ခွန်းလွန်တောင်ကြားအခမ်းအနား၏သတင်းများ
Vol. 5 Ch. 66
ဆန်းကြယ်ပုံရိပ်ဂူကောင်သည် ဓားနတ်သမီးပေါ်သို့ရောက်ရှိသွားကာ ပြောင်းလဲမှုများကိုလုပ်ဆောင်ခဲ့သည်။မကြာမှီ ဓားနတ်သမီးသည် မည်သည့်အခါကမှတည်ရှိခဲ့ခြင်းမရှိသကဲ့သို့ လေထုနှင့်ပေါင်းစပ်ပျောက်ကွယ်သွားခဲ့သည်။
လီယွမ်က ထိုမြင်ကွင်းကိုကြည့်၍ စိတ်သက်သာရာရသွားခဲ့သည်။အဌမအဆင့် ဂူသူတော်စင်ပင် ဤဖုံးကွယ်မှုအား ထိုးဖောက်မမြင်တွေ့နိုင်ပေ။
"သွားရအောင်..."
ဝိညာဉ်လိပ်သည် ကမ်းစပ်ပေါ်သို့ကူးခတ်လာပြီးနောက် လီယွမ်ကလည်း လိပ်၏ကျောပေါ်သို့ ခုန်တက်လိုက်ကာ ဓားနတ်သမီးကလည်း ခုန်တက်လာခဲ့သည်။ဝိညာဉ်လိပ်သည် ဓားနတ်သမီးအား ထူးထူးခြားခြားသတိမပြုမိခဲ့ပေ။
…
ကမ်းစပ်အနီး၌...
တရားထိုင်လျက်စောင့်ဆိုင်းနေသော နင်ဟုန်ယုသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရုတ်တရက်ခံစားမိလိုက်၍ မျက်လုံးဖွင့်လိုက်မိသည်။
"ဘာတွေဖြစ်နေတာလဲ..."
သူမသည် ကမ်းစပ်ကိုပင်ဖုံးလွှမ်းနေသော အရောင်တလက်လက်တောက်ပနေသော မြူခိုးများကို ဖြတ်ကျော်ကာ ရေကန်၏အလယ်ဗဟိုသို့ အာရုံစူးစိုက်၍ လှမ်းကြည့်လိုက်သည်။
"ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေမှာ ငါမထင်ထားတာတစ်ခုခုဖြစ်နေတာလား..."
"ဂျူနီယာမောင်လေး...အဆင်ကောပြေပါမလား"
နင်ဟုန်ယုက စိတ်ပူပန်စွာဖြင့် ရေလယ်ကျွန်းရှိရာဘက်သို့ မျှော်ကြည့်နေမိသည်။
ထိုအချိန်တွင် ရေကန်အတွင်းရှိ လှိုင်းလုံးများက တောရိုင်းသတ္တဝါများ၏ ဟိန်းဟောက်သံကဲ့သို့ ပိုမိုပြင်းထန်လာခဲ့သည်။
နင်ဟုန်ယုက အဘိုးအိုတစ်ယောက် အဝေးမှနေ၍ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
"ဆရာဦးလေး..."
ထိုအဘိုးအိုကိုမြင်မြင်ချင်း နင်ဟုန်ယုက ဦးညွတ်နှုတ်ဆက်လိုက်သည်။ထိုအဘိုးအိုသည် န၀မနန်းတော်၏ လက်ထောက်နန်းတော်သခင်ချီယန်ဖြစ်ကာ အဌမအဆင့်ဂူသူတော်စင်ဖြစ်သည်။
"ဆရာဦးလေး...ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေမှာ တစ်ခုခုဖြစ်နေတာလား..."
