လင်းယွီဂိတ်တံခါး၊ ကောင်းကင်လူသားဒဏ္ဍာရီ(၂)
Vol. 23 Ch. 335
ထို့အပြင် ဤသည်မှာ အဆုံးသတ် ဖြစ်သည်။ ထပ်မံရှေ့ဆက်ရန်အတွက် နည်းလမ်း မရှိပေ။ လင်းယွီဂိတ်တံခါးမှာ ဒဏ္ဍာရီပုဂ္ဂိုလ် အချို့သာ သိသည့် ပုံပြင်တစ်ပုဒ် ဖြစ်သည်။
ယွဲ့ဧကရာဇ်အနေနှင့် သိရှိခြင်း မရှိပေ။ အတွင်းဘက်နယ်မြေရှိ မရေမတွက်နိုင်သည့် အင်အားစုများနှင့် စစ်ဘုရင်များလည်း ဘယ်တုန်းကမှ ကြားဖူးခြင်း မရှိပါ။
အထွတ်အထိပ် စစ်ဘုရင်များမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီးဖြစ်ကာ သူတို့၏ အရိပ်အယောင်ကို ရှာတွေ့ရန် ခက်ခဲလှ၏။ အားလုံးတို့သည် သိုင်းပညာလမ်းစဉ်၏ ရှေ့ဆက်ရမည့် လမ်းကြောင်းကို ရှာဖွေနေကြသည်။ ထို့ကြောင့် အပြင်ဘက်တွင် လှုပ်ရှားမှုပြုသည်မှာ ရှားပါးလှ၏။
"စစ်ဘုရင်အဆင့်ရဲ့ အထက်မှာ ကောင်းကင်လူသားအဆင့်ရှိတယ်။ အဲ့ဒီ့အဆင့်ကို ရောက်ဖို့အတွက် လူတစ်ယောက်က လင်းယွီဂိတ်တံခါးကို ဝင်ရောက်ဖို့ လိုအပ်တယ်။ အတွင်းဘက်နယ်မြေက အဆင့်ချိုးဖျက်ဖို့အတွက် ထောက်ပံ့နိုင်စွမ်း မရှိဘူး။ ရှေ့ဆက်ဖို့ လမ်းကြောင်းက ပြတ်တောက်နေပြီးပြီ.."
"အဲ့ဒီ့လမ်းကြောင်းက လင်းယွီဂိတ်တံခါးမှာပဲ ရှိတယ်.."
"ချန်းလန်ကျွန်းပေါ်မှာ စစ်မှန်တဲ့ ကောင်းကင်လူသားတစ်ယောက် ဖြစ်နိုင်တဲ့ လူတစ်ယောက် ရှိတယ်။ သူက လင်းယွီဂိတ်တံခါးကနေ ထွက်လာတာ ဖြစ်နိုင်တယ်။ စုလင်းရှုံက လင်းယွီဂိတ်တံခါးကို ဝင်ဖို့အတွက် သော့ချက်တစ်ခုပဲ.."
"အတွင်းဘက်နယ်မြေမှာ စစ်ဘုရင်တွေ များစွာရှိကြတယ်။ သူတို့ရဲ့ သြဇာအာဏာ၊ လွှမ်းမိုးမှုတွေနဲ့ ကောင်းကင်လူသားတစ်ယောက်ကြောင့် အနာဂတ်တွေကို ဖျက်တောက်တာ ခံရတော့မှာလား.."
ဝတ်စုံနီနှင့်လူက အေးစက်စွာ ပြော၏။
"ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက်လား.."
