ကမ္ဘာငယ် ချင်းယွင်ရှိ အင်အားစု အသီးသီး၊ စုရှင်း၏ လျှို့ဝှက်ချက် ဖော်ထုတ်ခံတော့မည်လော။
Vol. 33 Ch. 452
လက်တွေ့ကမ္ဘာတွင် စုရှင်းသည် သူ့ရှေ့ရှိ သရုပ်ပြခြင်း ဖန်သားပြင်ပေါ်ရှိ စာသားများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ဤသွေးစေ့ ရွေးချယ်ခြင်းကို စုရှင်းသည် ရင်းနှီးသလို ခံစားနေရသည်။
“ဟုတ်တာပေါ့ သွေးနတ်ဆိုးကမ္ဘာမှာ သွေးနတ်ဆိုးဂိုဏ်းက ကျင့်ကြံသူတွေကို ရွေးချယ်တဲ့ပုံ... အဲဒါနဲ့ ဆင်တာပဲ။ နှစ်အနည်းငယ်ကြာတိုင်း သတ်ဖြတ်မှုတွေ လုပ်တယ်၊ ထူးချွန်တဲ့သူတွေက ဆုလာဘ်တွေနဲ့ ပိုမိုမြင့်မားတဲ့ ရာထူးတွေ ရကြတယ်”
“ဒါပေမဲ့ သွေးနတ်ဆိုးဂိုဏ်းက သွေးဝိညာဉ်ဂူကို မွေးမြူပြီး ဝိညာဉ်အရည်တွေ စုဆောင်းဖို့ ဒီလိုလုပ်တာ...ဆင်းသက်ဂိုဏ်းကတော့ အကြောင်းပြချက် မတူလောက်ဘူး ထင်တယ်။”
စုရှင်းက စဉ်းစားလိုက်သည်။
သူယခင်က ရရှိထားသော အချက်အလက်များအရ သွေးသခင်၁၉၊ သွေးသခင်၂၃နှင့် အခြားသူများသည် သွေးစေ့များအဖြစ်မှ ကြီးပြင်းလာကြသည်ဟု သူ ခန့်မှန်းနိုင်သည်။
ထိုသို့သော ကျင့်ကြံမှု အဆင့်များသို့ ရောက်ရှိလာချိန်တွင် သူတို့သည် နတ်ဘုရားများ ဖြစ်လာကြသည်။
သူတို့ကို သွေးဝိညာဉ်ဂူ မွေးမြူရန်နှင့် ဝိညာဉ်အရည်များ ရယူရန် အသုံးပြုသည်ဆိုလျှင် အလွန် တုံးအသော လုပ်ရပ် ဖြစ်ပေလိမ့်မည်။
ထို့အပြင် ထိုကျင့်ကြံသူများ အားလုံးသည် သွေးနတ်ဘုရားကျမ်းကို လေ့ကျင့်နေကြခြင်း မဟုတ်ပေ။ အများစုမှာ သူတို့ကိုယ်ပိုင် နည်းစနစ်များကို အသုံးပြုကာ ပုံမှန် ဝိညာဉ်စွမ်းအင်ကိုသာ ကျင့်ကြံကြသည်။
“ဒီလိုဆိုရင် ဆင်းသက်ဂိုဏ်း ဒီလိုလုပ်တာက... ပိုပြီးတော့ အင်အားကြီးတဲ့ ကျင့်ကြံသူတွေကို မွေးထုတ်ဖို့ပဲ”
“ဆက်တိုက် သတ်ဖြတ်ခြင်းတွေက တစ်ဆင့် အရေအတွက်ကို အသုံးချပြီး ပါရမီရှင်တွေကို လျင်မြန်စွာ ရွေးချယ်တာ”
စုရှင်းက ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
ဤနည်းလမ်းသည် သာမန်ဂိုဏ်းများထက် ပိုမိုမြန်ဆန်စွာ ပါရမီရှင်များကို မွေးထုတ်နိုင်သည်မှာ မှန်သော်လည်း ပေးဆပ်ရသည့် တန်ဖိုးမှာလည်း ပိုမိုမြင့်မားသည်။
“သွေးစေ့ပြိုင်ပွဲက ကျင့်ကြံသူ အများအပြားကို သုံးစွဲတယ်ဆိုတဲ့ အချက်ကြောင့်ပဲ ဆင်းသက်ဂိုဏ်းက ကမ္ဘာအသီးသီးမှာ ဂိုဏ်းခွဲတွေ တည်ထောင်ပြီး ပါရမီရှင်တွေကို ရွေးချယ်နေတာ ဖြစ်နိုင်တယ်၊ ဟုတ်တယ်မလား”
