← Chapters

ဧရာမဝေလငါးဂိုဏ်းခေါင်းဆောင်၏ သေဆုံးမှု။ အလွန်တရာ အစွမ်းထက်သော ရန်သူ။ (၃)

Vol. 12 Ch. 179

ဧရာမဝေလငါးဂိုဏ်းခေါင်းဆောင်၏ သေဆုံးမှု။ အလွန်တရာ အစွမ်းထက်သော ရန်သူ။ (၃)

Vol. 12 Ch. 179

စစ်ခုန်းဝမ်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "မိတ်ဆွေလေးစူးက ကျန့်အာ အယောင်ဆောင်ပြီး မုန့်စန်းရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ ကူညီပေးခဲ့တာကို ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက အဖိုးကြားခဲ့ရတယ်။"

စူးချန်ခုန်း တိတ်တဆိတ် နားထောင်နေသည်။

စစ်ခုန်းဝမ်က သက်ပြင်းတစ်ချက်ချရင်း "အခု ဧရာမဝေလငါးဂိုဏ်းရဲ့ အခြေအနေကို လူလေး ကြားဖူးပြီးသားဖြစ်မှာပါ။ ကျန့်အာက ဂိုဏ်းအတွင်း နာမည်ကောင်းရခဲ့ပေမယ့် အခုတော့ ပျောက်ဆုံးသွားပြီ သေဆုံးသွားပြီလို့ ယူဆရတယ်။ အဲဒီအချိန်မှာပဲ မုန့်စန်းက ရည်မှန်းချက်တွေ ပြည့်နှက်နေမှာ။ သူ ဘာမှ မလုပ်သေးပေမယ့် ကိစ္စတွေငြိမ်ကျသွားတာနဲ့ ဂိုဏ်းရဲ့ အာဏာကို သိမ်းပိုက်ဖို့ စောင့်နေတယ်လို့ ယုံကြည်တယ်။"ဟု ဆိုလေ၏။

စူးချန်ခုန်းက ဒါကို ကောင်းကောင်းသိသည်။ မကြာသေးမီရက်များအတွင်း မုန့်စန်းသည် ထင်မြင်ချက်များစွာကို ဝင်မပြောဘဲ အံ့အားသင့်စရာကောင်းလောက်အောင် ခပ်လျှိုလျှိုနေနေသော်လည်း ၎င်းသည် သံသယနှင့် ပျင်းရိစရာ အတင်းအဖျင်းများကို ရှောင်ရှားရန်သာဖြစ်သည်။

မိုးပြာပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဟာ မုန့်စန်းရဲ့ ပြဿနာကြောင့် ဖြစ်နိုင်တယ်လို့ လူအများက သံသယရှိကြသည်။ မုန့်စန်းသည် အနီးကပ် စစ်ဆေးခံနေရသည့် အချိန်မျိုးတွင် ပွင့်ပွင့်လင်းလင်း လုပ်ဆောင်မည်မဟုတ်ပေ။

သို့သော် အချိန်အတော်ကြာပြီး မုန်တိုင်းငြိမ်ကျသွားသည်နှင့် စစ်ခုန်းကျန့် မရှိတော့သည်နှင့် မုန့်စန်းကို ဂိုဏ်းခေါင်းဆောင်အဖွဲ့ခွဲထဲက မည်သူမျှ မယှဉ်နိုင်ပေ။ ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်ရာထူးကို အရယူခြင်းသည် သူ့အတွက် သဘာဝကျပေလိမ့်မည်။

"ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံသာ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာရင် ဒီအခြေအနေကို ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်လား။ သူ့ဂုဏ်သိက္ခာနဲ့ဆိုရင် မုန့်စန်းက ဘယ်မှာ ရူးရူးမိုက်မိုက် ပြုမူရဲမှာလဲ။ စကားတစ်ခွန်းတည်းနဲ့ ဧရာမဝေလငါးဂိုဏ်းကို ပေါင်းစည်းနိုင်မှာပါ!"

စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းအတွင်းရှိ လူများစွာနှင့်အတူ စိတ်ထဲမှ သံသယကို ထုတ်မပြောဘဲ မနေနိုင်ခဲ့။

ဧရာမဝေလငါးဂိုဏ်း၏ လက်ရှိအခြေအနေအတွက် အကြီးမားဆုံးအကြောင်းရင်းမှာ ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံသည် သတင်းတစ်စုံတစ်ရာမရှိဘဲ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခြင်းကြောင့် အခြားသူများကို သံသယဖြစ်လာစေသည်။

စစ်ခုန်းဝမ်၏ အမူအရာပြောင်းသွားပြီး သူ ဘာဆက်ပြောရမည်ကိုတွေးကာ ပါးစပ်ဟလိုက်သည်။ တစ်ဖက်တွင် စစ်ခုန်းဟွမ်က ဆိုလေ၏။ "အဘိုး၊ ကျွန်မ သူ့ကို ပြောပြပါရစေ။ သူက အပြင်လူမဟုတ်ဘူး။ သူ့ကို ပြောရင် ဘာအန္တရာယ်မှ မရှိဘူး!"

“အင်း၊” စစ်ခုန်းဝမ်က သက်ပြင်းချလိုက်ပြီး တိတ်တဆိတ် ခေါင်းခါလိုက်သော်လည်း စစ်ခုန်းဟွမ်ကို မတားခဲ့ပေ။ စူးချန်ခုန်းအား စစ်ခုန်းသားစုကို ကူညီစေလိုပါက အဓိကအသေးစိတ်အချက်များအားလုံးကို ပြောပြခြင်းဖြင့် စိတ်ရင်းမှန်ဖြင့် ယုံကြည်မှုပြရမည်ဟု သူနားလည်သည်။ ထိုသို့ မဟုတ်ပါက မျှော်လင့်ချက်မရှိတော့ပေ။

စစ်ခုန်းဟွမ်က စူးချန်ခုန်းကို ကြည့်ပြီး သူ့ရဲ့ မျက်နှာက ဝမ်းနည်းမှုတွေ ပြည့်နှက်နေ၏ " အစ်မရဲ့ အဖေက ဂိုဏ်းရဲ့ ကိစ္စတွေကို စီမံဖို့ တံခါးပိတ်ကျင့်ကြံတာကနေ မထွက်ချင်တာ မဟုတ်ဘူး။ မထွက်နိုင်တာ... သူ ဆုံးပါးသွားပြီ"

"ဂိုဏ်းခေါင်းဆောင်... ဆုံးပါးသွားပြီလား"

ဤစကားများသည် အပြာရောင်မိုးကောင်းကင်မှ မိုးကြိုးတစ်ခုနှင့်တူသည်မှာ သေချာသည်။ စူးချန်ခုန်း သံသယများ ရှိနေခဲ့သော်လည်း သူ တောင့်တင်း တုန်လှုပ်ကာ အံ့သြသွားဆဲပင်။

စစ်ခုန်းယုံသည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ထင်ကြေးများစွာရှိခဲ့သည်။ သိုင်းပညာလေ့ကျင့်ရာတွင် အဆင်မပြေမှုများရှိခြင်း၊ နတ်ဆိုးများ ဝါးမျိုခံရခြင်း သို့မဟုတ် ဧရာမဝေလငါးဂိုဏ်းတွင် လုံးဝမရှိတော့ဘဲ အောင်မြင်မှုရှာဖွေရန် အခြားနေရာများသို့ ခရီးထွက်ခြင်း စသည်ဖြင့်။

စစ်ခုန်းယုံ အသက်ရှင်နိုင်တော့မည် မဟုတ်ဟု အချို့ကပင် ထင်မြင်ခဲ့ကြသော်လည်း ဒါက မဖြစ်နိုင်သည့်ပုံပင်။

စစ်ခုန်းယုံသည် သူ့ဘဝ၏ အထွတ်အထိပ်တွင်ရှိနေဆဲဖြစ်ပြီး သူ၏ သိုင်းပညာသည် အလွန်အစွမ်းထက်သောကြောင့် တောနက်စီရင်စုရှိ ထိပ်တန်းဆရာသခင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူ့ကို မည်သူက ခြိမ်းခြောက်နိုင်မည်နည်း။ အကယ်၍ သူသည် ဆရာသခင်တစ်ဦးနှင့် တိုက်ခိုက်ပြီး ဒဏ်ရာရခဲ့ပါက သို့မဟုတ် သေဆုံးသွားပါက ထိုသတင်းက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပေလိမ့်မည် ။

ယခုမူ စစ်ခုန်းဟွမ်သည် စစ်ခုန်းယုံ၏ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ပြောခဲ့သည်။ သူသည် သူ၏ သိုင်းပညာကို လေ့ကျင့်ရန် အရေးကြီးသော အခိုက်အတန့်တွင် ရှိနေခဲ့တာ မဟုတ်သလို လေ့ကျင့်မှုတွင်လည်း ကံဆိုးမှု တစ်စုံတစ်ရာ မကြုံခဲ့ရပေ။ ငါးနှစ်မှ ခြောက်နှစ်အထိ လူသိရှင်ကြား မထွက်လာရသည့် အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ သူ ဆုံးပါးသွားခဲ့လေပြီ။

