လှောင်ပြောင်ခံရတဲ့အခါ ပြန်ပြီးကလော်တုတ်လိုက်
Vol. 7 Ch. 100
"ရတယ်လေ လဲကျတာပေါ့"
[ရွေးချယ်မှု ပြီးမြောက်သွားသည်။ ဆုလာဘ်: အဆိပ်ဂူသန့်စင်ခြင်း +၁]
အဆင့်နိမ့် မီးဝိညာဉ်ကျောက်တုံးနှစ်တုံးကို လက်ခံရင်း ကံကောင်းသွားသလို ခံစားနေရသော ကျန်းပေရန်က မီးလျှံပြာခန်းမ တပည့်ကို ရထားပေါ်သို့ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။
ထိုလှုပ်ရှားမှုက အခြားတပည့်များထံမှ တုံ့ပြန်မှုများစွာကို မဖြစ်ပေါ်စေခဲ့ပေ။
နောက်ဆုံးတော့လည်း ကျန်းပေရန်က အမည်မသိ ဘယ်သူမှ မဟုတ်သူတစ်ဦးသာ ဖြစ်သည်။
သူဘယ်တော့မှ မရနိုင်သော အိပ်မက်တစ်ခုကို ချက်ချင်း အကျိုးအမြတ်အချို့နှင့် လဲလှယ်ခြင်းက လုံးဝပုံမှန်ပင် ဖြစ်သည်။
"ကောင်းပြီ ကျေးဇူးတင်ပါတယ် အကိုကြီး"
သူက မီးလျှံပြာခန်းမ၏ ရထားဆီသို့ ဦးတည်ရန် ပြင်ဆင်နေစဉ်မှာပင် ကျန်းပေရန်က သူ၏ဘေးမှ မော့ရှာကလည်း ပျံသန်းသည့်အမွေးတောင်ခန်းမတပည့်တစ်ဦးနှင့် ထိုင်ခုံချင်းလဲလှယ်ရန် သစ်ဝိညာဉ် ကျောက်တုံးနှစ်တုံးကို လက်ခံလိုက်သည်ကို သတိပြုမိလိုက်သည်။
မော့ရှာ၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် ဝင်းပသွားပြီး သူက ဝိညာဉ်ကျောက်တုံးများကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်ပြီးနောက် ကျန်းပေရန်ကို လေးစားစွာ ဦးညွှတ်ရန် လှည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အကိုကြီး"
"ငါ့ကို ဘာလို့ ကျေးဇူးတင်ရတာလဲ"
ကျန်းပေရန်က ရယ်လိုက်သည်။
"အကိုကြီး ဝိညာဉ်ကျောက်တုံးတွေကို လက်ခံတာကို မြင်ပြီးမှ ကျွန်တော်လည်း လိုက်လုပ်ရဲတာပါ"
ကျန်းပေရန်က မရယ်ဘဲမနေနိုင်တော့။
"နောက်တစ်ခါ ဆုံးဖြတ်ချက်ချတဲ့အခါ ကိုယ့်နှလုံးသားအတိုင်းသာ လိုက်နာပါ"
မျက်တောင်နှစ်ချက်ခတ်ရင်း မော့ရှာက သူ၏အကိုကြီး၏ စကားများတွင် နက်နဲသောအရာတစ်ခုခု ရှိနေသည်ဟု ခံစားလိုက်ရသည်။
မီးလျှံပြာခန်းမ၏ ရထားပေါ်သို့ တက်ပြီးနောက် ကျန်းပေရန်က အခြားတပည့်များနှင့် ယဉ်ကျေးစွာ ခေါင်းညိတ်နှုတ်ဆက်ပြီး ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ရေမှန်ခန်းမ၏ ရထားအတွင်းတွင် လျိုဇီဂျင်းက သူမ၏အကိုကြီး အခြားရထား တစ်စီးပေါ်သို့ တက်သွားသည်ကို ပြတင်းပေါက်မှတစ်ဆင့် ကြည့်ရင်း သူမ၏မျက်နှာက စိတ်ပျက်မှုဖြင့် ညှိုးကျသွားသည်။