စုရှင်းက စဉ်းစားရင်း သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။
[ခဏလေးအတွင်း သင့်ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် စတင် သတ်ဖြတ်ကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း အားနည်းသော လူများ ဒါဇင်နှင့်ချီ၍ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည်။]
[မြည်တွန် တောက်တီးသံများ၊ အော်ဟစ်သံများနှင့် လက်နက်အချင်းချင်း တိုက်ခိုက်သံများ... တစ်ချိန်က ငြိမ်းချမ်းခဲ့သော မြင်ကွင်းသည် တစ်ခဏအတွင်း သွေးထွက်သံယိုနှင့် ကြမ်းတမ်းသော မြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။]
[နတ်ဘုရား အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် သင့်နောက်မှ တိတ်တဆိတ် ချဉ်းကပ်လာသည်။ သို့သော် သင်သည် နောက်သို့မလှည့်ဘဲ သာမန် ဓားချက် တစ်ချက်တည်းဖြင့် အဆုံးသတ်လိုက်သည်။]
[၎င်းသည် လူထောင်ပေါင်းများစွာ ပါဝင်သော ကြီးမားသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်သည်။ ချိုင့်ဝှမ်းတွင် တစ်ချိန်က ရင်းနှီးချစ်ခင်စွာ ရှိနေခဲ့သော ကျင့်ကြံသူများသည် ယခုအခါ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြသည်ကို သင် တွေ့မြင်ရသည်။ သူတို့၏ စိတ်ထဲတွင် အတွေး တစ်ခုတည်းသာ ရှိသည်။]
[ကျင့်ကြံသူ တစ်ဦးကို သတ်လျှင် တစ်မှတ် ရရှိမည်။ အမှတ်ပေါင်း တစ်ထောင်ကျော် စုဆောင်းနိုင်လျှင် ချက်ချင်းပင် သွေးစေ့ ဖြစ်လာမည်။]
[သင်သည် သတ်ဖြတ်မှုတွင် အလျင်စလို မပါဝင်သေးဘဲ လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။]
[အားနည်းသော ကျင့်ကြံသူအချို့သည် အသက်ရှင်ရန် အတွက် ပြိုင်ပွဲမစခင်ကတည်းက အပြင်ဘက်သို့ ထွက်ပြေးနေကြသည်ကို သင် သတိထားမိသည်။]
[အခြားတစ်ဖက်တွင် အင်အားကြီးသော ကျင့်ကြံသူ များစွာသည် အခြားသူများကို သတ်ဖြတ်ရင်း သွေးများဖြင့် ဖုံးလွှမ်းနေကြသည်။]
[ရုတ်တရက် သင့်ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ် ကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး သင့်ပါ အထိတ်တလန့် ဖြစ်သွားသည်။ ဘေးအန္တရာယ် ရှောင်ရှားခြင်းနှင့် ကံကောင်းမှု ရှာဖွေခြင်း စွမ်းရည်ကလည်း သတိပေးချက် တစ်ခု ထုတ်ပေးလိုက်သည်။]
