← Chapters

( တာအိုပညာရဲ့ ရွှေရောင်မှင်ဆေးရည်)

Vol. 5 Ch. 65

( တာအိုပညာရဲ့ ရွှေရောင်မှင်ဆေးရည်)

Vol. 5 Ch. 65

လီဖူ ကြားတဲ့အခါမှာ.. ဒေါသထွက်ရမဲ့အစား စိတ်ထဲ လေးစားသွားလေ၏။

သူ့ရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေ ဝင်ရောက်လာခဲ့သည်။

ရေခဲပုစဥ်း….

ရေခဲပုစဥ်းဆိုတာ ဒဏ္ဍာရီလာ ရတနာပဲ!

ရှကျိုးယွီ ယူလိုက်လို့ရသည်။

ဒါပေမဲ့ သူဘာလုပ်ခဲ့သလဲ?

မလိုဘူးတဲ့လား?

ဂုဏ်သိက္ခာရှိတယ်ဆိုတာ ဒါလား?

လီဖူ စကားဟတော့မလို့ ပြင်လိုက်ချိန်မှာပဲ ရှကျိုးယွီရဲ့အသံကို ထပ်ကြားလိုက်ရသည်။

“ လူကြီးလူကောင်းတစ်​ယောက်ဆိုလဲ ချမ်းသာမှုကို လိုချင်ကြတာကြည့်ပဲ။ ဒါပေမဲ့ သင့်တော်တဲ့နည်းလမ်းနဲ့ပဲ ရယူလိမ့်မယ်။ ဒါက မင်းနဲ့ သက်ဆိုင်တဲ့ပစ္စည်းတစ်ခုပါ။ မင်းကိုယ်တိုင် အမှားဝန်ခံပြီးပြီ။ ကိုယ့်ပစ္စည်းကိုယ် ပြန်ယူလိုက်ပါ။ ငါကိုယ်တော်ရဲ့ ပိုင်နက်ထဲမှာ ရအောင်ရှာဖွေမယ်။ အကယ်လို့ တရှားတိုင်းပြည်တစ်ခုလုံးမှာ မရှိခဲ့ရင် တစ်ခြားကို ထွက်ရှာမယ်။ ထျန်းချီတာဝါနဲ့ တရှားနဲ့ ပူးပေါင်းလို့ရတယ်။ ဒါပေမဲ့ ငါကိုယ်တော်ရဲ့ တိုင်းပြည်ရေးမှာ ဝင်မပါဖို့ ကြိုသတိပေးထားမယ်”

ရှကျိုးယွီရဲ့ လေသံမှာ လွှမ်းမိုးမှုရှိသည်။ မျက်လုံးကလဲ ဓားတစ်ချောင်းလို စူးရှသည်။ အမြှော်အမြှင်ရှိတဲ့ အုပ်ချုပ်သူတစ်ယောက်ရဲ့ ဟိတ်ဟန်တွေ ဖြာထွက်နေလေ၏။

လီဖူရဲ့ မျက်လုံးမှာ မျက်ရည်တွေ ပြည့်လာလေပြီ။ ရှကျိုးယွီရဲ့ စကားလုံးတွေက သူ့ရဲ့နှလုံးသားကိုပါ ရိုက်ခတ်နိုင်၏။

ထျန်းချီတာဝါက မျှတမှုကို တန်ဖိုးအထားဆုံးပဲ။

ရှကျိုးယွီရဲ့ စကားလုံးထဲမှာ သူ ရှာတွေ့ခဲ့သည်!

‘ဒါက ပြီးပြည့်စုံတဲ့ အုပ်ချုပ်သူပဲ!’

“ ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် ရိုင်းပျမိသွားတယ်”

လီဖူ အသက်ဝအောင် ရှုသွင်းလိုက်သည်။

ရှကျိုးယွီကို အကြာကြီး စိုက်ကြည့်လိုက်ပြီးမှ သူ ထိုစကားတွေကို ပြောလိုက်တာပင်။

ဒီအချိန်မှာ သူက ဘယ်လောက်ပဲ တော်တဲ့ ကျင့်ကြံသူ ဖြစ်နေပါစေ၊ ရှကျိုးယွီရဲ့ စကားတွေဆီမှာ လုံးဝ အလွှမ်းမိုးခံလိုက်ရပြီလေ။

“ အရှင်မင်းကြီး စိတ်အေးထားပါ။ အခုကစပြီး ကျွန်တော်က တရှားရဲ့ သစ္စာအရှိဆုံး မဟာမိတ်ပဲ။ ပြဿနာ ကြုံလာရင် ကျွန်တော် အတတ်နိုင်ဆုံး ကူညီမှာပါ”