စိတ်ထဲမှ သက်ပြင်းချရင်း သူမက ပြန်လည်သုံးသပ်ရန် တေးသွားစာရွက်တစ်ရွက်ကို ဆွဲထုတ်ရန် ပြင်ဆင်နေစဉ်မှာပင် တစ်စုံတစ်ခုက သူမထံသို့ ရုတ်တရက် ပျံသန်းလာသည်။
လက်လှမ်းလိုက်ရာ သူမက ထိုအရာကို ကျွမ်းကျင်စွာ ဖမ်းယူလိုက်သည်။
စက္ကူလုံးတစ်ခုပင်……
မော့ကြည့်လိုက်ရာ သူမက ရထားတစ်ဖက်ခြမ်းမှ သူမကို ကောက်ကျစ်စွာ မျက်တောင်ခတ်ပြနေသော ယွီကွေ့ရွှေကို တွေ့လိုက်ရသည်။
အနည်းငယ်ပြုံးရင်း လျိုဇီဂျင်းက စာကိုဖြန့်ဖတ်လိုက်သည်။
[အစ်မဇီဂျင်း အကိုကြီးက ငါတို့ကို ရှောင်နေတယ်လို့ ထင်လား]
စာကို သူမ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်ရင်း သူမက အဖြေပြန်ရေးရန် ပြင်ဆင်နေစဉ်မှာပင် လဲ့ယန်ရှုက ဖွင့်ထားသောသေတ္တာတစ်လုံးဖြင့် သူမထံသို့ ချဉ်းကပ်လာသည်။
"ညီမလျို သစ်သီးယိုတချို့ သုံးဆောင်မလား ဟွိုင်လင်ရွှေလိမ္မော်သီးတွေနဲ့ လုပ်ထားတာ ချိုချဉ်အရသာနဲ့ တကယ်ကိုစားကောင်းတယ်"
"ကျေးဇူးတင်ပါတယ် မစားတော့ပါဘူး"
လျိုဇီဂျင်းက လက်ဝှေ့ယမ်းပြပြီး ငြင်းလိုက်သည်။
သို့သော် လဲ့ယန်ရှုက ဇွဲမလျှော့ခဲ့။
"တစ်လုံးလောက်တော့ စားကြည့်ပါ တကယ်ကောင်းတာ"
လျိုဇီဂျင်းက နောက်တစ်ကြိမ် ခေါင်းခါသည်။
"ကျွန်မ တကယ်ပဲ အချိုသိပ်မကြိုက်ဘူး"
"ဒါလေးကတော့ ခင်ဗျားစိတ်ကို ပြောင်းသွားစေနိုင်ပါတယ် စမ်းကြည့်ပါ"
လျိုဇီဂျင်းက နောက်တစ်ကြိမ် ငြင်းဆန်ရန် ပြင်ဆင်နေစဉ်မှာပင် မလှမ်းမကမ်းတွင် ထိုင်နေသော ရယ်ရှင်းချိုင်က ပြောလိုက်သည်။
"အကိုကြီးလဲ့ ညီမလေးလျိုက ကောင်းပေ့ညွန့်ပေ့ အစားအစာတွေကို စားသုံးလေ့ရှိတာ သစ်သီးယိုလို နှိမ့်ကျတဲ့အရာကို ဘာလို့စားမှာလဲ သူ့ကိုအတင်းမကျွေးနဲ့တော့"
လျိုဇီဂျင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်မဆိုလိုတာ အဲ့လိုမဟုတ်ပါဘူး ကျွန်မက အချို မကြိုက်ရုံသက်သက်ပါ ကျေးဇူးပြုပြီး ကျွန်မစကားကို မလှည့်ပါနဲ့ အစ်မ ရယ်"
ရယ်ရှင်းချိုင်က သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်လိုက်သည်။
"အိုး ညီမလေးလျို အထင်မလွဲပါနဲ့ ကျွန်မက အကိုကြီးလဲ့ကို ရှင်းပြပေးဖို့ ကြိုးစားနေတာပါပဲ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး"
ထိုအချိန်တွင် ယွီကွေ့ရွှေက ရုတ်တရက် ဝင်ပြောသည်။
