ခွန်းလွန်တောင်ကြားအခမ်းအနားစတင်ခြင်း
Vol. 5 Ch. 72
နင်ဟုန်ယုနှင့်အတူ စန်းလန်တပ်၏ဌာနချုပ်စခန်းသို့ လိုက်သွားပြီးနောက် လီယွမ်သည် မရင်းနှီးသောမျက်နှာများစွာကို တွေ့လိုက်ရသည်။သူတို့အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အော်ရာများကို ထုတ်လွှတ်နေကြသည်။
ဂူသခင်များနှင့်စစ်သည်တော်များစွာတို့သည် ဤနေရာ၌စုရုံးရောက်ရှိလာခဲ့ကြသည်။
လီယွမ်သည် တစ်ချက်ကြည့်လိုက်ရုံမှ နန်းတော်ကိုးခုဂူအသိုက်မှ ထိပ်တန်းတပည့်များစွာရောက်ရှိလာကြောင်း တွေ့လိုက်ရသော်လည်း နန်းတော်သခင်များ ရောက်လာသလား သူမသိရပေ။
မကြာမှီ စန်းလန်ဘုရင်ရှောင်ယွမ်သည် အဘွားကြီးတစ်ယောက်နှင့်အတူ တဲထဲမှထွက်လာခဲ့သည်။
"စန်းလန်ဘုရင်နဲ့န၀မနန်းတော်သခင်ကို အရိုအသေပြုပါတယ်"
လူတိုင်းက အရိုအသေပေးလိုက်ကြသည်။
လီယွမ်သည် န၀မနန်းတော်သခင်အား ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်သည်။
ဆက်စပ်မှုအရဆိုလျှင် န၀မနန်းတော်သခင်သည် စန်းလန်မင်းသမီး၏ဆရာဖြစ်ကာ စန်းလန်ဘုရင်ထက်စာလျှင် ဝါစဉ်ရင့်သူတစ်ယောက်ဖြစ်သည်။
"အားလုံးပဲ...မင်းတို့ကိုအရေးကြီးတဲ့တာ၀န်တစ်ခုပေးဖို့အတွက် မင်းတို့ကိုဆင့်ခေါ်လိုက်ရတာပဲ..."
စန်းလန်ဘုရင်သည် လက်နှစ်ဖက်ကိုနောက်ကျောပိုက်၍ ဖြည်းညှင်းစွာပြောလိုက်သည်။
"မနေ့က ငါတို့ရဲ့သူလျှိုတွေက နတ်ဆိုးတွေရဲ့ခြေရာလက်ရာကို ရှာတွေ့ခဲ့တယ်...နတ်ဆိုးတွေက ခွန်းလွန်တောင်ကြားကိုတိုက်ခိုက်ပြီးတော့ အခမ်းအနားကိုနှောင့်ယှက်ကြလိမ့်မယ်"
"ဒါယန်းတော်၀င်မိသားစုရဲ့ ပြန်လည်နိုးထလာမှုနဲ့ ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးဟာ ခွန်းလွန်တောင်ကြားအခမ်းအနားပေါ်မူတည်နေတယ်...မနက်ဖြန်အခမ်းအနားကို အမှားအယွင်းမခံနိုင်ဘူး"
"ဘုရင်ခံတွေရဲ့စွမ်းအားနဲ့ဆိုရင် ခွန်းလွန်တောင်ကြားကို ကာကွယ်ဖို့လွယ်ကူတယ်...ဒါပေမဲ့ လူသားတွေရဲ့နှလုံးသားက သဟဇာတမဖြစ်နိုင်သလို အချို့လူတွေကသစ္စာဖောက်ဖို့ ကြံရွယ်ထားကြတယ်"
"ဒါကြောင့် မနက်ဖြန်ကာကွယ်ရေးစည်းကြောင်းမှာ လစ်ဟာမှုအချို့ရှိလိမ့်မယ်...မင်းတို့ရဲ့တာ၀န်က အဲနေရာတွေကိုဖာထေးဖို့ပဲ"
စန်းလန်ဘုရင်၏ သဘောထားက ရှင်းလင်းပေသည်။
ယခင်က ရှင်းကျန်းတောင်ပိုင်းအားထိန်းချုပ်ရာတွင် စန်းလန်ဘုရင်နှင့်ယှဉ်ပြိုင်ရန်အတွက် ယိုဘုရင်သည် နတ်ဆိုးများနှင့်ပွင့်ပွင့်လင်းလင်းပူးပေါင်းလုနီးပါးဖြစ်ခဲ့သည်။ထိုအချိန်က ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်နေသည့်အတွက် ညဇီးကွက်အစောင့်များက ထိုကိစ္စအား ဂရုမစိုက်နိုင်ခဲ့ကြပေ။
ယိုဘုရင်တစ်ယောက်တည်းကသာ သစ္စာဖောက်ဖြစ်ဟန်မရပေ။
"အမိန့်ကိုလိုက်နာပါမယ်..."