အခြားသူများထံမှ ထိုအကြောင်းကြားရပါက မယုံကြည်ရသော်လည်း စစ်ခုန်းဟွမ်သည် စစ်ခုန်းယုံ၏ သမီးအရင်းဖြစ်ပြီး သူ၏စကားများကို ယုံကြည်၍ရလေသည်။

"ဂိုဏ်းခေါင်းဆောင်က ဘယ်လိုသေသွားတာလဲ။ တောနက်စီရင်စုမြို့တော်မှာ သူ့အစွမ်းအစနဲ့ဆိုရင် သူ့ကိုခြိမ်းခြောက်နိုင်တဲ့လူက လက်တစ်ဆုပ်စာလောက်တောင် မရှိဘူး မဟုတ်လား"

စူးချန်ခုန်းသည် ထိုအဖြေကို မစဉ်းစားဘဲ မနေနိုင်ပေ။ စစ်ခုန်းယုံ ကွယ်လွန်သွားပြီဖြစ်သော်လည်း မည်သည့်အရာက သူ့ကိုသေစေခဲ့သနည်း။

စစ်ခုန်းဟွမ်က သူရဲ့ ငွေရောင်သွားတွေကို တင်းတင်းကြိတ်ရင်း “သူ… အသတ်ခံခဲ့ရတာ။ လွန်ခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်လောက်က အစ်မ ငယ်ငယ်တုန်းက ညတစ်ညမှာ ဖြစ်သွားခဲ့တာ။ အဖေက ရုတ်တရက် တစ်ခုခုကို အာရုံခံမိလို့ ဧရာမဝေလငါးဂိုဏ်းကနေ တစ်ယောက်တည်း ထွက်သွားခဲ့ပြီး သုံးရက်အကြာမှာ အိမ်ကို တိတ်တဆိတ် ပြန်လာခဲ့တယ်။”

“အဲဒီတုန်းက အဖေ… ဒဏ်ရာအပြင်းအထန်ရပြီး သွေးတွေအပြည့်ဖုံးနေခဲ့တာ။ သူ့အတွင်းအင်္ဂါတွေ တစ်စစီဖြစ်ပြီး နှလုံးတစ်ဝက်နီးပါး ပျောက်ဆုံးနေခဲ့တယ်။ ခန္ဓာကိုယ်အနှံ့ အရိုးတွေ မရေမတွက်နိုင်လောက်အောင် ကျိုးပဲ့နေပြီး အရေပြားမှာ မရေမတွက်နိုင်သော ဒဏ်ရာတွေ အက်ကွဲရာတွေနဲ့။ နောက်ဆုံးထွက်သက်မှာ အိမ်ပြန်ဖို့တောင် အနိုင်နိုင်ပဲ… အစ်ကိုကြီးနဲ့ အစ်မကို နှုတ်ဆက်ဖို့ အရောက်ပြန်လာခဲ့တာတဲ့။”

စစ်ခုန်းဟွမ်၏ မျက်နှာသည် ဒေါသနှင့် အကြောက်တရားများ ရောထွေးနေ၏။

ငယ်စဉ်ကတည်းက စစ်ခုန်းဟွမ်၏မျက်လုံးများထဲတွင် စစ်ခုန်းယုံသည် ကျော်ကြားပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို လေးစားရသည့် တောနက်စီရင်စုမြို့တော်ရှိ ဂန္တဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်မှာ သေချာပါသည်။ စစ်ခုန်းယုံကို ဖော်ပြခဲ့သူတိုင်းသည် သူ၏ ဘုန်းတန်ခိုးကို အလွန်ကြည်ညိုလေးစားကြသူများပင်။

သို့သော်လည်း မြို့၏ စွမ်းအားအကြီးဆုံးဟု သတ်မှတ်ခံထားရသော ထိုလူသည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိကာ အိမ်ပြန်နိုင်ရုံသာ ထိန်းထားနိုင်ခဲ့ပြီး စကားနှစ်ခွန်း မပြောနိုင်မီတွင် သေလုမြောပါး ဒဏ်ရာများဖြင့် အနိစ္စရောက်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဒါက မျက်စိရှေ့မှောက်တွင် မိမိ၏ ဖခင်သေဆုံးသွားပုံကို မြင်ခဲ့သည့် စစ်ခုန်းဟွမ်အတွက် ဖျောက်ဖျက်၍မရသော အမှတ်ရစရာတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။