ယွဲ့ဧကရာဇ်က အံ့သြသွားသည်။ အထွတ်အထိပ် စစ်ဘုရင်များစွာ အသက်ခံခဲ့ရတာ အံ့သြစရာ မရှိပေ။ မည်သူမှပင် လွတ်မြောက်ခြင်း မရှိခဲ့ပါ။
"လောကမှာရှိတဲ့ စစ်ဘုရင်တွေရဲ့ စွမ်းအားနဲ့ ဒီအခွင့်အရေးအတွက် တိုက်ခိုက်ပြီး ကောင်းကင်လူသားကို ဦးညွှတ်အောင် လုပ်ရမယ်။ သတ်တောင်သတ်ပစ်ပြီး လင်းယွီဂိတ်တံခါးကို ဖွင့်လှစ်ရမယ်.."
ဝတ်စုံနီနှင့်လူ၏ မျက်လုံးများထဲတွင် ရူးသွပ်သည့် အလင်းတစ်ချက် ဖြတ်သန်းသွား၏။
"စွမ်းအားကြီးမားပါတယ် ဆိုတဲ့ ကောင်းကင်လူသားတစ်ယောက်တောင် လောကကြီးကို တစ်ယောက်တည်းနဲ့ မဖိနှိပ့်နိုင်ဘူး။ ငါတို့ဆိုရင် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာဖို့အတွက် ခြေတစ်လှမ်းပဲ လိုတော့တဲ့လူတွေပဲ။ ဒါပေမယ့် ဒီပွဲမှာ ပါဝင်ပြီးတော့ တိုက်ခိုက်ကြမှာ.."
ဝတ်စုံနီနှင့်လူက စိတ္တဇဆန်စွာ ပြောသည်။
"ကောင်းပြီ... ငါ့ရဲ့ ယွဲ့နိုင်ငံက ဒီကိစ္စမှာ အစွမ်းကုန် ကူညီပေးမယ်.."
ယွဲ့ဧကရာဇ်က စိတ်လှုပ်ရှားစွာ ပြောသည်။
"လင်းယွီဂိတ်တံခါးနဲ့ ကောင်းကင်လူသားရဲ့ အကြောင်းကို နေရာတိုင်းမှာ သတင်းလွင့်လိုက်။ အတွင်းဘက်နယ်မြေက အဖွဲ့အစည်းတွေ အားလုံးကို ပူးပေါင်းရမယ်။ အဲ့ဒီ့အခါ သူဘယ်လို လုပ်မလဲလို့ ကြည့်တာပေါ့.."
ဝတ်စုံနီနှင့်လူက အေးစက်စွာ ပြောသည်။
အတွင်းဘက်နယ်မြေရှိ အင်အားစုများစွာနှင့် စွမ်းအားကြီးမားသည့် စစ်ဘုရင်များသည် စစ်ဘုရင်အဆင့်၏ အထက်ရှိ လမ်းကြောင်း ရှိနေသည်ဟု သိရှိသွားခဲ့၏။
လင်းယွီစိတ်တံခါးကို ဖွင့်လှစ်ပြီးပါက ကောင်းကင်လူသားအဆင့်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ချန်ချင်းစံအိမ်ရှိ စုလင်းရှုံမှာ လင်းယွီဂိတ်တံခါးအား ဝင်ရောက်နိုင်မည့် သော့ချက်တစ်ခု ဖြစ်၏။
ချန်းလန်ကျွန်းပေါ်တွင် စုလင်းရှုံကို ထိန်းချုပ်ထားသည့် ကောင်းကင်လူသားတစ်ယောက် ရှိပါသည်။ သူတစ်ယောက်တည်း လင်းယွီဂိတ်တံခါးကို လက်ဝါးကြီးအုပ်ရန် ကြိုးစားနေ၏။
ထို့ကြောင့် ချန်းလန်ကျွန်းကို သိမ်းပိုက်ကာ စုလင်းရှုံကို လက်လွှဲပေးခိုင်းရပေမည်။ လင်းယွီဂိတ်တံခါး၏ အခွင့်အရေးကို လူတိုင်းနှင့် မျှဝေရမည် ဖြစ်၏။
ထိုအခါ စစ်ဘုရင်အဆင့်ရှိ လူများအတွက် ရှေ့ဆက်ရမည့် သိုင်းပညာလမ်းကြောင်းအား ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
