ဧရာမဝေလငါးဂိုဏ်းခေါင်းဆောင်၏ သေဆုံးမှု။ အလွန်တရာ အစွမ်းထက်သော ရန်သူ!(၂)
Vol. 12 Ch. 178
စူးချန်ခုန်းသည် မုန့်စန်းအား သတ်လိုစိတ်များ တဖွားဖွားပေါ်လာ၏။
လှေပေါ်မှ လူဆယ်ဦးနီးပါးသည် ဧရာမဝေလငါးဂိုဏ်း ဆိပ်ကမ်းဆီသို့ အလှည့်ကျ လှော်ခတ်ခဲ့ကြသည်။
အမြန်လှေသည် ဆိပ်ကမ်းသို့ မရောက်မီ နေ့တစ်နေ့လုံး အချိန်ယူခဲ့ရသည်။
"ဒုတိယ သခင်မလေး!"
ဆိပ်ကမ်းကိုရောက်တော့ ဧရာမဝေလငါးဂိုဏ်းအစောင့်တပ်သားတွေက စူးချန်ခုန်းနဲ့ တခြားသူတွေ ချဉ်းကပ်လာတာကို တွေ့လိုက်ရသည်။ စစ်ခုန်းဟွမ် ဘေးကင်းတာကို မြင်တော့မှ သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။
ဆိပ်ကမ်းတွင် ဆိုက်ကပ်ကာ ဆင်းလာပြီးနောက် စူးချန်ခုန်းသည် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် အရှည် မီတာတစ်ရာစီရှိသော စစ်သင်္ဘော ၁၀ စင်းအနက်မှ ရှစ်စင်းသာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။
"အင်း... အခြေအနေ ဘယ်လိုလဲ"
သူ့နှလုံးသားသည် ဝမ်းနည်းပူဆွေးနေသော်လည်း စစ်ခုန်းဟွမ်က အားလုံးကို ဖုံးကွယ်ကာ ဧရာမဝေလငါးဂိုဏ်းသားတစ်ဦးထံမှ လက်ရှိအခြေအနေကို မေးမြန်းလိုက်သည်။
ဧရာမဝေလငါးဂိုဏ်း၏ တပည့်ဖြစ်သူက ဝမ်းနည်းမှုအပြည့်ဖြင့် ဆိုလေ၏။ "ပင်လယ်ဓားပြအုပ်စုကြီး သုံးခု တိုက်ခိုက်ခံရတော့ ဖြတ်ကျော်ဖို့ သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့ကြပေမယ့် စစ်သင်္ဘောသုံးစင်းပဲ ဘေးကင်းကင်းနဲ့ ပြန်နိုင်ခဲ့ပါတယ်။ ဝေလငါးမည်းနဲ့ ဝေလငါးဖြူတို့ မလွတ်မြောက်ခဲ့ပါဘူး။"
ဒါကိုကြားတော့ စစ်ခုန်းဟွမ်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဂိုဏ်းခေါင်းဆောင်ငယ်လေး စစ်ခုန်းကျန့်အပါအဝင် ဧရာမဝေလငါးဂိုဏ်းတပည့် တစ်ထောင်နီးပါးရှိသော စစ်သင်္ဘောနှစ်စင်း ပြန်မလာနိုင်ခဲ့ပါ။
"နောက်ပိုင်းကျရင် စောင့်ကြည့်တာကို တိုးလိုက်။ အဲ့ဒီပင်လယ်ဓားပြတွေ ဆိပ်ကမ်းကို တိုက်ခိုက်တာကနေ ကာကွယ်ဖို့ ဂိုဏ်းထဲက သိုင်းပညာရှင်ကို ပိုခေါ်လိုက်။" နောက်ဆုံးတွင် စစ်ခုန်းဟွမ်က အမိန့်ပေးလိုက်သည်။
ဧရာမ ဝေလငါးဂိုဏ်းအတွက် ဤဆုံးရှုံးမှုသည် သံသယမရှိလောက်အောင် ဆိုးရွားလွန်းလှသည်။
မီတာတစ်ရာရှည်သော စစ်သင်္ဘောနှစ်စီး တည်ဆောက်ရန် ကုန်ကျစရိတ်မှာ ကြီးမားလွန်းလှပြီး ဧရာမ ဝေလငါးဂိုဏ်း၏ တပည့် တစ်ထောင်နီးပါး ဆုံးရှံးခဲ့ရခြင်းကို ဆိုဖွယ်ရာမရှိတော့ပေ။ ဒီအဖြစ်အပျက်ရဲ့သတင်းသာ ပြန့်နှံ့သွားမည်ဆိုရင် တောနက်စီရင်စုမြို့တော်ရဲ့ သိုင်းလောကကို လှုပ်ခတ်သွားစေလောက်ပေသည်။
