လျှို့ဝှက်လမ်းကြောင်းကိုရှာတွေ့ခြင်း
Vol. 5 Ch. 61
လီယွမ်တွေ့ကြုံခဲ့ရသော ရှားပါးဂူကောင်မှာ ပုစဉ်းရင်ကွဲဂူကောင်ဖြစ်သည်။
ထိုဂူကောင်သည် တစ်ကိုယ်လုံးရွှေရောင်သန်းနေကာ အတောင်၂စုံပါလေ့ရှိပြီး လီယွမ်တွေ့နေရသည်မှာ အတောင်၄စုံပါဂူကောင်ဖြစ်သည်။
ထိုဂူကောင်၏ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းကလည်း အလွန်ရှင်းလင်းပေသည်။သာမန်ဂူကောင်သည် ပုစဉ်းရင်ကွဲဂူကောင် ထိုမှတဆင့် ဆန်းကြယ်ဂူကောင်သည် အတောင်၂ခုရွှေပုစဉ်းရင်ကွဲဂူကောင်ဖြစ်ကာ ရှားပါးဂူကောင်သည်ကား အတောင်၄ခုပါရွှေပုစဉ်းရင်ကွဲဂူကောင်ဖြစ်သည်။
ထိုမှတဆင့် ထူးခြားဂူကောင်အဆင့်ဖြစ်သော အတောင်၆ခုပါပုစဉ်းရင်ကွဲဂူကောင်အဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်သည်။ဤဆင့်ကဲဖြစ်စဉ်လမ်းကြောင်းတစ်ခုလုံးသည် ပုံသေနည်းအတိုင်းရိုးရှင်းသော်လည်း ထိုသို့ဆင့်ကဲဖြစ်ပေါ်စေရန် ကြမ်းတမ်းသောအခြေအနေတွင်ရှိသည်။
"ဘာပဲဖြစ်ဖြစ်...ဒီကောင့်ကိုအရင်ဖမ်းလိုက်ရအောင်"
လီယွမ်သည် ရှေ့သို့အမြန်တိုးလိုက်ကာ အတောင်၄ခုပါ ရွှေပုစဉ်းရင်ကွဲဂူကောင်အား ဖမ်းဆုပ်လိုက်ပြီး ချက်ချင်းယူဆောင်လိုက်သည်။
လီယွမ်၏ရှေ့တွင် တစ်ကိုယ်တည်းဖြစ်နေသောဂူကောင်များက စဉ်းနှီတုံးပေါ်တင်ဆောင်ထားသော ငါးနှင့်ပင်တူနေပေသည်။
"ဆက်ရှာရတာပေါ့..."
လီယွမ်သည် အတောင်၄ခုပါ ရွှေပုစဉ်းရင်ကွဲဂူကောင်ကို အနက်ရောင်အိုးထဲသို့ ပစ်ထည့်လိုက်ပြီးနောက်တွင် ရှောင်ကိုင်နှင့်ဝူမေ့တို့နှင့်အတူ ရှေ့သို့ဆက်သွားခဲ့သည်။
နောက်ထပ်တစ်ညကုန်ဆုံးသွားပြီးနောက်...
လူတစ်ယောက်နှင့်ဂူကောင်၂ကောင်သည် ကျောရိုးသဏ္ဍာန်သစ်ပင်၏အစွန်းဘက်တွင် ဒုတိယမြောက်ရှားပါးဂူကောင်ဖြစ်သော သွေးကြောဂူကောင်ကို ရှာတွေ့ခဲ့သည်။
ထိုဂူကောင်၏ပင်မခန္ဓာကိုယ်မှာ အိပ်မက်သစ်ပင်၏ အကိုင်းအခက်ပင်ဖြစ်သည်။
၎င်းသည် အိပ်မက်သစ်ပင်မှ ခွဲထွက်လာပြီးနောက်တွင် ဂူအင်မော်တယ်လျှို့ဝှက်နယ်ပယ်နှင့် ဂူအင်မော်တယ်၏အလိုဆန္ဒက လွှမ်းမိုးသွားခဲ့ပြီးနောက် ရှားပါးသောအပင်မျိုးစိတ်ဂူကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ထိုဂူကောင်သည် လူ့ခန္ဓာကိုယ်ရှိ သွေးကြောများနှင့်ဆင်တူ၍ သွေးကြောဂူကောင်ဟု အမည်ပေးထားခြင်းဖြစ်သည်။
၎င်းကိုပင်မဂူကောင်အဖြစ် သန့်စင်ပြီးနောက်တွင် ထိုဂူကောင်သည် ခန္ဓာကိုယ်အတွင်းရှိသွေးကြောများကို အားကောင်းစေကာ ဂူသခင်၏ခန္ဓာကိုယ်မရီဒျန်များကို သိမ်မွေ့စွာထိန်းချုပ်ပေးနိုင်သည်။
လီယွမ်သည် အပိုစကားပြောမနေဘဲ သွေးကြောဂူကောင်အား အနက်ရောင်အိုးထဲပစ်ထည့်လိုက်သည်။
"တစ်ကောင်ပဲကျန်တော့တယ်..."
