ဓားဆန္ဒသုံးခု၊ ကောင်းကင်လူသား၏ သင်္ချိုင်း(၂)
Vol. 23 Ch. 333
ရှီအာ မူလအဆင့်သို့ ချိုးဖျက်ပြီးနောက် မုန့်ချုံက အစပိုင်းတွင် သူ ပြန်လည်ယူဆောင်လာခဲ့သည့် လွှသွားပုံ ဆေဘာကို ပေးသည်။
ရှီအာမှာ အလွန်စိတ်လှုပ်ရှားနေပြီး နေ့စဉ်နေ့တိုင်း ကျိုးယင်နှင့် ယှဉ်ပြိုင်မှုပြု၏။ သူ့အနေနှင့် အနိုင်ရရန် ခက်ခဲပေမယ့် အကြိမ်တိုင်းတွင် ခွန်အားတိုးတက်လာမှုက သူ့ကို ကြီးစွာ ဝမ်းမြောက်စေသည်။
ခုနှစ်စင်ကြယ်အကယ်ဒမီက သဟွသိုင်းပညာ သင်ရိုးကို စတင် သင်ကြားပေး၏။ သဟွသိုင်းပညာကို ကျင့်ကြံလိုသည့် သိုင်းသမား အရေအတွက် တစ်ခုရှိပါသည်။ ဘာပဲဖြစ်ဖြစ် ရွှီယန်၏ ခွန်အားက သူတို့၏ နှလုံးသားကို နက်ရှိုင်းစွာ စွဲထင်နေစေ၏။
သေးငယ်သည့် ခြံဝန်းတစ်ခုအတွင်းတွင် သုယွီယင်း၏ အငွေ့အသက်က လှိုင်းထနေပြီး သူမ၏ မျက်နှာက ရံဖန်ရံခါတွင် နီမြန်းကာ ရံဖန်ရံခါတွင် ဖြူဖျော့သွားသည်။ နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့၏။
အချိန်အတော်ကြာပြီးနောက် မျက်လုံးများကို ဖွင့်ကာ ဝမ်းနည်းနေသည့်အသွင် ဖြစ်လာခဲ့သည်။ သိုင်းသခင်အဆင့်သို့ ချိုးဖျက်ခဲ့ပေမယ့် ခန္ဓာကိုယ်ရှိ ပြဿနာကို ပြည့်စုံစွာ ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။ ရံဖန်ရံခါတွင် ပြဿနာတို့ ပေါ်လာဆဲ ရှိ၏။
"အဟွတ် အဟွတ်..."
ညင်သာစွာ ချောင်းဆိုးမှုတစ်ခုနှင့်အတူ ချောမောသည့် ပုံရိပ်တစ်ခုက သုယွီယင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူမ၏ နှလုံးသားက နူးညံ့မှုတို့ဖြင့် ပြည့်နှက်လာ၏။
'ငါ့ရဲ့ သွေးမျိုးဆက်ကြောင့် ခန္ဓာကိုယ်က ချို့ယွင်းချက်အချို့ ဖြစ်နေတယ်။ အဲ့ဒါကို လုံးဝ ဖြေရှင်းချင်တယ်ဆိုရင် အဲ့ဒီ့နေရာကို ရှာဖွေဖို့ လိုအပ်တယ်..'
