(ကျင့်ကြံမှု)
Vol. 5 Ch. 70
လီချင်းလွမ် သူမရဲ့မျက်စိရှေ့က နဂါးကိုးကောင်မီးပေါင်းဖိုကို စိုက်ကြည့်လိုက်သည်။
မကြာခင်မှာပဲ ထိုမီးပေါင်းဖိုနဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခုကို သူမရှာတွေ့သွားလေ၏။
နတ်နဂါးကိုးကောင်ရဲ့အရိပ်က မီးပေါင်းဖိုရဲ့အပေါ်ကို ခပ်ဖြည်းဖြည်းချင်း ခွေတက်လာတာပင်။
သူမ ရှင်းလင်းစွာ မြင်နေရသည်။
နဂါးကိုးကောင်ထဲက နဂါးတကောင်ချင်းစီက ပါးစပ်တစ်ခါဟပ်လိုက်တိုင်း အခန်းထဲမှာရှိတဲ့ စိတ်ဝိဉာဉ်စွမ်းအင်တွေကို စုပ်ယူပြီးတော့ မီးပေါင်းဖိုထဲကို ပို့ပေးနေတာကိုပဲ!
အရမ်းထူးဆန်းသည်...
“ဒီမီးပေါင်းဖိုက အသက်ရှူနေတာလား!”
လီချင်းလွမ် အံ့သြတကြီး ရေရွတ်လိုက်သည်။
“မဟုတ်ဘူး၊ ဒါက အသက်ရှူနေတာမဟုတ်ဘူး။ တစ်စုံတစ်ခုနဲ့လိုက်ပြီးတော့...အတူလှုပ်ရှားနေသလိုမျိုးပဲ!”
“တုံ့ပြန်နေတာပေါ့?”
"ဒါပေမယ့် ဒီကမ္ဘာပေါ်က ဘယ်အရာကများ ဒီမီးပေါင်းဖိုကို လှုံဆော်နိုင်ခဲ့တာလဲ?!"
လီချင်းလွမ် ထိတ်လန့်သွားခဲ့သည်။
သူမရဲ့အကြည့်က နန်းတော်ဆီကို ကူးပြောင်းသွားခဲ့သည်။
ထိုအချိန်မှသာ သူမသဘောပေါက်တော့သည်။
နန်းတော်ရဲ့အထက်မှာ သိပ်သည်းတဲ့ စိတ်ဝိဥာဉ်စွမ်းအင်လှိုင်းတွေ လည်ပတ်စီးဆင်းနေတာပဲ!
မသိရင် အရမ်းစွမ်းအားကြီးတဲ့ တစ်စုံတစ်ခုရှိနေသလိုမျိုး!
"ဟုတ်သား၊ ငါက ဘာများမှားနေလဲလို့ အံ့သြနေခဲ့တာ။ တကယ်တော့ ဒီမီးပေါင်းဖိုက အလုပ် အလုပ်လွန်နေတာမလို့ ရလာတဲ့ ထန်ရွှမ်းဆေးလုံးတွေက ဒီလောက်အကျိုးထူးနေတာကိုး။ ဒီမီးပေါင်းဖိုမှာ ဒါမျိုးအစွမ်းရှိမယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး"
လီချင်းလွမ် သူမရဲ့အတွေးတွေကို စုစည်းလိုက်သည်။ သူမရဲ့မျက်လုံးထဲမှာ ခံစားချက်တို့ ပြည့်နှက်နေလေ၏။
ထို့နောက်မှာ အဝေးမှာရှိတဲ့ ကောင်းကင်ကို မျှော်ကြည့်လိုက်သည်။
"တစ်ခုခုတော့မှားနေပြီ!"