ဤခရီးစဉ်အတွက် လီယွမ်၏ရည်မှန်းချက်မှာ ဆဌမမြောက်ပင်မဂူကောင်အား ရရှိရန်ဖြစ်သည်။ထို့ကြောင့်လီယွမ်သည် ထူးခြားဂူကောင်နီးပါးအစွမ်းထက်သည့် ရှားပါးဂူကောင်မျိုးမှမဟုတ်လျှင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပေ။
စတုတ္ထနေ့ မနက်စောစော...
လီယွမ်သည် တတိယမြောက်ရှားပါးဂူကောင်ကို တွေ့ရှိခဲ့သည်။
ထိုကောင်ကို မြေကြီးလမ်းလျှောက်ဂူကောင်ဟုခေါ်ပြီး ၎င်း၏ပုံစံအစစ်အမှန်မှာ သင်းခွေချပ်ဖြစ်သည်။ထိုကောင်သည် အန္တာရယ်အား သတိပြုမိပြီးနောက် မြေကြီးထဲသို့ တိုး၀င်ပျောက်ကွယ်သွားလေ့ရှိသည်။
"မင်းဘယ်သွားမှာလဲ..."
လီယွမ်ထံတွင် အချိန်များစွာမကျန်ရှိတော့သည်ဖြစ်ရာ မြေကြီးလမ်းလျှောက်ဂူကောင်အား အဘယ်ကြောင့်အလွတ်ပေးရမည်နည်း။ချက်ချင်းဆိုသလိုပင် လီယွမ်သည် ခွန်အားသုံး၍ သင်းခွေချပ်တူး၀င်သွားသည့် မြေကြီးဆီရောက်လာကာ လက်ဖြင့်တူးထုတ်လိုက်သည်။
ဘန်း...
လီယွမ်၏လက်သီးချက်ကြောင့် မြေပြင်ကပြိုလဲသွားခဲ့သည်။
"ဟင်..."
ထိုအခိုက်အတန့်၌ မြေကြီးအောက်တွင် လျှို့ဝှက်လမ်းကြောင်းတစ်ခုရှိနေကြောင်း လီယွမ်ခံစားမိလိုက်သည်။
လီယွမ်သည် အန္တာရယ်အငွေ့အသက်ကို ခံစားမိလိုက်သည့်အတွက် လျှို့ဝှက်လမ်းကြောင်းမှနေ၍ အဝေးသို့ဆုတ်ခွာလိုက်သည်။
"မေ့လိုက်တော့..."