အင်အားစု များစွာတို့၏ သတင်းဖြန့်မှုအောက်တွင် လင်းယွီဂိတ်တံခါးနှင့် ကောင်းကင်လူသား၏ ဒဏ္ဍာရီက ပိုမိုပိုမိုကာ ပျံ့နှံ့လာခဲ့၏။ ပိုမိုများပြားသည့် စစ်ဘုရင်များ ထိုသတင်းကို ကြားသိလာကြသည်။
ချန်းလန်ကျွန်းသည် လောကတစ်ခုလုံး၏ အာရုံစိုက်ရာ နေရာ ဖြစ်လာခဲ့၏။ စုလင်းရှုံကို လင်းယွီဂိတ်တံခါးအား ဖွင့်လှစ်ရန်အတွက် သော့ချက်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
အင်အားစုများစွာတို့ စုစည်းကာ အတွင်းဘက်နယ်မြေ၌ ထုးဆန်းသည့် စစ်ဘုရင်များစွာ လှုပ်ရှားမှု ပြုလာကြ၏။
ဒီအချိန်၌ ကောင်းကင်လူသားအဆင့်သို့ တစ်ဝက်တစ်ပြက် ဝင်ရောက်ပြီးဖြစ်သည့် လူများလည်း တစ်ယောက်ပြီးတစ်ယောက် စတင်ပေါ်လာကြသည်။ သေဆုံးပြီးသည်ဟု ယုံကြည်ထားရသည့် အထွတ်အထိပ် စစ်ဘုရင်များလည်း အပါအဝင် ဖြစ်၏။ အားလုံးတို့သည် ကိုယ်ထင်ပြလာခဲ့ ကြသည်။
နတ်ဆိုးဂိုဏ်းမှ နာမည်ကျော်ပုဂ္ဂိုလ်များ... ကျန်ရှိသည့် နတ်ဆိုးအရှင်သခင်များလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။
ယွဲ့နိုင်ငံ၏ မယ်တော်ကြီးမှာ အိုမင်းကာ သေဆုံးခါနီးဖြစ်နေပေမယ့် အင်ပါရီယာ ဂူဗိမ္မာန်အတွင်းမှ ထွက်ခွာလာခဲ့သည်။
ယန်နိုင်ငံ၏ တော်ဝင်မိသားစုမှာလည်း တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက် ထွက်ပေါ်လာခဲ့၏။
ကျစ်ယွင်နိုင်ငံ၏ ဧကရာဇ်ဟောင်းလည်း ထွက်ပေါ်လာခဲ့သည်။ ဂုဏ်သိက္ခာကြီးမားကာ စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြ၏။
အတွင်းဘက်နယ်မြေ၏ သိုင်းလောကတစ်ခုလုံးကို လှုပ်ခါသွားစေသည်။
မရေမတွက်နိုင်သည့် စစ်ဘုရင်များသည် စိုးထိတ်မိသလို အလွန်လည်း စိတ်လှုပ်ရှားနေကြ၏။ ချန်းလန်ကျွန်းအား လူကို လွှဲပေးရန် ဖိအားပေးကာ လင်းယွီဂိတ်တံခါး၏ အခွင့်အရေးအား မျှဝေမည်ဟု ရည်ရွယ်ထားကြသည်။
စွမ်းအားကြီး အင်အားစုများနှင့် ပုဂ္ဂိုလ်တို့သည် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေကြ၏။ အတွင်းဘက်နယ်မြေ၏ အင်အားစုများမှာ ကြီးစိုးမှုအားမာန်တစ်ခု ရလာကြပုံ ပေါ်သည်။ ချန်းလန်ကျွန်းကို ပူးပေါင်းကာ ဖိအားပေးလိုကြ၏။
ခုနှစ်စင်ကြယ်အကယ်ဒမီတွင် ပိုင်ယွင်ခုံးက ရှေးဟောင်း လက်ဖက်ရွက်ပင်၏ အောက်တွင် တိတ်ဆိတ်စွာ ထိုင်ကာ လက်ဖက်ရည်ကို သောက်နေ၏။
ပုံရိပ်နှစ်ခုတို့ ချဥ်းကပ်လာခဲ့သည်။
"ကျောင်းတော်သခင်... လင်းယွီဂိတ်တံခါးနဲ့ ကောင်းကင်လူသားနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ခုနှစ်စင်ကြယ်အကယ်ဒမီက ဘာလုပ်သင့်သလဲ မသိဘူး.."
