← Chapters

ကမ္ဘာငယ် ချင်းယွင်ရှိ အင်အားစု အသီးသီး၊ စုရှင်း၏ လျှို့ဝှက်ချက် ဖော်ထုတ်ခံတော့မည်လော။

Vol. 33 Ch. 456

ကမ္ဘာငယ် ချင်းယွင်ရှိ အင်အားစု အသီးသီး၊ စုရှင်း၏ လျှို့ဝှက်ချက် ဖော်ထုတ်ခံတော့မည်လော။

Vol. 33 Ch. 456

[စကားနည်းသော ကျင့်ကြံသူမှလွဲ၍ ကျန်ကျင့်ကြံသူများ၏ ဝိညာဉ်အမြစ်များမှာ ကောင်းကင်အမြစ်မှ စစ်မှန်သော ဝိညာဉ်အမြစ်အထိ အမျိုးမျိုး ရှိကြသည်။]

[နောက်ဆုံးတွင် လူတိုင်းက သင့်ထံသို့ အာရုံစိုက်လာကြသည်။ သင်သည် လိုလားခြင်း မရှိသော်လည်း ပါရမီ စစ်ဆေးရန် ရှေ့သို့ တိုးလာခဲ့သည်။]

[စစ်ဆေးသည့် ကျောက်တုံးမှ သုံးရောင်ခြယ် အလင်းများ ထွက်ပေါ်လာသည်။ ပြောင်းလဲထားသော သစ်သား၊ မီးနှင့် လျှပ်စီးတို့၏ ကောင်းကင်ဝိညာဉ်အမြစ် ဖြစ်ကြောင်း မလွဲဧကန် ပြသနေသည်။]

[သွေးစေ့ဆယ်ဦးအနက် သင်သည် ဒုတိယအကောင်းဆုံး ဝိညာဉ်အမြစ် ပါရမီကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဤအတွက်ကြောင့် သွေး၂၃က သင့်အား အထူး အလေးထား ကြည့်ရှုလာသည်။]

[သို့သော် မကြာမီပင် အသက်စစ်ဆေးချိန် ရောက်လာသည်။]

[သင်သည် လူအုပ်၏ အနောက်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ထွက်ပြေးရန် အခွင့်အရေးရှိမရှိ စဉ်းစားနေသည်။]

[စကားနည်းသော ကျင့်ကြံသူသည် သင့်ထံ ချဉ်းကပ်လာပြီး သင့်ကို စကားပြောရန် ကြိုးစားသည်။]

[ဤအချိန်တွင် သင်သည် ပြန်ဖြေရန် စိတ်မဝင်စားအားပါ။ သင့်စိတ်က နောက်ဆက်တွဲ ဘာလုပ်ရမည်ကိုသာ အာရုံစိုက်နေသည်။]

[သင့်ရှေ့မှ ကျင့်ကြံသူ ရှစ်ဦး၏ ပါရမီနှင့် အသက်စစ်ဆေးမှုများ လျင်မြန်စွာပင် ပြီးဆုံးသွားသည်။]

[အသက်အကြီးဆုံး မဟာယာနအဆင့် ကျင့်ကြံသူမှာ အသက် ၁,၈၀၀ ကျော်နေပြီ ဖြစ်ပြီး အငယ်ဆုံး ကိုယ်ခန္ဓာ ပေါင်းစည်းအဆင့် ကျင့်ကြံသူမှာ အသက် ၆၀၀ ကျော်နေပြီ ဖြစ်သည်။]

[သွေးသခင်၂၃၏ အကြည့်သည် သင်နှင့် စကားနည်းသောလူထံသို့ ရောက်လာသည်။]

[စကားနည်းသောလူသည် ရှေ့သို့တိုးလာပြီး သူ၏ လက်ကို အသက်စစ်ဆေးကျောက်တုံးပေါ် တင်လိုက်သည်။]

[ကျောက်တုံးပေါ်တွင် အသက် ၉၇၂ နှစ် ဟု ပြသနေသည်။]

[ချက်ချင်းပင် လူတိုင်းက စကားနည်းသော ကျင့်ကြံသူကို အံ့အားသင့်စွာ ကြည့်ကြသည်။ သူသည်လည်း အနည်းငယ် မော်ကြွားနေသည့်ပုံ ပေါ်သည်။]

