ဧရာမဝေလငါးဂိုဏ်းခေါင်းဆောင်၏ သေဆုံးမှု။ အလွန်တရာ အစွမ်းထက်သော ရန်သူ။ (၁)
Vol. 12 Ch. 177
"တစ်ယောက်ယောက်လာနေတယ်!" ကုန်းပတ်၏အစွန်းတွင် ပင်လယ်ဓားပြတစ်ယောက်က စူးချန်ခုန်း ဘေးဘက်မှ တက်လာနေတာကို သတိထားမိလိုက်သည်။ သူသည် အခြားသူများကိုသတိပေးရန်အတွက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လှံရှည်ကို ကိုင်ဆောင်ကာ စူးချန်ခုန်း၏မျက်နှာဆီသို့ အပြင်းအထန် ထိုးချလိုက်သည်။
စူးချန်ခုန်းသည် သူ့ခေါင်းကို ရွှေ့လိုက်ရာ လှံသည် သူ့မျက်နှာကို လက်မအကျော်လေး ကပ်လွဲသွားလေ၏။ တစ်ချိန်တည်းတွင် သူသည် လှံကို ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ကာ ရုတ်တရက် ဆွဲလိုက်သည်။
"အား"
ထိုပင်လယ်ဓားပြသည် အော်ဟစ်ကာ ဟန်ချက်ပျက်လျက် ကုန်းပတ်မှ ပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး စူးချန်ခုန်းသည် အပေါ်သို့ ခုန်တက်ကာ ကုန်းပတ်ပေါ်သို့ သွက်သွက်လက်လက် ဆင်းလာခဲ့သည်။
"သူ့ကိုသတ်!"
သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြများသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားများ ကိုယ်စီဖြင့် ဓားများကို ထုတ်ကာ စူးချန်ခုန်းကို သတ်ဖြတ်ရန် ဝိုင်းရံလိုက်ကြသည်။
ဤပင်လယ်ဓားပြများသည် သွေးဓားသွားပင်လယ်ဓားပြအုပ်စု၏ အဖွဲ့ဝင်များဖြစ်ပြီး အများစုမှာ ခွန်အားသန့်စင်ခြင်းနယ်ပယ်တွင်ရှိကြသည်။ သူတို့ရဲ့ စွမ်းအားက တော်တော်လေး ကြောက်စရာကောင်းပါသည်။
သို့ပေမယ့် စူးချန်ခုန်းက အသက်အောင့်ထားတာဖြစ်ပြီး အခုတော့ အားလုံးကို လွှတ်ထုတ်လိုက်သည်။
“ရွှမ်း!”
ပင်လယ်ဓားပြနှစ်ယောက်က သူ့ကို ဓားရှည်တွေနဲ့ ဘယ်တစ်ဖက် ညာတစ်ဖက် ခုတ်ကာ သူတို့ရဲ့ နည်းစနစ်တွေ လျင်မြန်ပြီး ပြင်းထန်ပေမယ့် စူးချန်ခုန်းရဲ့ မျက်လုံးတွေထဲမှာတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေက ခရုတစ်ကောင်လို နှေးကွေးနေ၏။
"ဒုန်း ဒုန်း!"
စူးချန်ခုန်း၏လက်သီးများက သူတို့ထက် နောက်ကျမှ ရောက်လာခဲ့သော်လည်း တစ်ပြိုင်နက်တည်းနှင့် ပင်လယ်ဓားပြနှစ်ယောက်၏ ရင်ဘတ်ကို ဦးဆုံး ထိမှန်သွားလေ၏။ ပြင်းထန်သော ပေါက်ကွဲသံများကြားတွင် ပင်လယ်ဓားပြများသည် ကြိုးပြတ်သွားသော စွန်များကဲ့သို့ လွင့်ထွက်သွားကြပြီး ရင်ဘတ်များ အောင့်ကာ နှလုံးများ ကွဲအက်လျက် ချက်ချင်းပင် ရပ်တန့်သွားကာ ပွဲချင်းပြီး သေဆုံးသွားကြသည်။
"ငါသူတို့ကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းပြီး လှေပေါ်ပြန်တက်ရမယ်!"
