အိမ်ခေါင်မိုးမလုံတော့ အိမ်အောက်ပါစိုရတာပဲ
Vol. 7 Ch. 105
ကျန်းပေရန် "လုံးဝမဖြစ်ပါဘူး" ဟု ပြောသည်ကို ကြားသောအခါ ရယ်ရှင်းချိုင်က မျှော်လင့်ထားသည့် အတိုင်းပင် သူ့ဘေးတွင် ချောမွေ့စွာ ဝင်ထိုင်လိုက်ပြီး တိကျစွာတိုင်းတာထားသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"အကိုကြီးကျန်း ဘာလို့ရှင် ဟင် အကိုကြီးကျန်း ရှင်ဘယ်သွားမလို့လဲ"
စကားတစ်ဝက်တွင်ပင် ရယ်ရှင်းချိုင်က ကျန်းပေရန်က ခန်းမမှ "အလျင်အမြန် ထွက်ပြေး" သွားပြီဖြစ်ကြောင်း သိရှိလိုက်ပြီး သူမက အဆင်မပြေသော တိတ်ဆိတ်မှုဖြင့် တစ်ယောက်တည်း ကျန်ရစ်ခဲ့ကာ မျက်တောင် တဖျပ်ဖျပ်ခတ်နေသည်။
'အကိုကြီးကျန်းရဲ့ ယုံကြည်မှုမရှိခြင်းက ငါထင်ထားတာထက် အများကြီးပိုဆိုးနေပုံပဲ အနာဂတ်မှာ သူ့ကိုချဉ်းကပ်တဲ့အခါ ငါပိုပြီးသတိထားရမယ်'
[ရွေးချယ်မှု ပြီးမြောက်သွားသည်။ ဆုလာဘ်: သွက်လက်မှု +၁]
အပြင်သို့ခြေလှမ်းထွက်ရင်း ကျန်းပေရန်က သက်ပြင်းချလိုက်ပြီး သူက မရည်ရွယ်ဘဲ နောက်ထပ် ဒုက္ခများသော အခြေအနေတစ်ခုကို တစ်နည်းနည်းဖြင့် ဆွဲဆောင်နိုင်ခဲ့သလို ခံစားလိုက်ရသည်။
ဝူချင်းစစ်က ဂိုဏ်းချုပ်ထံသို့ သတင်းပို့ရန် သွားနှင့်လောက်ပြီဟု ယူဆရင်း ကျန်းပေရန်က စစ်မှန်သိုင်းဂိုဏ်း၏ ဧည့်ဂေဟာအနီးတွင် စောင့်ကြည့်ရန်ပြင်ဆင်နေစဉ် သူလှည့်လိုက်ရာ အနည်းငယ်ရင်းနှီးပုံရသော အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး တပည့်တစ်ဦးနှင့် တိုက်မိလုနီးပါး ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ရွေးချယ်မှုသုံးခု သူ့ရှေ့တွင် ပေါ်လာသည်။
[ရွေးချယ်မှု ၁: သူမကို တန်းတန်းမတ်မတ် ဖြတ်သွားပါ။ ဆုလာဘ်: ကောင်းကင်ဘုံနဂါးတံဆိပ် (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်တန်း)]
[ရွေးချယ်မှု ၂: ရင်ချိုးယန်ကို အစပြုနှုတ်ဆက်ပါ။ ဆုလာဘ်: နှလုံးသားချေမွလက်သည်း (အနက်ရောင်အဆင့်၊ အလယ်လတ်တန်း)]
[ရွေးချယ်မှု ၃: ချက်ချင်းလှည့်ပြီး ဆန့်ကျင်ဘက်သို့ ထွက်ခွာပါ။ ဆုလာဘ်: ကျပန်း အခြေခံ ကျွမ်းကျင်မှုအမှတ် +၁]
'အဲ့ဒီအန္တရာယ်ရှိတဲ့ မိန်းမပဲ'
ချီတုံချတုံမဖြစ်ဘဲ ကျန်းပေရန်က တတိယရွေးချယ်မှုကို ရွေးချယ်ပြီး အနီးအနားမှ လမ်းကြားတစ်ခုထဲသို့ ဝင်သွားသည်။
[ရွေးချယ်မှု ပြီးမြောက်သွားသည်။ ဆုလာဘ်: အစီအရင် +၁]