ပိုင်ယွင်ခုံးက အေးစက်စွာ ဖြေ၏။
"ငါတို့ ခုနှစ်စင်ကြယ်အကယ်ဒမီက သိုင်းလောကရဲ့ ပဋိပက္ခတွေကြားမှာ ဝင်မပါဖို့ စည်းမျဉ်းရှိတယ်။ မင်းတို့ မေ့သွားတာလား.."
"ဒါက သိုင်းပညာ ပဋိပက္ခအကြောင်း မဟုတ်ဘူး။ သိုင်းပညာရဲ့ ရှေ့ဆက်ရမဲ့ လမ်းကြောင်းနဲ့ သက်ဆိုင်နေပါတယ်.."
တစ်ယောက်က လေးလံသည့်အသံဖြင့် ပြော၏။
"ရှေ့ဆက်ရမယ့် လမ်းကြောင်းက အမြဲတမ်း သူ့ဘာသာ ရှိနေပြီးသား.. လင်းယွီဂိတ်တံခါးက တစ်သီးတစ်သန့်ဆန်ပြီး ရှာဖို့ခက်ခဲတယ်။ ဘယ်သူဝင်နိုင်လို့လဲ။ ဝင်နိုင်ရင်တောင်မှ ကောင်းကင်လူသားတစ်ယောက် အလိုလိုဖြစ်လာနိုင်မှာလား။
'ပထမအဆင့် သိုင်းသမားတိုင်းက သိုင်းသခင်ဖြစ်လာလို့လား။ သိုင်းသခင်အဆင့် သိုင်းသမားတိုင်းကရော စစ်ဘုရင် ဖြစ်လာနိုင်လို့လား..'
"ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်လို့ မရဘူး.."
ပိုင်ယွင်ခုံးက လေးနက်စွာ ပြောသည်။
"ကျောင်းတော်သခင်... ကျွန်တော်တို့တွေ ကြိုးစားကြည့်မယ်ဆိုရင် အခွင့်အရေး ရှိလောက်တယ်။ မဟုတ်ရင်တော့ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး။ ကျွန်တော် လက်မခံနိုင်ဘူး.."
"ဟုတ်တယ်... ကျွန်တော်တို့ ဘားမှမလုပ်ဘဲနဲ့တော့ ဒီတိုင်းမနေနိုင်ဘူး.."
နှစ်ယောက်သားက နက်ရှိုင်းသည့်အသံဖြင့် ပြောကြ၏။
ပိုင်ယွင်ခုံးက ထိုနှစ်ယောက်ကို ကြည့်ကာ သက်ပြင်းချပြီး ပြောသည်။
"အခွင့်အရေးဆိုတာ မရေရာသလို ကောင်းကင်လူသားဆိုတာလည်း မရေရာဘူး။ ငါပြောချင်တာတော့ ဒီလောက်ပဲ။ မင်းတို့ဘာသာ မင်းတို့ ဆုံးဖြတ်ကြပေါ့.."
"နန်းတော်သခင်က အရမ်းကို ခေါင်းမာလွန်းတယ်။ ငါတို့ကတော့ ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ဘူး.."
