နတ်ဆိုးအရှင်သခင်ကြီး၏ မူရင်းဇစ်မြစ်၊ အတွင်းဘက်နယ်မြေ၏ ပြောင်းလဲမှုများ
Vol. 23 Ch. 345
"မင်းကြားပြီးပြီလား။ သဟွသိုင်းပညာကို ကျင့်ကြံတဲ့ ကောင်းကင်လူသားက သူ့ရဲ့ ခွန်အားအဆင့် သာလွန်မှုနဲ့ အခြားလူတွေကို အနိုင်မကျင့်ဘဲ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ရဲ့ ပုန်ကန်ထကြွသူအားလုံးကို အဆင့်တူမှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကိုပဲ အသုံးပြုပြီး သုတ်သင်ခဲ့တယ်တဲ့.."
"ငါလည်းကြားတယ်... သဟွသိုင်းပညာ... အဲ့ဒါကမှ စစ်မှန်တဲ့ သိုင်းပညာ အမွေအနှစ်လမ်းစဉ်ပဲ.."
"ငါတော့ တန်ကြေးဘယ်လောက်များများ သဟွသိုင်းပညာကိုပဲ ပြောင်းလဲပြီးတော့ ကျင့်ကြံပြီ.."
"ငါရောပဲ.."
အတွင်းဘက်နယ်မြေရှိ သိုင်းလောကတွင် ယခုအချိန်၌ ရေပန်းအစားဆုံးသော ပြောစကားမှာ ကောင်းကင်လူသား၏ အကြောင်းဖြစ်ပြီး လူတိုင်းက သဟွသိုင်းပညာသို့ ပြောင်းလဲ ကျင့်ကြံလိုကြသည်။
"ငါ့သား... အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာက အရမ်းကို အားနည်းတယ်။ ငါတို့မိသားစုရဲ့ ကျင့်စဉ်ကို ဆက်ပြီးတော့ အမွေဆက်ခံဖို့ မလိုအပ်တော့ဘူး။ ဒီလို ငယ်ရွယ်နေတုန်းမှာ... သိုင်းပညာအခြေခံ အုတ်မြစ် မခိုင်မာသေးခင်မှာ သဟွသိုင်းပညာကို ပြောင်းလဲကျင့်ကြံသင့်တယ်.."
"ဒီနေ့က စတင်ပြီး... ငါတို့ သိုင်းကျောင်းက တပည့်တွေအားလုံး သဟွသိုင်းပညာကို ကျင့်ကြံကြမယ်.."
"ဒီနေ့က စတင်ပြီး ငါတို့သိုင်းကျောင်းမှာ သဟွသိုင်းပညာကိုပဲ သင်ကြားပေးတော့မယ်.."
ကောင်းကင်လူသားသည် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ရှိ ပုန်ကန်ထကြွသူများကို အဆင့်တူနှင့်ပင် နင်းချေခဲ့၏။
ထိုအကြောင်းကြောင့် သဟွသိုင်းပညာသည် သိုင်းပညာကို စတင်ကျင့်ကြံမည့် လူအားလုံးအတွက် ပထမဆုံး ရွေးချယ်စရာ ဖြစ်လာခဲ့သည်။
တစ်ချိန်တည်းတွင် ယခုအချိန်၌ ချီနှင့်သွေးအဆင့်၏ ကျင့်ကြံမှု နည်းလမ်းများကို ထန်းပေါင်စံအိမ်၌ ရောင်းချနေပြီး ဖြစ်၏။ ချီနှင့်သွေးအဆင့်၏ အထက်ရှိ ကျင့်ကြံခြင်းနည်းလမ်းများကိုတော့ လက်ရှိအချိန်၌ ရောင်းချခြင်း မပြုသေးပါ။ လိုချင်ပါက သဟွသို့ သွားရောက်ရမည်ဖြစ်၏။
ထိုအကြောင်းကြောင့် လူအချို့က တုံ့ဆိုင်းနေကြသည်။
သဟွသိုင်းပညာကိုသာ ကျင့်ကြံပါက နောက်ပိုင်းကျင့်စဉ်များကို ဆက်လက် ရရှိနိုင်မည့် အခွင့်အရေးမှာ အလွန်နည်းပါးလှမည်အား ကြောက်ရွံ့နေကြသည်။
ရှေ့ဆက် ကျင့်ကြံရမည့် ကျင့်စဉ်မရှိပါက သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းမှာ ယုတ်လျော့သွားမည် မဟုတ်ပေဘူးလား။