'အဲ့မိန်းမက ဘယ်လိုနောက်ခံမျိုးများ ရှိနေတာလဲ'
ကျန်းပေရန်က ရှီဖုန်းလန်က ရင်ချိုးယန်ကို သူ့အား မိတ်ဆက်ပေးရန် အထူးတလည် ကြိုးစားကတည်းက စနစ်က သူမနှင့်ပတ်သက်သော ရွေးချယ်မှုများကို အနက်ရောင်အဆင့် သို့မဟုတ် ထိုထက်မြင့်သော ဆုလာဘ်များဖြင့် ပေါ်ပေါက်စေခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည် သူမ၏ခြိမ်းခြောက်မှုအဆင့်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားသည်။
'ဒါပေမဲ့ သူမကိုဖြတ်လျှောက်ရုံနဲ့ ဘာလို့အန္တရာယ်ဖြစ်ပေါ်ရတာလဲ သူငါ့ကို မှတ်မိနိုင်လို့လား ဒါတော့မဖြစ်သင့်ဘူး ငါသူမကို နှုတ်တောင်မဆက်ဖူးဘူး မျက်လုံးချင်းဆုံအောင်တောင် မကြည့်ဖူးဘူး အန္တရာယ်က ဘယ်ကလာမှန်း ငါနားမလည်နိုင်ဘူး ထူးဆန်းလိုက်တာ'
တစ်ချိန်တည်းမှာပင် ကျန်းပေရန်က သူမကိုမြင်သည်နှင့် လှည့်ပြေးသွားသည်ကို တွေ့လိုက်ရသော ရင်ချိုးယန်ကလည်း သူ့ကို အနည်းငယ်ရင်းနှီးသည်ဟု ထင်မိသည်။
"ညီမလေး ဘာဖြစ်တာလဲ"
သူမနှင့်အတူ လျှောက်လှမ်းနေသော စုချန်ချင်းက မေးလိုက်သည်။
"အိုး ဘာမှမဖြစ်ပါဘူး ကျွန်မသိတဲ့ တစ်ယောက်ယောက်ကို တွေ့လိုက်တယ်လို့ ထင်လိုက်လို့"
"နင်သိတဲ့ တစ်ယောက်ယောက်"
စုချန်ချင်းက ရှေ့သို့လှမ်းကြည့်သော်လည်း သူတို့ဘက်သို့ ကြည့်နေသူတစ်ဦးမှ မတွေ့ပေ။
"ဘယ်မှာလဲ"
ရင်ချိုးယန်က ခေါင်းခါသည်။
"မှားသွားတာ နေမှာပါ"
ထိုသို့ပြောပြီး သူမက ရှေ့သို့ဆက်လျှောက်သွားသည်။
စုချန်ချင်းက အမီလိုက်ရင်း ပြုံးလိုက်သည်။
"ညီမလေး ငါကြားတာတော့ လျှို့ဝှက်လမင်းဂိုဏ်းမှာ စည်ကားတဲ့ အံ့ဖွယ်ဈေးတစ်ခုရှိတယ်တဲ့ အတူတူသွားကြည့်ကြမလား"
"မသွားတော့ဘူး ငါတို့ဆရာက တခြားတပည့်တွေကို စောင့်ကြည့်ပြီး ဒုက္ခမဖြစ်အောင် တားဆီးဖို့ ညွှန်ကြားထားတယ် ငါတို့မှာ တာဝန်တွေရှိနေမှတော့ အားလပ်အပန်းဖြေမှုတွေမှာ မနစ်မျောသင့်ဘူး"
သူ၏ဓားအိမ်ကို စိတ်ပျက်စွာ ဆုပ်ကိုင်ရင်း စုချန်ချင်းက အပြုံးတုဖြင့် ပြုံးလိုက်သည်။
"ညီမလေးပြောတာ မှန်ပါတယ် ဒါဆိုရင် နောက်ထပ်ကင်းလှည့်တာ အနည်းငယ်လောက် ထပ်လုပ်ကြတာပေါ့"
ကျန်းပေရန်က ရင်ချိုးယန်၏ လျှို့ဝှက်ဆန်းကြယ်မှုကို စဉ်းစားနေစဉ် ဝူချင်းစစ်က လူယင်လုံ တည်းခိုနေသော ခြံဝင်းသို့ ဒဏ်ရာရတပည့်များကို ဦးဆောင်ခေါ်သွားပြီးဖြစ်သည်။
