(ထန်ရွှမ်း ဆေးလုံးလား?)
Vol. 5 Ch. 67
ကျောက်ကောင်းရဲ့အတွေးတွေကို ရှကျိုးယွီကတော့ မသိခဲ့ပေ။
ဝေ့တိုင်းပြည်ရဲ့ မဟူရာနတ်ဘုရား တပ်ဖွဲ့ ခဗျာ တရှားကို ရည်ရွယ်ချက်နှင့် ရောက်လာခဲ့သည်။
ဒါပေမယ့် ချက်ချင်းပဲ သေခြင်းရှင်ခြင်းအဆောင်သိုင်းရဲ့ ရိုက်ခတ်မှုကို ခံလိုက်ရသည်။
ဒီကျိန်စာဆိုးကနေ လွတ်မြောက်ဖို့ အချိန်ဘယ်လောက် ပေးဆပ်ရမယ်ဆိုတာ သူတို့မသိဘူး။
သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ထိုကျန်စာကြောင့် ဖိအားတစ်ခု အမြဲတမ်း ခံစားနေခဲ့ရသည်။
ဒီလိုနဲ့ပဲ ရက်အချို့ကြာပြီးနောက်မှာ သူတို့တွေ ဝေ့တိုင်းပြည်ကို ပြန်ရောက်သွားခဲ့သည်။
“အရှင်မင်းကြီး၊ ကျွန်တော်တို့ရဲ့တာဝန် မအောင်မြင်ခဲ့ပါဘူး! တရှားတိုင်းပြည်ရဲ့ နန်းတော်ထဲမှာ ကျွမ်းကျင်ကျင့်ကြံသူတွေ ရှိနေပါတယ်!”
ဝေ့ဘုရင်ရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားကာ အတွေး လွန်သွားလေ၏။
ကျွမ်းကျင်ကျင့်ကြံသူတွေ…
'တရှားတိုင်းပြည်မှာ ချင်မင်းသားက စွမ်းအားအကြီးဆုံးပုဂ္ဂိုလ် မဟုတ်ဘူးလား?'
‘အခု ချင်မင်းသားက ကျန်းနန်မြို့မှာ ရှိနေတာလေ။ ထိုက်အန်းမြို့တော်မှာ ဘယ်လိုလုပ် နောက်ထပ် ကျွမ်းကျင်ကျင့်ကြံသူ ရှိနေနိုင်ရတာလဲ?’
‘တကယ်ပဲ ကျွမ်းကျင်ကျင့်ကြံသူ ရှိနေခဲ့မယ်ဆိုရင် ဒီတပ်သားတွေက ဘာကြောင့် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရတာလဲ?’
ချက်ချင်းပဲ ဝေ့ဘုရင်က သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ စစ်သူကြီးမူရုံကို လှမ်းကြည့်လိုက်သည်။
“အရှင်မင်းကြီးခင်ဗျာ၊ တကယ်ပဲ ကျွမ်းကျင် ကျင့်ကြံသူရှိနေခဲ့မယ်ဆိုရင် ဒီလူတွေ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာနိုင်စရာ အကြောင်းအရင်းမရှိပါဘူး။ သံသယဝင်စရာ ကောင်းနေပါတယ်!”
“သူတို့တစ်ယောက်ချင်းစီကို သေချာစစ်မေးသင့်တယ်လို့ ကျွန်တော်မျိုးထင်ပါတယ်!”