ဧရာမ ဝေလငါးဂိုဏ်းသည် မကြုံစဖူး ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
လူတိုင်းက အံ့သြဖွယ်ရာများကို မျှော်လင့်ခဲ့ကြသော်လည်း သုံးရက်ပြည့်ပြီးနောက် ငြိမ်သက်နေသော ပင်လယ်ပြင်နှင့် နယ်ခြားမှ စစ်ခုန်းကျန့် ပြန်လာသည့် အရိပ်အယောင်မတွေ့ရသောကြောင့် ဝေလငါးမည်းကို ကာကွယ်သည့် သူ၏ ခွင့်အရေးများက စိတ်မကောင်းစွာနှင့် အဆုံးသတ်သွားကြောင်း လူတိုင်း နားလည်လိုက်ကြသည်။
ဧရာမဝေလငါးဂိုဏ်း၏ ခန်းမကြီးတစ်ခုအတွင်းတွင် စူးချန်ခုန်းသည် သူ၏နေ့စဉ်လုပ်ရိုးလုပ်စဉ်အတိုင်း အသက်ရှုခြင်းနှင့် ကျင့်ကြံခြင်းတို့ကို လေ့ကျင့်ခဲ့သည်။
"မိုးပြာပင်လယ်က အဲဒီတိုက်ပွဲပြီးတာ လေးရက်ရှိပြီ။ ဧရာမဝေလငါးဂိုဏ်းအတွင်းက လေထုက ဆိုးရွားနေပြီပဲ။"
အသက်ရှုခြင်းနှင့် ကျင့်ကြံခြင်း သံသရာ ပြီးဆုံးပြီးနောက် စူးချန်ခုန်းသည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
တစ်ချိန်က ကျော်ကြားခဲ့သော တောနက်စီရင်စုမြို့၏ ဧရာမဝေလငါးဂိုဏ်းသည် ယခုအခါ ပင်လယ်ဓားပြများ၏ အပြင်းအထန် ရိုက်ခတ်မှုကြောင့် အတွင်းရော အပြင်ရောပါ တုန်လှုပ်သွားခဲ့သည်။
သွေးဆူနေသော ဧရာမဝေလငါးဂိုဏ်းတပည့်အချို့သည် မိုးပြာပင်လယ်မှ ပင်လယ်ဓားပြများကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ဂိုဏ်းအတွင်းမှ ထိပ်သီးများကို စုစည်းစေချင်ကြသည်။
သို့သော် ပထမဆုံးအနေနှင့် ဤပင်လယ်ဓားပြများက လှည့်လည်သွားလာနေကြသူများဖြစ်ပြီး မိုးပြာပင်လယ် ကျွန်းများပေါ်တွင် သူတို့၏ ပုန်းအောင်းရာ နေရာများကို အတိအကျ မသိရသေးပေ။ ဒုတိယအနေနှင့် ဧရာမဝေလငါးဂိုဏ်းသားအချို့သည် အတင်းအကြပ် တိုက်ပွဲတစ်ခု မစတင်မီ ပြန်လည်ထူထောင်ရန် လိုအပ်သည်ဟု ခံစားရသည်။ အနိုင်ရတာက ကောင်းပေမယ့် နောက်ထပ် ဆိုးရွားသော ဆုံးရှုံးမှုကို ဖြစ်ပေါ်စေမည်ဆိုလျှင် အခြေအနေ ပိုဆိုးလာနိုင်ပြီး ဧရာမဝေလငါးဂိုဏ်းကို ပိုမိုနက်ရှိုင်းစွာ ကျဆင်းသွားစေနိုင်သည်။
ဧရာမဝေလငါးဂိုဏ်းအတွင်းတွင် ခေါင်းဆောင်ဂိုဏ်းမှ လူအချို့က စစ်ခုန်းကျန့်က ဝမ့်ထျန်းယွမ်ကို ကိုင်တွယ်ရန် တပ်ဖွဲ့ဝင်များစွာ ခေါ်ဆောင်သွားပြီးနောက်တွင် အဓိက ပင်လယ်ဓားပြအဖွဲ့ ၃ ဖွဲ့ ရုတ်တရက် ရောက်လာတာက သစ္စာဖောက်ရှိနေသည်ဟု ယုံကြည်ကြသည်။ ထုံးစံအတိုင်း မုန့်စန်းအပေါ် သံသယစိတ်များ ကျရောက်လာလေ၏။
