← Chapters

ခက်ခဲသော အခြေအနေ

Vol. 158 Ch. 2248

ခက်ခဲသော အခြေအနေ

Vol. 158 Ch. 2248

"ကောင်းကင်ဒေသက အင်အားစုတွေက တသားတည်းပဲလို့ ပြောရင် ရီဖူရှင်းက အခု စီဝေ့ကြယ်ကမ္ဘာ မဟာအင်ပါယာရဲ့ ကျင့်ကြံခြင်းနယ်မြေကို ထိန်းချုပ်ထားခဲ့တာ။ ဒီလိုဆိုတော့ ကောင်းကင်ဒေသက အဖွဲ့ဝင်တွေ ကျင့်ကြံနိုင်အောင် ကျင့်ကြံရေးနယ်မြေကို ဖွင့်လှစ်ဖို့ ခွင့်ပြုသင့်တယ်။" ထို့နောက် အသံတစ်ခုက ပြောလိုက်သည်။ ထိုအသံတွင် ထက်ရှသော အရှိန်အဝါတချို့ ပါဝင်နေ၏။ ၎င်းမှာ ထိုက်ချူဓားသခင် ဖြစ်လေသည်။

ထိုက်ချူဓားသခင်၏ အကြည့်များက ဓားတစ်လက်ကဲ့သို့ ထက်ရှနေပြီး ရီဖူရှင်း ရှိရာဘက်သို့ ကြည့်နေခဲ့သည်။ သူက ဆက်လက်၍ ပြောလိုက်၏။ "ပြီးတော့လည်း ရီဖူရှင်းက မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်း လျှို့ဝှက်ချက်နဲ့ စီဝေ့မဟာအင်ပါယာရဲ့ သင်ကြားပေးမှုတွေကို ကောင်းကင်ဒေသက ကျင့်ကြံသူတွေဆီ ပြန်ပြီး မျှဝေပေးသင့်တယ်။ အဲဒီလိုမှ ကောင်းကင်ဒေသက အင်အားစုတွေရဲ့ စွမ်းရည်တွေ တိုးတက်လာနိုင်မှာပေါ့။"

ကိုက်ချိန်နှင့် အခြားလူများသည် ထိုက်ချူဓားသခင်၏ စကားများကို ကြားသောအခါ ချက်ချင်း တုံ့ပြန်လာကြသည်။ "အဲဒါ ဟုတ်တယ်။ ရီဖူရှင်းသာ အဲဒီလို လုပ်ပေးနိုင်ရင် ဒီနေ့ကစပြီး ကောင်းကင်ဒေသရဲ့ အင်အားစုတွေက တသားတည်းဖြစ်လာလိမ့်မယ်။ ဘာပဋိပက္ခမှ ရှိတော့မှာ မဟုတ်ဘူး။ အဲဒီလိုဆို ကျုပ်တို့ ချက်ချင်း နောက်ဆုတ်ပေးမယ်။ အပြင်လောကက တစ်ယောက်ယောက် သူ့ကို ဆန့်ကျင်ဖို့ စီစဥ်မယ်ဆိုရင် ကောင်းကင်ဒေသ အင်အားစုတွေက ဒီအတိုင်း ရပ်ပြီး စောင့်ကြည့်နေမှာ မဟုတ်ဘူး။"

"ဘယ်လိုမှားယွင်းနေတဲ့ အယူအဆလဲ။" အင်ပါယာရှီက သူတို့ကို မော့ကြည့်ကာ ပြောလိုက်သည်။ "ဒီတောင်းဆိုချက်က ကျိုးကြောင်းမဆီလျော်ဘူးလို့များ မင်းတို့ မထင်ကြဘူးလား။"