လီဖူက ပြောပြီးတာနဲ့ ခါးညွတ်ကာ အရိုအသေ ပေးလိုက်သည်။

​ပြီးတာနဲ့ ရှကျိုးယွီကို မစောင့်ဘဲ သူက ဆက်ပြောသေးသည်။

“ ကိစ္စမရှိရင် ကျွန်တော် သွားပါတော့မယ်”

“ ကောင်းပြီ။ မင်းနားလည်သရွေ့ ကိစ္စမရှိဘူး”

ရှကျိုးယွီ ထိုအခါမှ စိတ်သက်သာစွာ သက်​ပြင်းချနိုင်တော့သည်။

ပြီးတဲ့နော​က်မှာ လီဖူကိုတစ်ချက်သာ ကြည့်လိုက်သည်။ လီဖူရဲ့ စကားကိုလဲ သူ အတည်မမှတ်ခဲ့ဘူး။ ချက်ချင်းပဲ ခေါင်းရမ်းကာ ဆက်မတွေးတော့ပေ။

ဘာမှဆက်မပြောတော့တာမို့ လီဖူက လက်ထဲက ရေခဲပုစဥ်းကို ပြန်သိမ်းလိုက်သည်။

“ ကဲ မင်းသွားလို့ရပြီ။ ပူးပေါင်းတဲ့ ကိစ္စကိုတော့..”

ရှကျိုးယွီ ခဏတွေးလိုက်သည်။

“ တရှားတိုင်းပြည်ကို လာမရှုတ်သရွေ့.. ပူးပေါင်းတာပေါ့လေ”

“ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

လီဖူ ခေါင်းညိတ်ကာ ဘာမှ ဆက်မပြောတော့ဘူး။

ပြီးတာနဲ့ ချက်ချင်းပဲ ပျောက်ကွယ်သွားလေ၏။

ရှကျိုးယွီ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

‘နောက်ဆုံးတော့ ဒီသူတောင်းစားလစ်ပြီ’

ဒါပေမဲ့ ရှကျိုးယွီ ဘာမှ မပြောရသေးခင်မှာပဲ လီချင်းလွမ်က ပြောလိုက်လေ၏။

“ အရှင်မင်းကြီးကို အခုလို ကြင်နာပြီး ဖြောင့်မတ်တယ်မှန်း မထင်ခဲ့မိဘူး။ ကျွန်တော်မျိုးမ အမြင်မှားခဲ့တာပဲ”

ရှကျိုးယွီ အနည်းငယ် အံ့သြသွားသည်။

လီချင်းလွမ့်ရဲ့ အတွေးကို သူ မမှန်းနိုင်နေဘူး။

ဒါပေမဲ့ သူပြန်ဖြေလိုက်ပါသည်။

“ စိတ်မပူပါနဲ့။ မင်းလိုချင်တာ ရဖို့အတွက် ငါကိုယ်တော် သေချာပေါက် လူလွှတ်ပြီး ရှာခိုင်းပေးမယ်”

လီချင်းလွမ် ခေါင်းညိတ်လိုက်သည်။

သူမ ယုံကြည်သည်လေ!

ရှကျိုးယွီရဲ့ လုပ်ရပ်တွေကို ကြည့်ပြီးတည်းက သူမ ယုံကြည်ထား​ပြီးသားပဲ!

“ အရှင်မင်းကြီး အလောတကြီးရှာဖို့ မလိုပါဘူး။ နဂါးအသွင်ပြောင်းခြင်း ဆေးလုံးမှာ ရေခဲပုစဥ်း လိုအပ်တာ မှန်ပေမဲ့ ဒီဟာမတိုင်ခင်မှာ လုပ်ထားရမဲ့ သန့်စင်ခြင်း အဆင့်ကလဲ အရမ်းခက်တယ်။ ကျွန်တော်မျိုးမ အဲ့တာကို အရင်ကျော်ဖြတ် ရအုံးမှာ”

“ အရှင်မင်းကြီး စိတ်အေးစွာ ရှာလို့ရပါတယ်”

လီချင်းလွမ် ရှင်းပြပြီးတာနဲ့ ဆက်ပြောလိုက်သည်။

“ ကိစ္စမရှိတော့ရင် ကျွန်တော်မျိုးမ သွားနှင့်ပါ့မယ်”

ရှကျိုးယွီက မတားမြစ်ခဲ့ဘူး။

လက်တစ်ဖက်သာ ယမ်းပြပြီး နားလည်ကြောင်း ပြခဲ့သည်။

လီချင်းလွမ့်လဲ ဘာမှဆက်မပြောတော့ပေ။

သူမ တိတ်တဆိတ် ထွက်သွားလိုက်သည်။

အခန်းထဲမှာ ရှကျိုးယွီ တစ်ယောက်သာ ကျန်တော့သည်။

ရှကျိုးယွီက နေရာမှာ ရပ်နေဆဲပဲ။

အကြာကြီး အတွေးလွန်နေပြီးနောက်မှာ သူ ခေါ်လိုက်သည်။

“ လာကြစမ်း!”