"ငါလည်းသေချာမသိဘူး...ကျွန်းကိုလာရောက်လေ့ကျင့်တဲ့တပည့်တစ်ယောက်ယောက်က ခုလိုဖြစ်အောင်လုပ်လိုက်တာဖြစ်မယ်...ဒီလိုဖြစ်ရပ်မျိုး လျှို့ဝှက်နယ်မြေမှာ မတွေ့ရတာကြာပြီ...ဒါကကောင်းချီးလား ကျိန်စာလား...ငါတစ်ချက်သွားကြည့်လိုက်မယ်"
ချီယန်က ခေါင်းခါပြလိုက်သည်။
ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေ၏ စောင့်ရှောက်သူများထဲမှ တစ်ဦးအနေဖြင့် ချီယန်ထံတွင် အခွင့်အာဏာရှိပေသည်။အထူးသဖြင့် ယခုလိုအထူးအခြေအနေအောက်တွင် ရေကန်အလယ်ရှိသီးခြားကျွန်းအား ၀င်ရောက်စစ်ဆေးပိုင်ခွင့်ရှိသည်။
"ဆရာဦးလေး...ဆရာတူဂျူနီယာမောင်လေးလီယွမ်လည်း အဲကျွန်းပေါ်ရောက်နေတယ်...တကယ်လို့တစ်ခုခုဖြစ်ခဲ့ရင် သူ့ကိုကယ်ခဲ့ပေးပါ"
နင်ဟုန်ယုက တောင်းဆိုလိုက်သည်။
"အိုး...သူကဂျူနီယာညီလေးယုရဲ့ နောက်ဆုံးတပည့်မဟုတ်လား..."
ချီယန်က မျက်ခုံးပင့်လိုက်မိသည်။
"ဟုတ်ပါတယ်...ဆရာဦးလေး..."
နင်ဟုန်ယုက ခေါင်းညိတ်ပြလိုက်သည်။
"ကိစ္စမရှိဘူး...ငါသူ့ကိုတွေ့ရင်ပြန်ခေါ်လာခဲ့မယ်..."
ချီယန်က ခေါင်းညိတ်ပြလိုက်သည်။
ထိုသို့ပြောပြီးပြီးချင်း ကမ်းစပ်တွင် လှုပ်ရှားမှုများဖြစ်ပေါ်လာခဲ့သည်။ဝိညာဉ်လိပ်တစ်ကောင်သည် ရေကန်အလယ်မှထွက်ပေါ်လာကာ အရပ်မြင့်မြင့်နှင့်ချောမောသော အမျိုးသားတစ်ဦးက လိပ်၏နောက်ကျောတွင် ရပ်နေခဲ့သည်။
"ဂျူနီယာမောင်လေး..."
နင်ဟုန်ယုသည် လိပ်၏ကျောပေါ်မှလူကိုမြင်သည်နှင့် ၀မ်းသာအားရအော်ဟစ်လိုက်ကာ ချက်ချင်းအပြေးသွားလိုက်သည်။
"မင်းအဆင်ပြေတာ အရမ်းကောင်းတယ်...ကျွန်းပေါ်မှာဘာတွေဖြစ်သွားတာလဲ..."
"မပြောတတ်ဘူး...ရတနာတွေလိုက်ရှာနေတဲ့အချိန် ရုတ်တရက်ကြီး ငလျင်တွေလှုပ်လာလို့ ကြောက်ကြောက်နဲ့ကမ်းစပ်ကိုအမြန်ပြန်ပြေးလာခဲ့တာပဲ...ပြီးတော့ဝိညာဉ်လိပ်ဂူကောင်ပေါ်တက်ပြီး ထွက်လာခဲ့တာပဲ"
လီယွမ်က ခေါင်းခါပြလိုက်သည်။
"မင်းက လောဘမကြီးဘဲ သတိကြီးကြီးထားတတ်တာပဲ...ဂျူနီယာညီလေးယုက မင်းရဲ့ထူးချွန်တဲ့ပင်ကိုယ်စရိုက်ကို ခဏခဏချီးကျူးတတ်တယ်...မင်းကအနာဂတ်မှာ ကြီးကျယ်တဲ့အောင်မြင်မှုကို ရမယ်လို့ သူကအမြဲပြောနေတာပဲ"