[ပင်ကိုယ်ဗီဇအရ သင်သည် သင်၏ ကာကွယ်ရေး ဂန်ချီနှင့် မူလစွမ်းအင် သံချပ်ကာကို ဖွင့်လိုက်သည်။ ထို့နောက် သင်သည် နေရာမှ အမြန်ဆုံး ရွှေ့လိုက်သည်။]
[အသက်ရှုချိန် အနည်းငယ် ကြာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် ရေသည် ပင်လယ်ရေများ ဖုံးလွှမ်းသွားသကဲ့သို့ အတူတကွ စုဝေးနေသော ကျင့်ကြံသူ ထောင်ပေါင်းများစွာ အပေါ်သို့ ကျရောက်လာသည်။]
[ဤကြောက်မက်ဖွယ်ကောင်းသော ရေနက်ကြီးတွင် အလွန်ကြီးမားသော ဆွဲအားရှိပြီး ထွက်ပြေးရန် ခက်ခဲသည်။ အနည်းငယ်မျှ ထိမိရုံနှင့်ပင် အဆက်မပြတ် နစ်မြုပ်နေမည် ဖြစ်သည်။]
[တစ်ခဏအတွင်း သန္ဓေတည်အဆင့် ကျင့်ကြံသူ ရာနှင့်ချီ၍ ရေနက်ကြီးထဲသို့ နစ်မြုပ်သွားသည်။ နက်ရှိုင်းသော ကျင့်ကြံမှုရှိသူများ သို့မဟုတ် လျင်မြန်သော တုံ့ပြန်မှုရှိသူများသာ အသက်ရှင် လွတ်မြောက်နိုင်ခဲ့သည်။]
[သတိပေးချက်ကြောင့် သင်သည် ဘေးအန္တရာယ်မှ ယာယီ ရှောင်ရှားနိုင်ခဲ့သည်။ အဝေးရှိ ကောင်းကင်ယံကို ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်တစ်ခုကို သင် မှတ်မိလိုက်သည်။]
[ထိုပုံရိပ်သည် သင့်နှင့်အတူ အကျဉ်းချခံရပြီး နောက်ဆုံးတွင် ကယ်ဆယ်ခံခဲ့ရသည့် စကားနည်းသောလူ ဖြစ်နေသည်။]
[သူ့ နည်းစနစ်၏ စွမ်းအားနှင့် ထွက်ပေါ်လာသော အရှိန်အဝါကို ကြည့်ရုံဖြင့် သူသည် မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း သိနိုင်သည်။]
[ထို့အပြင် ဤစကားနည်းသူသည် မဟာယာနအဆင့် အစပြုသူလည်း မဟုတ်ပါ။ အနည်းဆုံး မဟာယာနအဆင့် အလယ်ပိုင်းမှ အဆုံးပိုင်း ကျင့်ကြံသူ ဖြစ်လိမ့်မည်။]
လက်တွေ့ကမ္ဘာတွင် စုရှင်းသည် ဤအရာကို မြင်သောအခါ ပါးစပ်အဟောင်းသားဖြင့် ညည်းတွားလိုက်သည်။
“ထင်တဲ့အတိုင်းပဲ၊ ကမ္ဘာငယ် တစ်ခုကနေ ကမ္ဘာငယ် ချင်းယွင်ကို တက်လာတဲ့သူ ဘယ်သူကမှ ပေါ့သေးသေး မဟုတ်ဘူး။”
“အစောပိုင်းက သာမန်လို့ထင်ရတဲ့ စကားနည်းတဲ့လူက မဟာယာနအဆင့် အလယ်ပိုင်းမှ အဆုံးပိုင်း အင်အားကြီးသူ ဖြစ်နေတာဘဲ ကြည့်”
စုရှင်းသည် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်သည်။
ကမ္ဘာငယ်ချင်းယွင်တွင် မဟာယာနအဆင့် အလယ်ပိုင်းမှ အဆုံးပိုင်းသို့ ရောက်ရှိသော ကျင့်ကြံသူများသည် အင်အားကြီးသူများ အဖြစ် သတ်မှတ်ခံရသည်။
စုရှင်း၏ ယခင်အချက်အလက်များအရ မဟာယာနအဆင့် အလယ်ပိုင်းမှ အဆုံးပိုင်း ကျင့်ကြံသူများသည် သွေးစေ့များ ဖြစ်လာမည်မှာ သေချာသလောက်ပင်။