စစ်သူကြီးမူရုံက ခဏလောက်တွေးပြီးနောက်မှာ မဟူရာနတ်ဘုရားတပ်ဖွဲ့ကိုကြည့်ကာ ပြောလိုက်သည်။
မဟူရာနတ်ဘုရားတပ်ဖွဲ့တစ်ခုလုံး ချက်ချင်းပဲ ကျောချမ်းသွားကြသည်။
အမှန်တော့ သူတို့ကို ဘာလို့လွှတ်ပေးလိုက်လဲဆိုတာ သူတို့လည်း သိချင်နေခဲ့တာ။
ဒါပေမယ့် ရှကျိုးယွီရဲ့ ရည်ရွယ်ချက်ကို သူတို့လည်းစဉ်းစားလို့ မရနေဘူး။
အခုတော့ သူတို့ ကြောက်လွန်းလို့ မေ့လဲတော့မတတ်ပဲ။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ ကျိန်ဆိုပါတယ်။ တရှားတိုင်းပြည်ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်မျိုးတို့လည်း တကယ်ပဲ မသိပါဘူး!"
ဝေ့ဘုရင်ရဲ့မျက်လုံးထဲကို အေးစက်မှုတချို့ ဖြတ်ပြေးသွားခဲ့သည်။
"မင်းတို့ သိသိမသိသိ အရေးမကြီးဘူး။ ရတယ်၊ ငါကိုယ်တော် မကြာခင် ရှာတွေ့မှာပဲ။ လာကြစမ်း၊ သူတို့ကို အခုပဲဆွဲခေါ်သွားကြ!"
မဟူရာနတ်ဘုရားတပ်ဖွဲ့တစ်ခုလုံး ဝေ့စစ်သားတွေရဲ့ဆွဲခေါ်မှုကို ခံလိုက်ရသည်။
ထိုအခါမှ ဝေ့ဘုရင်က စစ်သူကြီးမူရုံဘက်ကို လှည့်ကြည့်လိုက်လေကာ
"မင်း ဘယ်လိုထင်လဲ"
စစ်သူကြီးမူရုံ ခဏလောက် တွန့်ဆုတ်သွားခဲ့ပြီးမှ ပြောလိုက်သည်။
"အကြောင်းအရင်းနှစ်ခုရှိပါတယ်။ ပထမတစ်ခုက ရှကျိုးယွီက သူတို့ကိုလွတ်ပေးခဲ့ပေမယ့် သူတို့ကို တာဝန်တစ်ခုပေးခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒုတိယတစ်ခုကတော့…”
စစ်သူကြီးမူရုံက ဆက်မပြောဘဲ တစ်ခုခုကိုအတွေးလွန်နေသလိုပဲ။
ဝေ့ဘုရင်က အမြန်မေးလိုက်တော့သည်။
"နောက်တစ်ခုကဘာလဲ"
စစ်သူကြီးမူရုံက ခဏလောက် တွန့်ဆုတ်နေပြီးနောက်မှာ နောက်ဆုံးတော့ ပြောလိုက်တော့သည်။
"အထင်သေးလို့!"
ဝေ့ဘုရင် အံ့သြသွားခဲ့သည်။
"အထင်သေးတယ်?"
စစ်သူကြီးမူရုံက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
"အကယ်လို့ ဒုတိယအကြောင်းအရင်း အတိုင်းသာ ဖြစ်နေခဲ့မယ်ဆိုရင် ရှကျိုးယွီရဲ့ပုံစံက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီးတော့ သေချာပေါက် ဝေ့တိုင်းပြည်ကို ရန်စလိုက်တာပဲ!"
ဝေ့ဘုရင် အတွေးများသွားခဲ့သည်။
"ဘာကြောင့်ပဲဖြစ်ဖြစ် ဒီမဟူရာနတ်ဘုရားတပ်သားတွေ တစ်ယောက်မှ အသက်ရှင်နေလို့မရဘူး!"
"ရှကျိုးယွီဘက်က အကြံအစည်တွေကို သူတို့တွေ သယ်လာနိုင်ချေရှိတယ်!"
ချက်ချင်းပဲ ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
အချိန်အကြာကြီးနေမှ စစ်သူကြီးမူရုံက စကားစလိုက်သည်။
"တကယ်တော့...အခြေအနေကို ပြောင်းလဲနိုင်မယ့် နည်းလမ်းတစ်ခုတော့ရှိတယ်။ ကျွန်တော်မျိုးတို့ ဒီအခွင့်အရေးကို အသုံးချနိုင်ပြီး မဟူရာနတ်ဘုရားတပ်ဖွဲ့ကို အသုံးချရင်း တရှားတိုင်းပြည်ဘက်ကို သတင်းအမှားတွေ ပေးလို့ရနိုင်တယ်"
"အိုး?"