"ခင်ဗျား ပြောတော့ ကောင်းကင်ဒေသရဲ့ အင်အားစုတွေက တစ်ပေါင်းတစ်စည်းတည်း ဖြစ်သင့်တယ်ဆို။ အခု ကျုပ်က ဒီလိုအကြံပေးတော့ ကျိုးကြောင်းမဆီလျော်ဘူးတဲ့လား။ ဒီလိုဆိုရင် ကျုပ်တို့က ဘာလို့ သူ့ကို မဆန့်ကျင်နိုင်ရမှာလဲ။" ထိုက်ချူဓားသခင်က ဆက်ပြောလိုက်သည်။ "အင်အားစုတစ်ခုစီက သီးခြားရပ်တည်နေတာ။ ကျုပ်တို့ တစ်ယောက်ချင်းစီက မဟာအင်ပါယာ သင်ကြားပေးတဲ့ ပညာရပ်ကို လိုချင်တဲ့ ဆန္ဒရှိခဲ့ရုံပဲ။ အဲဒါက တခြားအင်အားစုတွေနဲ့ သက်ဆိုင်ခြင်းမရှိသလို ကျုပ်တို့ကလည်း အပြင်ဘက် လောကက ကျင့်ကြံသူတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ အစီအစဥ်မရှိပါဘူး။ ကျုပ်တို့ရဲ့ ရည်ရွယ်ချက်တွေက တူနေလို့ ပေါင်းမိသွားရုံပဲ။"

ထိုက်ချူတော်ဝင်မြေက ထိုက်ချူနယ်မြေမှ သန့်စင်မြင့်မြတ်နယ်​မြေဖြစ်ပြီး ထိပ်သီးအင်အားစုတစ်ခု ဖြစ်သည်။ ထိုအင်အားစုက ထိုက်ချူနယ်မြေသခင်အိမ်တော်၏ အထက်တွင် တည်ရှိပြီး နယ်မြေပြယုဂ်တစ်ခုလည်း ဖြစ်သည်။ အရှင်ဒွန်ဟောင်က သူတို့ကို စိတ်မကျေနပ်လျှင်ပင် မည်သို့မှ မလုပ်နိုင်ပေ။ သူတို့က အစကတည်းက ထိုက်ချူတော်ဝင်မြေကို ဆန့်ကျင်လှုပ်ရှားရန် မဖြစ်နိုင်သည်လား။

ထိုသည်မှာ အနိုင်မယူနိုင်သော အင်အားစုတစ်ခု ဖြစ်နေသည်လား။

ထိုက်ချူဓားသခင်က ရှေ့သို့ ခြေလှမ်းလာကာ ပြောလိုက်သည်။ "ခင်ဗျားတို့က ကျုပ်တို့ အပြင်လောကက လူတွေနဲ့ ပူးပေါင်းကြံစည်တယ်လို့ ယုံကြည်နေတယ်ဆိုတော့ သူတို့ကို ထိန်းသိမ်းဟန့်တားပေးဖို့ ခင်ဗျားတို့ကို ဒုက္ခပေးရတော့မှာပဲ။ ရီဖူရှင်းနဲ့ ပတ်သတ်တဲ့ ပြဿနာအတွက် ကောင်းကင်ဒေသရဲ့ အင်အားစုတွေက သူနဲ့ စာရင်းရှင်းစရာ ရှိနေသေးတယ်။ အပြင်ဘက်က ကျင့်ကြံသူတွေက လှုပ်ရှားသည်ဖြစ်စေ မလှုပ်ရှားသည်ဖြစ်စေ အဲဒါက ကျုပ်တို့ ထိန်းချုပ်နိုင်တဲ့ အရာမဟုတ်ဘူး။ ထိုက်ရှန်နယ်မြေက အဖွဲ့ဝင်တွေကို ဒီပြဿနာအတွက် ဒုက္ခများစေမိလို့ အားနာပါတယ်။"