သူမက ကိုယ့်ကိုယ်ကို စဉ်းစားသည်။
မိခင်ဖြစ်သူ၏ ရုတ်တရက် သေဆုံးမှုသည် ထိုအကြောင်းနှင့် ပတ်သက်နေ၏။ သုယွီယင်းသာ ထိုပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိပါက တစ်နေ့တွင် နာမကျန်းဖြစ်ကာ သူမလည်းပဲ ရုတ်တရက် သေဆုံးရမှာဖြစ်သည်။
ဤသည်ကို လက်ခံရန် သူမ ဆန္ဒမရှိပေ။ ထိုနေရာသည် မိခင်၏ မိသားစုမှ မျိုးဆက်တစ်လျှောက် လက်ဆင့်ကမ်းလာခဲ့သည့် လျှို့ဝှက်နေရာတစ်ခု ဖြစ်သည်။ ထိုနေရာကိုသာ ရှာတွေ့နိုင်ပါက သူမ၏ ခန္ဓာကိုယ်ရှိ ချို့ယွင်းချက်တို့ကို ကုသကာ အမွေအနှစ်အချို့ကိုပင် ရရှိနိုင်လောက်သည်။
မိခင်ဖြစ်သူ၏ ဘုရင်ခံသု အိမ်တော်သို့ လက်ထပ်ခဲ့ခြင်းမှာလည်း ဒီအခွင့်အရေးကို အသုံးပြုပြီး ထိုနေရာအား ရှာဖွေလို၍ ဖြစ်သည်။ သို့ပေမယ့် မည်သည့် သတင်းအချက်အလက်မှ ရရှိခဲ့ခြင်း မရှိပေ။
သူမ၏ မိခင်သည် မသေဆုံးခင်တွင် ထိုနေရာအား ရှာဖွေရန်အတွက် စွမ်းအားကို သူမဆီသို့ လွှဲပြောင်းပေးခဲ့၏။
'အမေ ရှာဖွေနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဖြစ်နိုင်တာက အဲ့ဒီ့နေရာက မရှိတာများလား..'
သူမက နှလုံးသားထဲတွင် သက်ပြင်းချ၏။
ချွေအာက အလောတလျှင် ပြေးဝင်လာပြီး စိတ်လှုပ်ရှားစွာဖြင့် အသံပြုသည်။
"သခင်မလေး သတင်းအသစ် ရှိတယ်.."
ထိုစကားကို ကြားရပြီးနောက် သုယွီယင်းက ဝမ်းသာသွား၏။ မတ်တပ်ရပ်ကာ လျှောက်လှမ်းရင်းက ပြောသည်။
"ချွေအာ... လက်ဆောင်ပဏ္ဏာအချို့ကို ပြင်လိုက်။ ငါသခင်လေးရွှီကို သွားရှာဦးမယ်.."
"ဟုတ်ကဲ့ပါ။ သခင်မလေး.."
ချွေအာက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်သည်။
အဓိကခန်းမဆီသို့ ရောက်ရှိပြီးနောက် မီးခိုးရောင်ဝတ်စုံနှင့်လူက ဦးညွှတ်ကာ ပြောသည်။
"သခင်မလေး... ကျွန်တော်တို့မှာ အဲ့ဒီ့နေရာနဲ့ ပတ်သက်ပြီး အကြမ်းဖျင်း သတင်းအချို့ ရခဲ့ပါတယ်။ အဲ့ဒါက ဒီနေရာ တဝိုက်မှာပါ။ ဒါပေမယ့် ဝင်ရောက်ဖို့အတွက် ခက်ခဲပြီး အန္တရာယ်အချို့လည်း ရှိတယ်.."
သုယွီယင်းက မြေပုံကိုကြည့်ကာ သေသေချာချာ စူးစမ်းပြီးနောက် ပြောသည်။
"ပင်ပန်းသွားပြီ.."