ထိုမြေအောက်လမ်းကြောင်းထဲတွင် သူမသိနိုင်သော အန္တာရယ်များစွာနှင့်ပြည့်နှက်နေကာ သူ၏စိတ်စွမ်းအားကိုလည်း ၁၀မီတာအထိသာ ထုတ်လွှတ်နိုင်သောကြောင့် လီယွမ်သည် စွန့်စားရန်ဆန္ဒမရှိဘဲ ထိုနေရာမှလှည့်ထွက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် အမှောင်ထု၏နက်ရှိုင်းသော အလင်းရောက်အောက်၌ တောက်ပသော ရောင်စုံအလင်းတန်းတစ်ခုကို လီယွမ်တွေ့မြင်လိုက်ရသည်။
"ဒါ...ဒါက အိပ်မက်သစ်ပင်ရဲ့အငွေ့အသက်ပဲ"
အိပ်မက်သစ်ပင်သည် အလွန်ပင်ရှားပါးသောအရာတစ်ခုဖြစ်၍ လီယွမ်စိတ်လှုပ်ရှားလာခဲ့သည်။
အိပ်မက်သစ်ပင်သည် ရှားပါးသောအရာဖြစ်ပြီး လီယွမ် စိတ်လှုပ်ရှားစေသည်။
"ဝူမေ့...ပျံသန်းနိုင်တဲ့အင်းဆက်တွေ...လင်းနို့တွေကိုထိန်းချုပ်ပြီး အောက်ကိုတစ်ချက်ဆင်းကြည့်စမ်း"
ထူးခြားဂူကောင်ကဲ့သို့ အဖိုးတန်သောရတနာတစ်ခုနှင့်ရင်ဆိုင်ရသောအခါတွင် လီယွမ်၏သတိရှိသော ပင်ကိုယ်စရိုက်ပင် နှောင့်ယှက်ခံခဲ့ရသည်။သို့သော် အကြောင်းအရင်းမသိရဘဲ သူကိုယ်တိုင်နက်နက်ရှိုင်းရှိုင်း၀င်ရောက်ကာ မစွန့်စားရဲသေးပေ။
"ကီ...ကီ..."
ပင့်ကူဘုရင်မဂူဂောာင်၏ အစွမ်းကြောင့် ဝူမေ့သည် မြေအောက်အနက်ပိုင်းထိ ရှင်းရှင်းလင်းလင်းတွေ့မြင် ပျံသန်းနိုင်စွမ်းရှိသော အင်းဆက်များနှင့်လင်းနို့များကို အလွယ်တကူပင် ထိန်းချုပ်နိုင်ခဲ့သည်။
ခဏအကြာတွင် ရောင်စုံအလင်းတန်းများက တဖန်တောက်ပလာခဲ့သည်။
လီယွမ်သည် ဝူမေ့ပို့လွှတ်လိုက်သော အတွေးပုံရိပ်များကြောင့် အမှောင်ထဲ၌ပင် မြေအောက်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည်။လီယွမ်သည် မြေအောက်ထဲ၌ မရေမတွက်နိုင်အောင်ရောယှက်နေသော အမြစ်များကိုတွေ့လိုက်ရသည်။
ထိုသို့ရောယှက်နေသော အမြစ်များသည် တစ်နေရာတွင်စုပုံနေခဲ့ကာ ရောင်စုံမီးပုံးများသဖွယ် စိတ်ကူးယဉ်ဆန်ဆန်လင်းလက် တောက်ပနေခဲ့သည်။
လီယွမ်အား ပို၍အံ့ဩစေသည်မှာ ထိုသို့ရှုပ်ထွေးပွေလှီနေသော အမြစ်များအောက် အလင်းရောင်ခပ်မှိန်မှိန်အောက်တွင် ကြောက်စရာကောင်းလောက်အောင်ပင် ထူးဆန်းသောဧရာမခေါင်းတလားတစ်ခု ရှိနေခြင်းပင်ဖြစ်သည်။
ထိုအရာမှာ အမှောင်ထုထဲမှ တစ်စုံတစ်ခုက သူ့အားလှမ်းကြည့်နေသကဲ့သို့ဖြစ်သည်။
"ငါသွားကြည့်သင့်လား..."
လီယွမ်၏စိတ်ထဲတွင် အတော်လေးဒွိဟဖြစ်နေခဲ့သည်။
ထိုနေရာတစ်ခုလုံးကို အထူးစွမ်းအင်တစ်ခုက လွှမ်းခြုံထားခဲ့ကာ ဝူမေ့ထိန်းချုပ်ထားသော လင်းနို့များနှင့်ပျံသန်းနိုင်သော အင်းဆက်ပိုးမွှားများသည် ထိုနေရာထိနက်ရှိုင်းစွာ ထိုးဖောက်စုံစမ်းနိုင်စွမ်းမရှိပေ။သို့ဖြစ်ရာ အဖြေကိုရလိုပါက သူကိုယ်တိုင်သွားရောက်ရမည်ဖြစ်သည်။
"ဒီနေရာက ဂူအင်မော်တယ်ညဏ်အလင်းရခဲ့တဲ့နေရာပဲလေ...အခြားသူတွေရဲ့အလောင်းတွေကို မြုပ်ထားလို့ရလို့လား..."