သူမရဲ့မျက်လုံးတွေက တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
ထိုအချိန်မှာပဲ မီးပေါင်းဖိုထံကနေ အင်အားကြီးတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဘိ ဘိ ဘိ ဘိ”
ရှေးကျပြီး ကျယ်လောင်တဲ့ ခေါင်းလောင်းသံတစ်ခုလိုပဲ။
ထိုအသံထဲမှာ နတ်အစွမ်းတစ်ခု ပါဝင်နေသလိုမျိုး ခံစားရသည်။
ထိုအသံပြီးတာနဲ့ အစောပိုင်းက ထူးဆန်းတဲ့ အရှိန်အဝါတွေ ပြည့်နေခဲ့တဲ့ မီးပေါင်းဖိုဆီကနေ ထူးဆန်းမှုတွေအားလုံး ချက်ချင်းပဲ ပျောက်ကွယ်သွားလေရဲ့။
ထိုထူးဆန်းမှုတွေက တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ အရာလိုမျိုး လုံးဝပျောက်ကွယ်သွားခဲ့သည်။
“အရမ်းထူးဆန်းတာပဲ”
လီချင်းလွမ် တစ်ယောက် သူမရဲ့နှလုံးသားတစ်ခုလုံး နစ်မြုပ်နေသလို ခံစားနေခဲ့ရသည်။
ထိုအသံရဲ့လွှမ်းမိုးမှုကြောင့် သူမရဲ့စိတ်ဝိဉာဉ်က အခုထိ မနိုးထနိုင်သေးသလိုပဲ။
သူမရဲ့ပါးနှစ်ဖက်လုံး ပူနွေးလာခဲ့သည်။
"ဆရာမကြီး၊ ဘာဖြစ်လို့လဲ"
သူမရဲ့ဘေးနားမှာရှိတဲ့ ဆေးအကူမလေးက မနေနိုင်စွာ မေးလာလေ၏။
လီချင်းလွမ် သူမရဲ့ အခုန်မြန်နေတဲ့ နှလုံးသားကို ဖိနှိပ်ထိန်းချုပ်လိုက်ကာ သိပ်မဝေးတဲ့နေရာမှာရှိတဲ့ မီးပေါင်းဖိုကို လက်ညှိုးထိုးပြလိုက်သည်။
"ကြည့်လိုက်၊ ဒီမီးပေါင်းဖိုက အရင်နဲ့ဘာကွာသွားလဲဆိုတာကို"
ထိုကောင်မလေးက ချက်ချင်းပဲ နဂါးကိုးကောင်မီးပေါင်းဖိုကို လှည့်ကြည့်လိုက်လေရဲ့။
သူမရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ သံသယတချို့ ရှိနေခဲ့သည်။ သူမအတွက် ဒီမီးပေါင်းဖိုရဲ့ပုံစံက ပြောင်းလဲမသွားဘူး။ ဒီတိုင်း ခံစားရတဲ့ အရှိန်အဝါထဲမှာ နတ်အရှိန်အဝါတချို့ ပါ၀င်နေသလိုမျိုးသာ ခံစားရသည်။
ဒါပေမယ့် သူမက တစ်ခါမှ မကျင့်ကြံဖူးတဲ့ သာမန်လူတစ်ယောက်ပဲလေ။ ဒါကြောင့်မို့ နဂါးကိုးကောင်မီးပေါင်းဖိုရဲ့ ပြောင်းလဲမှုကိုမမြင်နိုင်ဘူး။
ဒါကြောင့် သူမက ကူကယ်ရာမဲ့စွာပဲ ခေါင်းယမ်းပြလိုက်သည်။
လီချင်းလွမ် အတင်းမတိုက်တွန်းတော့ပေ။ သူမက မီးပေါင်းဖိုကိုပဲ ဆက်လက်ညှိုးထိုးထားပြီး
"နင် မနှိုင်းယှဉ်နိုင်တာ ပုံမှန်ပါပဲ။ တကယ်လို့ နှိုင်းယှဉ်နိုင်တယ်ဆိုရင်မှသာ ထူးဆန်းနေမှာ"