စူးချန်ခုန်းသည် ပင်လယ်ဓားပြများ ပိုများလာမည်ကို သိသောကြောင့် စက္ကန့်တိုင်းတွင် အချိန်နှင့်အမျှ လုပ်ဆောင်ရမည်ကို သဘောပေါက်သည်။ သူတို့၏ အမြန်သင်္ဘောကို နစ်မြုပ်စေပြီး လွတ်မြောက်ရန် အခွင့်အလမ်း မရှိဘဲ သူတို့အတွက် ရေသင်္ချိုင်း ဖြစ်အောင် လုပ်ပေးလိုက်မည်။
ဝှစ်!
စူးချန်ခုန်း၏အသွင်က ဝါးတားတားဖြစ်လာပြီး ပင်လယ်ဓားပြနှစ်ယောက်ကြားမှ ဖြတ်သွားစဉ် နောက်၌ ပုံရိပ်များသာ ကျန်ရစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ခါးမှ သံဖြတ်ဓားကို ထုတ်လိုက်သည်။
"ရွှီး ရွှီး"
လှီးဖြတ်လိုက်သော အသံများကြားတွင် ပင်လယ်ဓားပြနှစ်ယောက်၏ ဦးခေါင်းများသည် ကုန်းပတ်ပေါ်သို့ တရစက် တဖြုတ်ဖြုတ် ကျလာ၏။
"သေစမ်း၊ သူ့ကို သတ်လိုက်!"
အနီးနားရှိ ပင်လယ်ဓားပြများသည် ဒေါသတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စူးချန်ခုန်း ရှောင်တိမ်းမည့်နေရာကို ပိတ်ကာ ဓားများဖြင့် တညီတညွတ်တည်း တိုက်ခိုက်ကြသည်။
သံဖြတ်ဓါးနည်းပညာ။ အလျားလိုက် လှီးဖြတ်ခြင်း။
စူးချန်ခုန်း၏ သံဖြတ်ဓားသည် မျဉ်းကွေးတစ်ခုနှယ် စုတ်ပြဲသံများကြားတွင် ပင်လယ်ဓားပြများ၏ လက်နက်များနှင့် သူတို့၏ လက်များ၊ ခန္ဓာကိုယ်များသည် သစ်သားဆွေးကဲ့သို့ ပြတ်ထွက်သွားစေကာ သွေးများနှင့် ခြေပြတ်လက်ပြတ်များက လေထဲလွင့်ထွက်သွားလေ၏။
“ရွှီး ရွှီး”
စူးချန်ခုန်းသည် သူ့ဓား၏ တောက်ပသော ဖြတ်ရာ အလင်းတန်းများနှင့်အတူ ဖျတ်ကနဲ လက်ကနဲ ခုတ်ပိုင်းနေလေ၏။ စူးချန်ခုန်း၏ ပြင်းထန်သော ထိုးစစ်ကို ရင်ဆိုင်ရသည့် ပင်လယ်ဓားပြများသည် ဦးခေါင်းများကို လေထဲသို့ လွင့်ထွက်သွားသည်ဖြစ်စေ ခါးပြတ်သွားသည်ဖြစ်စေ ခုခံရန် အခွင့်အရေးပင် မရှိခဲ့။
စူးရှသော သွေးနံ့တို့ ပျံ့လွင့်လာပြီး ပင်လယ်ဓားပြသင်္ဘော၏ ကုန်းပတ်ကို သွေးနီနီများ စွန်းထင်းသွားစေသည်။
“မိစ္ဆာ…” ညည်းညူသံများနှင့် အော်သံများက လေထဲ၌ အဆက်မပြတ် ပေါ်လာသော်လည်း စူးချန်ခုန်း၏ ထိုးစစ်ကို မည်သူမျှ မတားဆီးနိုင်ခဲ့ပေ။
မကြာခင်မှာပင် ကုန်းပတ်ပေါ်တွင် တစ္ဆေတစ်ကောင်မျှပင် မကျန်ခဲ့တော့။
စူးချန်ခုန်းသည် သင်္ဘောခန်းထဲသို့ လျင်မြန်စွာ ပြေးသွားပြီး သင်္ဘောအောက်ခြေဆီသို့ လျှောက်သွားလိုက်သည်။