သူက ပြောပြီးသည်နှင့် သူ့အကြည့်များက ထက်ရှကာ တောက်ပလာပြီး အောက်ဘက်သို့ လျှောက်လာခဲ့သည်။ ချက်ချင်းပင် နားစည်ကိုပင် ထိုးဖောက်လောက်သော ဓားများ၏ အော်မြည်သံတို့က လေဟာနယ်အတွင်း ပြည့်နှက်လာကာ ထောင်သောင်းချီသည့် ဓားများ ပေါင်းစည်းလာသည်။ ထိုလေဟာနယ်ဝန်းကျင်အတွင်း ချက်ချင်းပင် အံ့သြဖွယ်ကောင်းဖွယ် ကောင်းလှသည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ သူက ပြောလိုက်၏။ "နောက်ကျမှ ပြဿနာဖြစ်မလာအောင် ဘာလို့ အခုကတည်းက သဘောတူညီမှု လုပ်မထားရမှာလဲ။ ကျုပ်တို့ကို ကူညီပြီး ရီဖူရှင်းနဲ့ ရင်ဆိုင်တိုက်ခိုက်ပေးတဲ့ ဘယ်သူမဆို ရီဖူရှင်း ဆက်ခံရရှိခဲ့တဲ့ အမွေအနှစ်ပညာရပ်တွေကို မျှဝေပေးမယ်။ ဘယ်လိုသဘောရလဲ။"

ဘုန်း...

အံ့အားသင့်ဖွယ် ဓားစွမ်းအားများက သူ့ ပုံရိပ်မှ ဓားမြစ်တစ်စင်းကဲ့သို့ ကျဆင်းလာပြီး ၎င်းက အလွန် ကြောက်မက်ဖွယ် ကောင်းပေသည်။ အနီးဝန်းကျင်မှ ကျင့်ကြံသူများက နောက်သို့ ပြန်ဆုတ်ခွာသွားကြပြီး သူတို့အား သတ်ဖြတ်ရန် လုံလောက်နေသည့် ထိုဓားစွမ်းအားမှ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်သည်။

ထိုက်ချူဓားသခင်က လူ့သဘာဝကို ယုံကြည်ပေသည်။ ဤနေရာ၌ စီဝေ့မဟာအင်ပါယာ၏ သင်ကြားမှုနှင့် မဟာအင်ပါယာရှန်ကျား၏ စွမ်းအားကို လိုချင်ကြသည့်သူက တစ်ဦးတစ်ယောက်တည်း မဟုတ်ပေ။ လူအများတွင် သူတို့နှင့် တူညီသော အတွေးစိတ်ကူးများ ရှိကြပေသည်။ သူတို့က တွေဝေနေသဖြင့် မလှုပ်ရှားရဲကြခြင်းသာ ဖြစ်သည်။ သို့ဆိုလျှင် သူက ဦးဆောင်လှုပ်ရှားရပေလိမ့်မည်။

"တိုက်ကြ။" သူက ဟစ်ကြွေးလိုက်သည်။

ချက်ချင်းပင် ဓားမြစ်တစ်စင်းက လျှပ်စီးအလျင်နှင့် အထက်မှ ကျဆင်းလာသည်။ ဓားမြစ်၏ အလယ်ဗဟို၌ ကြီးမားလှသော နတ်ဓားတစ်လက် ပေါ်ပေါက်လာသည်။ ကြည့်ရသည်မှာ လေဟာနယ်ကို စုတ်ဖြဲနိုင်သည့် ဓားချီများ​က စုစည်းဖြစ်တည်လာပုံရသည်။ ၎င်းက ရီဖူရှင်းထံသို့ တည့်ပတ်စွာ ထိုးဖောက်လာပြီး ထိုစွမ်းအားက ထိတ်လန့်ဖွယ် ကောင်းလှသည်။

ချက်ချင်းပင် ကျင့်ကြံသူများစွာက နေရာ ဖြန့်ကျက်ခွဲထွက်သွားကြသည်။ သူတို့က မတူညီသော အရပ်မျက်နှာများ၌ ဝေးကွာလှသည့် အကွာအဝေးတွင် ရပ်နေခဲ့ပေသည်။ ထိုးခွင်းလာသည့် နတ်ဓားက ၎င်း၏ လမ်းကြောင်းအတွင်း အရာအားလုံးကို ဖျက်ဆီးသွားသည်။