"ဒါပေမယ့် နင် မမြင်နိုင်ရင်လည်း ငါပြပေးမှာပေါ့"
"ဘာလို့ဆိုရင် မီးပေါင်းဖိုကို နားလည်ထားရင် အနာဂတ်ကျ ဆေးလုံးဖန်တီးတဲ့အချိန်မှာ ပိုပြီးတော့လွယ်ကူမယ်။ ဒီလိုမှပဲ စွမ်းအားမြင့်ဆေးလုံးတွေကို ဖန်တီးနိုင်မှာ"
လီချင်းလွမ် တည်တံ့စွာပြောလိုက်သည်။
ထိုအချိန်မှာ သူမက ချက်ချင်းပဲ ကမ္ဘာအကောင်းဆုံးဆရာမတစ်ယောက်ရဲ့ မုဒ်ဝင်သွားလေကာ ရှင်းပြတော့သည်။
"ဆေးလုံးဖန်တီးတဲ့နေရာမှာ အရေးအကြီးဆုံးကိစ္စကို ပြောရမယ်ဆိုရင်...အဲဒါက ပါဝင်ပစ္စည်းပဲ။ ဒါပေမယ့် နောက်ထပ် အရေးကြီးတဲ့အချက်ကို ပြောဆိုရင်တော့ အဲဒါက မီးပေါင်းဖိုလို့ ပြောရမယ်"
"မီးပေါင်းဖိုတွေကို ငါတို့ သုံးမျိုးခွဲတယ်။ အဲဒီမီးပေါင်းဖိုသုံးမျိုးထဲမှာ အကောင်းဆုံးမီးပေါင်းဖိုကတော့ နတ်အစွမ်းတွေပါတဲ့ မီးပေါင်းဖိုပေါ့။ သူတို့က ဆေးလုံးရဲ့အရည်အသွေးကို တိုးမြှင့်ပေးနိုင်တယ်။ မူရင်းအရည်သွေးထက် အဆများစွာ မြင့်တက်လာစေပြီး ဖန်တီးတဲ့ ဆေးဆရာကိုပါ အဆင့်တက်လာအောင် ကူညီပေးနိုင်တယ်"
လီချင်းလွမ်က ကလေးတယောက်ကို သင်ကြားနေသလိုမျိုး တစ်ဆင့်ချင်းရှင်းပြလိုက်သည်။
တကယ်တော့ သူမက ကိုယ့်ဘာသာပြောနေတာပင်။ ပြောနေရင်းနဲ့ သူမရဲ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လာလေ၏။
ဒါက စိတ်လှုပ်ရှားမှုရဲ့ မျက်ရည်တွေပဲ!
ဘာလို့ဆို သူမ ဒီနှစ်ပေါင်းများစွာမှာ ပိတ်မိနေခဲ့တဲ့ ကျင့်ကြံမှုက နောက်ဆုံးတော့ အဆင့်တက်သွားခဲ့ပြီလေ။
"ဒီဆေးပေါင်းဖိုက လုံး၀ အဆင့်မြင့်ဆေးပေါင်းဖိုပဲ။ အဆင့်မြင့်ဆေးပေါင်းဖိုတွေပဲ သူ့ဘာသာအသက်ရှုနိုင်တာ။ ပြောရမယ်ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်အရှိန်အဝါကို ထုတ်ပြနိုင်တာမျိုးပေါ့။ ဒီလိုမီးပေါင်းဖိုနဲ့ ဆေးလုံးဖန်တီးမယ်ဆိုရင် လိုချင်တဲ့ဆေးလုံး ရနိုင်ချေ တော်တော်မြင့်တယ်"
သူမရဲ့ဘေးက သင်ပြခံနေရတဲ့ ကလေးမလေးက ရှုပ်ထွေးစွာမေးလိုက်သည်။
"ဒါဆိုရင် ဆရာမ...ဒီဆေးပေါင်းဖိုက အဆင့်မြင့်ဆေးပေါင်းဖိုလို့ ပြောတယ်မလား။ အဲဒါဆိုရင် ဘာလို့ အရင်တစ်ခေါက် ဆေးလုံးဖန်တီးတုန်းက ပေါက်ကွဲထွက်ကုန်ရတာလဲ?"