သို့ပေမယ့် ပိုမိုများပြားသည့် လူများမှာ သဟွသိုင်းပညာကို ကျင့်ကြံရန်အတွက် ခိုင်မာစွာ ရွေးချယ်ကြဆဲ ရှိသည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက သိုင်းသခင်အဆင့်ကို ချိုးဖျက်နိုင်မည်ဟု ယုံကြည်ချက် မရှိကြပေ။
တူညီစွာပင် မွေးရာပါ ပါရမီစွမ်းရည် သာမန်ဆန်ကာ သိုင်းသခင်အဆင့် ဖြစ်လာရန်အတွက် မျှော်လင့်ချက်မရှိသည့် လူများသည် မူလအဆင့်ရှိ ကျင့်စဉ်များကို ဂရုစိုက်ခြင်း မရှိပေ။
ဘာပဲဖြစ်ဖြစ် သဟွသိုင်းပညာကို ကျင့်ကြံခြင်းသည် အနိမ့်ဆုံးတော့ အဆင့်တူသည့် အတွင်းဘက်နယ်မြေ၏ သိုင်းပညာ ကျင့်ကြံသူများထက် ပိုမိုသန်မာ၏။
ဤသည်က ထိုက်တန်ပါသည်။
ပိုမိုအရေးကြီးသည်မှာ သဟွသိုင်းပညာအား ကျင့်ကြံသူများသည် အတွင်းဘက်နယ်မြေရှိ သိုင်းသမားများထက် သက်တမ်းပိုမို ရှည်ကြာကြခြင်း ဖြစ်သည်။
အတွင်းဘက်နယ်မြေရှိ သိုင်းလောကသည် သဟွသိုင်းပညာအား ကျင့်ကြံရန်ကိစ္စနှင့် ဆူပူလာခဲ့၏။
အဓိက အင်အားစုကြီးများမှာ ခေါင်းမာနေဆဲဖြစ်လျှင်တောင် ထုတ်ပြောရဲခြင်း မရှိကြပေ။ သူတို့ကိုယ်သူတို့ပင် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့မှာ ပုန်ကန်ထကြွသူများဟု ပြန်လည် ဦးနှောက်ဆေးနေကြ၏။
ဤသည်မှာ မကောင်းဆိုးဝါး အဖွဲ့အစည်းဖြစ်သည်။ ထိုကိစ္စမှာ အမှန်ဖြစ်၏။
ခုနှစ်စင်ကြယ်အကယ်ဒမီ အတွင်းတွင် ပိုင်ယွင်ခုံးသည် ဟိုဟိုဒီဒီ လမ်းလျှောက်ထွက်နေ၏။ အတိတ်က ရင်းနှီးသည့် ဆရာတစ်ဝက်ကျော်လောက် ပျောက်ဆုံးနေပါသည်။ ဤသည်က ခုနှစ်စင်ကြယ် အကယ်ဒမီတစ်ခုလုံးကို သင်ကြားရေးပိုင်း၌ တာဝန်ယူမည့် ဆရာများ နည်းပါးနေစေသည်။
"ခုနှစ်စင်ကြယ်အကယ်ဒမီရဲ့ ရည်ရွယ်ချက်ကို ချိုးဖျက်လို့ မရဘူး။ ဒီရည်ရွယ်ချက်က စကားလုံးသက်သက်ပဲ မဟုတ်ဘူး။ အတွင်းထဲမှာ ပုန်းအောင်းနေတဲ့ အဓိပ္ပါယ်တွေ အများကြီးရှိတယ်.."
"လင်းယွီဂိတ်တံခါးက တကယ်ပဲ ဝင်ဖို့လွယ်ကူမှာလား.."
"ငါတို့တွေ ဝင်ပြီးရင်တောင် ဘာလုပ်နိုင်မှာလဲ။ အတွင်းဘက်နယ်မြေက သိုင်းသမားတွေက အရမ်းကို နိမ့်ကျလွန်းတယ်.."
ပိုင်ယွင်ခုံးက ကိုယ့်ကိုယ်ကို ရေရွတ်သည်။ သူ၏အိမ်သို့ ပြန်ကာ လက်ဖက်ရည်ကို သောက်ရင်းက တစ်ခုခုကို စဉ်းစား၏။
သဟွသိုင်းပညာက အတွင်းဘက်နယ်မြေ၏ သိုင်းပညာ စနစ်ကို တဖြည်းဖြည်းနှင့် အစားထိုးသွားမည် မဟုတ်ပါလား။
သဟွသိုင်းပညာသာ အကန့်အသတ် မရှိပါက တစ်နေ့တွင် ကောင်းကင်လူသားအဆင့်ကို ကျော်လွန်နိုင်လျှင် အတွင်းဘက်နယ်မြေမှာ ကြီးမားသည့် ပြောင်းလဲမှုတို့ ဖြစ်ပေါ်လာမှာ ဖြစ်သည်။ ထိုအချိန်၌ အတွင်းဘက်နယ်မြေရှိ သိုင်းသမားများ လင်းယွီဂိတ်တံခါးသို့ ဝင်ရောက်သောအခါ အခြေအနေမှာ လုံးဝ ခြားနားသွားမှာ ဖြစ်သည်။
"အဲ့ဒီ့နေ့ကို ရောက်ဖို့က နည်းနည်းလောက် ကွာဦးမယ့်ပုံပဲ.."