"ကျောင်းတော်သခင်... ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကိုယ့်ဘာသာပဲ လိုက်နာပါတော့.."
ထိုစကားကို ပြောပြီးနောက် နှစ်ယောက်သားက ထွက်ခွာသွားကြသည်။
ပိုင်ယွင်ခုံး၏ လက်ချောင်းများက စားပွဲကို ခေါက်နေသည်။ သူသည် ဆုံးဖြတ်ချက်ချရန် အတွက် တုံ့ဆိုင်းစွာ ရှိနေ၏။
ထိုအချိန်၌ ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားသည့် အဘိုးအိုတစ်ယောက် ရောက်ရှိလာ၏။ သူ၏ပုခုံးပေါ်၌ ဆံပင်ဖြူများ ဝေ့ဝဲကျနေသည်။ သို့ပေမယ့် နီရဲသောမျက်နှာနှင့် ဖြတ်လတ်သော ခန္ဓာကိုယ်နှင့် မည်သည့် အိုမင်းသည့် လက္ခဏာရပ်မှ ပြသခြင်း မရှိပေ။ ညိုမဲနေသည့် မျက်လုံးအစုံက လွဲ၍ ဖြစ်၏။
"ဘာတွေ တုံ့ဆိုင်းနေတာလဲ... ငါတို့ ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ စည်းမျဉ်းတွေက ချိုးဖျက်လို့ မရဘူး။ ချိုးဖျက်တဲ့လူ ဘယ်သူမဆိုက ကျောင်းတော်ရဲ့ အဖွဲ့ဝင်မဖြစ်နိုင်ဘူး.."
ပိုင်ယွင်ခုံးက ခါးသက်စွာ ပြောသည်။
"မင်းက ကျောင်းတော်သခင်မှ မဟုတ်တာ။ ပြောဖို့လွယ်တာပေါ့... ဘာပဲဖြစ်ဖြစ် မူလ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားတဲ့ လူတွေကို ထားထားစရာတော့ မလိုပါဘူး.."
ထိုနေ့တွင် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ကျောင်းတော်သခင် ပိုင်ယွင်ခုံးက ဒုကျောင်းတော်သခင် နှစ်ယောက်တို့အား ထုတ်ပယ်သည်ဟူသည့် အမိန့်တစ်ခုကို ချမှတ်ခဲ့သည်။
ချန်းလန်ကျွန်းကို တိုက်ခိုက်ရာ၌ ပါဝင်ရန် ရည်ရွယ်ကြသည့် မည်သူမဆိုအားလည်း ခုနှစ်စင်ကြယ်အကယ်ဒမီမှ ထုတ်ပစ်မည် ဖြစ်၏။
ထိုနေ့တွင် ခုနှစ်စင်ကြယ်အကယ်ဒမီမှ များပြားလှသည့် စစ်ဘုရင်များ ထွက်ခွာသွားကြပြီး တစ်ချိန်က ရင်းနှီးခဲ့သည့် ဆရာနှင့် ကျောင်းသားတစ်ဝက်ကျော်တို့ ရုတ်တရက် ပျောက်ဆုံးသွားကြသည်။
လင်းယွီဂိတ်တံခါးနှင့် ကောင်းကင်လူသား အဆင့်မှာ သိုင်းသမားများအတွက် အလွန် ဆွဲဆောင်မှု ကြီးလှ၏။
စစ်မှန်သည့် ကောင်းကင်လူသား တစ်ယောက်ကို ရင်ဆိုင်ရလျှင်ပင် လောကကြီးရှိ သိုင်းသမားများ အတူတူ စုပေါင်းမှုနှင့် ထိပ်တန်းပုဂ္ဂိုလ်များစွာတို့ ထွက်ပေါ်လာမှုကြောင့် အကြောက်တရားတို့အား လျစ်လျူရှု့ထားနိုင်ကြ၏။
