← Chapters

ဆရာလောကကြီးကို ဘယ်လို အောင်နိုင်မလဲဆိုတာကို ကြည့်ကြ(၂)

Vol. 23 Ch. 337

ဆရာလောကကြီးကို ဘယ်လို အောင်နိုင်မလဲဆိုတာကို ကြည့်ကြ(၂)

Vol. 23 Ch. 337

"ဟမ်... သိုင်းပညာစနစ် ပြောင်းလိုက်တာလား.."

ရှဲ့ထန်းဟန်က သူ၏ သားဖြစ်သူကို ကြည့်ကာ မျက်မှောင်ကျုံ့သွားသည်။ မည်သည့်စကားကိုမှ မဆိုပေမယ့် သားဖြစ်သူ၏ ခွန်အားမှာ အစောပိုင်း စစ်ဘုရင်အဆင့်နှင့် နှိုင်းယှဉ်နိုင်နေပြီး ဖြစ်ကြောင်းအား သတိထားမိလိုက်၏။

"အဖေ... ကျွန်တော်တို့တွေ ချန်းလန်ကျွန်းကို ကူညီဖို့လိုအပ်တယ်.."

ရှဲ့လင်ဖုန်းက ပြောသည်။

"မင်းပြောတဲ့ စီနီယာက အရမ်းကို စွမ်းအားကြီးပြီး ငါ့တို့ ဓားသခင်ချောက်ကမ်းပါးရဲ့ အကူအညီကို မလိုအပ်ဘူး။ ဒါပေမယ့် ငါသူ့ဆီကနေ ညွှန်ကြားချက်အချို့ သေချာပေါက် သွားတောင်းရမယ်.."

ရှဲ့ထန်းဟန်က ဆို၏။

ထိုစကားကို ကြားရပြီးနောက် ရှဲ့လင်ဖုန်းက စိုးရိမ်သွားသည်။

"အဖေ... အဖေက အဲ့ဒီ့စီနီယာကြီးရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ညီလေးရွှီတောင်မှ အဖေ့ကို အနိုင်ယူနိုင်လောက်တယ်.."

"... မင်းဘာသိလို့လဲ.."

ရှဲ့ထန်းဟန်က ဂုဏ်ယူစွာ ပြော၏။

"သူက သန်မာလို့ပဲ ငါ့အနေနဲ့ သွားရောက်ယှဉ်ပြိုင်ချင်တာ။ ဓားတာအိုအပေါ်ကို ဒီအတောအတွင်း တံခါးပိတ်ကျင့်ကြံမှုအပြီးမှာ အတွင်းဘက်နယ်မြေရဲ့ သမိုင်းတစ်လျှောက်မှာ ငါက အနှိုင်းမဲ့တဲ့ နံပါတ်တစ် ဓားပညာရှင် ဖြစ်လာခဲ့ပြီ.."

"ငါ့ရဲ့ဓားတာအိုကို အရည်သွေးပြီး လောကကြီးကို ငါ.. ရှဲ့ထန်းဟန်ရဲ့ ဂုဏ်သတင်းကို သိသွားစေချင်တယ်။ ငါက ဓားတာအိုမှာ နံပါတ်တစ်ပဲ.."

ရှဲ့လင်ဖုန်း "..."

ဓားသခင်ချောက်ကမ်းပါးမှ စစ်ဘုရင်များ "..."

အတွင်းဘက်နယ်မြေသည် အထွတ်အထိပ်စစ်ဘုရင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာမှုနှင့်အတူ ဆူပွက်နေ၏။ သူတို့အားလုံးသည် ချန်းလန်ကျွန်းကို သိမ်းပိုက်ရန်အတွက် တာဆူနေကြပြီး ကောင်းကင်လူသားကို တိုက်ခိုက်ကြမည် ဖြစ်သည်။

လင်းယွီဂိတ်တံခါးသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးအတွက် စိတ်အားထက်သန် နေကြ၏။

နတ်ဆိုးသားတော်၊ မျက်နှာပြာနှင့်လူနှင့် အခြား ခုနှစ်စင်ကြယ် အကယ်ဒမီမှ မူလ ဒုကျောင်းတော်သခင်တို့ အပါအဝင် လောကကြီးရှိ စစ်ဘုရင်များက မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြသည်။

"ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့.."