ထိုနေ့တွင်ပင် သုယွီယင်းသည် ခုနှစ်စင်ကြယ်အကယ်ဒမီမှ ထွက်ခွာပြီး ချန်းလန်ကျွန်းဆီသို့ ဦးတည်ခဲ့၏။ ဒီခရီးစဉ်တွင် သူမသည် ချွေအာ သို့မဟုတ် စောင့်ရှောက်သူ တစ်ယောက်ကို ခေါ်ဆောင်ခဲ့ခြင်း မရှိပါ။
ချွေအာကို ခေါ်သွားခြင်းက ခရီးစဉ်ကို လေးဖင့်စေမှာဖြစ်၏။ ထို့အပြင် ဒီနေရာသည် အလွန်အရေးကြီးလှပါသည်။
ချွေအာလည်းပဲ နားလည်၏။ ထို့ကြောင့် သူမကိုယ်သူမ အလွန် အားနည်းမှုကိုသာ အပြစ်တင်မိသည်။ ကြိုးစားကာသာ သိုင်းပညာကို ကျင့်ကြံအားထုတ်၏။
မထင်မှတ်ထားသည့် လူတစ်ဦး ချန်းလန်ကျွန်းဆီသို့ ရောက်ရှိလာခဲ့သည်။ ရောက်ရှိလာသူမှာ ရွှီယန်ကို ရှာနေခြင်းဖြစ်၏။
"သခင်မလေးသု... ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ မသိဘူး။ ကျွန်တော် ဘာကူညီပေးရမလဲ.."
ရွှီယန်က အံ့ဩသွားပြီး မေးသည်။
ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကနှင့် နှိုင်းယှဉ်ပါက သုယွီယင်း၏ ခွန်အားမှာ ကြီးစွာ တိုးတက်လာခဲ့သည်။ သူမသည် သိုင်းသခင်တစ်ယောက် ဖြစ်နေပြီး ဖြစ်၏။
သို့ရာတွင် သူမ၏ အသွင်က ပိုမိုကာ ချိနဲ့နေပုံပေါ်သည်။
မူလက သူရဲကောင်းဆန်သည့် အငွေ့အသက်တို့ လစ်ဟင်းနေ၏။ ကြည့်ရသည်မှာ ကျန်းမာရေးနှင့်ပပတ်သက်တာ ဖြစ်ရပေမည်။
သူမ၏ အသွင်သည် ဒဏ်ရာအပြင်းအထန် ရထားသည့် လူတစ်ယောက် ယခုမှ ပြန်ကောင်းခါစ ရှိပုံပေါ်ပြီး အားနည်းသည့် လက္ခဏာရပ်တို့ကို ပြသနေသည်။
"သခင်လေးရွှီ... မတွေ့တာတောင်ကြာပြီ.."
သုယွီယင်းက အနည်းငယ် ရှက်ရွံ့နေပါသည်။
လီရွှမ်က အဝေးမှ ကြည့်ရင်းက သူ၏မျက်နှာက ထူးဆန်းသွား၏။ ဤသည်မှာ ရွှီယန်၏ ပရိတ်သတ်တစ်ယောက် လေလား။
မနေနိုင်ဘဲ အတွေးနက်သွားမိသည်။ သူ၏ တပည့်တွင်ပင် ပရိတ်သတ်တစ်ယောက်ရှိရာ ဆရာတစ်ယောက်အနေနှင့် အစေခံတစ်ယောက်ပင် မရှိခြင်းက ကျရှုံးခြင်း မဟုတ်ပါလား။
"အဲ့လောက်တောင် ကြာသွားပြီလား.."
ရွှီယန်က ခဏတာစဉ်းစားသည်။ သုယွီယင်းနှင့် နောက်ဆုံးအကြိမ် တွေ့ခဲ့ရသည်မှာ အရမ်းကြီး ကြာရှည်ခဲ့ပြီဟု ခံစားရခြင်း လုံးဝမရှိပေ။
သုယွီယင်းက ဆက်လက်ကာ ပြုံးနေရင်းမှ ပြောသည်။
"သခင်လေးရွှီအတွက်တော့ မကြာတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ကျွန်မအတွက်တော့ ဒီအချိန်တွေက အရမ်းကို ကြာညောင်းလွန်းတယ်။ ဒီတစ်ကြိမ်လာတာက.. အဟွတ်အဟွတ်..."