ချီယန်က လီယွမ်ကိုကြည့်ကာ ပြုံးလိုက်မိသည်။
"ဒီတပည့်က ဆရာတူဦးလေးကို နှုတ်ဆက်ပါတယ်"
လီယွမ်သည် အနည်းငယ်စိတ်မသက်မသာခံစားရကာ ဦးညွတ်လိုက်မိသည်။
ဓားနတ်သမီးသည် ဆန်းကြယ်ပုံရိပ်ဂူကောင်ဖြင့်လွှမ်းခြုံထားကာ ကမ်းစပ်အနီးရှိမြူခိုးအတွင်းရှိနေပေသည်။သူ့ရှေ့မှအဘိုးကြီးသည် ဆရာယုဟွမ်းချွမ်၏စီနီယာအစ်ကိုဖြစ်သော အဌမအဆင့်ဂူသူတော်စင်တစ်ပါးဖြစ်သည်။
အကယ်၍ ဓားနတ်သမီးသာ ဖော်ထုတ်ခံရပါက သူဒုက္ခများသွားပေလိမ့်မည်။
"အရမ်းကြီးယဉ်ကျေးနေစရာမလိုဘူး...မင်းတို့ဒီမှာကြာကြာနေလို့မရဘူး...ကျွန်းမှာဘာတွေဖြစ်နေလဲဆိုတာ ငါတစ်ချက်သွားကြည့်လိုက်မယ်"
ချီယန်က သူ၏လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။
"နားလည်ပါပြီ..."
နင်ဟုန်ယုက ခေါင်းညိတ်ပြလိုက်ကာ လီယွမ်နှင့်အတူ ထွက်လာခဲ့သည်။
စီနီယာအစ်မဖြစ်သူက သူ့လက်အားဆွဲကိုင်လိုက်ချိန်တွင် သူ့နောက်မှကပ်လိုက်လာသော ဓားနတ်သမီးထံမှ အေးစက်သောဓားဆန္ဒများထွက်ပေါ်လာကြောင်း လီယွမ်ကသတိထားမိလိုက်သည်။
"မဟုတ်သေးဘူး..."
ဒါက ရှောင်ကိုင်ထက်တောင် ပိုင်ဆိုင်လိုစိတ်ပြင်းပြတာပဲ...
ရှောင်ကိုင်သည် လီယွမ်အား အခြားဂူကောင်များနှင့် ရင်းနှီးမှုရှိသည်ကို မနှစ်သက်၍ ဝူမေ့နှင့်မကြာခဏကတောက်ကဆဖြစ်ရသလို ယခုဓားနတ်သမီးသည်ကား အခြားအမျိုးသမီးများနှင့်မပတ်သက်ရန် သူ့အားတားမြစ်နေသည်လား...
"မဖြစ်နိုင်ပါဘူး...ဓားနတ်သမီးက ဒီကမ္ဘာကြီးနဲ့ နှစ်ပေါင်း၃၀၀၀လောက် ကင်းကွာနေခဲ့တာလေ...ဒါကြောင့်ခုလို ထူးဆန်းတဲ့အော်ရာတွေက သူမကိုမနှစ်သက်မှုဖြစ်ပေါ်စေခဲ့တာပဲ...အဲ့ဒါတွေနဲ့ရင်းနှီးသွားရင်တော့ သူမအဆင်ပြေသွားမှာပါ"
လီယွမ်က သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။
ဒါက ငါ့ရဲ့ဆွဲဆောင်နိုင်မှုအားကောင်းခြင်း အမှတ်သင်္ကေတတစ်ခုပဲ...ဒါကိုမနာလိုဖြစ်စရာမလိုဘူး...