အခြေအနေက ပြင်းထန်လှ၏။ ချန်းလန်ကျွန်းမှာ ဖိအား၏ အောက်သို့ ကျရောက်လာခဲ့သည်။

ထိုလူတို့သည် ချန်းလန်ကျွန်းမှ ကောင်းကင်လူသားကို စုလင်းရှုံအား လက်လွှဲပေးကာ လင်းယွီဂိတ်တံခါး၏ လျှို့ဝှက်ချက်တို့အား ပြောပြရမည်ဟု တစ်ခါတည်း တောင်းဆိုကြ၏။ မဟုတ်ပါက သုတ်သင်ခံရမည် ဖြစ်သည်။ ၇ရက်အတွင်းတွင် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့က ချန်းလန်ကျွန်းကို ဖျက်ဆီးပစ်မည်ဖြစ်၏။

တိတ်ဆိတ်အေးချမ်း သွားခဲ့သည့် ချန်းလန်ကျွန်းမှာ မုန်တိုင်း၏ အလယ်သို့ တစ်ဖန် ကျရောက်သွားပြန်သည်။ ထို့အပြင် ထိုမုန်တိုင်းသည် ပြီးခဲ့တုန်းက အရာများ နှိုင်းယှဉ်နိုင်သည် မဟုတ်ပေ။ လောကကြီးတစ်ခုလုံးရှိ စွမ်းအားကြီးပုဂ္ဂိုလ် များစွာနှင့် စစ်ဘုရင်များအားလုံးတို့ စုစည်းလာကြ၏။ ချန်းလန်ကျွန်းမှာ အတွင်းဘက်နယ်မြေ တစ်ခုလုံးကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ချန်းလန်ကျွန်းပေါ်သို့ စာပို့ငှက်တစ်ကောင် သက်ဆင်းလာပြီး စာတစ်ခုကို ယူဆောင်လာခဲ့၏။

"သူတို့တွေ ရူးသွားကြတာလား.."

ရှီအာက တံတွေးများကို မျိုချသည်။ ဓားကိုကိုင်ဆောင်ထားသည့် သူ၏လက်က အနည်းငယ် တုန်ခါနေ၏။

စုလင်းရှုံ၏ မျက်နှာလည်း ဖြူရော်သွားသည်။ ထိုအရာအားလုံးတို့ကို သူမကြောင့် ဖြစ်ပေါ်လာမည်ဟု ထင်မထားခဲ့ပေ။

လင်းယွီဂိတ်တံခါး... ကောင်းကင်လူသားဒဏ္ဍာရီ...

သူမသည် လင်းယွီဂိတ်တံခါးနှင့် မည်သို့ ပတ်သက်နေလို့နည်း။

"ဆရာ... တပည့်... တပည့်သူတို့ဆီကို တစ်ခါတည်း သွားလိုက်တော့မယ်။ ဆရာ့ကို ဒီကိစ္စတွေကို ဆွဲမထည့်ချင်ဘူး.."

စုလင်းရှူံ၏ မျက်လုံးများက မျက်ရည်တို့ စီးကျလာပြီး နားမလည်နိုင်မှုတို့ဖြင့် ပြည့်နက်နေ၏။

ကျိုးယင်က သူမကို ဂရုဏာသက်စွာ ကြည့်သည်။

သူမ၏ မျက်လုံးများကလည်း နီရဲနေကာ အလွန် စိုးရိမ်နေပါသည်။ ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လီရွှမ်ကို အကြိမ်ကြိမ် ကြည့်ရှု့ရင်းမှ သခင်မလေးအား လက်လျှော့လိုက်မည်ကို ကြောက်ရွံ့နေ၏။