"ဒီနေရာမှာ မြုပ်နှံထားတာက ဂူအင်မော်တယ်ရဲ့ဆွေမျိုးဒါမှမဟုတ် သူငယ်ချင်းများလား"
လီယွမ်က ခန့်မှန်းလိုက်မိသည်။
အကယ်၍ သူသာထိုနေရာသို့၀င်သွားပါက ထူးဆန်းသောအရာတစ်ခုကြောင့် ခြောက်လန့်ခံရဖွယ်ရှိကာ နောက်ပိုင်းတွင်ကံမကောင်းမှုတို့က လွှမ်းခြုံလာနိုင်ပေသည်။
လီယွမ်အရှုံးပေးခါနီးဆဲဆဲတွင် မြေအောက်လမ်းကြောင်း၏အ၀င်၌ လှုပ်ရှားမှုအချို့ကိုတွေ့လိုက်ရသည်။
"နောက်တစ်ယောက်ရှိနေတာလား..."
လီယွမ်သည် အခြားသောနန်းတော်၈ခုမှ လူများကလည်း အခွင့်အလမ်းများအားရှာဖွေရန် ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲသို့ မကြာခဏလာတတ်ကြောင်း စီနီယာအမပြောခဲ့သည်ကို သတိပြန်ရလိုက်သည်။ယခုအခါ သူသည်ထိုလူများနှင့်တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"အစ်ကို...ဆရာပြောတာတကယ်လား...ဓားနတ်သမီးရဲ့ရုပ်အလောင်းကို ဒီမှာတကယ်မြုပ်နှံထားတာလား..."
စူးရှရှအသံက အမှောင်လမ်းကြောင်းထဲ ပဲ့တင်ထပ်သွားခဲ့သည်။
"ဆရာက ငါတို့ကိုလိမ်မယ်ထင်လို့လား"
နောက်ထပ်အားကောင်းကောင်းအသံတစ်ခုက ပြန်ဖြေလိုက်သည်။
"သေစမ်း...ဘာကောင်လဲဟ"
သူတို့နှစ်ယောက်သည် ရှေ့သို့လျှောက်လာရင်း လျှို့ဝှက်လမ်း၏အစွန်၌ရပ်နေသော လီယွမ်ကို ရုတ်တရက်တွေ့လိုက်ရ၍ ကြောက်လန့်တကြားထခုန်လိုက်ကြကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
"မင်းက န၀မနန်းတော်ရဲ့ဂျူနီယာတစ်ယောက်လား"
ထိုလူ၂ယောက်သည် သတိပြန်၀င်လာပြီးနောက် မေးမြန်းလိုက်သည်။
"ဟုတ်တယ်...မင်းတို့က သတ္တမ ဒါမှမဟုတ် အဌမနန်းတော်ကလား"
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
ကျောရိုးသဏ္ဍာန်သစ်ပင်နှင့် အနီးစပ်ဆုံးမှာ သတ္တမနန်းတော်၊အဌမနန်းတော်နှင့်န၀မနန်းတော်တို့ဖြစ်ကြသည်။ထိုနန်းတော်၃ခုမှတပည့်များသည် ရံဖန်ရံခါဆိုသလို အခွင့်အလမ်းများကိုရှာဖွေရန်အတွက် ဤနေရာသို့ရောက်လာလေ့ရှိကြသည်။
"ငါတို့ကသတ္တမနန်းတော်ကလေ မောင်လေး...ငါ့နာမည်က ရှယွဲ့လျန် ဒါကတော့ ငါ့ရဲ့စီနီယာအစ်ကိုဖြစ်တဲ့ ကျောက်ပိုင်တုံ..."
အမျိုးသမီးက ပြုံး၍နှုတ်ဆက်လိုက်သည်။
"ငါက လီယွမ်ပါ..."
