သိသာသော ကွေးညွှတ်မှုရှိပြီး အစွန်းမှာခက်ရင်းခွပုံဖြစ်နေကာ ချီလင်တစ်ကောင်၏ ချိုနှင့်တူသောကြောင့် ထိုသို့အမည်ပေးထားခြင်းဖြစ်သည်။

၎င်း၏ထူးခြားသောဒီဇိုင်းကြောင့် ချီလင်ချိုဓားက ထိုးခြင်းနှင့် ခုတ်ခြင်းနှစ်မျိုးလုံး ပြုလုပ်နိုင်ရာ တိုက်ခိုက်ရန်လွယ်ကူပြီး ခုခံရန်ခက်ခဲစေသည်။

ကျင့်ကြံသူများ အနက်ရောင်ဘုရင်အဆင့်သို့ မရောက်မီ တိုက်ပွဲများမှာ စွမ်းအင်တိုက်ခိုက်မှုများအဖြစ် မပြောင်းလဲမီအချိန်တွင် လက်နက်များက အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေဆဲပင် အထူးသဖြင့် ရွယ်တူများကြား တိုက်ပွဲများတွင် ဖြစ်သည်။

ပြိုင်ဘက်ကို တန်ပြန်နိုင်သော လက်နက်တစ်ခုက ကြီးမားသောကွာခြားမှုကို ဖြစ်စေနိုင်သည်။

ချီလင်ချိုဓားကို အထပ်ထပ်အခါခါ စစ်ဆေးပြီးနောက် ဖုန်းချိုင်ယင်က နောက်ဆုံးတွင် ကျန်းပေရန်ကို မော့ကြည့်ပြီး မေးလိုက်သည်။

"ညီကိုလောင်ဝူ ဒီလက်နက်ကို ဘယ်လိုခေါ်လဲ"

"ရွှေလက်ရုံး ချီလင်ဂျိုဓားလို့ခေါ်တယ် ဒါက ကျွန်တော် မတော်တဆရရှိခဲ့တဲ့ ထူးခြားတဲ့ လက်နက်တစ်ခုပဲ ထိုးတာ ခုတ်တာ လှီးတာနဲ့ ဝှေ့ယမ်းတာတွေမှာ ထူးချွန်ပြီး တိုက်ခိုက်မှု တစ်ခုချင်းစီမှာ ကြီးမားတဲ့စွမ်းအားကို ပေးစွမ်းတယ် ဒါ့အပြင် သူ့ရဲ့ဓားသွားကို ကြယ်ပုံစံသံမဏိနဲ့ သွန်းလုပ်ထားတာ ခင်ဗျားရဲ့အတွင်းအားကို ထည့်သွင်းလိုက်ရင် သူ့ရဲ့စွမ်းအားက နှစ်ဆတိုးသွားလိမ့်မယ်"

"တကယ်ပဲ ကြယ်ပုံစံသံမဏိပဲ လက်ရာကလည်း ထူးခြားတယ် ကျွန်တော်ဘဝတစ်လျှောက်လုံး ဓားတွေနဲ့ပဲ နေလာခဲ့တာ ပန်းပဲဆရာအမျိုးမျိုးနဲ့ လက်နက်ကောင်းအမျိုးမျိုးကို တွေ့ဖူးပါတယ် ဒါပေမဲ့ ညီကိုလောင်ဝူ ခင်ဗျားရဲ့လက်နက်ကတော့ သံသယဖြစ်ဖွယ်မရှိ ထူးချွန်အဆင့်ရတနာတစ်ခုပဲ"

'ညီကိုဖုန်းက ဓားအကြောင်း တကယ်နားလည်တာပဲ'

ကောင်းကင် မြေ အနက်ရောင်နှင့် အဝါရောင်အဆင့်များအောက်တွင် လက်နက်များကို သာမန်အဆင့် ကောင်းမွန်အဆင့် အဆင့်မြင့် ထူးချွန်အဆင့်နှင့် ပြိုင်စံရှားအဆင့်ဟူ၍ ခွဲခြားထားသည်။ ဩဇာလွှမ်းမိုးမှုရှိသော နောက်ခံမရှိသည့် ကျင့်ကြံသူအများစု အသုံးပြုကြသည့်အရာများပင်။