လီရွှမ်မှာ ထုံထိုင်းနေပါပြီ။ အစက စုလင်းရှုံ၏ ထူးကဲသည့် ပါရမီကြောင့် တပည့်အဖြစ် လက်ခံခဲ့၏။ သူမသည် ဒန်ဆေးသိုင်းပညာ လမ်းစဉ်ကို ကျင့်ကြံရန်အတွက် အသင့်တော်ဆုံးလူ ဖြစ်သည်။

အမှန်တကယ်လည်း ဖြစ်ခဲ့၏။ ချောင်ကျသည့် စွန့်ပစ်ဒေသကို မဆိုထားနှင့် အတွင်းဘက်နယ်မြေ တစ်ခုလုံး၌ပင်လျှင် ဒန်ဆေးသိုင်းပညာကို ကျင့်ကြံရန် စုလင်းရှုံထက် သင့်တော်သည့် နောက်ထပ်တစ်ယောက် မရှိပေ။

ထို့အပြင် သူမသည် သစ်သားစိမ်း စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားပြီး ပါရမီကောင်းမွန်လှ၏။ ဆက်လက် ကျင့်ကြံမှုပြုကာ ဒန်ဆေးသိုင်းပညာကို မြှင့်တင်ပါက မကြာခင်တွင် ဒန်ဆေးသိုင်းပညာကျမ်း၏ နောက်တစ်ဆင့်အား တန်ပြန်အကျိုးပြုမှုအဖြစ် ရရှိနိုင်မှာ ဖြစ်သည်။

စုလင်းရှုံ၏ နောက်တွင် ပြဿနာတို့ ရှိသည်ကို သိပေမယ့် ဤသည်မှာ အဓိကအင်အားစုတစ်ခု စောင့်ကြည့်နေခြင်းသာ ဖြစ်သည်ဟု ထင်ခဲ့သည်။ သို့မဟုတ် စွမ်းအားကြီးမားသည့် ရန်သူတစ်ယောက် ရှိနေသည်ဟုသာ တွေးခဲ့၏။ ထိုမျှလောက်သာ ဖြစ်သည်။

ဤသည်မှာ လီရွှမ်အတွက် ပြဿနာမဟုတ်ပါ။ ပြဿနာရှာရဲသည့်လူ ရှိပါက ထိုသူများကို သုတ်သင်လိုက်မည်ဖြစ်၏။ ထို့ကြောင့် သူသည် ယင်လုံ့စံအိမ်သခင်ကို သတ်ဖြတ်ခဲ့သည်။ ထိုနောက် မျက်နှာပြာနှင့်လူကို သတ်ဖြတ်ခဲ့၏။

ဤသည်ကို အဆုံးသတ်သွားပြီဟု ထင်ထားခဲ့တာပါ။ သို့ပေမယ့် လက်စသတ်တော့ စုလင်းရှုံမှာ လင်းယွီဂိတ်တံခါး၏ ကိစ္စနှင့် ပတ်သက်နေ၏။

လောကကြီး တစ်ခုလုံးရှိ စစ်ဘုရင်အားလုံးတို့က စုစည်းကာ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ဟူ၍ပင် ဖွဲ့စည်းလာခဲ့သည်။ ဤသည်မှာ အတွင်းဘက်နယ်မြေရှိ စစ်ဘုရင်အားလုံးတို့နှင့် ရန်သူဖြစ်ခြင်းနှင့် တူညီလုနီးပါးရှိနေ၏။ ဒီပြဿနာက သာမန်ထက် များစွာ ပိုမိုနေပါသည်။

သို့ပေမယ့် စုလင်းရှုံမှာ သူ၏ တပည့်ဖြစ်ပြီး ဒန်ဆေးသိုင်းပညာကျမ်းကို နားလည်သဘောပေါက်ခဲ့သူ ဖြစ်၏။ နောင်တွင် ဒန်ဆေးသိုင်းပညာကျမ်းကို ဆက်လက်မြှင့်တင်ရန်အတွက် သူမကို လိုအပ်ပါသည်။ ပြဿနာက မည်မျှပင် ဆိုးရွားစေကာမူ သူ့အနေနှင့် ပုခုံးထမ်းမည် ဖြစ်၏။