[အသက်တစ်ထောင် မပြည့်မီ မဟာယာနအဆင့်သို့ ရောက်ရှိခြင်းသည် ကြီးမြတ်သော ကမ္ဘာတစ်ထောင်တွင်ပင် ထူးခြားသော ပါရမီရှင်ဟု ဆိုရမည်။]

[ထို့နောက် စကားနည်းသောလူသည် သင့်အား ခင်မင်ရင်းနှီးသည်ဟု ယူဆရသော အကြည့်ဖြင့် လှည့်ကြည့်ကာ ဆက်လက်ဆောင်ရွက်ရန် သင့်အား လက်ဟန်ပြလိုက်သည်။]

[သင်သည် သင့်ကို စိုက်ကြည့်နေသော သွေးသခင်၂၃ကို ကြည့်လိုက်သည်။ ထွက်ပြေးရန် လမ်းမရှိတော့ကြောင်း သိသောကြောင့် သင်သည် လက်ဆန့်ကာ အသက်စစ်ဆေးကျောက်တုံးပေါ် တင်လိုက်သည်။]

[အသက်ရှုချိန် အနည်းငယ် ကြာပြီးနောက် ကျောက်တုံးပေါ်တွင် စာသားတစ်ကြောင်း ဖြည်းညှင်းစွာ ပေါ်လာသည်။ အသက် ၄၈ နှစ်။]

[ဤစာကြောင်းကို မြင်လိုက်သောအခါ လူတိုင်း တိတ်ဆိတ်သွားသည်။ အားလုံးသည် ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် သင့်ကို ကြည့်လာကြသည်။]

[ယခင်က စကားနည်းသောသူပင်လျှင် ယခုအခါ သင့်အား အလွန် ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။]

[သူက တိုးတိုးလေး ရေရွတ်သည်။ မဖြစ်နိုင်ဘူး၊ ငါ ကိုယ်ခန္ဓာ ပေါင်းစည်းအဆင့်ကို ရောက်တုန်းက အသက် ၂၀၀ ကျော်နေပြီ... သာမန် ပြောင်းလဲထားတဲ့ ကောင်းကင်ဝိညာဉ်အမြစ်နဲ့ကို ဘယ်လိုလုပ်ပြီး ဒီလောက်ထိ မြန်မြန် ကျင့်ကြံနိုင်တာလဲ။]

[သွေးသခင်၂၃နှင့် အခြားသွေးစေ့များ အားလုံးသည် ဤအခြေခံ အမှန်တရားကို သိထားကြသည်။]

[ကြီးမြတ်သော ကမ္ဘာတစ်ထောင်တွင်ပင် ထိပ်တန်းနတ်ဂိုဏ်းများနှင့် မြင့်မြတ်သော နယ်မြေများရှိ အတော်ဆုံး နတ်မျိုးစေ့များသည် ကိုယ်ခန္ဓာပေါင်းစည်းအဆင့်သို့ ရောက်ရှိရန် အနည်းဆုံး အနှစ်ခြောက်ဆယ်မှ ခုနစ်ဆယ် ကြာသည်။]

[ထိုသို့သော ကျင့်ကြံမှုအရှိန်သည် ပင်ကိုနတ်ခန္ဓာ နှင့် ကောင်းကင်အဆင့်ထက် များစွာသာလွန်သော ဝိညာဉ်အမြစ်အပြင် ကောင်းကင်မြေ၏ ရတနာများစွာ စုပုံပေးထားခြင်းအပေါ် အခြေခံသည်။]

[ဤသွေးစေ့များသည် သင်၏ နောက်ကြောင်းကို သံသယဝင်လာကြပြီး နတ်ဂိုဏ်းတစ်ခုမှ စေလွှတ်သော သူလျှိုများ ဖြစ်မည်လားဟု တွေးတောလာကြသည်။]

[သို့သော် သွေးသခင်၂၃က သင်၏ မူလဇာစ်မြစ်ကို ကောင်းစွာသိသည်။ သင်သည် ကမ္ဘာငယ်တစ်ခုမှ တက်လာသော သာမန် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ သင်သည် ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော ကျင့်ကြံမှုအရှိန်ကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မည်နည်း။]