သူတို့သည် စိတ်လှုပ်ရှားမှုပင် ပိုနေပါသည်။ သိုင်းလောကသို့ စတင်ဝင်ရောက်ခဲ့သည့် ငယ်ရွယ်သည့် အချိန်အခါများသို့ ရောက်ရှိသွားသည့်နှယ် ခံစားရ၏။
ကောင်းကင်လူသားတစ်ယောက်ကို အနိုင်ယူကာ လင်းယွီဂိတ်တံခါးကို ဖွင့်လှစ်ပြီး သိုင်းလောက၏ သမိုင်းတစ်လျှောက်တွင် အမည်တွင်လိုကြသည်။
မြောက်ပိုင်း စွန့်ပစ်ဒေသသည် အတွင်းဘက်နယ်မြေ၏ အစွန်အဖျား ဖြစ်၏။ ထိုနေရာတွင် ကျယ်ပြောလှသည့် အဖြူရောင် နယ်မြေကြီးတစ်ခု ရှိသည်။
၎င်း၏အစွန်တွင် မြင့်မားသည့် တောင်ကြီးတို့ ရှိနေ၏။ ထိုတောင်ကို တက်ရောက်ပြီးပါက အတွင်းဘက်နယ်မြေ၏ အခြား တစ်စိတ်တစ်ပိုင်းကို မြင်တွေ့နိုင်မှာ ဖြစ်သည်။
ဤသည်မှာ စစ်မှန်သည့် အေးစက်သည့် နယ်မြေတစ်ခု ဖြစ်၏။ သိုင်းသခင်များပင်လျှင် အကြာကြီး နေရဲခြင်း မရှိပေ။
တောင်ကုန်းများထဲမှ တစ်ခု၏ နေရာ အများစုတို့မှာ မွမ်းမံခြင်း ခံထားရ၏။ တောင်စောင်းပေါ်တွင် အဆောက်အအုံများစွာတို့ ရှိနေပြီး စံအိမ်များ၊ မျှော်စင်များ၊ ဥယျာဉ်များအပါအဝင် လိုအပ်သမျှ အရာအားလုံးကို တွေ့မြင်နိုင်ပါသည်။
မြင့်မားသည့် တောင်စောင်းပေါ်ရှိ ဥယျာဉ်တစ်ခုတွင် နွေးထွေးသည့် စမ်းချောင်းတစ်ခု ရှိနေ၏။ ထိုနေရာတွင် စိုက်ပျိုးထားသည့် ပန်းပင်နှင့် သစ်ပင်အားလုံးတို့မှာ စိတ်ဝိဉာဉ်အပင်များ ဖြစ်ကြပြီး ကောင်းကင်ဝတ်ရည်နှင်းစက်ကဲ့သို့ အဆင့်ငါးစိတ်ဝိဉာဉ်ဆေးပင်လျှင် ဒီနေရာ၌ ကြီးထွားနေပါသည်။
ဒီအချိန်၌ ဥယျာဉ်အတွင်းတွင် ပုံရိပ်ဆယ်ခုကျော်တို့ ထိုင်နေကြ၏။ ထိုအထဲတွင် သံတောင်မြို့၌ ပေါ်လာခဲ့သည့် ထန်းပေါင်စံအိမ်မှ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတို့လည်း ပါရှိသည်။ ဤသည်မှာတော့ ထန်းပေါင်စံအိမ်၏ ဌာနချုပ် ဖြစ်၏။
ခရမ်းရောင်သရဖူနှင့်လူက အသာရယ်ကာ ပြောသည်။
"အတွင်းဘက်နယ်မြေရဲ့ မင်းဆက်ဟောင်းကို လောကမှာရှိတဲ့ သိုင်းသမားတွေ ဆန့်ကျင်တုန်းကတောင်... နတ်ဆိုးအရှင်သခင်ကြီးကို တိုက်ခိုက်ဖို့အတွက် သိုင်းသမားတွေအားလုံး မဟာမိတ်ဖွဲ့ခဲ့ကြတုန်းကတောင် ဒီလောက်အထိ မစည်ကားခဲ့ဘူး.."