ထူးချွန်အဆင့်လက်နက်တစ်ခုက မဟာအနက်ရောင်သခင်အဆင့်သို့ ရောက်သည်အထိ ကြာရှည်ခံနိုင်ပြီး ပိုကောင်းသော လက်နက်မတွေ့ရှိလျှင် အနက်ရောင်ဝိညာဉ်အဆင့်အထိပင် ပြဿနာမရှိဘဲ အသုံးတော်ခံနိုင်သည်။

ဖုန်းချိုင်ယင်၏ ဓားအပေါ်စွဲလမ်းမှုကို မြင်သောအခါ ကျန်းပေရန်က သူ၏သိုလှောင်လက်စွပ်ထဲမှ နောက်ထပ်ချီလင်ဂျိုဓားတစ်လက်ကို ထုတ်ယူပြီး ပြောလိုက်သည်။

"ဒီဓားတွေက မူလက တစ်စုံပဲ အကိုကြီးဖုန်းက ဒီလောက်ကြိုက်နေမှတော့ ခင်ဗျားရဲ့အိမ်ကြီးနဲ့ လဲလှယ်လိုက်မယ် ဘယ်လိုသဘောရလဲ"

တစ်ပုံစံတည်းတူညီသော ဒုတိယဓားတစ်လက်ကို မြင်ရခြင်းက ဖုန်းချိုင်ယင်ကို ပို၍ပင် ပျော်ရွှင်စေသော်လည်း သူက ချက်ချင်းမယူခဲ့ပေ။

ထိုအစား သူက အတွေးထဲတွင် နစ်မျောနေပုံရသည်။

ဓားတစ်စုံကို အိမ်ကြီးတစ်လုံးနှင့် လဲလှယ်ခြင်းက အဓိပ္ပာယ်မရှိဟု ထင်ရသော်လည်း ကျင့်ကြံသူများ အတွက် အိမ်ကြီးများကိုယ်တိုင်က တန်ဖိုးအနည်းငယ်သာ ရှိသည်။

တကယ်တန်ဖိုးရှိသောအရာမှာ ဝိညာဉ်စွမ်းအင်ကြွယ်ဝသော ဆယ်ပေပတ်လည်နေရာပင်ဖြစ်သည်။

ကျန်းပေရန်၏ ထူးချွန်အဆင့် ချီလင်ချိုဓားတစ်စုံက ၎င်း၏တန်ဖိုးနှင့် ထိုက်တန်သည်ထက်ပင် ပိုနေသေးသည်။

"ညီကိုဖုန်း မကျေနပ်လို့လား"

ဖုန်းချိုင်ယင် ချီတုံချတုံဖြစ်နေသည်ကို သတိပြုမိသောအခါ ကျန်းပေရန်က မေးလိုက်သည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်ကျေနပ်ပါတယ် ကျွန်တော်က ညီကိုလောင်ဝူက ကျွန်တော့်ရဲ့ဝိညာဉ်စွမ်းအင်နေရာကို မလုံလောက်ဘူးလို့ထင်ပြီး နောက်မှနောင်တရသွားမှာကို စိုးရိမ်နေတာပါ"

"ညီကိုဖုန်းကတော့ စနောက်နေတာပဲ အဲ့ဒီမြေက ကောင်းကင်နဲ့မြေကြီးကနေ ဝိညာဉ်စွမ်းအင် ပိုမိုဆွဲဆောင်နိုင်သရွေ့ ဘယ်လောက်ပဲပါးလွှာနေပါစေ ဒီအရောင်းအဝယ်က ပြီးမြောက်သွားပြီ"

"ကောင်းပြီ ညီကိုလောင်ဝူက ဒီလောက်ပွင့်လင်းမှတော့ ကျွန်တော်ခင်ဗျားကို ကျွန်တော့်အိမ်ဆီ အခု ချက်ချင်းခေါ်သွားမယ်"

စကားပြောရင်း ဖုန်းချိုင်ယင်က ချီလင်ချိုဓားတစ်စုံကို ကျန်းပေရန်ထံသို့ ပြန်ပေးလိုက်သည်။

ဓားများကို ပြန်ယူရင်း ကျန်းပေရန်က ထရပ်ပြီး ယဉ်ကျေးစွာ လက်ဟန်ပြလိုက်သည်။

"ဒါဆိုရင် ကျေးဇူးပြုပြီး လမ်းပြပါ ညီကိုဖုန်း"