စစ်ခုန်းဝမ်လည်း ဝမ်းနည်းပူဆွေးမှုတွေ အပြည့်နဲ့ ဆိုလေ၏။ "ယုံအာရဲ့ သေဆုံးမှုကို လူတိုင်း မမျှော်လင့်ထားဘူး။ အဲဒီအချိန်တုန်းက ကျန့်အာနဲ့ ဟွမ်အာတို့က တာဝန်ကြီးတွေကိုယူဖို့ ငယ်လွန်းတဲ့အတွက် စစ်ခုန်းမိသားစုကို ဒီသတင်းကို လုံလုံခြုံခြုံထားဖို့ တင်းတင်းကျပ်ကျပ် အမိန့်ပေးခဲ့ပြီး အပြင်လူတွေကို ယုံအာက တံခါးပိတ်ကျင့်ကြံပြီး အဆင့်တက်ဖို့ စီစဉ်နေတယ်လို့ပြောခဲ့တယ်။"

"ဒီလောကထဲက ဘယ်သူကများ ဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံကို သတ်လိုက်တာလဲ"

စူးချန်ခုန်းက ထိတ်လန့်မှုတို့ အပြည့်နှင့်။ ဧရာမဝေလငါးဂိုဏ်းတွင် စစ်ခုန်းယုံ၏ ခွန်အားနှင့် ဂုဏ်သိက္ခာရှိသော ဂုဏ်သတင်းများကို မရေမတွက်နိုင်သော ဇာတ်လမ်းများဖြင့် သူကြားခဲ့ရသည်။

ဧရာမဝေလငါးနည်းပညာကို ကျွမ်းကျင်အဆင့်ထိ ကျင့်ကြံခဲ့ပြီး သူတိုက်ပွဲဝင်လိုက်တိုင်း ရလဒ်က အောင်ပွဲချည်းသာ။

သို့သော် လွန်ခဲ့သော ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်က တစ်ညတွင် အမည်မသိ စွမ်းအားကြီး ရန်သူကို တိုက်ခိုက်ပြီး ရှုံးနိမ့်ကာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

သူသေဆုံးရသည့် အကြောင်းဖုံးကွယ်ထားရခြင်းမှာ စစ်ခုန်းယုံကွယ်လွန်ခြင်းသည် အလွန်အရေးကြီးသော ကိစ္စဖြစ်သောကြောင့်ပင်။ ထိုကိစ္စကိုသိသွားပါက ကသောင်းကနင်းဖြစ်စေနိုင်ပြီး အခွင့်အရေးသမားများကို မလွှဲမသွေ သပိတ်မှောက်စေမည်ဖြစ်သောကြောင့် လျှို့ဝှက်ထားခြင်းဖြစ်သည်။

မူလက စစ်ခုန်းကျန့် အနည်းငယ် ကြီးလာပါက ဂိုဏ်းခေါင်းဆောင် ရာထူးကို ရစေရန်အတွက် ဖြစ်သော်လည်း ယခုအခါတွင် တစ်ချိန်က သိုးရေခြုံခဲ့သော မုန့်စန်းသည် စစ်ခုန်းမိသားစုအား ဆန့်ကျင်ကာ ဝံပုလွေစရိုက်ကို ထုတ်ဖော်ပြသခဲ့လေပြီ။

ယခုအခါတွင် စစ်ခုန်းကျန့်သည် မိုးပြာပင်လယ် ဖြစ်ရပ်အပြီး မည်သည့်နေရာတွင် ရှိနေသည်ကို မသိရပေ။

စစ်ခုန်းဝမ်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။ "ယုံအာကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တဲ့ သူရဲ့ နာမည်ကို မသိရသေးဘူး။ သူ့ရဲ့ အထောက်အထားကို သိနေရင်တောင်... လက်စားချေဖို့ မဖြစ်နိုင်ပါဘူးကွာ။"

စစ်ခုန်းယုံကို သတ်နိုင်သူတိုင်း စိတ်ကူးမယဉ်နိုင်လောက်သော ခွန်အားများကို ပိုင်ဆိုင်ထားမည် ဖြစ်ရာ စစ်ခုန်းမိသားစုက ကလဲ့စားချေဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်လုနီးပါးပင်။

All Chapters