← Chapters

လှုပ်ရှားမှုတိုင်းက ပြိုင်ဘက်ကင်းတယ်(၂)

Vol. 23 Ch. 341

လှုပ်ရှားမှုတိုင်းက ပြိုင်ဘက်ကင်းတယ်(၂)

Vol. 23 Ch. 341

သို့ရာတွင် ယခုမျှ ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုကို တွေ့ကြုံရချိန်၌ ရှဲ့ထန်းဟန်နှင့် အခြားလူများမှာ ရေများ၏ ချန်းမြစ်၏ ကောင်းကင်သို့ မြင့်တက်သွားကာ ကြီးမားသည့် ဓားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမှုကိုသာ တွေ့လိုက်ရသည်။

ကျယ်လောင်သော ခုတ်ပိုင်းသံတစ်ခုနှင့်အတူ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုများကို တစ်ခါတည်း ပိုင်းဖြတ်လိုက်၏။

ထို့နောက် ချက်ချင်းပင် ပေတစ်ထောင်ရှည်သည့် ရွှေရောင်နဂါးကြီးက ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့အတွင်းသို့ မာန်ဖီကာ ဝင်ရောက်သွား၏။

ဆေဘာ၏ အနှိုင်းမဲ့သည့် အလင်းမှာ လေမိုးကြိုးကဲ့သို့ စွမ်းအားကြီးလှသည်။ ရွေ့လျားမှုတိုင်းက ရန်သူများကို ပုရွဲဆိတ်များနှယ် သတ်ဖြတ်သွား၏။

လီရွှမ်၏ အကြည့်က မထူးမခြားနားစွာ ရှိနေပါသည်။ သူ၏ လှုပ်ရှားမှု တစ်ခုတိုင်းသည် တောင်နှင့်မြစ် ဓားတာအို၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဆေဘာ၊ နဂါးနိုင်လက်ဝါး၊ လေမိုးကြိုး ဗာဂျရာလက်သီးတို့ကို ပြသထား၏။

ခဏတာအတွင်းတွင် ဝတ်စုံနီဝတ်နှင့် ယွဲ့နိုင်ငံ၏ မယ်တော်ကြီးတို့မှာ တစ်ယောက်ပြီးတစ်ယောက် အစိတ်စိတ်အမွှာမွှာဖြင့် ပေါက်ကွဲထွက်သွားကြသည်။

အထွတ်အထိပ် စစ်ဘုရင်များလည်း တစ်ယောက်ပြီးတစ်ယောက် ပြာများအဖြစ် လွင့်ပျံကာ ပျောက်ကွယ်သွားကြ၏။

ရှေ့သို့ ခြေလှမ်းတစ်ခု တက်တိုင်းတွင် သိုင်းသမားဆယ်ချီတို့ ပြာအဖြစ် ပြောင်းလဲသွားကာ ဗလာကျင်းလင်း ဖြစ်သွားကြသည်။

ချန်းလန်ကျွန်းပေါ်တွင် လူတိုင်းက အံ့သြမှုအတွင်း၌ နစ်မွန်းနေကြ၏။ ထုံးရွှမ်အဆင့်၏ စွမ်းအားမှာ အလွန်ကြီးမားလှသည်လား။

ရွှီယန်မှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် စွမ်းအားကြီးနေပြီး ဖြစ်ကာ ထုံးရွှမ်အဆင့်သို့ ဝင်ရောက်ပြီးနောက် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

သို့ပေမယ့် ယခု စွမ်းအားနှင့် နှိုင်းယှဉ်ကြည့်ပါက ခြားနားချက်မှာ အလွန်ကြီးမားလှ၏။ အဆ၁၀၀လောက် ပိုမိုစွမ်းအားကြီးမားလာသည့်နှယ် ရှိသည်။

စုလင်းရှုံက ကိုယ့်ကိုယ်ကို ရေရွတ်သည်။

'အရင်တုန်းက အဆင့်တူမှာတောင် ခွန်အားတစ်ဝက်လောက်ပဲ အသုံးပြုခဲ့တာလို့ ဆရာပြောခဲ့တာ အံ့သြစရာမရှိဘူး။ အဲ့ဒါက လုံလောက်တာထက် ပိုနေပြီးပြီ..'