ဘေးမှာရှိနေတဲ့ တခြားကောင်မလေးတွေထံမှလည်း အသံတွေထွက်လာလေသည်။
"ဟုတ်တယ်၊ အဲဒီတစ်ခေါက်က ပေါက်ကွဲတုန်းကဆိုရင်..."
လီချင်းလွမ် ဆွံ့အသွားလေတော့သည်။ ဒါပေမယ့် မကြာခင်မှာပဲ သူမ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားလေသည်။
'အရင်တစ်ခေါက်က ဆေးလုံးတွေပေါက်ကွဲထွက်တာက မီးမလုံလောက်မှု တစ်ခုတည်းကြောင့် မဟုတ်လောက်ဘူး’
‘ ဒီလိုမျိုး အဆင့်မြင့်မီးပေါင်းဖိုတစ်ခုရဲ့ မီးပြင်းအားကို ထိန်းချုပ်ချင်ရင် မီးပေါင်းဖို့ရဲ့ အောက်ကမီးကို မီးထိုင်ခတ်နေရုံနဲ့မရဘူး။ ဒါက ဒီလောက်ရိုးရှင်းတဲ့ ကိစ္စမဖြစ်နိုင်ဘူး’
'ဒါဆိုရင် အရင်တစ်ခေါက်တုန်းက မအောင်မြင်ခဲ့တာက စွမ်းအင်ထောက်ပံ့မှု လိုအပ်နေလို့ပေါ့။ အခု ငါ ထန်ရွှမ်းဆေးလုံး ဖန်တီးမှာကို အရှင်မင်းကြီးက သိနေတော့ ငါ့ကိုတိတ်တဆိတ်ကူညီဖို့ ဆုံးဖြတ်ခဲ့တာပဲ!’
'ဒါဆိုရင် ငါ့ရဲ့လှုပ်ရှားမှုတွေအားလုံးကို ရှကျိုးယွီက စောင့်ကြည့်နေတာလား?’
'ငါဒီဆေးလုံးကို ဖန်တီးနိုင်ခဲ့တာလည်း ရှကျိုးယွီရဲ့ အကူအညီကြောင့်ပဲပေါ့?’
'တရှားတိုင်းပြည်က ငါတို့ရဲ့ တာအိုဂိုဏ်းကို ဘာကြောင့်ဒီလောက်ထိ ထောက်ပံ့ချင်နေရတာလဲ?’
တွေးနေရင်းနဲ့ လီချင်းလွမ်ရဲ့ နှလုံးသားက စတင်ပြီး အခုန်မြန်လာတော့သည်။ နောက်ဆုံးမှာ ထိုခံစားချက်လှိုင်းလုံးတွေက လေးစားမှုအဖြစ် ပြောင်းလဲသွားတော့သည်။
"ဘာကြောင့်ပဲဖြစ်ဖြစ် အခုလိုငါရခဲ့တာတွေအားလုံးက ရှကျိုးယွီရဲ့ ကျေးဇူးကြောင့်ပဲ"
"ရှကျိုးယွီကြောင့်သာမဟုတ်ရင် ငါ လီချင်းလွမ်က ဘယ်တော့မှ ဒီလိုနေရာ၊ ဒီလိုအခြေအနေကို ရောက်နိုင်မှာမဟုတ်ဘူး!"
ဒါကြောင့်မို့ သူမ ရှကျိုးယွီကို ထပ်မံသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တော့သည်။
...
