← Chapters

ဆရာ လောကကြီးကို ဘယ်လိုအောင်နိုင်လဲဆိုတာကို ကြည့်ကြ

Vol. 23 Ch. 336

ဆရာ လောကကြီးကို ဘယ်လိုအောင်နိုင်လဲဆိုတာကို ကြည့်ကြ

Vol. 23 Ch. 336

"ဟူရှန်း ဘာဖြစ်တာလဲ.."

ရှဲ့လင်ဖုန်းက ကြောင်တောင်စွာ မေးသည်။

"သခင်လေး ပြဿနာကြီးပြီ... တစ်လောကလုံးမှာရှိတဲ့ စစ်ဘုရင်တွေက အတူတူပူးပေါင်းပြီး ချန်းလန်ကျွန်းကို ဝိုင်းဝန်းတိုက်ခိုက်ဖို့ စီစဉ်နေကြတယ်.."

ဟူရှန်းက ထိတ်လန့်စွာ ပြောသည်။

"ဘာ.. ဘယ်လိုဖြစ်တာလဲ.."

ရှဲ့လင်ဖုန်း၏ မျက်နှာက ပြောင်းလဲသွား၏။

"လင်းယွီဂိတ်တံခါးနဲ့ ကောင်းကင်လူသား..."

ဟူရှန်းက ရှဲ့လင်ဖုန်းအား သူသိရှိသည့် လင်းယွီဂိတ်တံခါးနှင့် ကောင်းကင်လူသား ဒဏ္ဍာရီအကြောင်း အားလုံးတို့ကို ရှင်းပြသည်။

"ကျွန်တော်တို့ ဓားသခင်ချောက်ကမ်းပါးရဲ့ စစ်ဘုရင်တွေအားလုံးလည်း ဓားနန်းတော်သခင်ကို သွားရှာနေကြတယ်.."

"သွားရအောင်... ငါ့အဖေဆီကို သွားမယ်.."

ရှဲ့လင်ဖုန်းက ထိုင်မနေနိုင်တော့ပေ။ ဓားသခင်ချောက်ကမ်းပါး၏ ထိပ်ဆီသို့ လျှင်မြန်စွာ သွားရောက်၏။

ဓားသခင်ချောက်ကမ်းပါး၏ ထိပ်တွင် လူတစ်စုတို့ စုစည်းနေကြသည်။ ထိုအထဲတွင် ထက်မြသည့် ဓားအရှိန်အဝါနှင့် ဆံဖြူအဘိုးအို အချို့လည်း ပါရှိ၏။

သူတို့၏ ပတ်ဝန်းကျင်တွင် စိတ်ဝိဉာဉ် စွမ်းအင်များ လှိုင်းထနေပါသည်။ ပြတ်သားသည့် မျက်လုံးများနှင့် စူးရှသည့် လေထုက အထွတ်အထိပ် စစ်ဘုရင်များကိုပင် ထိတ်လန့်သွားစေနိုင်သည်။

တောင်ကမ်းပါးထိပ်ရှိ ကျောက်အိမ်တော်က ပွင့်လာခဲ့သည်။ မြင့်မားသော ပုံရိပ်တစ်ခု လျှောက်ထွက်လာခဲ့၏။

သူ၏မျက်နှာက တည်ကြည်ပြတ်သားကာ နောက်ကျောတွင် ရတနာဓားကို လွယ်ထားသည်။ မျက်လုံးများက စူးရှပြီး ဓားရောင်တောက်နေသကဲ့သို့ ရှိ၏။

ထွက်လာသည်နှင့် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့် ဓားအိမ်ထဲမှ ဓားတစ်ချောင်းကဲ့သို့ ရှိနေပါသည်။ ဤသည်မှာတော့ လက်ရှိ ဓားသခင်ချောက်ကမ်းပါး၏ ဓားနန်းတော်သခင် ရှဲ့ထန်းဟန် ဖြစ်သည်။ အတွင်းဘက်နယ်မြေ၏ နံပါတ်တစ် ပုဂ္ဂိုလ်လည်း ဖြစ်၏။

"ဘာကိစ္စရှိလို့လဲ... ဓားသခင်ချောက်ကမ်းပါးကို စွမ်းအားကြီးရန်သူတွေ ရောက်လာကြလို့လား.."