နန်းဆောင်အပြင်က မိန်းမစိုးငယ်လေး ချက်ချင်းပဲ ဝင်ရောက်လာခဲ့သည်။

“ကျွန်တော်မျိုး ရောက်ပါပြီ”

“ အမိန့်တော်ထုတ်မယ်။ သိုင်းလောကမှာရှိတဲ့ သူတိုင်း ပေယွမ်း နှင်းတောင်ကိုသွားပြီး ရေခဲပုစဥ်း သွားရှာရမယ်!”

မိန်းမစိုးလေး အံ့သြသွားလေ၏။ ဒါပေမဲ့ သူ ဘာမှ မပြောရသေးခင်မှာပဲ အရှင်မင်းကြီးက လက်တစ်ဖက် ယမ်းပြတာ မြင်လိုက်ရသည်။

“ ကျောက်ကောင်း ကို လုပ်ခိုင်းလိုက်တော့!”

“ ငါကိုယ်တော် ပင်ပန်းနေပြီ”

အရှေ့က မိန်းမစိုးကို လျစ်လျူရှုထားပြီး ရှကျိုးယွီ အကြောဆန့်လိုက်တော့သည်။

ထို့နောက်မှာ ဖူယွဲ့နန်းဆောင်ကို ဦးတည်လေတော့၏။

ထိုအချိန်မှာပဲ စနစ်ရဲ့အသံကို ရှကျိုးယွီ ကြားလိုက်ရသည်။

( ပိုင်ရှင်က ကိုယ့်တာဝန်ကိုယ် မလုပ်ဘဲ အချိန်ဖြုန်း ငွေဖြုန်းပြီး လူသားအရေးမှာ ပျော်မွေ့နေတယ်။ ဒီလို အရည်မရ အဖက်မရ အပြုအမူက အသုံးမကျတဲ့ သူတစ်ယောက်ရဲ့ အပြုအမူပဲ)

( ကံကြမ္မာအမှတ် ၁၀၀၀ လျော့ပါတယ်။ လက်ရှိ ၅၃၀၀၀ ကျန်တယ်!)

( ဆုလာဘ်- တာအိုပညာရဲ့ ရွှေရောင် မှင်ဆေးရည်)

( တာအိုပညာရဲ့ ရွှေရောင် မှင်ဆေးရည်က မှော်ဆေးရည်တစ်ခုပဲ။ ခန္ဓာကိုယ်ပေါ်မှာ လိမ်းလိုက်ရင် စွမ်းအားကြီး အစီအရင်တွေရဲ့ စွမ်းအင်ကိုရရှိပြီး ခန္ဓာကိုယ်ကို တိုးတက်စေတယ်)

'ဒါလေးက…မိုက်လှချည်လား?’

‘ ခန္ဓာကိုယ်ရဲ့အစွမ်းကို တိုးပေးတာတဲ့လား?’

‘မဆိုးဘူး’

သိုင်းနတ်ဘုရားအဆင့်ကို ရောက်လာခဲ့ပေမဲ့ ထိုအဆင့်ကို ရောက်လာကတည်းက သူ့ရဲ့ ခန္ဓာကိုယ်မှာ လိုအပ်ချက်တစ်ခု ရှိနေသလိုမျိုး ရှကျိုးယွီ ခံစားနေခဲ့ရသည်။

ဘယ်လောက်ပဲ ကြိုးစားပါစေ သန်မာမှုက အကန့်အသတ်ကို ရောက်နေသလိုမျိုးပဲ… တိုးတက်ဖို့ လမ်းစ မမြင်ရဘူး။

သိုင်းနတ်ဘုရားထက်မြင့်တဲ့ အဆင့်ကို တက်နိုင်ဖို့ဆိုတာ စိတ်ကူးကို မယဥ်နေနဲ့တော့။

ဒါပေမဲ့ အခုဒီမှင်ဆေးရည်က တစ်ကယ် ထူးခြားတာပဲ။

ပြောထားသလိုမျိုးဆိုရင် ဒီမှင်ရည်က ခန္ဓာကိုယ်ပေါ်ကို အစီအရင်တွေ ချပေးမှာမျိုး မလား?

နဂါးကိုးကောင် ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ပြင်ပ တိုက်ခိုက်မှုအားလုံးကို ရှကျိုးယွီ အနေနဲ့ ခံနိုင်ရည်ရှိသည်။ အခု ပထမအဆင့် ကျင့်ကြံမှုဖြစ်တဲ့ သိုင်းနတ်ဘုရားအဆင့်ထိ တက်လာပြီးနောက်မှာ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကလဲ တော်တော်လေး မြင့်တက်လာခဲ့ပြီ။

အခု ဒီတာအိုဆေးရည်ရဲ့ အကူအညီကိုပါရခဲ့ရင်…

​ပြောလို့မရဘူး! အဆင့်တက်ရင် တက်သွားလိမ့်မည်လေ!