သူမ၏စကားက ချောင်းဆိုးမှုနှင့်အတူ ရပ်တန့်သွား၏။ မျက်နှာက နီရဲလာပြီး ထိန်းချုပ်နိုင်စွမ်း မရှိစွာ စတင်ချောင်းဆိုးသည်။
"သခင်မလေးသု... မင်းရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ခုခုများ ဖြစ်လို့လား။ ဂျူနီယာညီမလေးကို ခေါ်ပြီး စမ်းသပ်ကြည့်ခိုင်းရမလား.."
ရွှီယန်က မနေနိုင်ဘဲ ပြော၏။ သုယွီယင်းကို ပထမဆုံး လိုက်လံပို့ဆောင်ခဲ့စဉ် ကတည်းက သူမတွင် ကျန်းမာရေးပြဿနာအချို့ ရှိကြောင်းအား သူသိပါသည်။
အိမ်သို့ပြန်ကာ အနားယူမှုအချို့ ပြုလုပ်ပြီးနောက် ပြန်ကောင်းသွားမည်ဟု ထင်ထားခဲ့တာပါ။ သို့ပေမယ့် မထင်မှတ်စွာပင် သိုင်းသခင်အဆင့်သို့ ချိုးဖျက်ပြီးသည့်တိုင်အောင် သူမ၏ ကျန်းမာရေးက ကောင်းမွန်လာခြင်း မရှိသေးပေ။
"ရပါတယ်... ဒါက မွေးရာပါ ပြဿနာတစ်ခုပါ.."
သုယွီယင်းက ငြင်းဆန်စွာ ခေါင်းရမ်းသည်။
"သခင်လေးရွှီ... ကျွန်မ ဒီတစ်ကြိမ်လာခဲ့တာက ရှင့်ဆီက အကူအညီတစ်ခု တောင်းမလို့ပါ။ ကျွန်မကို နေရာတစ်ခုကို လိုက်ပို့ပေးလို့ ရမလား.."
သုယွီယင်းက ပြောသည်။ ထို့နောက် အိတ်တစ်ခုကို ထုတ်၏။
ထိုအချိန်၌ ရွှီယန်၏ ခါးတွင်ချိတ်ဆွဲထားသည့် ဖားကဲ့သို့ အိတ်ငယ်တစ်ခုကို တွေ့လိုက်ရပြီး နှလုံးသားက လေးလံသွားသည်။ သူမသည် သခင်လေးရွှီအတွက် သိုလှောင်အိတ်တစ်ခုကို ဝယ်ယူပေးရန် အလွန်နောက်ကျသွားခဲ့ပါပြီ။ သို့ပေမယ့် ဒီတစ်ကြိမ်လည်ပတ်မှုအတွက် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို ပြင်ဆင်ထား၏။
ရွှီယန်က ခေါင်းကိုကုပ်ကာ တောင်းပန်သည်။
"သခင်မလေးသု... မင်းတို့အိမ်တော်မှာ စွမ်းအားကြီးမားတဲ့လူတွေ အများကြီး ရှိတာပဲ။ ကျွန်တော်လည်း ဒီကထွက်လို့ မရလို့။ ပြီးတော့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေလည်း မလိုသေးဘူး။ ဒါကြောင့်..."
သုယွီယင်း၏ အိတ်ကိုကိုင်ထားသည့် လက်က ရပ်တန့်သွားသည်။ သူမသည် တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုး၏။ မျက်နှာက နီရဲလာခဲ့သည်။
"သခင်မလေးသု..."
ရွှီယန်က အံ့ဩသွားသည်။ သုယွီယင်း၏ ခန္ဓာကိုယ်မှာ အလွန် ချိနဲ့လှ၏။
"ကျွန်မ အဆင်ပြေပါတယ်.."