ဝေ့ဘုရင်ရဲ့မျက်လုံးတွေ ချက်ချင်းပဲ လက်သွားခဲ့သည်။
အရင်တစ်ခေါက် တရှားတိုင်းပြည်ရဲ့တိုက်ခိုက်မှုကြောင့် ဝေ့တိုင်းပြည်ဘက်က ဆုံးရှုံးမှုတွေ တော်တော်များခဲ့သည်။
အခု ဒီအခွင့်အရေးကိုအသုံးပြုပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ်ဆိုရင်လည်း...ဒါက နည်းလမ်းကောင်းပဲ။
"ဒီချဉ်းကပ်မှုက တစ်ကယ်တော့ အန္တရာယ် များပါတယ်။ ပြီးတော့ တရှားတိုင်းပြည်ရဲ့ မဟာတံတိုင်းတည်ဆောက်မှုက စတင်နေခဲ့ပြီ”
“ သူတို့ရဲ့ ဆောက်လုပ်တဲ့အရှိန်ကိုကြည့်ရရင် ဟန်ဆောင်ပြီးလုပ်နေတာနဲ့လည်း မတူဘူး။ တရှားတိုင်းပြည်ရဲ့ လျင်မြန်တဲ့ကြီးထွားမှုက အခြားတိုင်းပြည်တွေရဲ့ အာရုံစိုက်မှုကိုလည်း ရထားခဲ့တယ်။ သူတို့မှာဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနေနိုင်တယ်..."
စစ်သူကြီးမူရုံရဲ့ မျက်လုံးထဲမှာနက်ရှိုင်းမှုတွေ ရှိနေခဲ့သည်။
ဝေ့ဘုရင် ခေါင်းညိတ်လိုက်သည်။
သူဘာမှ ဆက်မပြောတော့ပေ။
…….
ထိုအချိန်မှာ လီချင်းလွမ်ကတော့ တော်တော်လေးတက်ကြွနေလေရဲ့။
ရှကျိုးယွီကြောင့် သူမအနေနဲ့ ဆေးလုံးဖန်တီးဖို့ရန် တော်တော်လေး စိတ်တက်ကြွနေခဲ့သည်။
ရှကျိုးယွီရဲ့ ထျန်းချီတာဝါဘက်က သိုင်းသမားကို တုံ့ပြန်လိုက်ပုံက လုံးဝကို အင်အားကြီးရှင်ဘုရင်တစ်ယောက်မှာ ရှိသင့်တဲ့ အပြုအမူမျိုးပဲ။
ထိုအချက်ကြောင့် သူမရဲ့ ရှကျိုးယွီအပေါ်အမြင်က တော်တော်လေးကို မြင့်တက်သွားခဲ့သည်။
ဒီရက်ပိုင်းထဲ ရှကျိုးယွီက သူမရဲ့အတွေးထဲကို ခဏခဏ ရောက်လာခဲ့သည်။ နဂါးအသွင်ပြောင်းခြင်းဆေးလုံးကို သူမ မလုပ်နိုင်သေးပေမယ့် ဒီတိုင်းထိုင်ပြီးတော့ အချိန်ဖြုန်းမနေနိုင်ဘူး။
ဒါကြောင့် သူမချက်ချင်းပဲ ဆေးလုံးစမ်းသပ်ခန်းဆီကို သွားလိုက်တော့သည်။
ပထမဦးဆုံးအကြိမ်တွေ့တာမဟုတ်ပေမယ့် အခန်းအလယ်မှာ ထီးထီးကြီးရှိနေတဲ့ နဂါးကိုးကောင်မီးပေါင်းဖိုကို မြင်လိုက်ရတော့ သူမအံ့ဩမှင်သက်သွားတော့သည်။
သူမအရင်က သဘောမပေါက်မိခဲ့ဘူး။
အခု နဂါးကိုးကောင်မီးပေါင်းဖိုအပြင် နတ်နဂါးယပ်တောင်ကိုပါ လက်ခံလိုက်ရပြီးနောက်မှာ…. နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပြီ။
ဆေးလုံးဖန်တီးခြင်းနဲ့ပတ်သက်ပြီး ရှကျိုးယွီဘက်က ဒီတိုင်း အာချောင်တာမဟုတ်ဘူး။ သူတကယ်ပဲ စိတ်အားထက်သန်နေတာပဲ။
ဒီလိုမှမဟုတ်ရင် အရမ်းခက်ခဲတဲ့ ရေခဲပုစဉ်းကို ရှာဖို့အတွက် လူလွှတ်စရာလား?