သို့သော်လည်း အထောက်အထား ခိုင်ခိုင်မာမာ မရှိဘဲ မုန့်စန်း၏အဖွဲ့ခွဲမှ တပည့်များသည် စစ်ခုန်းကျန့်ကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ယခု ကပ်ဆိုးကြီးတစ်ခု ကြုံခဲ့ရပြီး သူကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သဖြင့် အခြားသူများကို အပြစ်တင်ခြင်းမှာ လုံးဝ ယုတ္တိမရှိဟု ထင်ကြသည်။
"ဂိုဏ်းခေါင်းဆောင်က ဘယ်မှာလဲ။ ဒီလို ကိစ္စကြီးကြီးမားမား ဖြစ်လာရင် ဂိုဏ်းခေါင်းဆောင်က တံခါးပိတ်ကျင့်ကြံတာကနေ ထွက်ပြီး ထိန်းချုပ်သင့်တယ် မဟုတ်ဘူးလား။ သူ့အစွမ်းအစနဲ့ဆိုရင် အရာအားလုံးကို သေချာပေါက် ဖြေရှင်းနိုင်မှာပဲ။"
ပိုပြီး အုတ်အော်သောင်းနင်း ဖြစ်တာက ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံကို တံခါးပိတ် ကျင့်ကြံတာကနေ ထွက်စေပြီး တာဝန်ယူဖို့ပင်။
စစ်ခုန်းယုံသည် ဧရာမဝေလငါးဂိုဏ်းနှင့် တောနက်စီရင်စု တစ်ခုလုံးတွင် အထင်ကြီးလေးစားခံရပြီး သြဇာညောင်းသူဖြစ်သည်။ လက်ရှိအခြေအနေကို ထိန်းချုပ်ဖို့ ကျောက်ဆူးတစ်ခု လိုအပ်နေပြီး စစ်ခုန်းယုံက ထိုကျောက်ဆူးပင်ဖြစ်သည်မှာ သေချာပါသည်။
ဧရာမ ဝေလငါးဂိုဏ်းသည် မိုးပြာပင်လယ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်နှင့် ပတ်သက်၍ လုံး၀ ကမောက်ကမ ဖြစ်နေပြီး ထိန်းမနိုင်သိမ်းမရ ငြင်းခုံမှုများဖြင့် ပြည့်နှက်နေ၏။
ဧရာမဝေလငါးဂိုဏ်းမှာ လေးရက်ကြာနေပြီးမှ စူးချန်ခုန်းသည် သတင်းအချို့ကို တိတ်တဆိတ် စုဆောင်းပြီး ဧရာမဝေလငါးဂိုဏ်းအတွက် လက်ရှိအခြေအနေသည် အလွန်အဆင်မပြေကြောင်း ခံစားမိသည်။
"ဒေါက် ဒေါက် ဒေါက်"
ခန်းမကြီး၏ တံခါးရွက်ကြီးများအား ခေါက်သံထွက်ပေါ်လာပြီး စူးချန်ခုန်းက စစ်ခုန်းဟွမ် ဖြစ်ရမည်ဟု သိလိုက်သည်။
ထို့ကြောင့် စူးချန်ခုန်း မတ်တပ်ထရပ်ပြီး တံခါးကို ဖွင့်လိုက်သည်။
အပြင်ဘက် တံခါးဝတွင် အနည်းငယ် မျက်တွင်းကျနေသော စစ်ခုန်းဟွမ် ပေါ်လာ၏။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း စစ်ခုန်းဟွမ်သည် ကြီးမားသောဖိအားကို မလွဲမရှောင်သာ ခံခဲ့ရသည်။ သူ့အစ်ကို၏ အသက်အန္တရာယ်ကိုသာမက ဂိုဏ်းသားများကိုပါ တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားခဲ့ရသည်။
စစ်ခုန်းဟွမ်တင် ရောက်လာတာမဟုတ်။ သူ့ဘေးတွင် ဆံပင်ဖြူဖြူ မုတ်ဆိတ်မွေးနှင့် အဘိုးအိုတစ်ဦး မတ်တပ်ရပ်နေပြီး သူ့သွားတစ်ဝက်နီးပါး ပျောက်ဆုံးနေကာ အလွန်အိုမင်းနေပြီဖြစ်သည်။