ထို့အပြင် ထိုလူများသည် စုလင်းရှုံကိုသာ ပစ်မှတ်ထားနေခြင်း မဟုတ်ပေ။ ကောင်းကင်လူသားဖြစ်သည့် သူလည်းပဲ ပါဝင်၏။

သူသာ အားနည်းချက် တစ်စုံတစ်ရာ ပြသပါက အနှိုင်းမဲ့သည့် ပုဂ္ဂိုလ်တစ်ယောက်ဟူသည့် ဂုဏ်သတင်းကို မည်ကဲ့သို့ ထိန်းသိမ်းနိုင်မည်နည်း။

'ငါ.. အခုဆို ထုံးရွှမ်အဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုအဆင့်ကို ရောက်ပြီးပြီ။ လောကကြီးကိုတစ်ယောက်တည်း အောင်နိုင်တာက ပုံမှန်ပဲမလား..'

လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်၏။

"ငါတပည့်... နင်ဘာတွေ ပြောနေတာလဲ... ဒီပြဿနာတွေလောက်က ဘာအရေးလဲ။ ဒီလူတွေကို အရမ်းကြီး အထင်ကြီးနေတာလား.."

လီရွှမ်က ပြုံးသည်။ ဂရုမစိုက်စွာ ရှိနေ၏။

စုလင်းရှုံက မျက်လုံးများ ပြူးကျယ်စွာဖြင့် မေးသည်။ "ဆရာ... ဆရာကတကယ်ပဲ ကောင်းကင်လူသားတစ်ယောက်လား.."

ကျိုးယင်နှင့် အခြားလူများက သိလိုစွာ ကြည့်နေကြသည်။ သို့ရာတွင် လီရွှမ်က သူတို့ကို ဒေါသတကြီး စူးစိုက်စွာ ကြည့်၏။

"တပည့်... နင်ဆရာ့ကို စော်ကားနေတာလား။ ကောင်းကင်လူသားကဘာလဲ... အဲ့ဒါက ပုရွဲဆိတ်တစ်ကောင်လောက်ပဲရှိတယ်.."

အားလုံးတို့က အံ့သြသွားကြသည်။ ကောင်းကင်လူသားမှာ ပုရွဲဆိတ်တစ်ကောင်လေလား။

"ဆရာ... တပည့်မှားသွားတာပါ.."

စုလင်းရှုံက ဆရာဖြစ်သူ၏ ပုခုံးကို နှိပ်ပေးရင်းက သူမ၏ မျက်နှာက နောင်တရမှုတို့ဖြင့် ပြည့်နက်နေ၏။

"ဆရာ... လင်းယွီဂိတ်တံခါးက ဘာလဲ.."

သူမက သိလိုစွာမေးသည်။

"နင်လုံလုံလောက်လောက် သန်မာလာရင် သိလာလိမ့်မယ်။ ဘာလို့ မေးခွန်းတွေအများကြီး မေးနေတာလဲ။ ဒီလောကကြီးက အရမ်းကြီး မရှုပ်ထွေးပါဘူး။ ရှုပ်ထွေးတယ်လို့ မြင်နေတာက နင့်ခွန်အားက မလုံလောက်လို့ဘဲ.."

လီရွှမ်က မျက်တောင်ခတ်ခြင်း မရှိဘဲပြော၏။ ဖြီးဖျန်းသည်လား။ သူသည် ၎င်းကို ကျင်သားရနေပြီးဖြစ်သည်။

ဆရာတစ်ယောက်အနေနှင့် အနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ယောက်အနေနှင့် သူသည် လောကကြီးအား ကောင်းမွန်စွာ နားလည်ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။

စုလင်းရှုံနှင့် အခြားလူများက အံ့သြသွားကြသည်။ သို့ပေမယ့် တစ်ချိန်တည်းတွင် ဤသည်မှာ အဓိပ္ပါယ်ရှိသည်ဟု ခံစားရ၏။ အမှန်တကယ်ပင်။ ရှုပ်ထွေးမှုနှင့် လျှို့ဝှက်ချက်များ ဟူသည်မှာ သူမတို့၏ခွန်အား နည်းပါးနေမှုကြောင့်သာ ရှိနေခြင်း ဖြစ်သည်။

"ဆရာ... ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့က ၇ရက်အတွင်းမှာ ချန်းလန်ကျွန်းကို တိုက်ခိုက်တော့မယ်။ စီနီယာအစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုကြီးလည်း မရှိတာ။ တပည့်တို့ ဘယ်လိုလုပ်ကြမလဲ.."