"ဟုတ်တယ် အစ်မဇီဂျင်း အစ်မ ရယ်က နှုတ်ကြမ်းလျှာကြမ်းနိုင်ပြီး လေသံက နားထဲကန့်လန့်နိုင်ပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ် သူ့ကိုအပြစ်မတင်ပါနဲ့"
"ဘယ်သူ့ကို နားထဲကန့်လန့်နိုင်တယ်လို့ ပြောတာလဲ"
ရယ်ရှင်းချိုင်က ယွီကွေ့ရွှေကို စိုက်ကြည့်လိုက်သည်။
သူမက ထပ်မံချေပခြင်းမပြုမီမှာပင် ယွီကွေ့ကျွေးက ဖြတ်ပြောသည်။
"အိုး အစ်မ ရယ် အထင်မလွဲပါနဲ့ ကျွန်မအစ်မက အစ်မဇီဂျင်းကို ရှင်းပြပေးဖို့ ကြိုးစားနေတာပါ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"
အခွင့်အရေးကို လက်လွှတ်မခံလိုသော ယွီကွေ့မြောင်က အလျင်အမြန် ထပ်ပြောသည်။
"ဟုတ်တယ် ဟုတ်တယ်"
အေးစက်သော နှာမှုတ်သံတစ်ခုဖြင့် ရယ်ရှင်းချိုင်က ယွီညီအစ်မသုံးယောက်ကို စူးစိုက် ကြည့်လိုက်သည်။
"နှုတ်လျှာစောင်းထက်နေတဲ့ ကောင်မလေး တစ်သိုက်က သူတို့အစ်မကြီးကို မလေးမစား လုပ်ရဲတယ် နင်တို့မှာ အမူအကျင့် မရှိဘူးလား"
ယွီကွေ့ရွှေက တခစ်ခစ်ရယ်သည်။
"အိုး အစ်မကြီး ရှင် ငါတို့ကို 'ကောင်မလေး' လို့ ခေါ်နေတာ မနာလိုဖြစ်နေလို့လား"
ရယ်ရှင်းချိုင်က မထီမဲ့မြင်ပြုလိုက်သည်။
"မနာလိုတယ် ဘာကိုလဲ"
ယွီကွေ့ကျွေးက ချက်ချင်းပင် ဆက်ပြောသည်။
"ငါတို့ဒေါသထွက်တဲ့အခါ နဖူးပေါ်မှာ အရေးအကြောင်းတွေ မပေါ်တာကို မနာလိုဖြစ်နေတာပေါ့ ဟီးဟီး"
နောက်ကျကျန်ရစ်မခံလိုသော ယွီကွေ့မြောင်က ထပ်မံဝင်ပြောပြန်သည်။
"ဟုတ်တယ် ဟုတ်တယ်"
"နင်"
ဒေါသတကြီးဖြင့် ရယ်ရှင်းချိုင်က သူမ၏ကျောက်စိမ်းနှင်းခဲဓား၏ ဓားအိမ်ကို ဆုပ်ကိုင်ရင်း ထရပ်လိုက်သည်။
"ဘာလဲ ရန်ဖြစ်ချင်လို့လား"
အပြန်အလှန် ပြောဆိုမှုကို ပျော်ရွှင်စွာ ကြည့်နေသော ဖန်းချိုးယောင်ကလည်း သူမ၏ သက်တံဖြူဓားကို လက်ထဲတွင်ကိုင်လျက် ထရပ်လိုက်သည်။
အရင်ကဆိုလျှင် ဖန်းချိုးယောင်က လဲ့ယန်ရှုက လျိုဇီဂျင်းကို ပူဆာစပြုသည်နှင့် သူမ၏ဓားကို ဆွဲထုတ်လိုက်မည်ဖြစ်သည်။
သို့သော် သူမက အကိုကြီး၏ သင်ကြားမှုကို သတိရသည်။
"ပြန်လည်သင့်မြတ်ဖို့ နေရာချန်ထားပါ ဘယ်အချိန်မှာ လမ်းကြောင်းပြန်ဆုံနိုင်မလဲဆိုတာ မင်းဘယ်တော့မှ မသိနိုင်ဘူး"
ထို့ကြောင့် လဲ့ယန်ရှုက အလွန်အကျွံမလုပ်သရွေ့ သူမက ကိစ္စများကို မကြီးထွားစေချင်ခဲ့။