[ဤနောက်ကွယ်တွင် ကမ္ဘာပျက်စေနိုင်သည့် လျှို့ဝှက်ချက်တစ်ခု ရှိနေရမည်။ သင်သည် ကြီးမားသော အခွင့်အရေးကို ရရှိခဲ့သည်မှာ သေချာသည်။]

[သွေးသခင်၂၃သည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချသည်။ သူသည် ကျန်သွေးစေ့များကို ခဏစောင့်ဆိုင်းရန် အမိန့်ပေးကာ သင့်ကို ဖမ်းဆီး၍ မြို့တွင်းရှိ အခြားနေရာသို့ ခေါ်ဆောင်သွားသည်။]

[မကြာမီ သင်သည် သွေးသခင်၁၆နှင့် သွေးသခင်၁၉ကို မြင်လိုက်ရသည်။]

[စစ်ဆေးမှုတွင် အမှားအယွင်း မရှိစေရန် သူတို့သည် သင်၏ ပါရမီ၊ အသက်နှင့် ကျင့်ကြံမှုအဆင့်ကို ပြည့်စုံစွာ ပြန်လည် စစ်ဆေးသည်။]

[မည်သို့ပင် ဖြစ်စေကာမူ သင်သည် သုံးမျိုးပြောင်းလဲထားသော ကောင်းကင်ဝိညာဉ်အမြစ်၊ ချီသန့်စင် ပေါင်းစည်းအဆင့်၊ ကိုယ်ခန္ဓာသန့်စင် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ပြီးပြည့်စုံအဆင့် ဖြစ်ပြီး... သင်၏အသက်မှာလည်း ၄၈ နှစ်သာ ဖြစ်သည်။]

[နောက်ဆုံးတွင် သူတို့၏ ဆွေးနွေးမှုများက သင့်အား ဘာလုပ်ရမည်ကို မဖြေရှင်းနိုင်သောအခါ ပိုမိုမြင့်မားသောအဆင့်ရှိသူ သွေးသခင်၉ထံ သတင်းပို့လိုက်ကြသည်။]

[ရက်အနည်းငယ် ကြာပြီးနောက် တစ်စုံတစ်ဦးသည် အာကာသကို ဆုတ်ဖြဲကာ သင့်ကို လုံခြုံစွာ စောင့်ကြပ်ထားသော အခန်းသို့ ရောက်ရှိလာသည်။]

[ရောက်လာသူမှာ သွေးသခင်၉ဖြစ်ပြီး သွေးသခင်၃ ပါ လိုက်ပါလာသည်။]

[သွေးသခင်၃နှင့် သွေးသခင်၉တို့သည် သင့်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်ရှုပြီးနောက် နားမလည်နိုင်သော စကားအနည်းငယ်ကို ပြောဆိုသည်။ ဒီကောင်လေးက အဲဒီနေရာက လာတာလား။ ဟား၊ တကယ်ကို ကြီးမားတဲ့ အခွင့်အရေးပဲ။ ဒါဆိုရင် ဝိညာဉ်ကိုဘဲ တစ်ခါတည်း တန်းပြီး ရှာဖွေလိုက်ရအောင်။]

[သွေးစခင်၉သည် သင့်အား လှမ်းဆွဲလိုက်သည်။ သင်သည် မည်သည့် ခုခံမှုမှ မလုပ်နိုင်ဘဲ သတိလစ်သွားသည်။]

[သွေးသခင်၉သည် သင်၏ မူလဝိညာဉ်ပေါ်တွင် ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ကို လုပ်ဆောင်သည်... သရုပ်ပြခြင်း ကိရိယာက သက်ဆိုင်ရာ အချက်အလက်များကို အလိုအလျောက် ပိတ်ဆို့လိုက်သည်။]

[အချိန်အတော်ကြာအောင် ဝိညာဉ်ရှာဖွေပြီးနောက်တွင်ပင် သူတို့လိုချင်သော အဖြေများကို မရရှိခဲ့ကြပေ။]

[သင်သည် ဝိညာဉ်ရှာဖွေမှုများကြောင့် အကြိမ်ကြိမ် သတိလစ်မေ့မြောခဲ့ရပြီး သင်၏ မူလဝိညာဉ်မှာ နောက်ဆုံးတွင် ဖျက်ဆီးခံလိုက်ရသည်။]