အကြိမ်အနည်းငယ် အသက်ရှူပြီးနောက် အိတ်ကို ရွှီယန်၏ လက်အတွင်းသို့ ထည့်ပေးပြီး ပြောသည်။
"သခင်လေးရွှီ... ရှင့်မှာလည်း အခက်အခဲရှိမယ် ဆိုတာကို ယွီယင်း သိပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်အတွက် ပိုပြီးသင့်တော်တဲ့လူကို ရှာမရလို့ပါ.."
"အိမ်တော်မှာရှိတဲ့ စွမ်းအားကြီးတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့လည်း အရမ်းကြီး ယုံကြည်လို့မရဘူး။ အဲ့ဒီ့နေရာက အရမ်းအရေးကြီးပြီး ယွီယင်းရဲ့ ခန္ဓာကိုယ် ပြဿနာကို ဖြေရှင်းနိုင်တဲ့ နေရာလည်း ဖြစ်တယ်.."
"ရှင်ကလွဲပြီး ဘယ်သူ့ကို အကူအညီ တောင်းရမှန်းတောင် မသိတော့ဘူး.."
ရွှီယန်မှာ ခက်ခဲစွာဖြင့် တိတ်ဆိတ်သွား၏။ အရင်တုန်းကသာ ဆိုပါက သူ့အနေနှင့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို လှိုက်လှိုက်လှဲလှဲဖြင့် လက်ခံကာ သုယွီယင်းကို ထိုနေရာသို့ လိုက်လံပို့ဆောင်ပေးမည် ဖြစ်သည်။
သို့ပေမယ့် ယခုအချိန်၌ သူ့တွင် ပိုက်ဆံ မလိုတော့ပေ။ စိတ်ဝိဉာဉ်ပုံဆောင်ခဲနှင့် ဆေးပင်များအတွက် ရုန်းကန်စရာ မလိုအပ်တော့ပါ။
သို့ပေမယ့် သုယွီယင်းမှာ ယခုအချိန်၌ သူ၏ မိတ်ဆွေတစ်ယောက်ဟု ယူဆနိုင်၏။ အတွင်းဘက်နယ်မြေသို့ ရောက်ရှိပြီးနောက် ပထမဆုံး ပိုက်ဆံမှာလည်း သုယွီယင်းဆီမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် သူသည် သိုင်းသခင်များစွာတို့ကို သတ်ဖြတ်ခဲ့၏။ စိတ်ဝိဉာဉ်ဆေးပင်များကိုလည်း တစ်ပင်ပြီးတစ်ပင် ရရှိကာ အကျိုးအမြတ်များစွာတို့ ရှာဖွေနိုင်ခဲ့သည်။
"သခင်လေးရွှီ... အဲ့ဒီ့နေရာက ကောင်းကင်လူသားသင်္ချိုင်း တစ်ခုပါ.."
သုယွီယင်းက အသံနိမ့်စွာ ပြောသည်။
ရွှီယန်က မှင်သက်သွား၏။
"ကောင်းကင်လူသား သင်္ချိုင်းလား.."
ဤသည်မှာ ယခုမျှ လျှို့ဝှက်သည့် ရတနာနယ်မြေတစ်ခု ဖြစ်ပါသည်။ သို့ပေမယ့် သုယွီယင်းက သူ့ကို တစ်ခါတည်း ပြောပြခဲ့၏။ ဤသည်မှာ ယုံကြည်မှုဖြစ်သည်။
'ငါရွှီယန်ရဲ့ ဂုဏ်သတင်းက တော်တော်လေးကောင်းတာပဲ..'
ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
"ကောင်းပါပြီ... ဒီခရီးစဉ်အတွက် ကျွန်တော် လိုက်ခဲ့ပေးပါ့မယ်.."