ရှဲ့ထန်းဟန်က စုစည်းလာကြသည့် စစ်ဘုရင်များနှင့် ဓားသခင်ချောက်ကမ်းပါး၏ အကြီးအကဲအချို့တို့ကို ကြည့်ကာ မျက်မှောင်ကျုံ့သွားသည်။

ထိုအချိန်၌ စစ်ဘုရင်အားလုံး တို့ကို အံ့သြသွားစေ၏။ ဓားနန်းတော်သခင်၏ ခွန်အားသည် မည်မျှစွမ်းအားကြီးမားလိုက်သနည်း။

အကြီးအကဲများပင်လျှင် ဓားနန်းတော်သခင်၏ ထွက်ပေါ်လာမှုကြောင့် အနည်းငယ် အံ့ဩသွားကြသည်။

ဓားအငွေ့အသက်က သူတို့ဆီသို့ ဖိနှိပ့်လာသည့်နှယ်ရှိ၏။

"ဓားနန်းတော်သခင်.. ဒီလိုပါ... လင်းယွီဂိတ်တံခါး... ကောင်းကင်လူသားဒဏ္ဍာရီ... ချန်းလန်ကျွန်းပေါ်မှာ စစ်မှန်တဲ့ ကောင်းကင်လူသားတစ်ယောက် ရှိနေပါလိမ့်မယ်။ အခု လောကမှာရှိတဲ့ စစ်ဘုရင်အားလုံး အဲ့ဒီ့မှာ စုစည်းနေကြတယ်။ အကြောင်းအရင်းက ကောင်းကင်လူသားကို ဖိအားပေးပြီး မိန်းကလေးစုလင်းရှုံကို လက်လွှဲခိုင်းကုမလို့ပဲ.. ကျွန်တော့်အထင်တော့ ကောင်းကင်လူသားကိုတောင် သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတွေ ရှိကြလိမ့်မယ်.."

"ဓားနန်းတော်သခင်... ကျွန်တော်တို့လည်း လှုပ်ရှားမှုပြုကြမလား။ ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုး ကြီးမားတဲ့ အခွင့်အရေးမျိုးက သိုင်းပညာသမိုင်းမှာ ကျွန်တော်တို့ရဲ့ ဓားသခင်ချောက်ကမ်းပါး လွဲချော်သင့်တဲ့အရာ မဟုတ်ဘူး.."

စစ်ဘုရင်တစ်ယောက်က ပါးစပ်ကိုဖွင့်ကာ အမြန်ပြော၏။

"ဟုတ်ပါတယ်။ ဓားနန်းတော်သခင်... ကောင်းကင်လူသားကိုသာ ကျွန်တော်တို့တွေ သတ်လိုက်ရင် ဓားသခင်ချောက်ကမ်းပါးက သိုင်းလောကရဲ့ သမိုင်းတစ်လျှောက်လုံးမှာ အမည်တွင်နိုင်မှာ.."

"ဟုတ်ပါတယ်... ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ကျွန်တော်တို့ လွဲချော်လို့ မရဘူး.."

အကြီးအကဲအချို့အပါအဝင် စစ်ဘုရင်အားလုံးတို့က စိတ်လှုပ်ရှားစွာ ပြောကြသည်။

"ပါးစပ်ပိတ်ထားကြ.."

ရှဲ့ထန်းဟန်က အေးစက်စွာ နှာခေါင်းရှုံ့၏။ ဆူညံနေသည့် အသံများက ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။

"မင်းတို့ကိုယ်မင်းတို့ အရူးလုပ်နေကြတာလား.."

ရှဲ့ထန်းဟန်က ကျေနပ်မှုမရှိစွာ ပြောဆို၏။

"ငါတို့လို ဓားကိုင်တဲ့ သိုင်းသမားတွေဆိုတာ သန်မာတဲ့လူကို ရင်ဆိုင်ရလည်း ဓားကို ဆွဲထုတ်ဖို့ သတ္တိရှိနေရမယ်။ ဒါပေမယ့် အရေအတွက်ကို အားကိုးပြီး ကိုယ့်ကိုယ်ကို ရဲဆေးတင်ရမှာ မဟုတ်ဘူး.."

ရှဲ့ထန်းဟန်က အထင်သေးစွာ နှာခေါင်းရှုံ့သည်။

"အပြင်ဘက်ကလူတွေ အားလုံးက အမှိုက်တွေပဲ။ ကောင်းကင်လူသား တစ်ယောက်ကို တွေ့တာနဲ့ ထိတ်လန့်ကြောက်ရွံ့ပြီး ဝိုင်းဝန်းတိုက်ခိုက်လိုကြတယ်။ တစ်ယောက်တည်း ရင်ဆိုင်ရဲတဲ့လူ တစ်ယောက်မှ မရှိဘူး။ ငါ.. ရှဲ့ထန်းဟန်က အဲ့လိုလူတွေနဲ့ ပေါင်းသင်းရမှာကို အရမ်းရှက်တယ်.."

"ငါတို့ ဓားသခင်ချောက်ကမ်းပါးက မြင့်မားဂုဏ်ယူစွာပဲ ရပ်တည်ကြတယ်။ အနိုင်မခံ အရှုံးမပေးတဲ့ ဓားစိတ်ဝိဉာဉ်ကို သယ်ဆောင်ကြတယ်။ အဲ့ဒီ့ အပြင်လူတွေနဲ့ ပူးပေါင်းတာက ငါတို့ကိုယ်ငါတို့ အရှက်ရစေတာ မဟုတ်ဘူးလား.."