ပြီးတော့ သူမရဲ့လှုပ်ရှားမှုမှန်သမျှကိုလည်း စောင့်ကြည့်နေသေးသည်မလား?
လီချင်းလွမ် ပိုပြီးတွေးလေလေ၊ ပိုပြီးသေချာသွားခဲ့သည်။
"အရင်ဆုံး မီးစမွှေးတာပေါ့"
လီချင်းလွမ် နောက်ဆုံးတော့ စတင်လုပ်ဆောင်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ခန္ဓာကိုယ်ရဲ့ ချီစွမ်းအင်တွေကို လက်ဖဝါးမှာ ပြောင်းလဲစီဆင်းစေလိုက်ကာ သိုင်းပညာကို အသက်သွင်းလိုက်သည်။ ချက်ချင်းပဲ နဂါးကိုးကောင်မီးပေါင်းဖိုရဲ့အောက်မှာ မီးတောက်တွေ ထွက်ပေါ်လာတော့သည်။ ထို့နောက်မှာ သူမက နတ်နဂါးယပ်တောင်ကို ထုတ်ယူပြီး ညင်သာစွာခတ်လိုက်သည်။
သေးငယ်ပြီး ဘောလုံးအရွယ်ခန့်ရှိတဲ့ မီးတောက်က ချက်ချင်းပဲ မီးတောက်ကြီးတွေအဖြစ် ပြောင်းလဲကာ မီးပေါင်းဖိုကို လွမ်းခြုံပစ်လိုက်သည်။
နဂါးကိုးကောင်မီးပေါင်းဖိုရဲ့အောက်မှာ အရှိန်ပြင်းစွာ မီး တောက်လောင်နေပြီပင်။
ဆေးဖော်ခန်းတစ်ခုလုံးရဲ့ အပူချိန်ကချက်ချင်းပဲ မြင့်တက်သွားတော့သည်။
"ဒီနတ်နဂါးယပ်တောင်က တကယ်ကို သတင်းတွေထဲကအတိုင်းပါပဲလား။ ပတ်ဝန်းကျင်ရဲ့စွမ်းအင်ကို စုပ်ယူပြီး မီးတောက်ကို အရှိန်မြှင့်ပေးနိုင်တယ်။ တကယ်ကို ဆေးဖော်ဖို့အတွက် အကျိုးရှိတဲ့ယပ်တောင်ပဲ!"