လောကမှာ မဖြစ်နိုင်ဘူးဆိုတာမှ မရှိတာပဲ။

သူသာ သိုင်းနတ်ဘုရားအဆင့်ထက် ပိုမြင့်သွားရင် လုံခြုံမှုပိုင်းလဲ မြင့်တက်လာမည်။

ရှကျိုးယွီ လမ်းလျှောက်ရင်းနဲ့ တွေးနေခဲ့သည်။

ဒီလိုနဲ့ပဲ ဖူယွဲ့နန်းဆောင်ရှေ့ကို ရောက်လာတော့သည်။

….

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ညနေခင်းတောင် ရောက်လာခဲ့ပြီ။

ရှကျိုးယွီက ရေကန်ထဲမှာ မျက်စိပိတ်ထားရင်း အနားယူနေလေ၏။

တာအိုမှင်ဆေးရည်နဲ့ ပတ်သတ်ပြီး တွေးနေတုန်းမှာပဲ.. ရုတ်တရက် ကျောက်ကောင်းရဲ့ အသံကို ကြားလိုက်ရသည်။

“ ဒီအစေခံက အရှင်မင်းကြီးကို အရိုအသေပေးပါတယ်”

ကျောက်ကောင်းရဲ့ ရောက်ရှိလာမှုက ရုတ်တရက် ဆန်တာမို့ ရှကျိုးယွီ အနည်းငယ် အံ့သြနေခဲ့သည်။

ဒါကြောင့် ရွှေရောင်မှင်ဆေးရည် အသုံးပြုမဲ့ အတွေးကို ယာယီ လက်လျော့လိုက်သည်။

ကျောက်ကောင်းကို ကြည့်လိုက်လေကာ

“ ရေခဲပုစဥ်း ရှာတဲ့ကိစ္စကို သိပြီးပြီမလား?”

ရှကျိုးယွီ ပုံမှန်လို မေးလိုက်သည်။

ကျောက်ကောင်း အနည်းငယ် အံ့သြသွားပြီးမှ ခေါင်းညိတ်လိုက်သည်။

သူ ဒီနေရာကို ရောက်လာရတာကလဲ ရေခဲပုစဥ်းကြောင့်ပဲလေ။

လာနေရင်းနဲ့တောင်မှ အတွေးများနေသေးသည်။

တရှားတိုင်းပြည်ထဲမှာ ကျင့်ကြံသူ သိုင်းသမား များစွာရှိသည်။ အကုန်လုံးကတိုင်းပြည် အပေါ် သစ္စာမရှိနိုင်ဘူး။

ဒါပေမဲ့ ထိုမဖြစ်နိုင်တဲ့ ကိစ္စကို ကျောက်ကောင်းရဲ့ သေခြင်းရှင်ခြင်း အဆောင်သိုင်း ကျေးဇူးနဲ့ ဖြေရှင်းနိုင်သွားပြီလေ။

‘ထူးချွန်တဲ့ အစီအစဥ်ကွာ!’

‘ တစ်ကယ်ကို အရှင်မင်းကြီး ပီသပါပေတယ်’

ကျောက်ကောင်း အလွန်လေးစားနေလေ၏။

ကျန်းဟူက လူတွေကို ဘယ်လိုဖြေရှင်းရမလဲ သူ အတွေးများနေခဲ့သည်။

ဒါကြောင့်မို့ မဟာတံတိုင်းဆောက်တဲ့ နေရာမှာ အကူအဖြစ် လွှတ်ရမလားလို့တောင် တွေးခဲ့သေးသည်။

ဒါပေမဲ့ တစ်ခုခုက လွဲနေသလိုမျိုး သူအမြဲတမ်း ခံစားရသည်။

အခု ရှကျိုးယွီရဲ့ အမိန့်ကြောင့် အကုန်လုံး အဓိပ္ပါယ်ရှိသွားခဲ့ပြီလေ။

ဒါပေမဲ့ သူ အခု ရောက်လာရတဲ့ ကိစ္စက ရေခဲပုစဥ်းတစ်မျိုးထဲကြောင့် မဟုတ်ဘူး။ သူ့မှာ တစ်ခြားကိစ္စရှိသေးသည်။ ပြောရရင်… မဟူရာနတ်ဘုရားတပ်ဖွဲ့ရဲ့ သရုပ်မှန်!

“ အရှင်မင်းကြီး ကျွန်တော်မျိုး ရောက်လာရခြင်းက အရှင်မင်းကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ လုပ်ကြံသူတွေက ဝေ့တိုင်းပြည်ကဆိုတာ စစ်ဆေးနိုင်ခဲ့လို့ပါပဲ!”

……………

All Chapters