စုလင်းရှုံက မျက်မှောင်ကျုံ့စွာ မေး၏။

သူမ၏ ခွန်အားနှင့် အထွတ်အထိပ်စစ်ဘုရင် တစ်ယောက် နှစ်ယောက်လောက်ကို ရင်ဆိုင်ရပါက ပြဿနာမရှိပေ။ သို့ရာတွင် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့သည် လောကကြီးတစ်ခုလုံးရှိ စစ်ဘုရင်များအားလုံးကို စုစည်းထား၏။ ထိုကဲ့သို့သော ခွန်အားကြီးမားသည့် အဖွဲ့မှာ သူမအနေနှင့် ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။

သူမပင် မဟုတ်ပေ။ စီနီယာအစ်ကိုကြီးနှင့် ဒုတိယ စီနီယာအစ်ကိုတို့ ပူးပေါင်းလျှင်တောင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။

"ဟူး.."

လီရွှမ်က သက်ပြင်းချစွာ ပြော၏။

"ကောင်းပြီလေ... ငါ့တပည့်တွေက အရည်အချင်း မရှိမှတော့ ဆရာကိုယ်တိုင်ပဲ တာဝန်ယူရတော့မှာပေါ့.."

စုလင်းရှုံက ချက်ချင်းပင် ရှက်ရွံ့စွာ ခံစားလိုက်ရ၏။ ရှီအာတို့လည်း တူညီစွာ ဖြစ်သည်။ သူတို့လည်းပဲ ယခုကဲ့သို့ ကိစ္စလေးတစ်ခုကို ကိုင်တွယ်နိုင်ခြင်း မရှိသည့်အတွက် ကိုယ့်ကိုယ်ကို အရှက်ရနေကြ၏။

"ငါပြောခဲ့တယ် မဟုတ်လား။ ဆရာက တစ်ယောက်တည်းနဲ့ အဆင့်တူတဲ့ လူသောင်းနဲ့ချီကို အနိုင်ယူနိုင်တယ်လို့။ အဲ့ဒီ့တုန်းက နင်တို့တွေ မယုံကြည်နိုင်ဘူး ဆိုတာကို ငါသိတယ်။ အခု မျက်မြင်ကိုယ်တွေ့ ပြသဖို့အတွက် အခွင့်အရေးကောင်းတစ်ခု ရှိလာခဲ့ပြီ။ နင်တို့ဆရာက အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်။ လောကကြီးကို တစ်ယောက်တည်း အောင်နိုင်တယ်.."

လီရွှမ်က မတ်တတ်ရပ်ကာ လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားပြီး ကောင်းကင်ကို မော့ကြည့်၏။ ရှင်းမပြနိုင်သည့် အငွေ့အသက်တစ်ခု လွှမ်းခြုံနေပါသည်။

စုလင်းရှုံ၏ နှလုံးသားထဲတွင် ထယ်ရှန်းမြို့၌ ဆရာဖြစ်သူ မည်ကဲ့သို့ ပြောဆိုခဲ့ပုံအား ပြန်လည်အမှတ်ရလိုက်၏။

သို့ပေမယ့် လူတစ်ယောက်သည် မည်မျှပင် သန်မာစေကာမူ အဆင့်တူသည့်လူ ထောင်နှင့်ချီ သောင်းနှင့်ချီကို အနိုင်ယူရန်မှာ မဖြစ်နိုင်ဘူး မဟုတ်ပေဘူးလား။

ထိုအချိန်၌ သူမက အနည်းငယ် နေရခက်စွာဖြင့် ပြောသည်။

"ဆရာ...တပည့် ဆရာကို ယုံပါတယ်.."