တပည့်များအတွက် ဧည့်ဂေဟာများပင် ခမ်းနားထည်ဝါလျှင် ဂိုဏ်းချုပ်များအတွက် နေရာထိုင်ခင်းများမှာ သဘာဝအတိုင်း ပို၍ပင် ခမ်းနားထည်ဝါသည်။
လျှို့ဝှက်လမင်းဂိုဏ်းသို့ လာရောက်လည်ပတ်သော ဂိုဏ်းချုပ်တိုင်းတွင် သူတို့၏ကိုယ်ပိုင် သီးသန့်ခြံဝင်းများရှိသည်။
"ဘာဖြစ်တာလဲ"
လူယင်လုံက ပင်မခန်းမရှိ သစ်တော်သားကုလားထိုင်ပေါ်တွင် ထိုင်နေရာမှ မေးလိုက်သည်။
ရှေ့တွင်ရပ်နေသော ဝူချင်းစစ်က ချက်ချင်းပင် လက်သီးဆုပ်အရိုအသေပြုပြီး ပြန်ဖြေသည်။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ် ဒီမနက် တပည့်ယိကျန့် နဲ့ တခြားသူတွေက စစ်မှန်သိုင်းဂိုဏ်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ် အကြောင်းရင်းကတော့"
ဝူချင်းစစ် စကားမဆုံးမီမှာပင် လူယင်လုံက ဖြတ်ပြောသည်။
"ငါတို့နိုင်ခဲ့လား"
ထိုစကားကိုကြားရသောအခါ ဝူချင်းစစ်က ခဏတာ မှင်သက်သွားသည်။
'အကိုကြီးက တကယ်ပဲ ကြိုပြောနိုင်ခဲ့တာပဲ ဂိုဏ်းချုပ်က တကယ်ပဲ ဒီအကြောင်းကိုပဲ ဂရုစိုက်တာ'
"သရေကျခဲ့ပါတယ် နှစ်ဖက်စလုံး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်"
"သရေ"
လူယင်လုံ၏ မျက်နှာအမူအရာက ချက်ချင်းပင် ညိုမှောင်သွားသည်။
"ပြီးတော့"
ဂိုဏ်းချုပ်၏ မျက်နှာပေါ်မှ သိသာသောစိတ်မရှည်မှုကို မြင်သောအခါ ဝူချင်းစစ်က အကယ်၍ သူက အဖြစ်အပျက်ကို သတင်းပို့ပြီး ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်ကို တောင်းခံရန်သာ လာခဲ့လျှင် သူက နေရာမှာပင် အပြင်သို့ ပစ်ထုတ်ခံရနိုင်ကြောင်း သေချာသွားသည်။
'ကံကောင်းစွာနဲ့ အကိုကြီးက ငါ့ကို ပြင်ဆင်ပေးခဲ့တယ်'
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ် နောက်ပိုင်းမှာ ကျွန်တော်ချီချန်ကိုခေါ်ပြီး ရှင်းပြချက်တောင်းဖို့ စစ်မှန်သိုင်းဂိုဏ်းရဲ့ ဧည့်ဂေဟာကို သွားခဲ့ပါတယ်"
ဤတွင် လူယင်လုံ၏ မျက်နှာအမူအရာက သိသိသာသာ ဝင်းပသွားပြီး သူက ကျေနပ်စွာ ခေါင်းညိတ်သည်။
ဝူချင်းစစ်က ပြိုင်ဘက်၏ ရင်ဘတ်ပေါ်တွင် သူ၏ဓားဖြင့် "တရားမျှတခြင်း" (ကျန့်) ဟူသော စာလုံးကို ထွင်းထုခဲ့ကြောင်း ကြားရသောအခါ သူက ပို၍ပင် ကျေနပ်သွားပုံရသည်။
"ဒါပေမဲ့ ကျွန်တော်စစ်မှန်သိုင်းဂိုဏ်းရဲ့ ဧည့်ဂေဟာကို ဝင်စီးတော့မယ့်အချိန်မှာ သူတို့ရဲ့ အကြီးအကဲ တစ်ယောက်က ကျွန်တော့်ကိုတားပြီး စစ်မှန်သိုင်းဂိုဏ်းမှာ ဘယ်သူမှ မကျန်တော့ဘူးလို့ ထင်နေတာလားလို့ မေးခဲ့ပါတယ် ကျွန်တော်"