ပိုင်ယွင်ခုံးက ခေါင်းကိုရမ်းကာ နောင်တရစွာ ပြုံးသည်။
အတွင်းဘက်နယ်မြေ တစ်ခုလုံး သဟွသိုင်းပညာကို ပြောင်းလဲကျင့်ကြံလျှင်တောင် စုစုပေါင်း ခွန်အားကို မြှင့်တင်ရန်မှာ အချိန်တစ်ခု လိုဦးမှာ ဖြစ်၏။
"ဟူး... ငါတို့ သိုင်းပညာ ပညာရှင်တွေ.. ကျောင်းသားတွေကို သင်ကြားဖို့အတွက် ပြဿနာ ထက်များပြန်ပြီ။ အရင်က ဆရာတွေက အသုံးမဝင်တော့ဘူး.."
အဘိုးအိုတစ်ယောက်က ယပ်တောင်ကို ကိုင်ဆောင်ရင်းက သက်ပြင်းချစွာ ပေါ်လာ၏။
"ဖန်းယွီ.. မင်းက သိုင်းပညာ ပညာရှင်တွေရဲ့ ခေါင်းဆောင်ပဲ။ ဒီအချိန်မှာ ဒီတာဝန်ကို မင်းအားနည်းနည်းစိုက်ရမယ်.."
ပိုင်ယွင်ခုံးက နှာခေါင်းရှုံ့သည်။
ဖန်းယွီက ခေါင်းကိုရမ်းကာ သက်ပြင်းချ၏။
"လက်ရှိ ကျောင်းတော်သခင်က ညံ့ဖျင်းတာပဲ... အဲ့ဒါက ငါတို့လို သိုင်းပညာကို နှစ်မြုပ်ထားတဲ့ ပညာရှင်တွေအတွက် ပြဿနာများရော.."
ပိုင်ယွင်ခုံးက ပြန်ပြော မနေတော့ပါ။ ဖန်းယွီက ထိုင်လိုက်ပြီးနောက် သက်ပြင်းချကာ အသံပြု၏။
"ပျောက်ဆုံးသွားတဲ့ နတ်ဆိုးအရှင်သခင်ကြီးက သေဆုံးသွားတာ ဖြစ်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး... ငါက သူ့ကို လင်းယွီဂိတ်တံခါးဆီ ထွက်ပြေးသွားခဲ့ပြီလို့ ထင်ထားတာ.."
"မင်းကိုကြည့်ရတာ နတ်ဆိုးအရှင်သခင်ကြီးနဲ့ ပတ်သက်ပြီး တော်တော်လေး သိပုံပါလား.."
ပိုင်ယွင်ခုံးက သိလိုစွာမေး၏။
"အများကြီး မဟုတ်ပါဘူး... ပြီးခဲ့တုန်းက ပညာရှင်ခေါင်းဆောင်ဟောင်းက နတ်ဆိုးရှင်သခင်ကြီးကို ဝိုင်းဝန်းသတ်ဖြတ်ခဲ့တဲ့ လူစုထဲမှာ ပါဝင်ခဲ့တယ်။ ကံကောင်းလို့ သေခြင်းက လွတ်မြောက်ခဲ့ပြီး ပြန်လာနိုင်ခဲ့တယ်.."
"သူအသက်ရှင်စဉ်တုန်းက အဲ့ဒီ့တုန်းက အကြောင်းတွေကို မကြာခဏ ကြွားဝါပြီး ပြောလေ့ရှိတယ်။ ဒါကြောင့်မို့လို့ နတ်ဆိုးအရှင်သခင်ကြီးနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး သိနေတာ.."
ဖန်းယွီက ခေါင်းကိုရမ်းကာ သက်ပြင်းချသည်။ သူ၏ စကားလုံးများတွင် ပြီးခဲ့တုန်းက ပညာရှင်ခေါင်းဆောင်နှင့် ပတ်သက်ပြီး အမြင်ကပ်မှုအချို့ ပါဝင်နေ၏။
"ပြောကြတာတော့ နတ်ဆိုးအရှင်သခင်ကြီးက လင်းယွီဂိတ်တံခါးကနေ လာတာတဲ့.."