“ကျွတ်ကျွတ်၊ ဘာပါလိမ့်၊ ဒါကို ကျားဖမ်းဖို့အတွက် အားနည်းယောင်ဆောင်ပြီး နောက်မှ အားလုံးကို အံ့အားသင့်စေတဲ့ ဖြစ်ရပ်မျိုးလို့ ပြောရမလား။”
စုရှင်းက သရော်သောလေသံဖြင့် ပြောလိုက်သည်။
ဤစကားနည်းသည့်လူသည် တစ်ချက်တည်းဖြင့် ကျင့်ကြံသူ ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့သဖြင့် သွေးစေ့ဖြစ်လာရန် လုံလောက်သည်။
စုရှင်းက စဉ်းစားသည်။
“သွေးစေ့ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ အဓိပ္ပာယ်မဲ့ သတ်ဖြတ်ဖို့ကို အားပေးတာ မဟုတ်လောက်ဘူး။ အားနည်းသူကို ဖယ်ရှားဖို့ ပိုရည်ရွယ်တဲ့ပုံပဲ။”
“လူတစ်ယောက်ကို သတ်ရင် တစ်မှတ်ရတယ်၊ ဒါပေမဲ့ အမှတ်ရှိပြီးသား ကျင့်ကြံသူကို သတ်ရင်တော့ သူတို့ရဲ့ အမှတ်တွေကို ဆက်ခံလို့ မရဘူး”
“ဒါဆို နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူကို သတ်တာနဲ့ မဟာယာနအဆင့် ကျင့်ကြံသူကို သတ်တာက အမြတ်အတူတူပဲ”
ခဏနားပြီးနောက် စုရှင်းသည် ဤနည်းအတိုင်း ဆက်တွေးလိုက်သည်။
“အာ့တော့ သွေးစေ့ပြိုင်ပွဲဝင်တွေက ပုံမှန်အားဖြင့် အားနည်းတဲ့ ကျင့်ကြံသူတွေကို အရင်ဆုံး ဦးစားပေးပြီး သတ်ကြလိမ့်မယ်၊ တူညီတဲ့ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်တာကိုကျ အတတ်နိုင်ဆုံး ရှောင်ပြီး မဖြစ်မနေမှ တိုက်ကြလိမ့်မယ်။”
“ဒါပေမဲ့ သွေးစေ့ပြိုင်ပွဲတစ်ပွဲမှာ ပါဝင်သူက သုံးသောင်းပဲ ရှိတယ်- ကျင့်ကြံသူ တစ်ယောက်ကို သတ်ရင် တစ်မှတ်ရတယ်၊ အမှတ်တွေကလည်း ဆက်ခံလို့ မရဘူး... ဒါဆို အမှတ် အရေအတွက်က လျော့သွားရုံပဲ ရှိမယ်”
“နောက်ဆုံးကျ အဆင့်တစ်ဆယ်အတွင်းဝင်တဲ့ ကျင့်ကြံသူတွေတောင် အမှတ်တစ်ထောင် ကျော်မှာ မဟုတ်ဘူး”
“ခုနစ်ရာ၊ ရှစ်ရာလောက်ပဲ ရကြလိမ့်မယ်၊ အာ့ထပ်တောင် ပိုနည်းရင် နည်းလိမ့်မယ်၊ အဲဒီအမှတ်တွေနဲ့ သွေးစေ့အဖြစ် အောင်မြင်စွာ တိုးမြှင့်နိုင်လိမ့်မယ်”
“ပြီးတော့ အစပိုင်းမှာ အမှတ်ရဖို့က အလွယ်ဆုံးပဲ၊ ဘာလို့လဲဆိုတော့ အဆင့်နိမ့် ကျင့်ကြံသူတွေ အများကြီးရှိလို့။ နောက်ပိုင်းကျ အင်အားကြီးတဲ့ ကျင့်ကြံသူတွေပဲ ကျန်တော့တာဆိုတော့ တစ်မှတ်ရဖို့ အရေးကို အတော်ခက်ခဲလိမ့်မယ်”
စုရှင်းသည် သွေးစေ့ပြိုင်ပွဲ၏ စည်းမျဉ်းများကို အလျင်အမြန် နားလည်သွားခဲ့သည်။
…