သို့သော် ယခုအခါ ရယ်ရှင်းချိုင်က ထိုသို့ရန်လိုနေသောအခါ နောက်ဆုတ်ရန် မလိုတော့ပေ။
"ချိုးယောင် ဓားကိုပြန်သိမ်းလိုက်"
လျိုဇီဂျင်းက သူတို့ကြားတွင် အလျင်အမြန် ဝင်ရပ်ပြီးနောက် ယခုအခါ နဖူးပေါ်တွင် အရေးအကြောင်းများ သဲ့သဲ့ပေါ်နေသော ရယ်ရှင်းချိုင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"အစ်မ ရယ် ငါ့ညီမတွေက ရှင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် ငါ သူတို့ကိုယ်စား တောင်းပန်ပါတယ် ဒါပေမဲ့ ဂိုဏ်းချုပ်က ရှေ့မှာပဲရှိနေတာကြောင့် ဓားတွေကို အသုံးမပြု ကြရအောင်နော်"
ရယ်ရှင်းချိုင်က သူမက ဒီနေရာတွင် တကယ်တမ်း ရန်ဖြစ်၍ မရကြောင်း သိသောကြောင့် တောင့်တင်းစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ မင်းတောင်းပန်မှတော့ ငါဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်"
သို့သော် သူမပြန်ထိုင်လိုက်သည်နှင့် လျိုဇီဂျင်းနောက်ကွယ်တွင် ပုန်းနေဆဲဖြစ်သော ယွီညီအစ်မ သုံးယောက်က သူမကို တစ်ပြိုင်နက်တည်း လျှာထုတ်ပြကြသည်။
"ဟွန်း ငါ့အချိန်ကုန်ခံပြီး ရန်ဖြစ်မနေချင်ဘူး"
ရယ်ရှင်းချိုင်က လှည့်ထွက်သွားသည်။
အခြေအနေက ထပ်မံ မကြီးထွားတော့မည်ကို မြင်သောအခါ လျိုဇီဂျင်းက ယွီညီအစ်မများနှင့် ဖန်းချိုးယောင်ကို သူတို့၏နေရာများသို့ အလျင်အမြန် ပြန်ပို့လိုက်သည်။
"အစ်မဇီဂျင်း ဘာလို့ အဲ့ဒီနှုတ်ကြမ်းလျှာကြမ်းမကို တောင်းပန်ရတာလဲ သူကအစ်မကို အမြဲတမ်း အနိုင်ကျင့်နေတာ အရမ်း စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်"
ယွီကွေ့ရွှေက မကျေမနပ် နှုတ်ခမ်းစူလိုက်သည်။
ယွီကွေ့ကျွေးက အားရပါးရ ခေါင်းညိတ်သည်။
"ဟုတ်တယ် ဂိုဏ်းချုပ်က ငါတို့ကိုအပြစ်ပေးရင်တောင် ငါတို့ကအမှန်ဘက်မှာပဲ သူကအရင်စတာ"
"ဟုတ်တယ် ဟုတ်တယ်"
ယွီကွေ့မြောင်က ပဲ့တင်ထပ်သည်။
လျိုဇီဂျင်းက သူတို့၏လက်များကို ညှစ်ပြီး တိုးတိုးလေးပြောသည်။
"နင်တို့ငါ့အတွက် ရပ်တည်ပေးကြတာ ငါတကယ်ပဲ စိတ်လှုပ်ရှားမိပါတယ် ဒါပေမဲ့ စဉ်းစားကြည့်လေ ငါတို့ထွက်ခွာပြီးပြီးချင်း ပြဿနာရှာရင် အကိုကြီးက သေချာပေါက်ကြားမှာပဲ ပြီးရင် သူငါတို့ကို ပိုပြီးရှောင်သွားလိမ့်မယ် ငါတို့ရဲ့ကြိုးစားအားထုတ်မှုအားလုံးက အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား"