"ကောင်းကင်လူသားလေး တစ်ယောက်ပဲကို.. ငါရှဲ့ထန်းဟန် သူ့ဆီကို ကိုယ်တိုင်သွားပြီးတော့ လည်ပတ်မယ်။ ဘာလို့ အမှိုက်အုပ်စုနဲ့ ပူးပေါင်းနေမှာလဲ.."

ဓားသခင်ချောက်ကမ်းပါးမှ စစ်ဘုရင်အားလုံးတို့ မှင်သက်သွားကြသည်။ ဓားနန်းတော်သခင်အား ငိုင်တိုင်စွာ ကြည့်နေကြ၏။

အရင်ကလည်း ဓားနန်းတော်သခင်သည် အမှန်တကယ်ကို မောက်မာခဲ့ပါသည်။ သို့ပေမယ့် လောကကြီးရှိ လူအားလုံးတို့ကို အမှိုက်ဟုတော့ ပြောဆိုခြင်း မရှိခဲ့ပါ။

သူ၏ စကားလုံးများတွင် နှိမ့်ချမှုအချို့ ပါဝင်နေဆဲ ရှိ၏။ အတွင်းဘက်နယ်မြေတွင် သူ့ကို ယှဉ်ပြိုင်နိုင်သည့် လူအနည်းငယ် ရှိနေပါသေးသည်။

သို့ပေမယ့် ယခုအချိန်မှာတော့ တံခါးပိတ်ကျင့်ကြံပြီးနောက်တွင် စကားတစ်ခွန်းနှင့် လူအားလုံးကို အမှိုက်ဟုဆိုနေ၏။

သူတို့၏ ဘဝတွင် ယခုမျှ မောက်မာသည့် လူတစ်ယောက်ကိုသာ ကြားဖူးခဲ့သည်။ ထိုလူမှာ ရွှီယန်ဖြစ်၏။

သို့ပေမယ့် တစ်ဖက်လူ၏ မောက်မာမူမှာ ကြီးမားသည့် ခွန်အားရှိပါသည်။ စစ်ဘုရင်များကို အနိုင်ယူမည်ဟု ပြောလျှင် အမှန်စင်စစ် အနိုင်ယူနိုင်၏။ အထွတ်အထိပ် စစ်ဘုရင်များကို သတ်ဖြတ်မည်ဟုပြောလျှင် အမှန်တကယ် သတ်ဖြတ်နိုင်၏။

ငါတို့၏ ဓားနန်းတော်သခင်ကရော အဘယ်ကြောင့် အလွန်မောက်မာနေရသနည်း။

"ဓားနန်းတော်သခင်... အဲ့ဒါက စစ်ဘုရင်အဆင့်တွေရဲ့ အထက်မှာရှိတဲ့ ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက်ပါ.."

အကြီးအကဲတစ်ယောက်က ဂရုတစိုက်ဖြင့် သတိပေးသည်။

"ကောင်းကင်လူသား တစ်ယောက် ဖြစ်တာနဲ့လား။ ငါကတော့ အဲ့ဒီ့ အမှိုက်တွေနဲ့ ပူးပေါင်းရမှာကို မနှစ်မျို့ဘူး။ ငါကိုယ်တိုင်သွားပြီးတော့ တစ်ယောက်ချင်း သင်ယူမယ်။ ဓားကိုကိုင်စွဲတဲ့ သိုင်းသမားတစ်ယောက်အနေနဲ့ ငါတို့မှာ စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ် ရှေ့ကို သွားပြီး ဓားဆွဲထုတ်ရဲတဲ့ သတ္တိရှိရမယ်။ အဲ့ဒါမှပဲ ဓားအရှိန်အဝါကို စုစည်းနိုင်လိမ့်မယ်.."

ရှဲ့ထန်းဟန်က မောက်မာစွာ ပြောသည်။ သူ၏မျက်လုံးက ရှိနေကြသည့် လူအားလုံး၏အပေါ်သို့ ဖြတ်သန်းသွားပြီးနောက် အေးစက်စွာ ပြော၏။

"အမှိုက်တွေနဲ့ ပူးပေါင်းတဲ့ ဘယ်သူမဆို ဓားသခင်ချောက်ကမ်းပါးရဲ့ သိုင်းသမားလို့ ခေါ်ယူဖို့ မထိုက်တန်ဘူး။ ငါတို့က ဂုဏ်သိက္ခာနဲ့နေတာ.."