"မင်းတို့နှစ်ယောက် သူ့ကို မြင်တွေ့ဖူးခဲ့တယ် မလား။ ဘယ်လို ခံစားရလဲ.."
လူတိုင်းက သံတောင်မြို့သို့ ရောက်ခဲ့သည့် လူနှစ်ယောက်ဆီသို့ အကြည့်ရောက်သွားကြသည်။
"သူက ကောင်းကင်လူသားတစ်ယောက်လား ဆိုတာကို ငါလည်း မပြောနိုင်ဘူး။ ဒါပေမယ့် အရမ်းကို နက်ရှိုင်းတယ်လို့ ခံစားရတယ်.."
တစ်ယောက်က လေးနက်သည့်အသွင်ဖြင့် ပြောသည်။
"လက်တစ်ဝှေ့နဲ့ ခူကျွယ်ကို သတ်ဖြတ်လိုက်တယ်။ ပြီးတော့ အသိစိတ်ကို တစ်ခါတည်း ဖျက်ဆီးလိုက်တာ။ အတိတ်တုန်းက နတ်ဆိုးအရှင်သခင်ကြီးတောင်မှ ဒီလို အတတ်မျိုးကို ပိုင်ဆိုင်ထားနိုင်မှာ မဟုတ်ဘူး.."
အခြားတစ်ယောက်က သက်ပြင်းချစွာ ပြော၏။
ခရမ်းရောင်သရဖူနှင့်လူက ခေါင်းငြိမ့်သည်။ အသာရယ်ကာ ပြော၏။
"လူတိုင်းက လင်းယွီဂိတ်တံခါးကို ဝင်ချင်နေကြတယ်။ ဒါပေမယ့် လင်းယွီဂိတ်တံခါးက ဘာလဲဆိုတာကို ဘယ်သူ သိလို့လဲ။ ဘယ်လိုဝင်ရမလဲ ဆိုတာကိုရော ဘယ်သူသိလို့လဲ။ အတွင်းဘက်နယ်မြေက သိုင်းသမားတွေအတွက် အဲ့ဒီ့ကို ဝင်တာက ခွေးတွေဝက်တွေ သွားလုပ်တာနဲ့ ဘာမှမခြားနားဘူး.."
ကြည့်နေကြသည့် လူအားလုံးတို့ တိတ်ဆိတ်သွားကြ၏။
"စံအိမ်သခင်... စုလင်းရှုံရဲ့ အခြေအနေက ဘယ်လိုဖြစ်တာလဲ မသိဘူး.."
တစ်ယောက်က သိလိုစွာမေးသည်။
ခရမ်းရောင်သရဖူနှင့်လူက ခဏတာ တိတ်ဆိတ်သွားပြီးနောက် နက်ရှိုင်းစွာ ပြောသည်။
"လွန်ခဲ့တဲ့ နှစ်၂၀တုန်းက လင်းယွီဂိတ်တံခါးက လာတဲ့ လူက သူမနဲ့ ပတ်သက်နေတာ ဖြစ်လိမ့်မယ်။ ယင်လုံ့စံအိမ်နဲ့ ပတ်သက်တဲ့ တာဝန်က လင်းယွီဂိတ်တံခါးက တစ်ယောက်ယောက်က ထုတ်ပြန်ခဲ့တာ.."
ရှိနေကြသည့် လူအားလုံးက အံ့သြသွားကြသည်။ အတွင်းဘက်နယ်မြေသို့ လာရောက်လည်ပတ်သည် ဟူသည့် တင့်တယ်သည့် လူငယ်တစ်ယောက်ကို ပြန်လည်တွေးတောမိလိုက်၏။
ထိုအချိန်က စံအိမ်သခင်ပင်လျှင် အယဉ်ကျေးဆုံး ဧည့်ခံမှုဖြင့် ဧည့်ခံခဲ့ရသည်။
"သူနဲ့ပတ်သက်နေတယ် ဆိုရင် ဘာဖြစ်လို့ ယင်လုံ့စံအိမ်က စုကျန်းကို သတ်ဖြတ်ခဲ့တာလဲ.."