နောက်ဆုံးတွင် ဘုရင်ခံသုအိမ်တော်မှ စွမ်းအားကြီးသူများကို အဘယ်ကြောင့် ခေါ်ဆောင်ခြင်း မပြုကြောင်းအား သူနားလည်လာခဲ့သည်။ စစ်ဘုရင်များပင်လျှင် ကောင်းကင်လူသား သင်္ချိုင်းအတွက် သစ္စာဖောက်သွားနိုင်၏။ ကိုယ်ပိုင် မိသားစုဝင်များကိုပင် စွန့်ပစ်နိုင်သည်များ ရှိသည်။
သူ၏ ကျင့်ကြံမှုမှာတော့ အတွင်းဘက်နယ်မြေ၏ သိုင်းပညာ မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်လူသား သင်္ချိုင်းမှာ အများကြီး ဆွဲဆောင်မှုမရှိပါ။ သိလိုစိတ်အချို့သာ ရှိ၏။
"ကျေးဇူးတင်ပါတယ် သခင်လေးရွှီ.."
သုယွီယင်းက စိတ်လှုပ်ရှားစွာ ပြောသည်။
လီရွှမ်မှာ ရွှီယန်နှင့် သုယွီယင်းတို့၏ ပြောစကားများကို အစအဆုံး ကြားရ၏။ ဤသည်မှာ သူ့အနေနှင့် ချောင်းမြောင်းနားထောင်လို၍ မဟုတ်ပေ။ သူ၏ခွန်အားက အလွန် ကြီးမားလွန်း၍သာ နားထဲသို့ အသံများက အလိုလို ဝင်ရောက်လာခြင်း ဖြစ်၏။
'ကောင်းကင်လူသား သင်္ချိုင်းလား။ စိတ်ဝင်စားစရာပဲ... ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်က ပြဿနာရှိတယ်... အဲ့ဒါက စုလင်းရှုံကို ပြန်ပြီးတော့ အမှတ်ရစေတယ်..'
လီရွှမ်၏ စူးရှသည့် မျက်လုံးများနှင့် သုယွီယင်းတွင် အထူးခန္ဓာကိုယ် တည်ဆောက်မှု သို့မဟုတ် သွေးမျိုးဆက်တစ်ခု ရှိကြောင်းကို သတိထားမိပါသည်။
သို့ရာတွင် ပတ်ဝန်းကျင်၏ ကန့်သတ်ထားမှုကြောင့် ချို့ယွင်းချက်တို့ ဖြစ်ပေါ်နေ၏။ ဤသည်က သူ့ကို စုလင်းရှူံ၏ အကြောင်းအား အမှတ်ရစေသည်။
စုလင်းရှုံ၏ မိခင်ဖြစ်သူသည် ကိုယ်ဝန်ဆောင်စဉ်ကတည်းက စိတ်ဝိဉာဉ်ဆေးပင် များစွာတို့ကို စားသုံးခဲ့၏။ ထိုအကြောင်းကြောင့် ခန္ဓာကိုယ်တည်ဆောက်မှုမှာ ပြည့်စုံခြင်း မရှိပေမယ့် ရလဒ်အနေနှင့် မည်သည့် ပြဿနာကြီးမှ ပေါ်မလာခဲ့ပေ။
သိသာစွာပင် သုယွီယင်း၏ မိခင်တွင်တော့ ထိုမျှ ကြွယ်ဝသည့် ခံစားမှုတို့ မရှိပါ။ ထို့ကြောင့် ပြဿနာများ ပေါ်ပေါက်လာပြီး သုယွီယင်းကို ယခုအခြေအနေသို့ ဖြစ်စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
'ကောင်းကင်လူသား သင်္ချိုင်း... ဒီအတွင်းဘက်နယ်မြေက ကိစ္စတွေက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာပြီ။ အခြားလူတွေ မသိတဲ့ လျှို့ဝှက်ကိစ္စတွေ ရှိနေတာပဲ..'