ဖုန်းချိုင်ယင်နှင့်အတူ ရွှေကျောက်စိမ်းမြို့၏ အစိတ်အပိုင်းအများစုကို ဖြတ်သန်းပြီးနောက် ကျန်းပေရန်က နောက်ဆုံးတွင် အိမ်ကို မြင်လိုက်ရသည်။

"မျက်နှာစာကတော့ တကယ်ကို အထင်ကြီးစရာပဲ"

ကျန်းပေရန်က ဝင်ပေါက်ရှိ ကျောက်ခြင်္သေ့ရုပ်များကို ချီးကျူးရင်း မှတ်ချက်ချသည်။

"ညီကိုလောင်ဝူကတော့ မြှောက်ပြောလွန်းပါတယ် စကားပုံအတိုင်းပဲ ဖုံးကွယ်ဖို့ကြိုးစားလေ ပိုရှာတွေ့လွယ်လေပဲ ဒီလိုအိမ်ကြီးမျိုးက"

"ကျွန်တော်နားလည်ပါတယ် နားလည်ပါတယ်"

ဖုန်းချိုင်ယင် စကားမဆုံးမီမှာပင် ကျန်းပေရန်က ခေါင်းညိတ်သည်။

အမှန်တကယ်တော့ ဝိညာဉ်စွမ်းအင်ကြွယ်ဝသောနေရာများပါရှိသည့် အိမ်ကြီးများစွာက "လူမြင်ကွင်းတွင် ပုန်းအောင်းခြင်း" နည်းဗျူဟာကို ကျင့်သုံးကြပြီး ချမ်းသာသောကုန်သည်များ သို့မဟုတ် ထင်ရှားသောမိသားစုများ၏ နေအိမ်များအဖြစ် ဟန်ဆောင်ကြသည်။

အခြားကျင့်ကြံသူများက ရှာဖွေတွေ့ရှိခြင်းမှ ရှောင်ရှားရန် ထိုသို့သောအိမ်ကြီးများက အခြားအိမ်ခြံမြေများကဲ့သို့ သာမန်ဖြစ်နေစေရန် ခမ်းနားသောအစီအရင်များဖြင့် အမြဲတမ်း ခိုင်ခံ့စေထားသည်။

ဖုန်းချိုင်ယင်၏ အိမ်ကြီးမှာလည်း ခြွင်းချက်မဟုတ်ဘဲ ရွှေကျောက်စိမ်းမြို့၏ ထောင့်တစ်နေရာတွင် အခြားခမ်းနားသောနေအိမ်များဖြင့် ဝန်းရံလျက် တည်ရှိနေသည်။

"ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ"

ဖုန်းချိုင်ယင်က ဝင်ပေါက်တွင်ရပ်ပြီး သူတို့ကို အတွင်းသို့ ဖိတ်ခေါ်သည်။

တံခါးခုံကို ဖြတ်ကျော်ရင်း ကျန်းပေရန်က ပထမဆုံး သူ၏ဝိညာဉ်အာရုံကို ဖြန့်ကျက်ပြီး အိမ်ကြီးတစ်ခုလုံးကို စူးစမ်းလိုက်သည်။

'ဝိညာဉ်သုံးခုအာရုံခံ အစီအရင်ပါလား မဆိုးဘူးပဲ ကျွမ်းကျင်တဲ့တစ်ယောက်ယောက်က သူ့ရဲ့တည်ဆောက်မှုကို လမ်းညွှန်ပေးခဲ့ပုံပဲ'

ကျနေသောသစ်ရွက်များဖြင့် ပြန့်ကျဲနေသော ခြံဝင်းကိုကြည့်ရင်း ဖုန်းချိုင်ယင်က တောင်းပန်သလို ပြောလိုက်သည်။

"အစောပိုင်းက အစေခံတွေနဲ့ အိမ်တော်ထိန်းတွေကို အကုန်ဖယ်ရှားလိုက်လို့ နေရာက အချိန်အတော်ကြာ သန့်ရှင်းရေးမလုပ်ဖြစ်ဘူး ညီကိုလောင်ဝူ စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်"