လီရွှမ်က ညင်သာစွာ ရယ်သည်။

"သူတို့တွေက လောကကြီးမှာရှိတဲ့ စစ်ဘုရင်တွေအားလုံးကို စုစည်းပြီး ချန်းလန်ကျွန်းကို ခြိမ်းခြောက်ချင်ကြတယ်။ ဒီပုရွဲဆိတ်တွေက ကိုယ့်နေရာကိုယ် မသိကြဘူး။ ကောင်းပြီလေ.. ငါလောကကြီးကို အနိုင်ယူပြီး ဒီပုရွဲဆိတ်တွေ ကောင်းကင်ကို ဘယ်လို ဆန့်ကျင်မလဲဆိုတာကို ကြည့်တာပေါ့.."

သူ သဘောပေါက်လိုက်သည်။ ပြဿနာကို ရှောင်လွှဲလို့ မရကတည်းက ကိုယ်တိုင် ရင်ဆိုင်လိုက်တာ ကောင်း၏။

ပြိုင်ဘက်မရှိဘဲ အောင်နိုင်မှုကို ပြသပြီး အတွင်းဘက်နယ်မြေ၏ သိုင်းလောကအား သဟွသိုင်းဘိုးဘေး၏ စွမ်းအားကြီးမားမှုကို သိရှိသွားအောင် လုပ်ရပေမည်။

အဆင့်တူအားလုံးကို အောင်နိုင်မည်။ လောကကြီးတစ်ခုလုံးကို အောင်နိုင်မည် ဖြစ်၏။ ထိုသို့ဆိုပါက အတွင်းဘက်နယ်မြေ၏ သိုင်းသမားအားလုံး၏ စိတ်အခြေအနေတို့ ပြောင်းလဲမသွားပေဘူးလား။

သူတို့အားလုံးသည် သဟွသိုင်းပညာကို လေးစားကာ ကျင့်ကြံရန်အတွက် စိတ်အားထက်သန်နေကြမှာဖြစ်သည်။ ဤသည်မှာ သဟွသိုင်းပညာကို ကြေငြာရန်အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်၏။

နှစ်ပေါင်းများစွာကြာပြီးနောက် အတွင်းဘက်နယ်မြေ၏ သိုင်းပညာက ပျောက်ကွယ်သွားပြီး သဟွသိုင်းပညာသာ ကျန်ရှိနေတော့မှာ ဖြစ်သည်။

'လင်းယွီဂိတ်တံခါး... အဲ့ဒါက ကောင်းကင်လူသားတွေ နေတဲ့နေရာလား... လင်းယွီဂိတ်တံခါးကို ဘယ်လိုဖွင့်ရမှာလဲ မသိဘူး။ ဒါပေမယ့် စုလင်းရှုံတော့ ဝင်လို့ရလောက်တယ်..'

လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစား၏။ ကောင်းကင်လူသားများသည် လင်းယွီနယ်မြေတွင် ရှိနေလောက်သည်။ ထိုသို့ဆိုပါက သူ့အနေနှင့် ကြောက်စရာမလိုပေ။ သူ၏ အကြွင်းမဲ့အစွမ်းအားနှင့် အတွင်းဘက်နယ်မြေကို အုပ်စိုးလို့ရ၏။

အတွင်းဘက်နယ်မြေမှ သိုင်းသမားများကို စစ်မှန်သည့် ပြိုင်ဘက်ကင်းမှု ဟူသည်မှာ မည်သည်ဟူသည်ကို ပြသရပေမည်။

'အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာကို ကျင့်ကြံပြီး ကောင်းကင်လူသား အဆင့်ကို ချိုးဖျက်ဖို့အတွက် ကန့်သတ်ချက်တွေ ရှိတယ်။ သူတို့က လင်းယွီဂိတ်တံခါးကို ဝင်ပြီးမှပဲ အဆင့်ချိုးဖျက်နိုင်ကြတယ်။ ဒါပေမယ့် ငါ့ရဲ့ သဟွသိုင်းပညာကတော့ အဲ့လိုကန့်သတ်ချက်တွေ မရှိဘူး..'