'တစ်ဝက်ကိုထားဦး အဆင့်တူမှာ ဆရာ့ရဲ့ခွန်အား ဆယ်ပုံတစ်ပုံကို ပိုင်ဆိုင်ထားနိုင်မယ် ဆိုရင်တောင် သိုင်းအဆင့်တူညီတဲ့လူ ရာချီထောင်ချီကို အနိုင်ယူဖို့ လုံလောက်တယ်..'

ဒီအချိန်၌ စုလင်းရှုံမှာ စွမ်းအားမဲ့စွာ ခံစားလာရ၏။ သူမ၏ ဆရာသည် တောင်တစ်ခုကဲ့သို့ ရှိနေပြီး သူမမှာတော့ ထိုတောင်ကို ခေါင်းမော့၍သာ ကြည့်နိုင်ကာ လက်လှမ်းမှီနိုင်ခြင်း မရှိစွာ ဖြစ်နေပါသည်။

ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ် အားလုံးတို့သည် ဒီအချိန်၌ တုန်ခါနေကြ၏။

ကျယ်လောင်စွာ အော်ဟစ်ကြရင်း အရူးအမူး တိုက်ခိုက်မှုပြုကာ သူတို့၏ လျှို့ဝှက်အတတ်များကို ထုတ်ဖော်ကြသည်။

သို့ရာတွင် ရှေ့ရှိလူကို အနည်းငယ်မျှပင် တုံ့နှေးသွားစေနိုင်ခြင်း မရှိပေ။ ထို့အပြင် တစ်ဖက်လူသည် ကောင်းကင်လူသား၏ စွမ်းအားကို ထုတ်ဖော်ပြသခြင်းပင် မရှိသေးပါ။

သဟွသိုင်းပညာသည် အမှန်တကယ်ကို အလွန်ကြောက်စရာကောင်းလှသည်လား။

ဒီအချိန်၌ လူများစွာတို့သည် တိုက်ပွဲအတွင်းသို့ ပါဝင်ဆင်နွှဲခဲ့သည့်အတွက် နောင်တရကုန်ကြ၏။ သို့ပေမယ့် ဤသည်က နောက်ကျလွန်းနေပါပြီ။

အထွတ်အထိပ် စစ်ဘုရင်အောက်ရှိ စစ်ဘုရင်အများစုတို့မှာ အနောက်ဘက်တွင် ရှိနေ၏။ သူတို့၏ ရည်ရွယ်ချက်မှာ ကြီးမားသည့် တိုက်ပွဲအတွင်းတွင် အနည်းငယ် အကျိုးပြုရန်သာ ဖြစ်သည်။

အနိုင်အရှုံးကို ဆုံးဖြတ်မည်မှာ ရှေ့ရှိလူများဖြစ်၏။ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများနှင့် အထွတ်အထိပ် စစ်ဘုရင်များအပေါ်တွင် မူတည်နေပါသည်။

ဒီအချိန်၌ ထိုစစ်ဘုရင်များအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ တိုက်ပွဲ၏ သူတို့ဆီသို့ မရောက်ရှိသေးသည်ကို အခွင့်အရေးယူကာ အမြန်ဆုတ်ခွာကြ၏။

မဟာမိတ်အဖွဲ့နှင့် အဆက်အသွယ်ဖြတ်တောက်ပြီး သူတို့ကိုယ်သူတို့ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့မှ မဟုတ်ဟု ပြောဆိုချင်ကြသည်။

"လောကကြီးရဲ့ စွမ်းအားကို စုစည်းပြီး ငါ့ကို ဖိအားပေးချင်တာလား။ ဒီနေ့မှာ အဲ့ဒီ့လောကကြီးကို ငါရင်ဆိုင်မယ်.."

လီရွှမ်က မထူးမခြားနားစွာ ပြောသည်။ ဒီအချိန်၌ သူ၏သွေးများက ဆူပွက်နေပါသည်။ ပြင်းထန်သည့် တိုက်ပွဲနှင့် ဒီစိတ်လှုပ်ရှားစရာကောင်းမှုက ထင်ထားသည်ထက် များစွာပိုမို ပျော်ရွှင်ဖို့ကောင်းလှ၏။

"သတ်.."