တော်၀င်နန်းဆောင်ထဲမှာရှိနေတဲ့ ရှကျိုးယွီရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကတော့ တာအိုပညာရဲ့ ရွှေရောင်မင်ဆေးရည်၏ လွှမ်းမိုးမှုကို အပြင်းအထန် ခံနေရလေ၏။
သူ့ရဲ့ခန္ဓာကိုယ်တစ်လျှောက်လုံးမှာ နတ်အရှိန်အဝါတွေ အဆက်မပြတ် စီးဆင်းနေခဲ့သည်။
စက္ကန့်နှင့်အမျှ ထိုစွမ်းအင်တွေက သူ့ရဲ့သွေးထဲကို ထိုးဖောက် စီးဆင်းသွားပြီး အဆုံးမှာ နတ်အစီအရင်တွေအဖြစ် ပြောင်းလဲသွားကာ မမြင်နိုင်တဲ့ အင်အားကြီးအစီအရင်တွေကို ခန္ဓာကိုယ်ထဲမှာ ထွင်းထုပေးနေဟန်ရှိသည်။
နောက်ဆုံး ထိုစွမ်းအင်တွေအားလုံးကို အပြည့်အဝ စုပ်ယူပြီးချိန်မှသာ ရှကျိုးယွီရဲ့ခန္ဓာကိုယ်က ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။
ရှကျိုးယွီအနေနဲ့ နောက်တစ်ဆင့်ကို အဆင့်တက်မသွားခဲ့ဘူး။ ဒါပေမယ့် ဝေဝါးတဲ့ခံစားချက်တစ်ခုကိုတော့ ခံစားလိုက်ရသည်။
ပထမအဆင့် သိုင်းနတ်ဘုရားထက် ကျော်လွန်တဲ့ နယ်ပယ်ကို သူအနည်းငယ်လေး ထိတွေ့လိုက်ရသလိုပဲ။
အခုချိန်မှာ သူ့အတွက် အကျိုးအထူးဆုံးရလဒ်ကတော့ ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ အစီအရင်တွေလို့ ပြောလို့ရသည်။
ရွှေရောင်မင်ဆေးရည်ကို အခြေခံအဖြစ် အသုံးပြုပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ကြားခံအဖြစ် ဖန်တီးလိုက်မယ်ဆိုရင် အလွန့်အလွန်အဆင့်မြင်တဲ့ အစီအရင်တွေကို ဖန်တီးနိုင်တော့မည်။
ရှကျိုးယွီ ဒါမျိုးတခါမှ မတွေးခဲ့ဖူးဘူး။
သူ့ရဲ့ခန္ဓာကိုယ်က တရှားတိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ ဆက်နွယ်ထားသလို ခံစားရသည်။
အစီအရင်တွေရဲ့ကျေးဇူးကြောင့် တိုင်းပြည်ရဲ့ကံကြမ္မာအမတ်တွေက ရှကျိုးယွီရဲ့ခန္ဓာကိုယ်ထဲကို ဆက်တိုက်စီးဆင်းနေခဲ့တာလေ။
ရှကျိုးယွီရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုအခြေအနေကိုလည်း တော်တော်လေး မြင့်တက်သွားစေခဲ့သည်။
"သက်တောင့်သက်သာရှိလိုက်တာ"
"ဒီတာအိုပညာရဲ့ ရွှေရောင်မင်ဆေးရည်မှာ အခုလိုမျိုး ဆန်းကြယ်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး။ တကယ်သောက်ရမ်း မိုက်တယ်ကွာ!"
ရှကျိုးယွီ ပုံမှန်လိုပဲ လက်ဆန့်ကြည့်လိုက်သည်။
ချက်ချင်းပဲ သူ့ရဲ့ခန္ဓာကိုယ်ကနေ ကျားတစ်ကောင်ရဲ့ဟိန်းသံနဲ့ နဂါးတစ်ကောင်ရဲ့ဟိန်းသံတို့ တစ်ပြိုင်နက်ထွက်ပေါ်လာလေ၏။
ထိုအသံမှာ စွမ်းအင်တွေပါဝင်ပြီး ထိုစွမ်းအင်ရဲ့ လှုပ်ရှားမှုကိုပါ မြင်လိုက်ရသလိုပဲ။
ဒါပေမယ့် ထိုအချိန်မှာ မိန်းမစိုးငယ်တစ်ယောက်ရဲ့အသံကို နန်းဆောင်အပြင်ကနေ ရှကျိုးယွီ ကြားလိုက်ရသည်။
"အရှင်မင်းကြီးခင်ဗျာ၊ တော်ဝင်ဆေးဆရာမက တွေ့ခွင့်တောင်းနေပါတယ်”
စာစဉ်ပြီး၏