လီရွှမ်က စိတ်ထဲတွင် ရေရွတ်၏။ ထိုနေရာသို့ ခရီးတစ်ထောက် သွားခြင်းမှာ ရွှီယန်အတွက်လည်း ကောင်းပါသည်။ ဖြစ်နိုင်သည်မှာ အကျိုးအမြတ်တို့ ရလာနိုင်၏။ ဒီဗိုင်းဆန္ဒအဆင့်ရှိ ကျင့်စဉ်ကိုပင် နားလည်သဘောပေါက်မှုအချို့ ရလာလောက်သည်။
"ဆရာ... ကျွန်တော် မိန်းကလေးသုကို နေရာတစ်ခုစီကို လိုက်ပြီးတော့ အဖော်လုပ်သွားချင်လို့.."
ရွှီယန်က လီရွှမ်ဆီသို့ ရောက်လာပြီး လေးစားစွာပြောသည်။
"ကောင်းပြီ။ သွားလေ.."
လီရွှမ်က ခေါင်းငြိမ့်သည်။
"ဆရာ အဲ့ဒီနေရာက ကောင်းကင်လူသား သင်္ချိုင်းတစ်ခုပဲ။ ဘာထူးခြားချက်တွေများ ရှိမလဲ မသိဘူး.."
ခဏတာ စဉ်းစားပြီးနောက် ရွှီယန်က မေးသည်။
လီရွှမ်က ခဏတာ စဉ်းစားပြီးနောက် အခြားဝိဉာဉ်တစ်ခု၏ ဝင်ပူးခြင်းကို ခံခဲ့ရသည့် အကြီးအကဲဝူ အကြောင်းကို တွေးမိလိုက်သည်။
ကောင်းကင်လူသားသင်္ချိုင်းတွင် အကြီးမားဆုံး အန္တရာယ်မှာ ဝင်ရောက်သည့်လူကို ဝင်စီးနိုင်သည့် မသေဆုံးသေးသည့် ကောင်းကင်လူသားအချို့ ဖြစ်ပေလိမ့်မည်။
သို့ရာတွင် ရွှီယန်၏ လျှပ်တပြက်လေ ဓားဆန္ဒက ခုခံခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်နိုင်၏။ အကြွင်းအကျန်ဝိဉာဉ်သာ သူ့ကို ဝင်စီးလိုပါက ကိုယ့်ကိုယ်ကို သက်သေသည်နှင့် တူမှာပါ။ ထိုအကြွင်းအကျန် ဝိဉာဥ်တွင် ခွန်အားအပြည့်တို့ ရှိနေလျှင်တောင် သေဆုံးရမှာ ဖြစ်၏။ ထို့ကြောင့် ရွှီယန်အနေနှင့် စိုးရိမ်စရာ မလိုပေ။
သတိထားရန် လိုအပ်သည့်လူမှာ သုယွီယင်းသာ ဖြစ်၏။ ထို့ကြောင့် လီရွှမ်က ပြောသည်။
"ကောင်းကင်လူသား သင်္ချိုင်းကို ဝင်ရောက်တဲ့အခါ ကျရင် အကြွင်းအကျန်ဝိဉာဥ်က ဝင်စီးတာကို သတိထားကြပါ.."
ရွှီယန်က တွေးစစွာ ခေါင်းငြိမ့်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်နားလည်ပါပြီ.."
"အင်း.."
လီရွှမ်က ခေါင်းငြိမ့်သည်။ ရွှီယန်က သူ၏ မိဘများနှင့် သိုင်းညီအကို မောင်နှမများကို နှုတ်ဆက်သည်။
သုယွီယင်းက ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူတို့ကို လေးစားစွာ ဦးညွှတ်၏။ ဤသည်က ရွှီမိခင်ကို အလွန်ဝမ်းသာသွားစေသည်။
ထိုနေ့တွင်ပင် ရွှီယန်နှင့် ယွီယင်းတို့သည် ချန်းလန်ကျွန်းမှ ထွက်ခွာပြီး ကောင်းကင်လူသားသင်္ချိုင်းဆီသို့ ခရီးဆက်ခဲ့၏။