နတ်ဆိုးသားတော်၏ မျက်လုံးများက နီရဲနေပြီး အခွင့်အရေးရှာကာ တိုက်ပွဲမှ ထွက်ခွာသည်။ ချန်းလန်ကျွန်းဆီသို့ ဦးတည်ကာ ရှီအာကို ပစ်မှတ်ထားထား၏။

"ဟန့်.."

လီရွှမ်က အေးစက်စွာ နှာခေါင်းရှုံ့သည်။ လေညှင်းကဲ့သို့ ဓားဆန္ဒက ဖြတ်သန်းတိုက်ခတ်သွားပြီး နတ်ဆိုးသားတော်၏ ခန္ဓာကိုယ်ကို ရစ်ဝဲသွား၏။

ချန်းလန်ကျွန်းဆီသို့ အပြေးသွားရောက်နေသည့် နတ်ဆိုးသားတော်မှာ ရှီအာ၏ အနီးသို့ ရောက်ချိန်တွင် မြင်ကွင်း၌ အလင်းရောင်တို့ ပျောက်ဆုံးသွားသည်။

သူ၏အသိစိတ်က လုံးဝ ပျောက်ကွယ်သွားခဲ့၏။

အလောင်းက ရှီအာ၏ ရှေ့သို့ ဝိဉာဉ်ကင်းမဲ့စွာ ကျဆင်းလာခဲ့သည်။

ရှီအာ၏ မျက်နှာမှာ ချွေးစေးများဖြင့် ပြည့်နက်နေ၏။ လက်ထဲတွင် သွေးစိတ်ဝိဉာဉ်ဆေဘာကို ကိုင်ဆောင်ထားရင်းက လမ်းပျောက်နေပါသည်။ သူသည် ဆေဘာကို လွှတ်ပစ်လိုက်ရန်ပင် စဉ်းစားမိခဲ့၏။

"ကြောက်တတ်လိုက်တဲ့ကောင်... မသုံးရဲရင် ငါ့ကိုပဲပေးလိုက်.."

ကျိုးယင်က အထင်သေးစွာ ပြောသည်။

"ငါမသုံးရဲဘူးလို့ ဘယ်သူပြောလဲ.."

ရှီအာက ဆေဘာကို ရင်ဘတ်တွင် ဖက်ထားရင်းက သူ့ကိုယ်သူ အတင်း တည်ငြိမ်စေ၏။

တစ်ဝက်တစ်ပြက် ကောင်းကင်လူသားအားလုံးတို့ သေဆုံးသွားပြီး ဖြစ်သည်။ အထွတ်အထိပ် စစ်ဘုရင်အချို့သာ ကျန်ရစ်ခဲ့၏။ သူတို့၏ မျက်နှာများက ဖြူရော်ကာ ထိတ်လန်ကြောက်ရွံ့နေကြပါသည်။

"ဆရာကြီး.. ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ချမ်းသာပေးပါ.."

"ကျွန်တော်တို့တွေ အလိမ်ခံခဲ့ရတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.."

လီရွှမ်၏ အကြည့်က တည်ငြိမ်၏။ လက်ကိုဝှေ့ရမ်းပြီးနောက် ကျန်ရှိသည့် အထွတ်အထိပ် စစ်ဘုရင်များကို သုတ်သင်ပစ်လိုက်သည်။

သူသည် တပည့်များကို အမြဲတမ်း သင်ကြားပေးခဲ့၏။ ရန်သူများကို ရင်ဆိုင်ရချိန်၌ အရိုးကိုချေကာ ဝိဉာဉ်ကိုဖျက်ဆီးရပေမည်။

ဆရာတစ်ယောက်အနေနှင့် ဥပမာတစ်ခုကို ပြသရမည်ဖြစ်၏။ မည်သည့်ရန်သူကိုမှ ချမ်းသာပေးလို့ မရပေ။

သူက အဝေးသို့ ထွက်ပြေးနေကြသည့် ကျန်ရှိသည့် စစ်ဘုရင်များကို ကြည့်သည်။ သူတို့သည် ကောင်းကင်မဟာမိတ်အဖွဲ့အား စွန့်ခွာလိုကြ၏။