လူတိုင်းက ဦးညွတ်အလေးပြုလိုက်ကြသည်။
ထို့နောက် စန်းလန်ဘုရင်၏ လက်အောက်ငယ်သားများသည် မြေပုံတစ်ခုအားထုတ်ယူလိုက်ကာ လူတိုင်းမြင်တွေ့နိုင်စေရန် လေထဲဖြန့်ကျက်ထားလိုက်သည်။
ရှောင်ယွမ်သည် ဗျူဟာမြောက်တည်နေရာများကို ထောက်ပြခဲ့ကာ ထိုနေရာများအားကာကွယ်ရန် လူတိုင်းအားတာ၀န်ပေးခဲ့သည်။
လီယွမ်နှင့်နင်ဟုန်ယုတို့သည် စန်းလန်တပ်တော်၏တပ်ဖွဲ့တစ်ခုနှင့်အတူ ထျန်းယွမ်တောင်ထိပ်သို့သွားရာလမ်းအား စောင့်ကြပ်ရန်အတွက် အတူတကွတာ၀န်ပေးခြင်းခံခဲ့ရသည်။
"စီနီယာအစ်မ...ငါတို့နန်းတော်၉ခုဂူအသိုက်က နန်းတော်သခင်တစ်ယောက်ပဲ ရောက်လာတာလား..."
လီယွမ်က စိတ်၀င်တစားမေးမြန်းလိုက်သည်။
"ဆဌမနန်းတော်သခင်လည်း ရောက်နေတယ်လို့ပြောကြတယ်...ဒါပေမဲ့ ဆဌမနန်းတော်သခင်ဟာ သူ့ရဲ့ရုပ်သွင်အစစ်ကို ဘယ်တော့မှထုတ်မပြဖူးဘူး...သူ့ရဲ့ပင်မဂူကောင်က မျက်နှာတစ်ထောင်ဂူကောင်လေ...သူဟာသေမျိုးကမ္ဘာတစ်ခုလုံးကိုလျှောက်သွားနေတတ်ပြီး လူအနည်းငယ်လောက်ကပဲ သူ့ကိုမှတ်မိကြတယ်"
နင်ဟုန်ယုကပြောလိုက်သည်။
"တကယ်ကြီးလား..."
နန်းတော်သခင်၉ယောက်ထဲတွင် နတ်ဘုရားကဲ့သို့ လူအချို့ရှိနေကြောင်း လီယွမ်တစ်ယောက် ထူးဆန်းစွာခံစားလိုက်ရသည်။
…
လီယွမ်သည် တစ်ညလုံးအိပ်မပျော်ခဲ့ဘဲ ခပ်စောစောနိုးလာခဲ့သည်။
အာရုဏ်ဦးအချိန်တွင် ထျန်းယွမ်တောင်ထိပ်၌ ထွန်းညှိနိုင်သောမီးတောက်သည် နေမင်းကြီးတစ်ခုသဖွယ် ခွန်းလွန်တောင်ကြားကို လင်းထိန်စေခဲ့သည်။
နေရာအသီးသီးတွင် အာတိတ်ရေခဲပြင်မျိုးနွယ်စုက စီရင်ထားခဲ့သော အလံတိုင်များကလည်း စတင်တောက်ပလာခဲ့သည်။
နယ်မြေအသီးသီး၌ စိုက်ထူထားသောအလံများသည် ခွန်းလွန်တောင်ကြားတစ်ခုလုံးအား မမြင်တွေ့နိုင်သောစွမ်းအားဖြင့် လွှမ်းခြုံထားခဲ့သည်။အပြောကျယ်သော ခွန်းလွန်တောင်ကြားသည် စီးဆင်းနေသောအလင်းလွှာဖြင့် ဖုံးလွှမ်းခံထားရသည်။
"နောက်ဆုံးတော့စပြီပေါ့..."