'စွန့်ပစ်ဒေသလို နေရာမျိုးမှာတောင် သိုင်းပညာကို ကျင့်ကြံလို့ရတယ်။ အတွင်းဘက်နယ်မြေဆိုရင် ပြောဖို့တောင် မလိုဘူး။ ဒီဗိုင်းဆန္ဒအဆင့်ကို ချိုးဖျက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုအပ်မှာ။ အဲ့လို ကန့်သတ်ချက် မရှိကတည်းက တစ်နေ့မှာ အတွင်းဘက်နယ်မြေရဲ့ သိုင်းအဆင့်က လင်းယွီရဲ့ သိုင်းအဆင့်ကို ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး.."

လီရွှမ်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။ ဤသည်မှာ ပြဿနာတစ်ခု သို့မဟုတ် အန္တရာယ်တစ်ခု မဟုတ်ပေ။ သဟွသိုင်းပညာ၏ အတွင်းဘက်နယ်မြေတစ်ခုလုံးအား လှုပ်ခါသွားစေရန် စစ်မှန်သည့် အခွင့်အရေး တစ်ခု ဖြစ်၏။ လောကကြီးတစ်ခုလုံးက သဟွသိုင်းပညာကို ရိုသေလေးစားကြမည် ဖြစ်သည်။

လီရွှမ်က သိုင်းပညာ ဒီဗိုင်းပုံရိပ် ရာချီတို့ကို ကြည့်သည်။

ယခုအချိန်၌ အရေအတွက်မှာ၂၀၀သို့ ကျော်လွန်ပြီး ဖြစ်၏။ အတွင်းဘက်နယ်မြေရှိ သိုင်းသမားတိုင်းသာ သဟွသိုင်းပညာကို ကျင့်ကြံပါက သူ၏ သိုင်းပညာ ဒီဗိုင်းကိုယ်ပွားတစ်ရာသည် မည်မျှ စွမ်းအားကြီးမားလာလိမ့်မည်နည်း။

ဖြစ်နိုင်သည်မှာ တစ်နေ့တွင် ရန်သူက များပြားလှသည့် ခွန်အားနှင့် အင်အားတောင့်တင်းလှပြီဟု ခံစားရပြီး သူ့ကို ဝိုင်းဝန်းတိုက်ခိုက်သည့် အချိန်တွင် စစ်မှန်သည့် အင်အားတောင့်တင်းသူမှာ သူသာ ဖြစ်နေသည်ကို မသိဘဲ ဖြစ်နေမှာပါ။

ထောင်နှင့်သောင်းနှင့်ချီသည့် ဒီဗိုင်းကိုယ်ပွားများ ပြိုင်တူပေါ်လာခြင်းမှာ မည်မျှ ထည်ဝါလိုက်မည်နည်း။

ဤသည်က ရန်သူကို တစ်ခါတည်း နင်းချေနိုင်မှာပါ။

သိုင်းပညာ ဒီဗိုင်းအရိပ်များ တိုးပွားကာ အတူတူပေါင်းစည်းသွားပါက ဒီဗိုင်းအရိပ်၏ ခွန်အားမှာ မူလခန္ဓာထက် အများကြီး အားနည်းမည် မဟုတ်ပေ။

ဒီဗီုင်းအရိပ်များ ပိုမိုများပြားလေလေ ပေါင်းစပ်ပြီးနောက် ပိုမိုစွမ်းအားကြီးမားလာလေ ဖြစ်လာမှာ ဖြစ်၏။

လူတစ်ယောက်သည် စစ်တပ်တစ်ခုလုံးနှင့် ညီမျှမှာဖြစ်သည်။

လီရွှမ်သည် ပိုမိုစဉ်းစားလေလေ ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်လာခဲ့သည်။ ဤသည်မှာ သဟွသိုင်းပညာအား လောကကြီးတစ်ခုလုံးသို့ ဖြန့်ကျက်ပြီးပါက ရရှိလာမည့် အကျိုးအမြတ်များ ဖြစ်၏။

All Chapters