ထိုစစ်ဘုရင်များသည် ကောင်းကင်လူသားကို ဆန့်ကျင်ရန်အတွက်ဟူ၍ ရောက်ရှိလာခဲ့ကြသည်။ သို့ပေမယ့် ဒီအချိန်၌ ဝိဉာဉ်လွင့်မတတ် ကြောက်ရွံ့နေကြပြီး လုံခြုံသည့် အကွာအဝေးဆီသို့ အမြန်ဆုတ်ခွာကာ မပတ်သတ်ကြောင်းကို ပြသလိုနေကြသည်။

"ငါ့သာ သူတို့အားလုံးကို သတ်လိုက်ရင် အတွင်းဘက်နယ်မြေမှာ စစ်ဘုရင် ဘယ်နှစ်ယောက်လောက် ကျန်ရစ်ခဲ့မလဲ.."

လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။ သို့ပေမယ့် သူ့သာ မသတ်ဖြတ်ပါက အရမ်းကြီး စိတ်ပျော့သလို ဖြစ်သွားမှာပါ။ တစ်ဖက်တွင် သတ်ဖြတ်လိုက်လျှင်လည်း သူ၏ အသွင်သဏ္ဍာန်က အလွန် ရက်စက်လွန်းရာကျပြီး အတွင်းဘက်နယ်မြေရှိ စစ်ဘုရင်အားလုံးတို့နီးပါးကို သေဆုံးသွားစေလုမတတ် ဖြစ်သွားမှာပါ။

ထိုအချိန် ထိတ်လန်ကြောက်ရွံ့နေကြသည့် စစ်ဘုရင်များအကြားတွင် အသံတစ်ခု ထွက်ပေါ်လာ၏။

"ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့က ကောင်းကင်ကို ဆန့်ကျင်ခဲ့တယ်။ သူတို့တွေက လောကရဲ့ သိုင်းသမားတွေကို လှည့်ဖျားပြီး မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကို ဆန့်ကျင်စေခဲ့တယ်။ သူတို့ရဲ့ စိတ်ဓာတ်နဲ့ သေဖို့ထိုက်တန်တယ်။ စီနီယာကောင်းကင်လူသားက လေးစားဖို့ကောင်းပြီး ဂရုဏာတရား ကြီးမားတယ်။ သူက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ လူဆိုးလူမိုက်တွေကို ဖိနှိပ့်ပြီး အတွင်းဘက်နယ်မြေအတွက် ငြိမ်းချမ်းမှုကို သယ်ဆောင်လာပေးခဲ့တယ်.."

"ကျွန်တော့်အနေနဲ့ အရမ်းကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာကြီး။ အတွင်းဘက်နယ်မြေရဲ့ ပုန်ကန်ထကြွသူတွေကို ရှင်းလင်းပေးပြီး သိုင်းလောကရဲ့ လမ်းမှန်လမ်းစဉ်ကို ပြန်လည်တည်ဆောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စွာ ဦးညွှတ်မိပါတယ်.."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ထိတ်လန့်နေကြသည့် စစ်ဘုရင်များသည် သူတို့၏ နောက်ခံကို ရှာတွေ့သွားကြသည့်အလား မျှော်လင့်ချက်ကို မြင်လာကြ၏။

အားလုံးက လေးစားစွာ ဒူးထောက်လိုက်ကြသည်။

"ကျွန်တော်တို့တွေ ကောင်းကင်လူသားကို ကောင်းကင်ဆန့်ကျင်ခြင မဟာမိတ်အဖွဲ့ရဲ့ သစ္စာဖေါက်တွေကို ရှင်းလင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်စွာ ဦးညွှတ်ပါတယ်။ အတွင်းဘက်နယ်မြေရဲ့ ငြိမ်းချမ်းမှုကို သယ်ဆောင်လာပေးတဲ့အတွက် ဦးညွှတ်ပါတယ်.."

"ကျွန်တော်တို့အားလုံး ဆရာကြီးကို ဦးညွှတ်ပါတယ်.."