ဒါယန်းတော်၀င်မိသားစု၏ စစ်မှန်သောမင်းသားတစ်ပါးအနေဖြင့် လီယွမ်၏ခံစားချက်က ပိုမိုရှင်းလင်းလာခဲ့သည်။ခွန်းလွန်တောင်ကြားအောက်၌ မြုပ်နှံထားသော နဂါးသွေးကြောများက စတင်လှုံဆော်ခံခဲ့ရသည်။
သို့သော်လည်း ထိုအရာကိုအလုံးစုံထွက်ပေါ်လာစေရန် မစွမ်းဆောင်နိုင်သေးသည့်အတွက် အပြည့်အ၀ထွက်ပေါ်လာမည်မဟုတ်ပေ။
ထိုသို့ဖြစ်ရခြင်း၏ တရားခံမှာ သူသာလျှင်ဖြစ်သည်။
ထိုအရာကပင် ခွန်းလွန်တောင်ကြားအခမ်းအနားကို ကျရှုံးစေမည်ဖြစ်သည်။
လီယွမ်သည် တောင်ထိပ်အားလှမ်းကြည့်လိုက်ရာ တောက်လောင်နေသောမီးတောက်၏ ရောင်ပြန်ဟပ်မှုအောက်၌ ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ထိုပုံရိပ်သည် ထျန်းယွမ်စင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်းတက်လှမ်းလာရာ ကျယ်လောင်သောအဟံတစ်ခုက တောင်ကြားတစ်ခုလုံးကို ပဲ့တင်ထပ်စေခဲ့သည်။
"ယနေ့...ဒါယန်းတော်၀င်မိသားစုက ခွန်းလွန်တောင်ကြားမှာ ကြီးကျယ်ခမ်းနားတဲ့ ပူဇော်ပွဲကြီးကိုကျင်းပပါမယ်...ကောင်းကင်နဲ့မြေကြီးကိုအလေးပြုပြီး နဂါးသွေးကြောကိုပူဇော်ကြပါ..."
လီယွမ်သည် အဖွင့်မိန့်ခွန်းမှတဆင့် ခန့်မှန်းချက်အချို့ ရရှိလိုက်သည်။
ညဇီးကွက်ဘုရင်က လီချန်ရှသည် တော်၀င်မျိုးဆက်အစစ်မဟုတ်ဘဲ အစားထိုးဖြစ်ကြောင်း သိရှိထားပေသည်။သို့ဖြစ်၍ အခမ်းအနားကိုကျင်းပရာတွင် ဘုရင်မင်းမြတ်၏အမည်ကိုမသုံးဘဲ တော်၀င်မိသားစု၏အမည်ကိုသာ အသုံးပြုခွင့်ပေးခဲ့သည်။
သူသည် စာတစ်ကြောင်းတည်းဖြင့် မုန်တိုင်းအငွေ့အသက်ကို ခံစားမိနိုင်ခဲ့သည်။
သူသည် ပတ်၀န်းကျင်အားတစ်ချက်ကြည့်လိုက်ရာ လူအများစုသည် လက်ရှိအခြေအနေ၏လေးနက်မှုကို သတိမထားမိဘဲ မျှော်လင့်ချက်များကို ဆုပ်ကိုင်နေဆဲဖြစ်သည်။သူတို့သည် နဂါးကံကြမ္မာဖြင့် နှစ်ခြင်းခံရန်အတွက် မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားနေကြသည်။