"ဓားကိုင်စွဲတဲ့ သိုင်းသမားတွေမှာ ကိုယ်ပိုင်မာန ရှိရမယ်။ အားနည်းတဲ့လူကို အရေအတွက်နဲ့ အနိုင်ကျင့်နေမယ်ဆိုရင် ဓားသိုင်းကျင့်ပြီး ဘာလုပ်နေမှာလဲ။ ထွက်သွားကြ.."

လူအားလုံးတို့ မှင်သက်သွားကြ၏။ အချိန်အတော်ကြာအောင် တံခါးပိတ်ကျင့်ကြံပြီးနောက် သူတို့၏ ဓားနန်းတော်သခင်သည် ကိုယ့်ကိုယ်ကို ပြိုင်ဖက်ကင်းသည်ဟု ထင်မှတ်ပြီး ဦးနှောက်တို့ ရှုပ်ထွေးသွားသည်လား။

"အဖေ အဖေ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့.."

ရှဲ့လင်းဖုန်း၏ စိုးရိမ်သည့် အသံက ထွက်ပေါ်လာ၏။

"လာပါဦး လာပါဦး.. သခင်လေး.. မင်းအဖေကို မြန်မြန်လေး တားပါဦး.."

"မြန်မြန်လာခဲ့ဦး.. ဓားနန်းတော်သခင်က ကောင်းကင်လူသားကို တစ်ယောက်တည်း သွားပြီး စိန်ခေါ်တော့မယ်.."

ဓားသခင်ချောက်ကမ်းပါးမှ စွမ်းအားကြီးပုဂ္ဂိုလ် အားလုံးက အမြန် လှမ်းခေါ်ကြသည်။

ရှဲ့လင်ဖုန်းက အနည်းငယ် မှင်သက်သွား၏။ မည်သည်တို့ ဖြစ်နေသနည်း။ ဖခင်ဖြစ်သူသည် ကောင်းကင်လူသားကို သွားရောက် စိန်ခေါ်ချင်သည်လား။

"ဖုန်းအာ... မှားယွင်းတဲ့လမ်းကို မရွေးချယ်နဲ့။ အပြင်ဘက်က အဲ့ဒီ့အမှိုက်တွေလို မဖြစ်စေနဲ့။ အားနည်းတဲ့လူကို အရေအတွက်နဲ့ ချိန်းခြောက်တာက လူညံ့ပဲ.. ငါတို့ဓားသခင်ချောက်ကမ်းပါးက သူတို့ထက် အများကြီးသာလွန်နေရမယ်.."

ရှဲ့ထန်းဟန်က အပြုံးတစ်ခုဖြင့် ပြောသည်။

ရှဲ့လင်ဖုန်းမှာ မည်သည်တို့ ဖြစ်နေသည်ကို အစအဆုံး သေချာခြင်း မရှိပေမယ့် ဓားသခင်ချောက်ကမ်းပါး၏ ချန်းလန်ကျွန်းအပေါ် တိုက်ခိုက်မှုတွင် ပါဝင်မှု မရှိပုံကို ကြားရပြီးနောက် ဝမ်းသာသွားသည်။

"အဖေပြောတာ မှန်တယ်.."

ဓားသခင်ချောက်ကမ်းပါး၏ စစ်ဘုရင်များ "..."

ခဏတာ စကားပြောပြီးနောက် ရှဲ့လင်ဖုန်းလည်း အခြေအနေကို နောက်ဆုံး၌ ရိပ်စားမိသွား၏။ မနေနိုင်ဘဲ စဉ်းစားမိသည်။ ဖခင်ဖြစ်သူသည် ဘယ်အချိန်က အလွန် မောက်မာသွားရသနည်း။ အပြင်ဘက်က အမှိုက်တွေဟူသည့် စကားကို ပြောချိန်၌ လူတိုင်းလူတိုင်း မှင်သက်သွားရသည်။

ရွှီယန်မှာ မောက်မာပုံ ပေါ်၏။ သို့ပေမယ့် သူ့တွင် ကိုယ်ပိုင် ခွန်အားရှိပါသည်။ သူ၏ဖခင်တွင်တော့ ယခုမျှခိုင်မာသည့် ယုံကြည်ချက်တို့ဖြင့် အပြင်ဘက်ရှိ သိုင်းသမားများကို အမှိုက်များဟု ခေါ်ဆိုရန် မည်သည့်နေရာမှ စွမ်းအားတို့ ရလာခဲ့သနည်း။

"အဖေ... ကျွန်တော်က ချန်းလန်ကျွန်းနဲ့ အဆက်အဆံရှိတယ်။ အဲ့ဒီ့ဆရာကြီးက..."

ရှဲ့လင်ဖုန်းက သူနှင့် ရွှီယန်တို့နှင့် နက်ရှိုင်းသည့် ရင်းနှီးမှုအကြောင်းကို အမြန်ရှင်းပြ၏။

All Chapters