ရှေ့ရှိ မရေမတွက်နိုင်သည့် စစ်ဘုရင်များ၏ ဒူးထောက်မှုကို ကြည့်ကာ ပြုံးသည်။ လူများစွာတို့အကြားတွင် ဉာဏ်ကောင်းသည့် လူအချို့ ပါဝင်နေမှာ မလွှဲမသွေဖြစ်၏။ သူတို့သည် အခွင့်အရေးကိုယူကာ စတင် ဒူးထောက်မှု ပြုကြပြီး ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့နှင့် ခွဲခွာလိုကြသည်။

ဤသည်မှာ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့က သိုင်းလောကအား ပုန်ကန်ထကြွစေသည့် ကိစ္စကို မြင့်မြတ်သည့် ကောင်းကင်လူသားက ရှင်းလင်းပေးခဲ့သည့်အကြောင်း ဖြစ်သည်။

သူသည် အတွင်းဘက်နယ်မြေ၏ ငြိမ်းချမ်းမှုနှင့် မှန်ကန်မှုလမ်းစဉ်ကို ထိန်းသိမ်းပေးပြီး သိုင်းလောကအား လမ်းမှန်ဆီသို့ ပြန်လည် ရောက်ရှိစေခဲ့၏။

ဆရာကြီးသည် ကြီးမားသော ဂရုဏာတရားနှင့် တော်ဝင်ဆန်သည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ လောကကြီး၏ မီးရှူးတန်ဆောင်တစ်ခုဖြစ်ပြီး ပုန်ကန်ထကြွသူများကို ရှင်းလင်းကာ ကံကြမ္မာကို အမှန်ပြန်ပြောင်းစေခဲ့၏။

သမိုင်းကို အနိုင်ရသူများသာ ရေးထိုးကြသည်ဟူသည့် စကားမှာ မှန်ကန်လှပါသည်။

"ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့က သစ္စာဖောက်တွေကို ရှင်းလင်းပေးခဲ့တဲ့အတွက် ဆရာကြီးကို အရိုအသေပေးပါတယ်။ ဆရာကြီးက ကျွန်တော်တို့ကို ဒုက္ခပင်လယ်ထဲကနေ ကယ်ထုတ်ပေးပြီး အတွင်းဘက်နယ်မြေအတွက် ငြိမ်းချမ်းမှုကို ပြန်လည်သယ်ဆောင်လာပေးခဲ့တယ်.."

စစ်ဘုရင်အားလုံးတို့က ဒူးထောက်ကာ မြင့်မားသည့် စိတ်ဝိဉာဉ်ဖြင့် အော်ဟစ်နေကြ၏။ ပိုမိုကျယ်လောင်စွာ အော်ရင်းမှ သူတို့၏ ပုံစံများက ပိုမိုလေးနက်လာခဲ့သည်။ သူတို့၏ စကားများကို အမှန်စင်စစ် ဖြစ်သည်ဟုပင် စိတ်ဝိဉာဉ်၌ ယုံကြည်လာကြ၏။

လီရွှမ်ကပြုံးကာ မထူးမခြားနားစွာ ပြောသည်။

"အဲ့ဒါကမှ တကယ်ဖြစ်ရပ်ပဲ.."

သူ့အနေနှင့် ဆက်လက်သတ်ဖြတ်စရာ မလိုတော့ပေ။

ချက်ချင်းပင် စစ်ဘုရင်များအားလုံး ကျေးဇူးတင်စွာဖြင့် ပြောကြ၏။

"ဆရာကြီးရဲ့ ကြင်နာမှုနဲ့ ဂရုဏာတရားကြီးမားမှု အတွက် ကျွန်တော်တို့တွေ ကျေးဇူးတင်ပါတယ်.."

"ဆရာကြီးရဲ့ မြင့်မြတ်မှုက အတိတ်ရော ပစ္စုပ္ပန်မှာပါ ယှဉ်ပြိုင်နိုင်စွမ်း မရှိလှပါဘူး..."

လေထဲတွင် အချင်းချင်း ပြောဆိုကြသည့် အသံများက မြစ်ရေ၏ လှိုင်းများနှယ် ပြည့်နက်လာခဲ့သည်။

"ဘုန်း.."