ထိုအခိုက်အတန့်တွင် စီဝေ့အင်ပါယာနန်းတော်၏ မဟာအကြီးအကဲ ရန်ဟောင်ချန်းက သူ့လက်ထဲမှ တောင်ဝှေးကို မြှောက်ကာ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ ကာကွယ်ရေး ကြယ်အလင်းရောင်က ချက်ချင်းပင် သူတို့၏ ပုံရိပ်များကို လွှမ်းခြုံသွားသည်။ တခဏအတွင်း သူတို့ကို အစစ်အမှန်ကြယ်များ လှည့်ပတ်လာသလို ထင်မှတ်လိုက်ရသည်။

အံ့အားသင့်ထိတ်လန့်ဖွယ် နတ်ဓားက သူတို့ပေါ်သို့ ထိုးဆင်းလာကာ ကြယ်အကာအကွယ်ပေါ်သို့ တဖြေးဖြေးနှင့် ထိုးဖောက်လာသည်။ အကာအကွယ်ပေါ်၌ အက်ကြောင်းများ ပေါ်ပေါက်လာသော်လည်း နတ်ဓားက  ၎င်းကို ဖြိုခွဲနိုင်ခြင်း မရှိပေ။

ရန်ဟောင်ချန်းက လက်ထဲတွင် တောင်ဝှေးကို ကိုင်ထားပြီး နတ်အလင်းက ကြယ်အကာအကွယ်အား အဆက်မပြတ် အားဖြည့်ပေးနေသည်။ ဓားမြစ်က ထိတ်လန့်ဖွယ် အကာအကွယ်ပေါ်သို့ လွှမ်းခြုံသွားသည်။ ကျယ်ပြောလှသော ကောင်းကင်အာဏာစက်ကျောင်းတော်အနီးမှ လေဟာနယ်တစ်ခွင်သည် ချက်ချင်း ပြိုကျပျက်စီးသွားလေသည်။ အန္တရာယ်ရှိသော ဓားထိခတ်သံများက ထိုနေရာတစ်ခွင်လုံးကို လွှမ်းခြုံသွား၏။

"ဟမ်" ထိုက်ချူဓားသခင်က မျက်မှောင်ကြုတ်လိုက်သည်။ ထင်ထားသလိုပင် စီဝေ့ကြယ်ကမ္ဘာအတွင်း၌ ပုန်းကွယ်နေသော နဂါး၊ ဝပ်နေသော ကျားများ ရှိလေသည်။ သူသည် အသတ်ခံလိုက်ရသော နန်းတော်သခင်အပြင် ထိုမျှ အစွမ်းထက်လှသော ပုဂ္ဂိုလ်များ ရှိနေလိမ့်ဦးမည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ၏ ဓားသည် ထိုပုဂ္ဂိုလ်၏ အကာအကွယ်ကို အမှန်တကယ် မချိုးဖျက်နိုင်ခဲ့ပါချေ။

"မင်းတို့အားလုံး လှုပ်ရှားဖို့ အစီအစဥ် တကယ်မရှိဘူးလား။" ထိုက်ချူဓားသခင်က ကျယ်လောင်စွာ မေးလိုက်သည်။ ရီဖူရှင်းနှင့် အာဃာတရှိသော မူလဘုံမှ ထိပ်သီးအင်အားစုများက ချက်ချင်းပင် တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာကြသည်။ သို့သော် သူတို့ထဲက မည်သူ့ရဲ့ ကျင့်ကြံခြင်းကမှ ရန်ဟောင်ချန်းကို အနိုင်မယူနိုင်ပေ။ သူတို့အားလုံးက အတူတကွ တိုက်ခိုက်လျှင်ပင် ရန်ဟောင်ချန်း၏ ကြယ်နယ်မြေကို ချိုးဖျက်နိုင်မည် မဟုတ်ပါချေ။