ဘန်း
ဝူချင်းစစ် စကားမဆုံးမီမှာပင် လူယင်လုံက သူ၏လက်ဝါးကို ရိုက်ချလိုက်ရာ သူ၏ဘေးမှ စားပွဲဝိုင်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။
သူက ဒေါသတကြီး ထရပ်ပြီး ဟိန်းဟောက်လိုက်သည်။
"ဘယ်လောက်ရဲတင်းလိုက်လဲ မျိုးဆက်သစ်ကို အနိုင်ကျင့်ပြီး ကြွားဝါရဲသေးတယ်"
"ငါတို့စိတ်နှလုံးပြန်ဂိုဏ်းမှာ ဘယ်သူမှ မကျန်တော့ဘူးလို့ ထင်နေတာ စစ်မှန်သိုင်းဂိုဏ်းပဲ ငါ့နောက်လိုက်ခဲ့"
ထိုသို့ပြောပြီး လူယင်လုံက ခန်းမမှ ထွက်သွားသည်။
ဝူချင်းစစ်နောက်မှ တပည့်များ မှင်သက်သွားကြသည်။
ဂိုဏ်းချုပ်က ပဋိပက္ခ ဘာကြောင့် စတင်ခဲ့သည်ကိုပင် မမေးခဲ့ပေ။ လမ်းခရီးတွင် သူတို့ ဂရုတစိုက်ပြင်ဆင်လာခဲ့သော ရှင်းပြချက်အားလုံးမှာ အလဟဿဖြစ်သွားသည်။
......
"စိတ်နှလုံးပြန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လူယင်လုံက စစ်မှန်သိုင်းဂိုဏ်းက ရွှီကျင့်ချိုးကို အဖြေပေးဖို့ တောင်းဆိုတယ်"
'အိုး စပြီ စပြီ'
စစ်မှန်သိုင်းဂိုဏ်း၏ ဧည့်ဂေဟာနှင့် မလှမ်းမကမ်းတွင် ပုန်းအောင်းနေသော ကျန်းပေရန်က နားစွင့်လိုက်သည်။
ဂိုဏ်းချုပ်က ဝူချင်းစစ်၏ သတင်းပို့ချက်ကို ကြားသည်နှင့် ထိုပုဂ္ဂိုလ်ကြီးက ငြိမ်ငြိမ်ထိုင်နေနိုင်မည် မဟုတ်ကြောင်း သူကြာမြင့်စွာကတည်းက ခန့်မှန်းထားခဲ့သည်။
'ပွဲကောင်းကြည့်ဖို့ အချိန်တန်ပြီ'
ဝင်းတစ်ခုလုံးကို တုန်ခါသွားစေသော လူယင်လုံ၏ ဟိန်းဟောက်သံကို သဘာဝအတိုင်း ကျန်းပေရန် တစ်ယောက်တည်း ကြားရခြင်းမဟုတ်ပေ။
အခြားဂိုဏ်းများမှ တပည့်များကလည်း သူတို့လုပ်နေသောအရာများကို ချထားပြီး ပြေးလာကြသည်။ ကောင်းမွန်သောရန်ပွဲတစ်ခုကို ကြည့်ရှုခြင်းထက် ပိုအရေးကြီးသောအရာ ဘာများရှိနိုင်မည်နည်း။
ဝူချင်းစစ်၏ အစောပိုင်းကပွဲကို မျက်မြင်တွေ့ခဲ့ရပြီးသူများမှာ အထူးသဖြင့် ပျော်ရွှင်နေကြသည်။
ထိုဇာတ်လမ်း၏ ရုတ်တရက် အဆုံးသတ်က သူတို့ကို မကျေမနပ်ဖြစ်စေခဲ့သော်လည်း ယခုအခါ ပိုကြီးမားသောပွဲတစ်ခုက ဖြစ်ပေါ်လာနေပြီဖြစ်သည်။ အရင်တစ်ခုမှ တိုက်ရိုက်ဆက်စပ်နေသော တစ်ခုပင်။
နောက်ဆက်တွဲရရှိခြင်း၏ စိတ်လှုပ်ရှားမှုမှာ ဖော်ပြ၍မရနိုင်ပေ။
သို့သော်လည်း ဇာတ်လမ်းမှ ဇာတ်ဆောင်များထဲမှ တစ်ဦးဖြစ်သော ရွှီကျင့်ချိုးမှာမူ ထိုသို့ စိတ်ဓာတ်တက်ကြွ မနေခဲ့ပေ။