သင်္ဘော၏ ဝမ်းဗိုက်ထဲမှတွင် လှေလှော်သူများသည် ပင်လယ်ဓားပြသင်္ဘောကို လှော်တက်များတွန်းပို့ပြီး မမောမပန်း အလုပ်လုပ်နေကြသည်။
"အပြင်မှာ ဘာတွေဖြစ်နေတာလဲ။"
ဤလှေလှော်သူများမှာ အပေါ်စီးမှ အော်သံများကိုသာ ကြားနေရသောကြောင့် မသေချာမရေရာ ဖြစ်နေကြသည်။ တုန်လှုပ်ချောက်ချားစရာ တိတ်ဆိတ်မှုတစ်ခု ပြန်မရောက်လာမီအထိ ခဏသာ ကြာခဲ့သည်။
သူတို့ထိတ်လန့်ကြောက်ရွံ့နေစဉ် အနက်ရောင်ဝတ်စုံဖြင့် သေမင်းတမန်ကဲ့သို့ အသွင်တစ်ခုက သင်္ဘောအခန်း၏ အောက်ခြေတွင် ပေါ်လာလေ၏။
စူးချန်ခုန်း၏ မျက်နှာအမူအရာက ရေအေးကဲ့သို့ တည်ငြိမ်နေပြီး တခဏလေးပင်အချိန်မဆွဲဘဲ သူ၏ သံဖြတ်ဓားမှ အေးခဲနေသော အလင်းရောင်သည် အဆင်ခြင်မဲ့စွာ ဆက်လက် သတ်ဖြတ်လေတော့သည်။
"အား"
ခဏကြာတော့ ခေါင်းတွေ လှိမ့်ကျပြီး နေရာအနှံ့ သွေးတွေ စင်ကုန်လေ၏။ လှေဝမ်းအတွင်းမှ လှေလှော်သူများမှာ ခုခံနိုင်စွမ်းအားမရှိသဖြင့် သူတို့၏ သေခြင်းတရားများနှင့် ကြုံလာရသောအခါတွင်သာ အော်ဟစ်ပြီး အရာအားလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့သည်။
"ဒီပင်လယ်ဓားပြသင်္ဘောက ရပ်သွားပြီလား"
"လီထိုက်လေ့က သင်္ဘောပေါ်က ပင်လယ်ဓားပြအားလုံးကို သတ်လိုက်တာလား။"
ထိုအချိန်တွင် အမြန်ယာဉ်ပေါ်၌ ဧရာမဝေလငါးဂိုဏ်းမှ လှေလှော်သူများသည် သူတို့နောက် လိုက်နေသော ပင်လယ်ဓားပြသင်္ဘောက စွမ်းအင်ပြတ်တောက်သွားသကဲ့သို့ ရပ်တန့်သွားသည်ကို အံ့အားသင့်စွာ သတိပြုမိခဲ့ကြသည်။
အချိန်တိုလေးအတွင်းမှာ လီထိုက်လေ့ဟာ ပင်လယ်ဓားပြသင်္ဘောပေါ်မှ လူဒါဇင်ပေါင်းများစွာကို သတ်ပစ်နိုင်ခဲ့တာကို သူတို့ အံ့အားသင့်နေကြတာဖြစ်သည်။
"ခဏရပ်လိုက်။ လီထိုက်လေ့ကို စောင့်လိုက်ဦး။"
စစ်ခုန်းဟွမ်သည် ဧရာမဝေလငါးဂိုဏ်းမှ လှေလှော်သူများအား စူးချန်ခုန်း ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရန် ချက်ချင်း ရပ်ခိုင်းလိုက်သည်။
ဟောဟဲ!
မကြာခင်မှာပင် ပင်လယ်ထဲကနေ ခေါင်းတစ်လုံး ထွက်လာပြီး သူက စူးချန်ခုန်းပင်ဖြစ်သည်။
တခြားသူတွေက သူတို့လက်ကို အမြန်ထုတ်ပြီး စူးချန်ခုန်းကို ပြန်ဆွဲတင်လိုက်ကြသည်။
"သွားကြရအောင်!"