ဤအရာက မသိစိတ်မှအလိုလိုတုံ့ပြန်ခြင်း ဖြစ်နိုင်ပေသည်။
သူသည် ကမ္ဘာကြီးနှင့်နှစ်ပေါင်း၃၀၀၀ကြာ ဝေးကွာနေသော ဓားနတ်သမီးအား လိုက်လျောညီထွေဖြစ်စေရန်အတွက် အနည်းငယ်ကြိုးပမ်းအားထုတ်ရန် လိုအပ်ပေသည်။
ထိုသို့အတွေးများ ပျောက်ကွယ်သွားချိန်တွင် သူတို့၂ဦးက ရေကန်နှင့်အဝေးကို ရောက်လာခဲ့ပြီဖြစ်သည်။
လီယွမ်သည် ဆရာဦးလေးဖြစ်သူ၏အော်ရာကြောင့် မသက်မသာဖြစ်ခဲ့ရသော်လည်း အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ဤဖြစ်ရပ်က ဆန်းကြယ်ပုံရိပ်ဂူကောင်၏ အစွမ်းထက်သော ဖုံးကွယ်နိုင်စွမ်းကို သက်သေပြခဲ့ပြီး အနာဂတ်တွင်အခြားသောအရာများကိုလုပ်ဆောင်ရန် ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။
"မောင်လေး...ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေမှာ ရိတ်သိမ်းတာအခြေအနေဘယ်လိုလဲ"
လမ်းတွင် နင်ဟုန်ယုက မေးမြန်းလိုက်သည်။
"တော်တော်ကျေနပ်စရာကောင်းပါတယ်..."
လီယွမ်သည် စိတ်မထိန်းနိုင်တော့ဘဲ သူ၏ပါးစပ်ထောင့်စွန်းများ ကော့တက်သွားခဲ့သည်။ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေသည် သူ့အတွက်နတ်ဘုံနတ်နန်းသဖွယ်ပင်ဖြစ်သည်။
သူ၏ရှားပါးဂူကောင်ဖြစ်သော ပုံရိပ်ယောင်ပိုးခြည်ဂူကောင်သည် ထူးခြားဂူကောင်ဖြစ်သော ဆန်းကြယ်ပုံရိပ်ဂူကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
လှပသော ဓားနတ်သမီးကိုလည်း သူရရှိခဲ့သည်။
အခွင့်အရေးရှိပါက သူထပ်လာချင်ပေသေးသည်။
"ကျွန်းငယ်က တစ်ခုခုဖြစ်သွားတာ နှမြောစရာပဲ...မဟုတ်ရင် မင်းကနောက်ထပ်၂ရက်လောက်နေပြီး ဒီထက်ပိုပြီးအကျိုးအမြတ်ရသွားနိုင်တယ်..."
နင်ဟုန်ယုက စိတ်မကောင်းဖြစ်နေသောလေသံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်ပဲ လုံလောက်နေပါပြီ...ဆရာကော သတိပြန်ရလာပြီလား"
လီယွမ်က ကျေနပ်နေသောအမူအရာဖြင့် မေးမြန်းလိုက်သည်။
"သတိရလာပြီ...ခုဆိုရင် သူကတော်တော်အခြေအနေကောင်းနေပြီ...ပြီးတော့လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လာပြီ...သူသတိရလာတာနဲ့ ဒီအကြောင်းပဲကြွားလုံးထုတ်နေတာပဲ"
နင်ဟုန်ယုက ပြုံး၍ပြောလိုက်သည်။
"ဘယ်အကြောင်းကို ကြွားနေတာလဲ...."
လီယွမ်က အံ့ဩသွားခဲ့သည်။
"နောက်ထပ်ဘယ်အကြောင်းကို ကြွားရမှာလဲ...ငါ့လိုချစ်စရာကောင်းတဲ့တပည့်တစ်ယောက်ရထားတာရယ်...ပြီးတော့မင်းလိုပါရမီရှင်တစ်ယောက်ကို အပြင်စည်းရဲ့ အမှတ်၁၂ဂူနန်းမှာရှာတွေ့တာက နတ်ဘုရားကသူ့ကိုလျော်ကြေးပေးတာပဲတဲ့"
နင်ဟုန်ယုက စနောက်လိုက်ကာ စကားစမြည်ပြောရင်း ရယ်မောလိုက်သည်။
ထို့နောက် နင်ဟုန်ယုနှင့်အတူ န၀မနန်းတော်သို့ ပြန်ရောက်လာခဲ့သည်။
"ဆရာ...ဂျူနီယာမောင်လေးနဲ့အတူ ပြန်ရောက်လာပါပြီ..."