သူက စိတ်နှလုံးပြန်ဂိုဏ်းက သူတို့၏ဂိုဏ်းချုပ် ကိုယ်တိုင်ဦးဆောင်လျက် ဒီလောက်လျင်မြန်စွာ လက်စားချေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူအခုလေးတင် ဆူပူကြိမ်းမောင်းခဲ့သော တပည့်များကို တစ်ချက်ကြည့်ရင်း ရွှီကျင့်ချိုးက ပြောလိုက်သည်။
"ဒီမှာနေပြီး လိမ္မာယဉ်ကျေးစွာနေကြ ငါလူယင်လုံကို ရှင်းပြလိုက်မယ်"
"အကြီးအကဲ သတိထားပါ"
တပည့်များက တစ်သံတည်း လက်သီးဆုပ်အရိုအသေပြုလိုက်ကြသည်။
ထို့နောက် ဘန်းဟူသောအသံကျယ်နှင့်အတူ ဧည့်ဂေဟာ၏ ဒုတိယထပ်ပြတင်းပေါက်က ပွင့်ထွက်သွားပြီး ရွှီကျင့်ချိုးက ခုန်ထွက်လာကာ လူယင်လုံရှေ့တွင် ဆင်းသက်လိုက်သည်။
လက်သီးဆုပ်အရိုအသေပြုရင်း ရွှီကျင့်ချိုးက ပြောလိုက်သည်။
"ဂိုဏ်းချုပ်လူ ဘယ်လောက်ခမ်းနားတဲ့ အာဏာပြသမှုပါလဲ ခင်ဗျားမှာ ကျုပ်နဲ့ ဘာကိစ္စရှိလို့လဲဆိုတာ မေးခွင့်ရှိမလား"
စိတ်နှလုံးပြန်ဂိုဏ်းနှင့် စစ်မှန်သိုင်းဂိုဏ်းမှာ တစ်ခုက မြောက်ပိုင်းမြစ်ဒေသတွင်ရှိပြီး နောက်တစ်ခုက တောင်ပိုင်းမြစ်ဒေသတွင်ရှိရာ ယခင်က ဆက်ဆံမှုများ သို့မဟုတ် ပဋိပက္ခများ မရှိခဲ့ပေ။
ထို့ကြောင့် ရွှီကျင့်ချိုးက လူယင်လုံအကြောင်းကို ဂုဏ်သတင်းဖြင့်သာ သိရှိခဲ့သည်။
လူယင်လုံက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ဟိန်းဟောက်လိုက်သည်။
"စစ်မှန်သိုင်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ မင်းက ငါ့စိတ်နှလုံးပြန်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို အနိုင်ကျင့်ခဲ့တယ် ဟုတ်လား မဟုတ်ဘူးလား"
"ခင်ဗျားရဲ့စိတ်နှလုံးပြန်ဂိုဏ်းတပည့်က ကျုပ်တို့နေရာကို အရင်ကျူးကျော်ဝင်ရောက်လာပြီး ကျုပ်တို့တပည့်တွေကို ထိခိုက်စေခဲ့တာ"
"အဓိပ္ပာယ်မရှိတာတွေ တော်တော့ ငါမင်းကိုမေးနေတာက စစ်မှန်သိုင်းဂိုဏ်းရဲ့ အဆင့်မြင့် အကြီးအကဲတစ်ယောက်အနေနဲ့ မင်းက ကောင်လေးတွေကြားက အငြင်းပွားမှုတစ်ခုမှာ ဝင်စွက်ဖက်ပြီး သူ့ကိုမင်းရဲ့စကားလုံးတွေနဲ့ ခြိမ်းခြောက်ခဲ့တယ် ဟုတ်လား မဟုတ်ဘူးလား"
'တောက် အခုမှပဲ ငါသိတော့တယ် အဲ့ဝူချင်းစစ်က ဘာလို့ ဒီလောက်စိုးမိုးနိုင်တာလဲဆိုတာကို အိမ်ခေါင်မိုးမလုံတော့ အိမ်အောက်ပါစိုရတာပဲ ဒီဂိုဏ်းချုပ်က ပိုတောင်ဆိုးသေးတယ်'
စာစဉ် (၇) ပြီး NS Novel