"ပြသနာ မရှိဘူး နောက်မှ သန့်ရှင်းရေးလုပ်ဖို့ တစ်ယောက်ယောက်ငှားလိုက်မယ်"

"ကောင်းပါတယ် ယုံကြည်ရတဲ့အစေခံတွေလိုရင် ခင်ဗျားကို ပွဲစားတချို့နဲ့ မိတ်ဆက်ပေးနိုင်တယ်"

"ရပါတယ် ကြိုတင်ကျေးဇူးတင်ပါတယ် ညီကိုဖုန်း"

"ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ပါ"

ဖုန်များဖုံးလွှမ်းနေသော ပင်မခန်းမကို ဖြတ်၍ ကျန်းပေရန်ကို ဦးဆောင်ခေါ်သွားရာ သုံးယောက်သား အိမ်ကြီး၏ နောက်ဖေးခြံသို့ ရောက်ရှိလာကြသည်။

"ညီကိုလောင်ဝူ ဝိညာဉ်စွမ်းအင်စုဝေးတဲ့နေရာက ဒီနေရာပဲ"

ဖုန်းချိုင်ယင်က ပန်းခင်းတစ်ခုဘေးတွင် ရပ်ရင်း မိတ်ဆက်ပေးသည်။

ကျန်းပေရန်က ထိုနေရာကို သူ၏ဝိညာဉ်အာရုံဖြင့် အစောပိုင်းကတည်းက ထောက်လှမ်းမိပြီး ဖြစ်သော်လည်း သူက အံ့ဩဟန်ဆောင်နေဆဲပင်။

"ညီကိုဖုန်းကတော့ အရမ်းနှိမ့်ချတာပဲ ဒီလောက်ထူထပ်တဲ့ ဝိညာဉ်စွမ်းအင်ရှိတဲ့နေရာနဲ့ဆိုတော့ အခွင့်အရေးပိုရသွားတာ ကျွန်တော်ပါ"

"ညီကိုလောင်ဝူ တော်တော်လေးကျေနပ်ပုံပဲ"

"အလွန်အမင်း ကျေနပ်တယ်"

"ဒါဆိုရင် ဒီအရောင်းအဝယ်က အတည်ဖြစ်ပြီလား"

"သေချာပေါက်ပဲ"

ကျန်းပေရန်က သူ၏သိုလှောင်လက်စွပ်ထဲမှ ချီလင်ဂျိုဓားတစ်စုံကို ထုတ်ယူပြီး ဖုန်းချိုင်ယင်ထံသို့ ကမ်းပေးလိုက်သည်။

"ညီကိုလောင်ဝူက တကယ်ကို ဆုံးဖြတ်ချက်ပြတ်သားတာပဲ"

ဖုန်းချိုင်ယင်က လက်ဆန့်ထုတ်လိုက်သည်။ သို့သော် ဓားများကို ယူမည့်အစား သူက ကျန်းပေရန်၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာပြီး နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် မျက်တောင်မခတ် ကြည့်နေကြသည်။

"ညီကိုဖုန်း ဒါဘာအဓိပ္ပာယ်လဲ"

ကျန်းပေရန်က ဖုန်းချိုင်ယင်၏ မျက်နှာအမူအရာ တုန်လှုပ်မှုမှ မယုံကြည်နိုင်မှုသို့ ပြောင်းလဲသွားသည်ကို ကြည့်ရင်း မေးလိုက်သည်။

ဖုန်းချိုင်ယင်က လက်တွေ့ဘဝသို့ ပြန်ရောက်လာပြီး ခြေလှမ်းအနည်းငယ် အလျင်အမြန် နောက်ဆုတ်ကာ ချီးကျူးလိုက်သည်။

"မယုံနိုင်စရာပဲ မင်းရဲ့ကျင့်ကြံမှုကို ဒီလောက်သေသေချာချာ ဖုံးကွယ်ထားနိုင်တာ ငါမင်းကို အထင်သေးမိတယ်"

ကျန်းပေရန်က တကယ်ကို စိတ်ပျက်သွားသည်။

သူတို့၏ခရီး တစ်လျှောက်လုံးတွင် စနစ်က အချက်ပေးသံတစ်ခုမှ မဖြစ်ပေါ်စေခဲ့သောကြောင့် သူက သူ၏ကံကြမ္မာ နောက်ဆုံးတွင် ပြောင်းလဲလာပြီဟု ထင်နေခဲ့သည်။