လီယွမ်သည် သတ္တမနန်းတော်အကြောင်းကို များစွာသိရှိထားပေသည်။
သတ္တမနန်းတော်၏ခေါင်းဆောင်သည် ရှမိသားစု၏ခေါင်းဆောင်ဖြစ်သလို အခြားကမ္ဘာမှမြွေဟုအမည်ရသော ပင်မဂူကောင်နှင့် လက်ထပ်ထိမ်းမြှားခဲ့သူဖြစ်သည်။
"ဂျူနီယာညီလေးလီယွမ်...ငါတို့ပြောလိုက်တဲ့စကားတွေကို ကြားလိုက်လား"
ကျောက်ပိုင်တုံက မေးလိုက်သည်။
ယခုလေးတင် ကျောက်ပိုင်တုံနှင့်ရှယွဲ့လျန်တို့သည် ဓားနတ်သမီး၏ရုပ်အလောင်းကို ဤနေရာတွင် မြှုပ်နှံထားသည်ဟု ပြောဆိုနေသည်ကို လီယွမ်ကြားလိုက်မိ၍ အံ့ဩနေခြင်းဖြစ်သည်။
"ဓားနတ်သမီးက အိပ်မက်သစ်ပင်ရဲ့အောက်မှာ အိပ်စက်နေတာလား"
"စိတ်မပူနဲ့ဂျူနီယာမောင်လေး...ငါတို့မှာမကောင်းတဲ့ရည်ရွယ်ချက်မျိုးမရှိပါဘူး...စိတ်အေးအေးထားပါ"
ရှယွဲ့လျန်က ပြုံး၍ပြောလိုက်သည်။
"ကောင်းပါပြီ..."
လီယွမ်က သက်ပြင်းချမိလိုက်သည်။
အကယ်၍ ဤစီနီယာမောင်နှမကသာ သူ့အားနှုတ်ပိတ်သတ်ဖြတ်လိုပါက သူကငြိမ်ခံနေမည်မဟုတ်ဘဲ လွန်ကဲသောအနေအထားဖြင့် သူ့ကိုယ်သူခုခံကာကွယ်သွားမည်ဖြစ်သည်။
"ညီလေးလီယွမ်...မင်းအထဲကိုစူးစမ်းကြည့်ပြီးပြီလား"
ကျောက်ပိုင်တုံက မေးမြန်းလိုက်သည်။
"ငါအဝေးကနေ လှမ်းကြည့်တာပဲရှိတာပါ..."
"အထဲမှာ ဘာတွေတွေ့လိုက်လဲ"
"တလက်လက်တောက်ပနေတဲ့ သစ်ပင်အမြစ်တွေရယ်...ခေါင်းတလားကြီးတစ်ခုရယ်ပေါ့..."
လီယွမ်သည် ရှောင်ကိုင်နှင့်ဝူမေ့တို့အား သူ၏အ၀တ်အစားထဲ၌ ဝှက်နေရန်ပြောထားခဲ့ကာ သူမည်ကဲ့သို့စုံစမ်းသိရှိခဲ့သည်ကို ထုတ်ဖော်မပြောခဲ့ပေ။
"သေချာတယ်...ဓားနတ်သမီးရဲ့ရုပ်အလောင်းက အထဲမှာရှိနေတယ်...ညီမလေး ငါတို့သွားကြရအောင်..."
ကျောက်ပိုင်တုံက စိတ်လှုပ်ရှားနေသောလေသံဖြင့်ပြောလိုက်သည်။
"အစ်ကို...အထဲမှာ အန္တာရယ်ရှိနိုင်တယ်"
ရှယွဲ့လျန်က မဝံ့မရဲဖြင့် နောက်ပြန်ဆုတ်လိုက်သည်။
"ညီလေးလီယွမ်တောင်မှ ဒဏ်ရာကင်းကင်းနဲ့ ပြန်ထွက်လာခဲ့တာပဲ...ငါတို့၂ယောက်သာ ပူးပေါင်းထားလိုက်မယ်ဆိုရင် ဘာကိုကြောက်နေရအုံးမှာလဲ...ပြီးတော့ဆရာပေးထားတဲ့ရတနာတွေလည်း ငါ့မှာရှိနေတာပဲလေ"
ကျောက်ပိုင်တုံ၏အမြင်တွင် လီယွမ်သည် န၀မနန်းတော်၏ သာမန်တပည့်တစ်ယောက်သာဖြစ်သည်။သူနှင့်ဂျူနီယာညီမဖြစ်သူတို့မှာ နန်းတော်သခင်၏တိုက်ရိုက်တပည့်များဖြစ်ကြသည့်အတွက် သူတို့၏စွမ်းအားက များစွာပိုမြင့်ပေသည်။
"ကောင်းပြီလေ..."