ပိုင်ယွင်ခုံးက လေးနက်စွာပြောသည်။
"ဟုတ်တယ်... သူကတကယ်ပဲ လင်းယွီဂိတ်တံခါးကနေ လာခဲ့တာ... နတ်ဆိုးအရှင်သခင်ကြီးက လူများစွာကို သတ်ဖြတ်ခဲ့တယ်။ သူ့ကို လိုက်လံသတ်ဖြတ်တဲ့ လင်းယွီဂိတ်တံခါးက လာတဲ့လူတွေကြောင့်သာ မဟုတ်ရင် ဒီမှာရှိတဲ့ လူတွေအားလုံး သေပြီးနေလောက်ပြီ.."
ဖန်းယွီက သက်ပြင်းချသည်။
"အခု အတွင်းဘက်နယ်မြေမှာ နတ်ဆိုးအရှင်သခင်ကြီးရဲ့ လုပ်ဆောင်ချက်တွေကို မျက်မြင်ကိုယ်တွေ့ တွေ့ဖူးခဲ့တဲ့ လူတွေအားလုံး သေဆုံးခဲ့ရပြီးပြီ... နတ်ဆိုးသားတော်... ယွဲ့နိုင်ငံရဲ့ မယ်တော်ကြီး... အဲ့ဒီ့ လူအိုတွေအားလုံး သေဆုံးကုန်ကြပြီ.."
"နတ်ဆိုးအရှင်သခင်ကြီးရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတွေနဲ့ အဓိကအင်အားစုတွေကို မူလအဖြစ်အပျက်ကို ဖျက်ပစ်ရအောင် ဖိအားပေးခဲ့တဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေ ရှိတယ်.."
"အခုလိုပဲပေါ့... ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ရဲ့ ကိစ္စက အမှန်တရားနဲ့ အများကြီး ကင်းကွာနေတယ်.."
ဖန်းယွီက ပြုံး၏။
ပိုင်ယွင်ခုံးက အေးစက်စွာ ခေါင်းငြိမ့်သည်။ အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ တွေ့ဖူးသည့် ထိုလူများ သေဆုံးပြီးပါက ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့၏ စစ်မှန်သည့် အကြောင်းကို မည်သူမှ သိရှိနိုင်တော့မည် မဟုတ်ပေ။ ကောလဟာလအချို့သာ ပျံ့နှံ့နေပြီး မဟုတ်မမှန်သည်များသာ ကျန်ရစ်ခဲ့မှာပါ။
ခုနှစ်စင်ကြယ်အကယ်ဒမီ အတွင်းတွင် ဖန်းယွီနှင့် ပိုင်ယွင်ခုံးတို့က အတွင်းဘက်နယ်မြေ၏ ယေဘုယျအခြေအနေကို ခြုံငုံဆွေးနွေးကြသည်။
အေးစက်သည့် မျှော်စင်၏ ထိပ်တွင် ပင်းညန်၏ ဘေး၌ သေးသွယ်သည့် ခန္ဓာကိုယ်နှစ်ခုမှာ လဲလျောင်းနေဆဲ ရှိ၏။ အရိုးစိမ့်အောင် အေးသည့် လေထုက တိုက်ခတ်နေပါသည်။
ပင်းညန်၏ လက်ထဲတွင်တော့ တစ်ခုခုကို ကစားနေပုံပေါ်၏။ သူမ၏ မျက်နှာပေါ်၌ သွေးရောင်တစ်ခု ပေါ်လာခဲ့သည်။ ခန္ဓာကိုယ်လေးနှစ်ခုတို့မှာ တွန့်ကွေးကုန်ပြီး တဖြည်းဖြည်းနှင့် ကျုံ့ဝင်ကာ အသက်ဓာတ်တို့ ပျောက်ဆုံးကုန်ကြ၏။
ပင်းညန်၏ မျက်ခုံးများရှိ အရေးအကြောင်းများမှာ ပျောက်ကွယ်သွားပြန်သည်။ သူမကို ပိုမို ဆွဲဆောင်မှု ပိုလာစေကာ ပိုမိုငယ်ရွယ်လာစေ၏။
'ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့... ကောင်းကင်လူသားအဆင့် သိုင်းသမား... နတ်ဆိုးသားတော်... နင်သေပြီပေါ့..'
ပင်းညန်က သူမကိုယ်သူမ ရေရွတ်သည်။ သူမ၏မျက်နှာပေါ်၌အထီးကျန်မှု တစ်ခုပေါ်လာခဲ့၏။
အသိအကျွမ်းဟောင်း အားလုံးတို့ သေဆုံးသွားခဲ့ပြီလား။ သူမတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်လား။
အေးစက်သည့် ရေခဲကန်တွင် အသက်ရှင်ရန် ရုန်းကန်ရင်းမှ မိန်းမငယ်လေးများ၏ အဆီအနှစ်ကို စုပ်ယူပြီး သူမ၏ ထာဝရငယ်ရွယ်မှုအတွက် ထိန်းသိမ်းထားရသည်။