ထို့နောက် နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ရှေ့သို့ လှမ်းလာခဲ့သည်။ ထိုသူတွင် ထိတ်လန့်အံ့သြဖွယ် အရှိန်အဝါတို့ကို ပိုင်ဆိုင်ထားသည်။ သူက မော့ကလန်ခေါင်းဆောင် ဖြစ်လေသည်။ သူတို့က သူ့ကို မြင်သည့်အခါ ထူးဆန်းသည့် အကြည့်တို့ကို ထုတ်ဖော်ပြသလာသည်။ သွမ့်ထျန်းရှုံ ယခင်က ရီဖူရှင်းအား ပြောပြခဲ့သလိုပင်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ကောင်းကင်ဒေသမှ လာခဲ့သော အင်အားစုများအားလုံးက ထိပ်သီးအင်အားစုများ ဖြစ်ကြပေသည်။ ဥပမာအားဖြင့် ထိုက်ချူတော်ဝင်မြေသည် ထိုက်ချူနယ်မြေအား အုပ်စိုးပြီး သူတို့အဆင့် ကျင့်ကြံသူများစွာ ရှိသည်။

ထိုသည်မှာ မော့ကလန်လည်း အတူတူပင် ဖြစ်သည်။ သူတို့က ကြောက်မက်ဖွယ် အင်အားစုများ ဖြစ်ကြသည်။ မော့ကလန်၏ ထိုကျင့်ကြံသူထံမှ ကြွယ်ဝလှသော စွမ်းအားများ ထွက်ပေါ်လာသည်။ သူ့ကို မြင်လိုက်ရသည့် လူတိုင်း၏ နှလုံးသားများက တုန်ယင်လာသည်။

သူ့အပြင် နောက်တစ်နေရာတွင် နေမင်းနတ်ဘုရားတောင်တန်းမှ ကျင့်ကြံသူများလည်း ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်များကို နေမင်းနတ်မီးလျှံတို့နှင့် လွှမ်းခြုံထားပြီး အလွန် ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ သူတို့သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က မူလဘုံတိုက်ပွဲ၌ ပါဝင်ခဲ့ကြပေသည်။ သူတို့သည်လည်း ရီဖူရှင်းနှင့် ရန်ငြိုးရှိခဲ့ကြသည်။ ဤကဲ့သို့အခိုက်အတန့်တွင် သူတို့က အခွင့်အရေးကို လက်လွတ်မခံနိုင်ကြပေ။ သူတို့က ဤနေရာ၌ ရီဖူရှင်းကို သတ်ဖြတ်ပစ်နိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။

ကောင်းကင်ဒေသမှ အင်အားစုများဘက်ရှိ အင်အားစုအနည်းငယ်ကလည်း လျှောက်ထွက်လာပေသည်။ သူတို့ကြားတွင် ရှန်ချင်းနယ်မြေမှ အင်အားစုအနည်းငယ် ပါဝင်သည်။ ထိုအင်အားစုများက လေးမျက်နှာကျေးရွာနှင့် ရန်ငြိုးရန်စ ရှိကြသူများ ဖြစ်သည်။ ယခု ရီဖူရှင်းကို အခြားကျင့်ကြံသူများက ဝန်းရံထားလေရာ သူတို့အတွက် ရန်ကြွေးရှင်းရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ ကျေးရွာ၌ ဆရာသခင်ရှိနေလျှင်ပင် သူက နောက်ပိုင်းမှ ရှာတွေ့မည် ဖြစ်ကာ မည်သူက ပါဝင်ခဲ့ကြောင်း အရာအားလုံး သိရှိနိုင်မည် မဟုတ်ပေ။

နန်ဟိုင်မိသားစု၊ ပုံရိပ်ယောင်နတ်ဘုရားနန်းတော်နှင့် နတ်ဆိုးတိမ်လွှာကလန်မှ လူများက ရှေ့ထွက်လာကြပေသည်။ သူတို့အားလုံးက အခြားသူများနှင့် ယှဥ်လျှင် ရီဖူရှင်းနှင့် ရန်ငြိုးနက်ရှိုင်းကြသည်။