သို့သော် အမှန်တရားမှာ သူ၏ပြိုင်ဘက်က အားနည်းရုံသာမက ပြင်ဆင်မှုလည်းမရှိသောကြောင့် စနစ်က မည်သည့်ရွေးချယ်မှုကိုမှ ကမ်းလှမ်းရန် စိတ်မဝင်စားခဲ့ခြင်းပင် ဖြစ်သည်။

'ဟူး….. သူက ယုတ်မာပြီး မိုက်မဲပါလား ငါ့ရဲ့စိတ်လှုပ်ရှားမှုကို အလဟဿဖြစ်စေတာပဲ'

ကျန်းပေရန် သက်ပြင်းချသည်ကို ကြားရသောအခါ ဖုန်းချိုင်ယင်က သူ၏ခါးမှ လအေးရတနာဓားကို ဆွဲထုတ်ပြီး မထီမဲ့မြင်ပြုလိုက်သည်။

"ဟန်ဆောင်နေတုန်းပဲလား ငါ့ရဲ့အစွမ်းကုန် လက်ဝါးပျော့ရိုက်ချက်ကို ခံပြီးနောက် မင်းရဲ့ကလီစာတွေက အခုဆိုရင် ချည်လုံးတစ်လုံးလို လိမ်နေလောက်ပြီ"

"ဟူး…"

ကျန်းပေရန်က ခေါင်းခါပြီး နောက်တစ်ကြိမ် သက်ပြင်းချသည်။

"ဘာလို့လဲ ဘာလို့ငါတို့က စီးပွားရေးကို သေသေချာချာမလုပ်နိုင်ရတာလဲ အကြမ်းဖက် နည်းလမ်းတွေကို သုံးမှဖြစ်မှာလား ငါ့ကမ်းလှမ်းချက်က မလုံလောက်ဘူးလို့ မင်းထင်ရင် ပြောလို့ရတာပဲ ငါဝိညာဉ်ကျောက်တုံးတချို့ ထပ်ထည့်ပေးနိုင်တယ် ဒါတကယ်ပဲ လိုအပ်လို့လား"

"ဟန်ဆောင်နေတုန်းပဲ"

ဖုန်းချိုင်ယင်က သူ၏ခန္ဓာကိုယ်မှ ခရမ်းရောင်အတွင်းအားများ ပေါက်ကွဲထွက်လာစဉ် ဟိန်းဟောက်လိုက်သည်။

လျှပ်စီးများနှင့်တူသော အနက်ရောင်အစင်းကြောင်းများက လအေးရတနာဓား၏ ဓားသွားတစ်လျှောက် ဖြည်းညင်းစွာ ရစ်ပတ်လာသည်။

'အားကောင်းလိုက်တာ'

ကူချင်းဟွမ်းက စိတ်ထဲမှ မအံ့ဩဘဲမနေနိုင်။

သူက ဂိုဏ်းထဲတွင် အနက်ရောင်သခင်အဆင့်ရှိ စီနီယာအကိုများစွာကို တွေ့ဖူးပြီး သူတို့၏ အရှိန်အဝါများကို ခံစားဖူးသော်လည်း သူတို့ခန်းမမှ အပြင်းထန်ဆုံး နဝမအဆင့် အနက်ရောင်သခင်နှင့် နှိုင်းယှဉ်လျှင်ပင် ဖုန်းချိုင်ယင်၏ အရှိန်အဝါက တန်းတူရှိရုံသာမက အနည်းငယ်ပင် သာလွန်နေသေးသည်။

'သူက မဟာအနက်ရောင်သခင် အဆင့်ကို အဆင့်တက်ခါနီးနေတာလား'

ကူချင်းဟွမ်း တုန်လှုပ်နေဆဲမှာပင် ဖုန်းချိုင်ယင်က ကျန်းပေရန်ထံသို့ ပြေးဝင်သွားပြီးဖြစ်သည်။

သူ၏တိုက်ခိုက်မှုအခိုက်အတန့်တွင် သူအစောပိုင်းက ထုတ်လွှတ်ခဲ့သော ခရမ်းရောင်အတွင်းအား အားလုံးက လအေးရတနာဓားထဲသို့ တိုးဝင်သွားသည်။