"အင်း"
ညီအစ်မသုံးယောက်က ထိုအကြောင်းကို စဉ်းစားပြီးမှ သက်ပြင်းချကြသည်။
"ကောင်းပြီ အစ်မဇီဂျင်းပြောတာ မှန်တယ်"
သူတို့၏စိုးရိမ်ပူပန်မှုကြောင့် စိတ်လှုပ်ရှားသွားသော လျိုဇီဂျင်းက သူတို့ကို ပွေ့ဖက်လိုက်သည်။
"နင်တို့လို ညီမတွေရှိတာ အကောင်းဆုံးပဲ"
တစ်ချိန်တည်းမှာပင် သူ၏သစ်သီးယိုကို တိတ်တဆိတ်ပြန်သိမ်းဆည်းလိုက်သော လဲ့ယန်ရှုက သူတို့အချင်းချင်း တီးတိုးပြောနေသော မိန်းကလေးငါးယောက်နှင့် ထောင့်တွင် စိတ်ဆိုးနေသော ရယ်ရှင်းချိုင်ကို ကြည့်လိုက်သည်။
သူက စိတ်ထဲမှ သက်ပြင်းချသည်။
'ငါ့ရဲ့သစ်သီးယိုဘူးလေး တစ်ဘူးက ဒီညီမငယ်လေးတွေကြားမှာ ဒီလောက်ပြိုင်ဆိုင်မှုတွေ ဖြစ်စေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး တကယ်ပဲ ငါက မိန်းမတွေ ပြဿနာရှာလောက်တဲ့ ရုပ်ရည်မျိုးရှိတဲ့ ယောက်ျားတစ်ယောက်ပါပဲ'
လျိုဇီဂျင်း၏ ရထားပေါ်မှ သစ်သီးယို အဖြစ်အပျက် ငြိမ်သက်သွားစဉ် ဝူချင်းစစ်က အပြင်ဘက်တွင် ထိုင်ခုံများခွဲဝေပေးပြီး အမွှေးတိုင်သခင်ထံသို့ သတင်းပို့လိုက်သည်။
မကြာမီမှာပင် ယာဉ်တန်းက လျှို့ဝှက်လမင်းဂိုဏ်း တည်ရှိရာ ယန်ချန်ခရိုင်သို့ ထွက်ခွာခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျန်းပေရန်က လျှို့ဝှက်လမင်းဂိုဏ်းတွင် မည်သည့်အန္တရာယ်များ စောင့်ကြိုနေနိုင်သည်ကို ဆက်လက်သုံးသပ်နေသည်။
'အစွမ်းအစရော ဂုဏ်သတင်းအရပါ လျှို့ဝှက်လမင်းဂိုဏ်းက တောင်ထွတ်ပြည်နယ်ရဲ့ အငြင်းပွားဖွယ် မရှိတဲ့ ခေါင်းဆောင်ပဲ တခြားဘယ်ဂိုဏ်းမှ သူတို့ကိုစိန်ခေါ်ဖို့ မျက်နှာသစ်အဖြစ် မပေါ်ထွက်လာသေးဘူး ထောင်ချောက်ညစာ စားပွဲက အဓိပ္ပာယ်မရှိဘူး'
ထိုဖြစ်နိုင်ခြေကို ပယ်ချပြီး သူက သူ၏သိုလှောင်လက်စွပ်ထဲမှ မြေပုံတစ်ချပ်ကို ဆွဲထုတ်ပြီး ဖြန့်ခင်းလိုက်သည်။
အံ့ဖွယ်နဂါးတိုက်ကြီးကို ပြည်နယ်များ ခရိုင်များနှင့် မြို့နယ်များအဖြစ် ခွဲခြားထားသည်။
စုစုပေါင်း ပြည်နယ်နှစ်ဆယ့်လေးခုရှိပြီး တောင်ထွတ်ပြည်နယ်က အနောက်ဘက်အစွန်တွင် တည်ရှိသည်။
ဗဟိုလွင်ပြင်၏ ပဋိပက္ခများနှင့် ဝေးကွာသောကြောင့် ၎င်းမှာ အတော်အတန် ငြိမ်းချမ်းသည်။
"အင်း"
အသံကိုဆွဲရင်း ကျန်းပေရန်က မြေပုံပေါ်မှ နေရာနှစ်ခုကို ထောက်လိုက်သည်။
ယန်ပြည်နယ်နှင့် လန်ပြည်နယ်ပင်….