"မင်းက ကောင်းကင်ကိုမဖုံးကွယ်နိုင်ရင် ပင်လယ်ထဲကနေလည်း ရုန်းထွက်နိုင်မှာမဟုတ်ဘူး...ဒီအခမ်းအနားသာပျက်စီးသွားရင် လူတွေရဲ့စိတ်နှလုံးဆုံးရှုံးပြီး ဒါယန်းတော်၀င်မိသားစုရဲ့ နောက်ဆုံးဂုဏ်သိက္ခာ ည်း ပြိုကျသွားလိမ့်မယ်"
ထို့ကြောင့် ညဇီးကွက်ဘုရင်သည် နဂိုကတည်းက ဤအခမ်းအနားကိုပြီးဆုံးအောင်ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း လီယွမ်ခန့်မှန်းလိုက်သည်။
ဤအခမ်းအနားသည် နတ်ဆိုးများ၏နှောင့်ယှက်မှုကို ကျိန်းသေခံရမည်ဖြစ်သည်။
ကျယ်လောင်သောအသံက ကောင်းကင်နှင့်မြေပြင်အကြား ပဲ့တင်ထပ်နေခဲ့သည်။
"ခွန်းလွန်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ကျောရိုးဖြစ်တယ်...ဝိညာဉ်အားလုံးရဲ့အရင်းအမြစ်နဲ့ ကြီးမြတ်တဲ့ဆင့်ကဲဖြစ်စဉ်တွေရဲ့ အခြေခံအုတ်မြစ်လည်းဖြစ်တယ်"
"ထိုက်ဇူဧကရာဇ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီက ဒါယန်းမင်းဆက်ကို စတင်တည်ထောင်ခဲ့ပြီးတော့ ဒါယန်းလူမျိုးတွေကိုကာကွယ်ဖို့အတွက် ခွန်းလွတ်တောင်ကြားမှာ နဂါးသွေးကြောတွေကို အုတ်မြစ်ချထားခဲ့တယ်..."
"ယခုအခါ နိုင်ငံတော်ကြီး တဖန်ပြန်လည်ကြီးပွားလာရဝောာ့မယ်...ပြည်သူတွေအားလုံး စည်းလုံးညီညွတ်မှုအပြည့်နဲ့ နဂါးသွေးကြောကို ပြန်လည်ထွက်ပေါ်လာစေရမယ်...ငါတို့ဟာ ကောင်းကင်ဘုံရဲ့ဆန္ဒကို လက်ကိုင်ထားပြီးတော့ ပြည်သူတွေရဲ့ဆန္ဒကိုလိုက်နာကြမယ်...ခုလိုကြီးကျယ်ခမ်းနားတဲ့ပူဇော်ပွဲကြီးမှာ ကောင်းကင်နဲ့မြေကြီးရဲ့စိတ်ဝိညာဉ်နဲ့လက်တွဲပြီး နဂါးသွေးကြောကို အားဖြည့်ပေးဖို့ လုပ်လုပ်ဆောင်ကြရအောင်..."
"ဒါယန်းပြည်ထောင် ထာ၀စဉ်ချမ်းသာပြီး နှစ်ပေါင်းထောင်ချီ တည်မြဲနိုင်ပါစေ"
ဝေါင်း...