ခဏတာ ချီတုံချတုံဖြစ်ပြီးနောက် ရှယွဲ့လန်က နောက်ဆုံးတွင် သဘောတူညီလိုက်သည်။
"ညီလေးလီယွမ်...မင်းကောငါတို့နဲ့အတူတူလိုက်ခဲ့မလား"
ကျောက်ပိုင်တုံက မေးလိုက်သည်။
"ငါနည်းနည်းတော့ကြောက်နေတယ်..."
လီယွမ်သည် အနည်းငယ်ရှက်ရွံ့နေသောလေသံဖြင့် ဟန်ဆောင်ပြောလိုက်သော်လည်း သူအမှန်တကယ်ကိုကြောက်ရွှံနေခြင်းဖြစ်သည်။
"ငါတို့နောက်သာလိုက်ခဲ့...ငါတို့မင်းကိုကာကွယ်ပေးမယ်..."
ကျောက်ပိုင်တုံသည် အရေးကြီးသောအခိုက်အတန့်တွင် ခေါင်းတလားအဖုံးကိုဖွင့်ပေးရန် တစ်စုံတစ်ယောက်လိုအပ်ကြောင်း ခံစားမိလိုက်သည်။ထိုအတွက် လီယွမ်က လမ်းကြောင်းရှာဖွေရန် အလွန်သင့်တော်ပေသည်။
"ကောင်းပြီ..."
ယခုလို ဦးဆောင်ပေးမည့်သူနှင့်ဆိုပါက ပို၍လုံခြုံမှုရှိသည်ဟု လီယွမ်ခံစားရသည့်အတွက် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့၃ယောက်သည် သဘောတူညီမှုရရှိပြီးနောက် ချက်ချင်းပင်ရှေ့တက်လာခဲ့ကြသည်။
"စီနီယာအစ်မယွဲ့လျန်...ငါတစ်ခုလောက်မေးလို့ရမလား...မင်းတို့ပြောပြောနေတဲ့ ဓားနတ်သမီးဆိုတာ ဘယ်သူ့ကိုပြောတာလဲ"
လီယွမ်သည် အလွန်ပင်သိချင်နေခဲ့သည်။
"မောင်လေးလီယွမ်...မင်းဒါကိုမသိဘူးပေါ့...မင်းကအတွင်းစည်းရောက်တာ သိပ်မကြာသေးဘူးထင်တယ်"
ရှယွဲ့လျန်က မေးမြန်းလိုက်သည်။
"အမှန်ပဲ..."
လီယွမ်က ခေါင်းညိတ်ကာ၀န်ခံလိုက်သည်။
ယင်းစကားက ရှေ့မှဦးဆောင်သွားနေသော ကျောက်ပိုင်တုံကို ပို၍စိတ်ချလက်ချဖြစ်စေခဲ့သည်။ဆဌမအဆင့်ကိုရောက်ရောက်ချင်း ဤနေရာသို့ရောက်လာသော ဂူသခင်သည် သူ့အတွက် ကိုင်တွယ်ရလွယ်ကူသူဖြစ်သည်။
"ဒါဆို မင်းကိုရှင်းပြပေးမယ်...ပြောရမယ်ဆိုရင် ဓားနတ်သမီးရဲ့ဒဏ္ဍာရီက နှစ်ပေါင်း၃၀၀၀လောက်ရှိနေပြီ"
ရှယွဲ့လျန်က ချိုချိုသာသာပြုံး၍ပြောလိုက်သည်။