[သင် သေဆုံးသွားသည်။]

[သင်၏ ပါရမီသည် သင် သေဆုံးချိန်တွင် အသက်ဝင်လာသည်။]

[နှုတ်ခမ်းကိုဖတ်ခြင်းဖြင့် သူတို့၏ စကားဝိုင်းမှ စကားအနည်းငယ်ကို သင် ခက်ခဲစွာ ဖတ်ယူနိုင်ခဲ့သည်။]

[မဖြစ်နိုင်ဘူးလား။ သူ့ရဲ့ မူလဝိညာဉ် မှတ်ဉာဏ်တွေထဲမှာ ဘာလို့ အဲဒီပစ္စည်းကို ရှာမတွေ့တာလဲ။]

[မသိဘူး၊ ဒါပေမဲ့ ဒီကလေးက အဲဒီနယ်မြေကနေ လာတာတော့ သေချာတယ်။ ရွှယ်ယွဲ့ ပစ်မှတ်ထားတဲ့ နယ်မြေလေ။]

[ဒါပေမဲ့ ခေတ်တွေလည်း မရေမတွက်နိုင်အောင် ကုန်လွန်သွားခဲ့ပြီလေ... အဲဒီပစ္စည်း ဖြစ်ခဲ့ရင်တောင် အချိန်ရဲ့ တိုက်စားမှုကို လွန်ဆန်နိုင်မှာ မဟုတ်ဘူး။]

[ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဲဒီပစ္စည်းက သွေးနတ်ဘုရားကိုယ်တိုင် လိုချင်တဲ့ အမြင့်ဆုံး ရတနာပဲ။ ဝိညာဉ်ရှာဖွေမှုကို ပိတ်ဆို့နိုင်တဲ့ စွမ်းရည် ရှိကောင်းရှိနိုင်တယ်။]

[လောထျန်း...]

[သူတို့သည် မကြာမီ သင့်မြင်ကွင်းမှ ထွက်ခွာသွားသည်။]

[ဒင်၊ ဤသရုပ်ပြခြင်း ပြီးဆုံးပါပြီ။]

သရုပ်ပြခြင်း ပြီးဆုံးသွားပြီးနောက် စုရှင်း၏ မျက်လုံးများတွင် တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

ဘုရားရေ။ အဲဒီနယ်မြေက ဘာလဲ... ကြယ်ပြာဆိုတာ တကယ်တမ်းက ဘာနယ်မြေကြီးလဲ။ ရွှယ်ယွဲ့ဆိုတာကရော…ပြီးကျ ဘာလို့ ခုလောက်ထိတောင် ပြာယာခတ်နေကြတာလဲ။

စုရှင်းသည် ခဏရပ်ပြီး နောက်ဆုံး စကားလုံးနှစ်လုံးကို ပြန်ကြည့်လိုက်သည်။

လောထျန်း…

လောထျန်းဂိုဏ်များ ဖြစ်နေမလား။

လောထျန်းဂိုဏ်းထဲမှာ လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေသေးတာလား။

စုရှင်းသည် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်သည်။ သေခြင်းတရားကို လက်မလျှော့သော မျက်လုံးများ စွမ်းရည်မှ ရရှိသည့် အချက်အလက်များအရ။

သွေးသခင်၃နှင့် သွေးသခင်၉တို့ ရှာဖွေနေသည်မှာ သရုပ်ပြခြင်း ကိရိယာ မဖြစ်နိုင်... လောထျန်းနှင့် သက်ဆိုင်သည့် တစ်စုံတစ်ရာသာ ဖြစ်ရမည်။

သို့သော် စုရှင်း လောထျန်းနှင့် ပတ်သက်၍ တွေ့ကြုံဖူးသည်မှာ လောထျန်း ညီလာခံသာ ဖြစ်သည်။

ဒါဆို... လောထျန်း ညီလာခံထဲမှာ ငါ ရှာမတွေ့သေးတဲ့ ကမ္ဘာပျက်စေမယ့် လျှို့ဝှက်ချက်တစ်ခု သေချာပေါက် ရှိနေရမယ်။

…

All Chapters