ထိုသို့ပြောအပြီးတွင် နဂါးဟိန်းသံက ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေခဲ့သည်။
ကြီးမားကျယ်ပြန့်သော ခွန်လွန်းတောင်များအပေါ်တွင် သာယာလှပသော အလင်းရောင်တစ်ခု စတင်တောက်ပလာခဲ့သည်။ထို့ပြင် တောင်တန်းများအကြား၌ အရှိန်အဝါတစ်ခုက စတင်ဖြစ်တည်လာခဲ့သည်။
ကောင်းကင်နှင့်မြေပြင်အကြား ယင်နှင့်ယန်စွမ်းအင်များ ရောနှောဖြစ်တည်လာပြီးနောက် ယခုလိုကြီးကျယ်ခမ်းနားသော ပူဇော်ပွဲကြီးအတွက် ကောင်းကင်ယံ၌ခင်းကျင်းထားသော ကော်ဇောကြီးသဖွယ်ဖြစ်ပေါ်လာခဲ့သည်။ဝောာင်ထိပ်များပေါ်၌လည်း ရောင်စုံအလင်းများဖြစ်တည်လာခဲ့သည်။
တောင်တန်းပေါ်ရှိ ရှေးဟောင်းသစ်ပင်များကလည်း တပြိုင်နက်လှုပ်ခတ်လာခဲ့ကာ မှော်၀င်ငှက်များကလည်း အတောင်များခတ်ကာ အမြင့်ဆီပျံသန်းနေကြပြီး သာယာငြိမ့်ညောင်းသော အော်သံများကိုထုတ်ဖော်လိုက်ကြသည်။
ထိုအရာသည် သက်ရှိဖြစ်တည်မှုအားလုံး၏ ဝိညာဉ်ကိုနိုးဆော်ပေးသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံဖြစ်သည်။
"ဒါယန်းပြည်ထောင် ထာ၀စဉ်ချမ်းသာပြီး နှစ်ပေါင်းထောင်ချီ တည်မြဲနိုင်ပါစေ"
"ဒါယန်းပြည်ထောင် ထာ၀စဉ်ချမ်းသာပြီး နှစ်ပေါင်းထောင်ချီ တည်မြဲနိုင်ပါစေ"
တောင်ခြေရင်းတွင်ရှိနေသော ကမ္ဘာပေါ်ရှိဘုရင်ခံများ၊စစ်သည်တော်များနှင့်ကျင့်ကြံသူများအားလုံးသည် ထိုမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် ကောင်းမှုကုသိုလ်ကိုမျှဝေခံစားလိုသော ရည်ရွယ်ချက်ဖြင့် ကိုယ်စီခေါင်းငုံ့ကာ ဆုတောင်းလိုက်ကြသည်။
ထိုသို့သောအခွင့်အရေးမျိုးက အလွန်ရှားပါးပေသည်။
သူတို့သည် ညဇီးကွက်ဘုရင်၏စွမ်းအားကို မကြောက်ရွှံ့ပါက နတ်ဘုရားများပေးအပ်သော ကောင်းချီးကိုလက်ဝါးကြီးအုပ်ရန်အတွက် တောင်ပေါ်သို့အမြန်ဆုံးပြေးတက်သွားကြမှာဖြစ်သည်။
ထျန်းယွမ်စင်မြင့်ပေါ်တွင်...
ထူးဆန်းသောကျောက်တုံးများဖြင့် ပြုလုပ်ထားသော ယဇ်ပလ္လင်သည် တောက်ပလာကာ စူးရှသောအလင်းရောင်ကို ထုတ်လွှတ်နေခဲ့သည်။ရှားပါးသောရတနာမျိုးစုံအား ကောင်းကင်နှင့်မြေကြီးကို ပူဇော်ရာ၌ အသုံးပြုထားခဲ့ကြသည်။
ယဇ်ပလ္လင်၏အလယ်ဗဟိုတွင် ဒါယန်း၏အင်ပါယာစည်းတံဆိပ်က ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားခဲ့သည်။
တော်၀င်မင်းဆက်၏ ကံကြမ္မာကောင်းချီးသည် စတင်ပုံပေါ်လာခဲ့သည်။ထိုအရာသည် ကောင်းကင်ပေါ်တက်လှမ်းရန်ဟန်ပြင်နေသော ၃ပေခန့်အမြင့်ရှိသည့် ကောင်းကင်ထောက်တိုင်တစ်ခုသဖွယ်ဖြစ်သည်။
"အရင်ဧကရာဇ် နန်းတက်စဉ်အခါကဆိုရင် ကျင်းပခဲ့တဲ့ ယဇ်ပူဇော်ခြင်းအခမ်းအနားတွေမှာ ဒါယန်းပြည်ထောင်ရဲ့ ကံကြမ္မာကောင်းချီးက ဒီတစ်ကြိမ်နဲ့စာရင် အရမ်းကွာခြားလွန်းတယ်...ဒီတစ်ကြိမ်ကောင်းချီးက ငွေအပ်တစ်ချောင်းလို သေးငယ်ပါလား..."