တစ်ယောက်ယောက်က သံသယဖြင့် မေး၏။
ခရမ်းရောင်သရဖူနှင့်လူက ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
"ယင်လုံ့စံအိမ်ကို တာဝန်ပေးတဲ့လူက သူမဟုတ်ဘူး။ ဒီကိစ္စက အရမ်းကို ရှုပ်ထွေးတယ်။ ငါတို့ ဆွေးနွေးနိုင်တဲ့အရာ မဟုတ်ဘူး.."
သူက အေးစက်စွာ ရယ်၏။
"ယင်လုံ့စံအိမ်သခင်က တာဝန်ကို ပြီးမြောက်အောင် လုပ်တာနဲ့ သူ့ကိုယ်သူ ကောင်းကင်လူသားတစ်ယောက် ဖြစ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။ လင်းယွီဂိတ်တံခါးကို ဝင်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။ သူ့အတွက် မျှော်လင့်ချက် မရှိဘူး။ ခွေးတစ်ကောင်လို ဝက်တစ်ကောင်လို ဖြစ်လာချင်ရင်တောင် အခွင့်အရေးမရှိဘူး.."
အားလုံးတို့က တိတ်ဆိတ်သွားကြ၏။ စံအိမ်သခင်သည် တစ်ချိန်က လင်းယွီဂိတ်တံခါးသို့ ဝင်ခဲ့ဖူး၏။ သို့ပေမယ့် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာရန်အတွက် ကျရှုံးခဲ့၏။
ဖြစ်နိုင်သည်မှာ လင်းယွီအတွင်းရှိ အင်အားစု တစ်ခု၌ ခွေးတစ်ကောင် ဖြစ်ခဲ့သည်လား။
လင်းယွီသို့ သွားရောက်ကာ ခွေးတို့ဝက်တို့ အဖြစ်ခံမည်လား။ သို့မဟုတ် အတွင်းပတ်နယ်မြေ၌ အထွတ်အထိပ်၌ နေလိုသည်လား။ သူတို့၏ နှလုံးသားထဲတွင် ရွေးချယ်မှုပြုပြီး ဖြစ်သည်။
ထို့အပြင် သူတို့တွင် အခြေအနေကို ပြောင်းလဲရန်အတွက် စွမ်းရည်တို့ ရှိသည်ဟု ယုံကြည်ချက် မရှိပါ။
ရုတ်တရက် စိတ်ထဲ၌ ငယ်ရွယ်သည့် လူငယ်တစ်ယောက်၏ ပုံရိပ်က ပေါ်လာခဲ့၏။ ထိုသူသာလျှင် လင်းယွီဂိတ်တံခါးသို့ ဝင်ရောက်ပြီးပါက လင်းယွီနယ်မြေရှိ လူများ၏ ကံတရားကို ပြောင်းလဲရန် တတ်စွမ်းပေလောက်သည်။
ဤသည်မှာ ရွှီယန်ဖြစ်၏။
ဓားသခင်ချောက်ကမ်းပါးတွင် စစ်ဘုရင်တစ်စု စုစည်းနေကြသည်။ ဓားတာအိုကို လေ့လာနေသည့် ရှဲ့လင်ဖုန်းလည်း အမြန်ဆင့်ခေါ်ခြင်း ခံလိုက်ရ၏။ သန့်စင်သော ဓားနှလုံးသားကို နားလည်သဘောပေါက်ရန် နီးကပ်လာပြီဟု ခံစားရချိန်၌ ဟူရှန်းက အလျှင်အမြန် လာရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။