ချန်းလန်ကျွန်း၏ လှိုင်းပုတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

ကြီးမားသည့် တိုက်ပွဲကြောင့် စုစည်းလာခဲ့သည့် ရေတံတိုင်းကြီးမှာ ဒီအချိန်၌ ပြိုဆင်းလာပြီး ကြီးမားသည့် လှိုင်းကို ဖြစ်ပေါ်စေသည်။ ရှေ့သို့ ပြေးဝင်လာ၏။

လီရွှမ်က ထိုချန်းလန်ကျွန်းသို့ ဦးတည်လာနေသည့် ကြောက်စရာကောင်းသည့် လှိုင်းကိုကြည့်သည်။

ထိုအချိန်၌ လီရွှမ်၏ လှုပ်ရှားမှုကိုပင် စောင့်စားခြင်း မရှိကြဘဲ ဒူးထောက်နေသည့် စစ်ဘုရင်များက ရှေ့သို့ ပြေးတက်ကာ အတူတူ ပူးပေါင်းပြီး ကြီးမားသည့် လှိုင်းကိုဆီးကာကြ၏။ လှိုင်းထန်နေသည့် မြစ်ပြင်ကို တည်ငြိမ်စေသည်။

လီရွှမ်က အောက်သို့ဆင်းကာ ချန်းလန်ကျွန်းပေါ်ရှိ ကုလားထိုင်ပေါ်၌ ပြန်ထိုင်သွား၏။

"ဆရာ... လက်ဖက်ရည်သောက်ပါဦး.."

စုလင်းရှူံ၏ မျက်နှာက စိတ်လှုပ်ရှားမှုတို့ဖြင့် နီရဲနေ၏။ တိမ်မြူလက်ဖက်ရည်တစ်အိုးကို စပ်ကာ ဆရာအတွက် လက်ဖက်ရည်ငှဲ့ပေးသည်။

"အင်း.."

လီရွှမ်က လက်ဖက်ရည်ကို သောက်ရင်းက ပြီးခဲ့တုန်းက တိုက်ပွဲမှာ ပုရွဲဆိတ်အချို့အား နင်းချေသကဲ့သို့ လွယ်ကူလှသည်ဟု တွေးမိ၏။

သို့ပေမယ့် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ကို တစ်ယောက်တည်း ဖိနှိပ့်ကာ အနှိုင်းမဲ့သည့် စွမ်းအားနှင့် နင်းချေခဲ့မှုကြောင့် ဒီတိုက်ပွဲက သူ၏ စွမ်းအင်များစွာတို့ကို ကုန်ဆုံးစေခဲ့သည်။

သူ၏ ဒီလောကသို့ ရောက်ရှိလာစဉ်ကတည်းက တိုက်ပွဲများအကြားတွင် ဤသည်မှာ အပြင်းထန်ဆုံး တိုက်ပွဲဖြစ်၏။

စုလင်းရှုံက ဆရာဖြစ်သူ၏ ပုခုံးကို နှိပ့်ပေးသည်။ "ဆရာ... ဒါတွေအားလုံးက တပည့် အသုံးမကျလို့ပါ။ ဆရာ့ကို ဒီလို အားနည်းတဲ့လူတွေနဲ့ ကိုယ်တိုင် လှုပ်ရှားမှုပြုရစေခဲ့တယ်။ ပင်ပန်းသွားပြီ.."

လီရွှမ်က ပြုံးသည်။

"နင်သိတတ်ရင် ပြီးတာပဲ။ ကောင်းကောင်းလေ့ကျင့်ပြီး ခွန်အားကို မြန်မြန်မြှင့်တင်။ အဆင့်တူမှာ ဘယ်သူမှ ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ အဆင့်ကို ရောက်အောင်လုပ်။ ကိုယ့်ထင် သာလွန်တဲ့ အဆင့်ကိုတောင်မှ အနိုင်ယူနိုင်အောင်လုပ်။ အဲ့ဒါကပဲ နင့်ရဲ့ဆရာကို ကျေနပ်မှုရစေလိမ့်မယ်.."

စုလင်းရှုံက နှုတ်ခမ်းဆူ၏။

"ဆရာ... တပည့်က ဘယ်လိုလုပ်ပြီး အဆင့်တူမှာ ပြိုင်ဖက်ကင်းနိုင်မှာလဲ။ စီနီယာအစ်ကိုကြီးတွေက တပည့်ထက် အများကြီးပိုပြီးတော့ သန်မာတယ်။ တပည့်ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူတို့ကို လိုက်မမီနိုင်ဘူး.."