"ဝင်လာခဲ့ပါ။ စကားပြောရအောင်" စူးချန်ခုန်းက သူ့ဘေးနားက အဘိုးအိုကို တစ်ချက်ကြည့်လိုက်ပေမယ့် စစ်ခုန်းဟွမ်က သူ့ကို ခေါ်လာကြောင်း သိလိုက်သဖြင့် သူက ယုံကြည်ရသူဖြစ်မည်ဟု ယူဆကာ စကားပြောရန် ခန်းမထဲသို့ ခေါ်လိုက်သည်။
ခန်းမကြီးအတွင်းတွင် အဘိုးအိုသည် စူးချန်ခုန်းကို လေးလေးနက်နက်ကြည့်ကာ ဆိုလေ၏။"ဟွမ့်အာနဲ့ ကျန့်အာတို့ နှစ်ယောက်လုံး မင်းအကြောင်း အရမ်းပြောတာ အံ့သြစရာ မရှိတော့ပါဘူး။ မင်းက တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ သူရဲကောင်းလေးပဲ။"
“လေးစားရပါတဲ့ ဒီအကြီးအကဲက…” စူးချန်ခုန်းသည် ချီးကျူးစကားကြောင့် မတုန်လှုပ်သော်လည်း ထိုယောက်ျားက မည်သူမည်ဝါဖြစ်မှန်း မသိသောကြောင့် အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သည်။
"သူက အစ်မရဲ့အဖိုး စစ်ခုန်းဝမ်ပါ။"
ထို့နောက် စစ်ခုန်းဟွမ်သည် အဘိုးအို၏ သရုပ်မှန်ကို မိတ်ဆက်ပေးခဲ့သည်။
စစ်ခုန်းဝမ်သည် ဧရာမဝေလငါးဂိုဏ်းတွင် ယခင်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီးနှင့် လက်ရှိ ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံ၏ဖခင်ဖြစ်ကာ ဧရာမဝေလငါးဂိုဏ်းတွင် အခွင့်အာဏာ အတော်အတန်ရရှိထားသည်။
စစ်ခုန်းဝမ်သည် တစ်ချိန်က တောနက်စီရင်စုရှိ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သော်လည်း အသက်ကြီးလာသည်နှင့် ကံအားလျော်စွာ အသက်နှောင်းပိုင်းတွင် ရာထူးမှဆင်းကာ သားဖြစ်သော စစ်ခုန်းယုံအား ဧရာမဝေလငါးဂိုဏ်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆယ်စုနှစ်တွေကြာလာခဲ့ပြီး အခုဆို အသက်တစ်ရာကျော်နေပြီဖြစ်တဲ့ စစ်ခုန်းဝမ်ဟာ အားနည်းလာပြီး သူ့ရဲ့ နုပျိုတဲ့ အားမာန်ကို မပိုင်ဆိုင်တော့ပေ။ သူသည် နောက်ကွယ်တွင် ထုံးစံအတိုင်း အနားယူပြီး လူမြင်ကွင်းတွင် ပေါ်လာတာ ရှားသည်။
သို့သော် စစ်ခုန်းဝမ်သည် ယနေ့ စူးချန်ခုန်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့ပြီး ထူးထူးခြားခြား တစ်စုံတစ်ရာရှိသည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း စူးချန်ခုန်း နားလည်သည်။
"ဒါဆို ဒါက အကြီးအကဲစစ်ခုန်းဝမ်ပေါ့။ အကြီးအကဲစစ်ခုန်းဝမ်ရဲ့ ထင်ရှားကျော်ကြားတဲ့ ဂုဏ်သတင်းကို ကျွန်တော်ကြားဖူးတာ ကြာပါပြီ။"
စူးချန်ခုန်းက တိတ်တဆိတ် မှတ်ချက်ပေးလိုက်သည်။
ထို့နောက် သူက လေသံပြောင်းကာ မေးလိုက်သည်။ “အကြီးအကဲစစ်ခုန်းက တာဝန်တစ်ခုခုရှိလို့ ကျွန်တော့်ကို လာတွေ့တာလား။"