ဘုန်း

ဓားသွားကျဆင်းလာသည်နှင့် အနက်ရောင်မိုးကြိုးတစ်ချက်က ကျန်းပေရန်အပေါ်သို့ ကျရောက်လာသည်။

"ဘ ဘယ်လိုဖြစ်နိုင်မှာလဲ"

သူ၏ဓားက ကျန်းပေရန်၏ လည်ပင်းကို ထိမှန်ပြီးနောက် နောက်ထပ်တစ်လက်မမျှပင် ရှေ့မတိုးနိုင်တော့သည်ကို သိရှိလိုက်ရသောအခါ ဖုန်းချိုင်ယင်၏ မျက်နှာက ထိတ်လန့်မှုဖြင့် ရှုံ့မဲ့သွားသည်။

ကမ္ဘာပေါ်တွင် အမာကျောဆုံးအရာကို ထိမှန်လိုက်ရသလိုပင်…

"အား ငါ့ဦးထုပ်"

ကျန်းပေရန်က ငရဲမိုးကြိုးကြောင့် အပေါက်ကြီးဖြစ်သွားသော သူ၏ကောက်ရိုးဦးထုပ်ကို ဖယ်ရှားပြီး သနားစဖွယ် ညည်းညူလိုက်သည်။

"မင်း မင်းက ဘယ်လိုသတ္တဝါကြီးလဲ"

သူ၏အစွမ်းကုန်တိုက်ခိုက်မှုက ခြစ်ရာတစ်ခုပင် မကျန်ခဲ့သည်ကို မြင်သောအခါ ဖုန်းချိုင်ယင်က နောက်ဆုံးတွင် တကယ့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

သူ၏တစ်ကိုယ်လုံးက အစွမ်းကုန်ဆွဲထားသော လေးကြိုးကဲ့သို့ တင်းမာသွားသည်။

'မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး'

ဖုန်းချိုင်ယင်က ပြိုင်ဘက်တစ်ဦးက သူတို့၏အတွင်းအားကို တက်ကြွစွာ မထုတ်လွှတ်လျှင်ပင် သူတို့၏ကျင့်ကြံမှုအဆင့်ကို တိုင်းတာနိုင်သော သိုင်းကွက်တစ်ခုကို ကျင့်ကြံထားသည်။

နှစ်ပေါင်းများစွာ ဝေးလံစွာခရီးသွားပြီးနောက် သူက သူတို့၏ကျင့်ကြံမှုကို ဖုံးကွယ်နိုင်သော ကျွမ်းကျင်သူများနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း အများစုက ၎င်းကို တူညီသောအဆင့် တစ်ခုအတွင်းတွင်သာ ဖိနှိပ်ထားနိုင်သည်။

ဥပမာအားဖြင့် နဝမအဆင့် အနက်ရောင်သခင်တစ်ဦးက ပထမအဆင့်အဖြစ် ဟန်ဆောင်ခြင်းမျိုး ဖြစ်သည်။

သို့သော်လည်း သူက သူတို့၏ကျင့်ကြံမှုကို အဆင့်ကြီးနှစ်ခုလုံး ဖိနှိပ်နိုင်သော ရှားပါးရတနာများအကြောင်း ကောလာဟလများ ကြားဖူးသည်။

ထို့ကြောင့်ပင် သူက "ဝမ်လောင်ဝူ" မှာ သူ့ကိုခြိမ်းခြောက်ရန် ဟန်ဆောင်နေသော အနက်ရောင်သခင် တစ်ဦးသာဖြစ်သည်ဟု ယူဆခဲ့သည်။

သို့သော် လက်တွေ့က "ဝမ်လောင်ဝူ" ၏ အစွမ်းအစမှာ အနည်းဆုံး မဟာအနက်ရောင်သခင်အဆင့် သို့မဟုတ် ထိုထက်ပင်မြင့်ရမည်ကို သက်သေပြနေသည်။

ဖုန်းချိုင်ယင်က အသည်းအသန် ထွက်ပြေးချင်သော်လည်း သူ၏ခြေထောက်များက နာခံရန်ငြင်းဆန်နေသည်။

သူကြိုးစားလျှင် တစ်ခုတည်းသောရလဒ်သာ ရှိမည်ကို သူသိသည်။

သေခြင်းတရားပင်။

All Chapters