လှေပေါ်တက်ပြီးတာနဲ့ စူးချန်ခုန်းက ရေစိုနေတဲ့ မျက်နှာကို ကိုင်ပြီး သူတို့ကို အသံနက်ကြီးနဲ့ တိုက်တွန်းလိုက်၏။
အခြားသော ဧရာမဝေလငါးဂိုဏ်းသားများလည်း သင်္ဘောကို ဘေးကင်းစေရန် အရှိန်အဟုန်ဖြင့် ဆက်လက် လှေလှော်ခဲ့ကြသည်။
“သူတို့… လိုက်မမီတော့ဘူး”
လူတိုင်း စိတ်သက်သာရာရစေသည့်အရာမှာ သူတို့သည် တဖြည်းဖြည်း ဝေးကွာလာပြီး နောက်သို့ လိုက်လာသည့် မည်သည့်ပင်လယ်ဓားပြသင်္ဘော မရှိတော့သောကြောင့်ပင်။ သူတို့ အန္တရာယ် ကင်းသွားလေပြီ။
ဒါပေမယ့် စစ်ခုန်းဟွမ်ပဲဖြစ်ဖြစ် စူးချန်ခုန်းပဲဖြစ်ဖြစ် သူတို့ရဲ့ နှလုံးသားထဲမှာ ပျော်ရွှင်မှု အနည်းငယ်မျှသာ ရှိလေ၏။
“အစ်ကိုကြီး…”
စစ်ခုန်းဟွမ်သည် မိုးကုပ်စက်ဝိုင်းဆီသို့ စူးစူးစိုက်စိုက်ကြည့်ကာ သူ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုနှင့် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
စစ်ခုန်းကျန့်သည် ပျက်စီးနေသော ဝေလငါးမည်းတွင်နေခဲ့ပြီး ရန်သူကိုရင်ဆိုင်ကာ အချိန်ဆွဲထားသည်။ ဧရာမဝေလငါးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ငယ်လေးတစ်ယောက်အနေနှင့် အဓိကပစ်မှတ်ထားခံရပြီး ထွက်ပြေးဖို့ အခွင့်အလမ်းသည် မရှိသလောက်နည်းပါးပါသည်။
ရောက်လာသော ဓားပြကြီးသုံးဦးအနက် မိုးပြာပင်လယ်တစ်ခုလုံးတွင် ပဉ္စမအဆင့်ရှိသော သွေးဓားသွားပင်လယ်ဓားပြအုပ်စုမှ လီဟွင်းသည် ပထမအဆင့် ကျွမ်းကျင်သူဖြစ်သည်မှာ သိသာပါသည်။
စစ်ခုန်းကျန့်သည် လီဟွင်းကြောင့် ရလာသော ဒဏ်ရာကို ကုသရန် နှစ်လမှ သုံးလအထိ အချိန်ကြာခဲ့သည်။
စစ်ခုန်းကျန့်၏ ရှင်သန်ရန် အခွင့်အလမ်းနည်းကြောင်းနှင့် သူမသေလျှင်ပင် ပင်လယ်ဓားပြများလက်သို့ ကျရောက်ခြင်းသည်လည်း သူ့အတွက် ကောင်းမွန်မည်မဟုတ်ကြောင်း စစ်ခုန်းဟွမ်က နားလည်၏။
"မုန့်စန်း..." စူးချန်ခုန်းက မုန့်စန်းကို သတ်ပစ်လိုစိတ်များ သူ့နှလုံးသားထဲတွင် အထွတ်အထိပ်သို့ တိုးဝင်လာခဲ့သည်။
နောက်ဆုံးတစ်ခေါက်တုန်းက မုန့်စန်းသည် စစ်ခုန်းကျန့်အတွက် ရည်ရွယ်ထားသော ဆေးပြားကို အဆိပ်ခတ်ရန် အတင်းအကြပ် ခိုင်းစေခဲ့ပြီး ယခုတစ်ကြိမ်တွင် သူသည် သူတို့အား သစ္စာဖောက်ကာ ပင်လယ်ဓားပြအဖွဲ့ ၃ ဖွဲ့၏ ထိပ်သီးတပ်များ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသောကြောင့် ပင်လယ်ပြင်ကျယ်ကြီးတွင် သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။