“ကြည့်ရတာ အရှင်မင်းကြီးက အမြဲတမ်း ဆေးဖော်ခန်းကို စောင့်ကြည့်နေတယ်နဲ့တူတယ်။ မဟုတ်လို့ရှိရင် ဘယ်လိုလုပ် ငါ့ရဲ့လိုအပ်ချက်ကို တန်းပြီးသိနေမှာလဲ”
လီချင်းလွမ် လေးစားစွာပြောလိုက်သည်။
သူမရဲ့မျက်လုံးထဲမှာ နက်ရှိုင်းမှုတွေရှိနေသည်။ သူမ အချိန်အကြာကြီး တွေးတောနေလိုက်သည်။ နောက်ဆုံးမှာတော့ ခပ်တိုးတိုးရေရွတ်လိုက်သည်။
"မဟုတ်သေးဘူး၊ ရေခဲတောင်က မီတာပေါင်း.သောင်းချီပြီးမြင့်တယ်။ အဲ့ဒီ နှင်းတောင်ပေါ် ရောက်ချင်ရင် အဆင့်ငါးရှိတဲ့ ကျင့်ကြံသူတစ်ယောက်အတွက်တောင် လွယ်ကူမှာမဟုတ်ဘူး။ အရှင်မင်းကြီးက ငါ့အတွက်နဲ့ လူတွေအများကြီးစေလွှတ်ခဲ့ရတာ။ ငါသေချာပေါက် သူတို့ရဲ့လုံခြုံမှုကို ကာကွယ်ပေးမှဖြစ်မယ်!"
"အခုဘယ်သူမှ မသွားရသေးဘူးဆိုတော့ အချိန်ရှိသေးတယ်။ ငါ သူတို့ရဲ့သန်မာမှုကိုတိုးစေမယ့် ဆေးလုံးတချို့လုပ်လိုက်မယ်"
"ဟုတ်ပြီ၊ ထန်ရွှမ်းဆေးလုံးပဲ!"
"ဒီထန်ရွှမ်းဆေးလုံးက ကုန်သွားတဲ့စွမ်းအင်ကို ပြန်ဖြည့်ပေးနိုင်ရုံတင်မကဘူး၊ ရုပ်ပိုင်းဆိုင်ရာသန်မာမှုကိုလည်း အနေအထားတစ်ခုအထိ တိုးတက်စေနိုင်တယ်။ ပိုပြီးကောင်းတာက တစ်ခါတည်းနဲ့ သူတို့ကို အများကြီးဖန်တီးလို့ရတယ်။ ဒီတော့ လုပ်ရတာမြန်တယ်။ ပြီးတော့သုံးရတဲ့ ပါဝင်ပစ္စည်းတွေကလည်း မများဘူး။ မီးပေါင်းဖိုတစ်ခုတည်းနဲ့ ဆေးလုံးရာချီပြီး ဖန်တီးနိုင်တယ်"
"ဒီတော့ သူတို့တွေ ရေခဲပုစဉ်းရှာတဲ့အချိန်မှာ ဆေးလုံးတွေ သယ်သွားနိုင်ရင် တော်တော်လေးကောင်းမှာပဲ"
လီချင်းလွမ် ချက်ချင်းပဲ စာရွက်တစ်ရွက်ယူကာ ချရေးလိုက်သည်။ နောက်ဆုံးတော့ သူမပါဝင်ပစ္စည်းတွေအကုန်လုံးကို ချရေးနိုင်သွားပြီ။
"ဒီဆေးပင်တွေသွားယူလိုက်"
လီချင်းလွမ် ဘေးနားက ဆေးအကူလေးကို ပြောလိုက်သည်။ ဆေးအကူဖြစ်နေပေမယ့် လီချင်းလွမ်ပေးလာတဲ့ စာရွက်ကို ကြည့်ပြီးနောက်မှာ သူမ ဘာပစ္စည်းဖော်မယ်ဆိုတာ ဆေးအကူ ကောင်လေးစဉ်းစားလို့ မရနေခဲ့ဘူး။
ဒါပေမယ့် အမိန့်မနာခံဘဲ မနေရဲတာမို့လို့ ချက်ချင်းပဲ ဆေးဖော်ခန်းထဲက ထွက်သွားခဲ့လိုက်သည်။
လီချင်းလွမ် စိတ်သက်သာစွာသက်ပြင်းချလိုက်ကာ
"စိတ်အေးလက်အေးနေပါ အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ လုံးဝစိတ်မပျက်စေရဘူး!"
……….