လူအုပ်ထဲမှ အဘိုးအိုတစ်ယောက်က သက်ပြင်းချမိလိုက်သည်။သူသည် ယဇင်ဧကရာဇ်မျိုးဆက်မှ လူတစ်ယောက်ဖြစ်သည်။
ယဇင်ဧကရာဇ်မင်းမြတ် နန်းတက်စဉ်အခါက ကံကြမ္မာကောင်းချီးသည် တောင်တန်းသဖွယ်ကြီးမားလှကာ ကမ္ဘာပေါ်ရှိမည်သည့်နေရာမှမဆို လှမ်းမြင်ရလောက်အောင် ကြီးမားပေသည်။
ထိုက်ဇူဧကရာဇ်သည် ဒါယန်းမင်းဆက်အား စတင်တည်ထောင်စဉ်က မင်းဆက်သည်မည်မျှထိကြီးပွားချမ်းသာခဲ့ကြောင်း တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။
လီယွမ်သည် ထိုသက်ပြင်းချသံကို ကြားလိုက်ရသည်။
ဒါယန်းတော်၀င်မိသားစု၏ ကံကြမ္မာသည် အတိုင်းအတာတစ်ခုထိ အားနည်းသွားပြီဖြစ်ကြောင်း သက်သေပြနေခဲ့သည်။ထိုသို့သောအချိန်မျိုးတွင် ထိုက်တန်သောသူကထီးနန်းဆက်ခံခြင်းက ဒါယန်း၏ကံကြမ္မာကို ပြန်လည်မြင့်တင်ပေးနိုင်သည်။
လီယွမ်က ဘာမှမလုပ်ဘဲ ဆက်လက်စောင့်ကြည့်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ကံကြမ္မာကောင်းချီးတိုင်အား နဂါးစွမ်းအင်များလွှမ်းခြုံလာကာ ကမ္ဘာပေါ်တွင်တစ်ကောင်တည်းသာရှိသော လက်သည်း၅ခုရွှေနဂါးတစ်ကောင်၏ ရုပ်ပုံလွှာက မှေးမှိန်စွာဖြစ်ပေါ်လာခဲ့သည်။
ဝေါင်း...ဝေါင်း...
ထိုအချိန်တွင် ခွန်းလွန်တောင်ကြားအောက်ခြေမှ ဟိန်းဟောက်သံများထွက်ပေါ်လာခဲ့သည်။
တောင်ပေါ်တောင်အောက်မှလူတိုင်းသည် နဂါးသွေးကြောများထွက်ပေါ်လာမည်၊ကောင်းကင်တံခါးပြန်ပွင့်လာမည်၊ကောင်းချီးကံကြမ္မာများ ကမ္ဘာမြေပေါ်ပြန်လည်ရောက်ရှိလာမည်ဟု တွေးလိုက်မိကာ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
လီယွမ်သည်သာလျှင် နဂါးသွေးကြောက လုံး၀လှုပ်ရှားမှုမရှိကြောင်း နားလည်ထားပေသည်။သူတို့မြင်တွေ့နေရသော အံ့ဖွယ်ဖြစ်ရပ်များအားလုံးသည် လူအများအမြင်မှားစေရန် ဖန်တီးထားသော ပုံရိပ်ယောင်များဖြစ်ကြသည်။
ထိုအရာသည် လူများကိုလှည့်စားသော နည်းလမ်းတစ်ခုသာဖြစ်ကာ ကြာရှည်ခံမည်မဟုတ်ပေ။
ဤအတိုင်းသာဆက်သွားနေပါက အရာအားလုံးက ဟန်ဆောင်မျက်နှာဖုံးကွာကျတော့မည်ဖြစ်သည်။
…