နှစ်ခုလုံးက တောင်ထွတ်ပြည်နယ်နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးသည်။
'သူတို့က ဂိုဏ်းချုပ်ရဲ့မွေးနေ့အတွင်းမှာ လျှို့ဝှက်လမင်းဂိုဏ်းကို အရှက်ခွဲဖို့ လက်ဆောင်တချို့ ယူလာနိုင်တယ် အဆင့်အသစ် တက်ထားတဲ့ အနက်ရောင်ဘုရင်ဂိုဏ်းချုပ်က နောက်မဆုတ်ဘူးဆိုရင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနိုင်တယ်'
သို့သော် သူဘယ်လိုပင်စဉ်းစားပါစေ ထိုသို့ဖြစ်လာလျှင် သူက မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ကို ကျန်းပေရန် မစဉ်းစားတတ်ခဲ့။
နောက်ထပ်အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူက ခေါင်းခါလိုက်သည်။
'မကောင်းဘူး မမြင်နိုင်သေးဘူး ဖြစ်နိုင်ခြေက အရမ်းနည်းလွန်းတယ်'
တောင်ထွတ်ပြည်နယ်တွင် ခရိုင်ရှစ်ခုရှိပြီး လျှို့ဝှက်လမင်းဂိုဏ်းက အစည်ကားဆုံးဖြစ်သော ယန်ချန်ခရိုင်တွင် တည်ရှိသည်။
ဝိညာဉ်ကျောက်တုံးနှင့် သတ္တုသယံဇာတများမှာ ပြည်နယ်တွင် အကြွယ်ဝဆုံးဖြစ်သည်။
စိတ်နှလုံးပြန်ဂိုဏ်းက တောင်ထွတ်ပြည်နယ်အပေါ် စိုးမိုးမှုကို မတောင်းဆိုနိုင်သော်လည်း ၎င်းမှာ လျှို့ဝှက်လမင်းဂိုဏ်းအောက်မှ ပိုအားကောင်းသောဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်။
၎င်း၏အိမ်ဖြစ်သော လူလင်ခရိုင်မှာလည်း ကောင်းမွန်သောဒေသတစ်ခုဖြစ်ပြီး ထို့ကြောင့်ပင် မြင့်မြတ်သောလူငယ်များစွာက ဝင်ရောက်ရန် အဝေးကြီးမှ ခရီးနှင်လာကြသည်။
'သူတို့က စံပြတစ်ခုဖြစ်စေဖို့ စိတ်နှလုံးပြန်ဂိုဏ်းကို ပစ်မှတ်ထားနေတာလား ဒါပေမဲ့ ငါတို့က ဆယ်စုနှစ်တွေအတွင်းမှာ နယ်မြေချဲ့ထွင်လိုတဲ့ရည်မှန်းချက်တွေ မပြခဲ့ဘူး အဲ့လိုရန်လိုမှုကို ဆွဲဆောင်စရာအကြောင်းမရှိဘူး'
'အာ စိတ်ပျက်စရာပဲ'
ကျန်းပေရန်၏ စိတ်ရှုပ်ထွေးနေသောအမူအရာကို သတိပြုမိသောအခါ စကားစမြည်ပြောရင်း ရယ်မောနေသော အခြားမီးလျှံပြာခန်းမတပည့်များက တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။
နီလာနှလုံးခန်းမအကိုကြီးက ပြိုင်ပွဲကို မည်မျှအလေးအနက်ထားသည်ကို မြင်သောအခါ သူတို့က သူတို့၏ကိုယ်ပိုင် ပေါ့ဆသောအမူအရာအတွက် ရုတ်တရက် ရှက်ရွံ့သွားကြသည်။
'ကျေးဇူးတင်ပါတယ် အမည်မသိအကိုကြီး'