ထိပ်သီးအင်အားစုများ တစ်ယောက်ပြီးတစ်ယောက် လျှောက်ထွက်လာသည်ကို ကြည့်ရင်း ကောင်းကင်ဒေသ၏ အခြားနယ်မြေမှ ကျင့်ကြံသူများကလည်း တဖြေးဖြေး ရှေ့သို့ လှမ်းလာကြသည်။ စီဝေ့မဟာအင်ပါယာ၏ သင်ကြားမှုကို စိတ်ဝင်စားသည့် အင်အားစုအချို့ကလည်း ရှေ့တက်လာကြသည်။ စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများစွာ ရှိသော်လည်း ကောင်းကင်ဒေသ၌ မရေတွက်နိုင်သော ထိပ်သီးအင်အားစုများ ရှိသည်။ သူတို့က နောက်ထပ် အရေအတွက် အနည်းငယ် ထပ်ထွက်လာလျှင် သူတို့ကို ရင်ဆိုင်ရန် အခက်အခဲ ရှိလာပေလိမ့်မည်။

မှော်နက်လောကမှ ကျင့်ကြံသူများနှင့် နတ္ထိဘုံမှ ကျင့်ကြံသူများက စိတ်ဝင်စားသော အကြည့်များနှင့် အဖြစ်အပျက်များအား စူးစမ်းလေ့လာနေသည်။ သူတို့သည် အစက ကောင်းကင်ဒေသမှ အင်အားစုများနှင့် ပူးပေါင်းပြီး ဤတိုက်ပွဲ၌ ပါဝင်ရန် စီစဥ်ထားခြင်း ဖြစ်သည်။ သို့သော် ကောင်းကင်ဒေသမှ ကျင့်ကြံသူများ၏ စကားလုံးများအရ ထိုအင်အားစုများက သူတို့နှင့် ပူးပေါင်းလိုခြင်း မရှိပုံရပေသည်။ ကောင်းကင်ဒေသမှ အဖွဲ့ဝင်များက ကိုယ်တိုင် လှုပ်ရှားရန် ပြင်နေကြသည်။

သို့ဆိုလျှင် မှော်နက်လောကနှင့် နတ္ထိဘုံမှ ကျင့်ကြံသူများက ထိုနေရာ၌ ရပ်ကာ စောင့်ကြည့်နေရုံသာ ရှိပြီး ၎င်းက သူတို့အတွက် နောက်ပိုင်းလှုပ်ရှားမှု၌ အကျိုးအမြတ် ပိုရှိပေလိမ့်မည်။ ၎င်းသည် သူတို့ကို ဤတိုက်ပွဲအား ပိုမို စိတ်ဝင်စားလာအောင် လုပ်ဆောင်နေပေသည်။ သူတို့က ကောင်းကင်ဒေသမှ အင်အားစုများကို အချင်းချင်း အရင်တိုက်ခိုက်ခွင့် ပေးထားလိုက်ရုံသာ ဖြစ်၏။

ရီဖူရှင်းက သူ့ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ ကောင်းကင်ရှိ ကျင့်ကြံသူများကို ပြောလိုက်သည်။ "ကျုပ်အရင်က ပြောခဲ့ဖူးသလိုပဲ။ ဒီနေ့မှာ ကျုပ်ကို ကူညီဖို့ ဆန္ဒရှိတဲ့ဘယ်သူမဆို စီဝေ့မဟာအင်ပါယာရဲ့ ကျင့်ကြံခြင်းနယ်မြေက ခင်ဗျားတို့ကို အမြဲကြိုဆိုနေမယ်။ အင်ပါယာကြယ်ရဲ့ စွမ်းအားနဲ့ ဆက်သွယ်နိုင်သရွေ့ ခင်ဗျားတို့ အဲဒီထဲက စွမ်းအားကို ဆက်ခံနိုင်လိမ့်မယ်။"

***

All Chapters