"ဒါဆိုလည်း သူတို့နှစ်ယောက်ကလွဲပြီး အဆင့်တူမှာ ပြိုင်ဘက်ကင်းအောင်လုပ်.."

လီရွှမ်က သူမ၏ လက်ကိုပုတ်ကာ ပြောသည်။

"ဆရာ.. အဲ့လိုဆိုရင် တပည့်က ပြိုင်ဘက်ကင်းနေပြီးပြီ.."

စုလင်းရှုံက အသာရယ်၏။

နားလည်မှုရလိုက်ပြီး နောက်လီရွှမ်က ကြည့်လိုက်သည်။

အမှန်တကယ်ကို စုလင်းရှုံ၏ ခွန်အားမှာ ရွှီယန်နှင့် မုန့်ချုံတို့ထက်သာ အားနည်း၏။

"အရမ်းကြီး ကျေနပ်မနေနဲ့။ ဆက်ပြီးတော့ ကြိုးစားကျင့်ကြံ။ သိုင်းပညာလမ်းစဉ်က အဆုံးမသတ်ဘူး.."

"ဟုတ်ကဲ့ပါဆရာ.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။ သူမ၏ မျက်နှာက မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။

ဆရာက တစ်ယောက်တည်းနှင့် လောကကို အနိုင်ယူခဲ့သည်။ ယခုအချိန်၌ အတွင်းဘက်နယ်မြေ တစ်ခုလုံးတွင် သူမအတွက် အန္တရာယ်ရှိစေမည့် မည်သည့်အင်အားစု သို့မဟုတ် စွမ်းအားကြီး ပုဂ္ဂိုလ်မှ မရှိတော့ပါ။

လင်းယွီဂိတ်တံခါးနှင့် ကောင်းကင်လူသားအဆင့်တို့မှာ ဆွဲဆောင်မှု ကြီးမားလှလျှင်တောင် မည်သူ့တွင်မှ ၎င်းတို့ကို လိုက်ရှာရန် လုံလောက်သည့်ခွန်အား မရှိပါ။

နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့၏။ သို့ရာတွင် လင်းယွီဂိတ်တံခါး၏ ဖွင့်လှစ်မှုမှာ သူမနှင့် ပတ်သက်နေကြောင်းကို စုလင်းရှုံသိပါသည်။ အန္တရာယ်ရှိလာနိုင်ချေမှာ ရှိနေဆဲဖြစ်၏။

အတွင်းဘက်နယ်မြေတွင် မဟုတ်လျှင်တောင် လင်းယွီဂိတ်တံခါးအတွင်းတွင်ရော မည်ကဲ့သို့ ဖြစ်မည်နည်း။

စုလင်းရှုံသည် သူမကိုယ်သူမ အမြန်ဆုံး ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရမည်ဟု သတိပေးသည်။ ပိုမိုမြင့်မားသည့် အဆင့်များသို့ပင် တက်လှမ်းရမည် ဖြစ်၏။ ထိုအခါမှသာ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို စစ်မှန်စွာ ရှင်းထုတ်နိုင်မည်ဖြစ်သည်။

'ငါသာ အဆင့်တူထဲမှာ ဆရာ့စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံလောက်ကို ပိုင်ဆိုင်နိုင်ရင် ကောင်းမယ်။ အဲ့ဒါဆိုရင် ဒီလိုနေ့မျိုးမှာ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ကို ငါတစ်ယောက်တည်းနဲ့ အနိုင်ယူလို့ရပြီ..'

စုလင်းရှုံက တိတ်ဆိတ်စွာ စဉ်းစားသည်။

ထိုအချိန်၌ ပုံရိပ်တစ်ခု လျှောက်လာခဲ့၏။ ထိုသူ၏ အရှိန်အဝါမှာ ထက်မြသည့် ဓားတစ်လက် ဓားအိမ်အတွင်းမှ ထွက်လာသည့်နှယ် ရှိသည်။ ဤသည်မှာတော့ ရှဲ့ထန်းဟန် ဖြစ်၏။

All Chapters