လီယွမ်သည် ခြံ၀င်းထဲသို့ရောက်သွားချိန်တွင် ပန်းပင်များနှင့်အပင်များကို ရေလောင်းပေးနေသော ဆံပင်ဆွတ်ဆွတ်ဖြူနေသော အဘိုးအိုအနားသို့ ချဉ်းကပ်ကာနှုတ်ဆက်လိုက်သည်။
"ဆရာ...ဒီအတောအတွင်း အများကြီးဒုက္ခရောက်ခဲ့ရပြီ"
"ပြဿနာမဟုတ်ဘူး..."
ယုဟွမ်းချွမ်က အပြုံးမပျက်ဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။သူသည် သေခြင်းတရားနှင့်ရင်ဆိုင်တွေ့ရပြီးနောက်တွင် ပိုမိုပွင့်လင်းလာခဲ့သည်။ယခုအချိန်တွင် သူ့ထံ၌မည်သည့်အရာမှမရှိတော့၍ သူ၏နောက်ဆုံးသောစွဲလမ်းမှုကို တိတိကျကျစွန့်လွှတ်လိုက်နိုင်ပြီဖြစ်သည်။
"မင်းနဲ့ဟုန်ယုနဲ့အတူသာဆိုရင် ဆရာကအသက်ကြီးတဲ့အချိန်ထိ ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်မှာပါ"
"ဆရာ...ဒီတပည့်ကကော"
ဖေးလော့ချင်က ၀င်ပြောလိုက်သည်။
"မင်းလား...မင်းက၀က်တစ်ကောင်လိုပဲ အချိန်ပြည့်စားနေတာပဲ...မင်းရဲ့အစ်မကြောင့်သာမဟုတ်ရင် ငါတို့အိမ်မှာစားစရာတွေကုန်သွားလိမ့်မယ်"
"ငါ့ရဲ့ပင်မဂူကောင်က အဲလိုတောင်းဆိုနေတာပဲ...ဒီတပည့်ကိုအပြစ်တင်လို့မရဘူးလေ...နောက်ပြီးငါက သက်သက်လွတ်ပဲစားတာပါ..."
နင်ဟုန်ယုက ဖေးလော့ချင်အား ချက်ချင်းကန်ထုတ်လိုက်သည်။
"ဒါဆိုရင် မင်းကအသားတွေစားချင်တာလား..."
"ကောင်းပြီ...ငြင်းခုံမနေကြနဲ့တော့...တော်၀င်မိသားစုရဲ့ ခွန်းလွန်တောင်ကြားအခမ်းအနားက စတင်တော့မယ်...မင်းတို့တွေစုံတုံး ဒီအကြောင်းကိုဆွေးနွေးကြတာပေါ့"
ယုဟွမ်းချွမ်က လက်ဝှေ့ယမ်းရင်း ပြောလိုက်သည်။
"ဆရာ...ခွန်းလွန်တောင်ကြားအခမ်းအနားက ဘယ်တော့စမှာလဲ..."
လီယွမ်၏နှလုံးခုန်သံက မြန်ဆန်လာခဲ့သည်။
"ခွန်းလွန်တောင်ကြားအခမ်းအနားကို ၃၆ရက်အတွင်း ကျင်းပတော့မယ်လို့ နန်းတော်သခင်က မကြာသေးခင်က ငါ့ကိုပြောခဲ့တယ်"
"အရင်ကတော့ အကြီးအကဲတစ်ယောက်စီတိုင်းမှာ ၀င်ခွင့်တစ်ခုစီရှိကြတယ်"
"ဒါပေမဲ့ ငါကသေခြင်းတရားကိုရင်ဆိုင်ရတဲ့အထိ ပေးဆပ်ခဲ့လို့ ငါကနောက်ထပ်အထူး၀င်ခွင့်တစ်ခုကိုရခဲ့တယ်...ဒါကြောင့် မင်းတို့၃ယောက်ထဲက ၂ယောက်ကို ခွန်းလွန်တောင်ကြားအခမ်းအနားမှာ ၀င်ပါဖို့ငါခွင့်ပြုပေးနိုင်တယ်"
ယုဟွမ်းချွမ်က ရှင်းပြလိုက်သည်။
ခွန်းလွန်တောင်ကြားအခမ်းအနားကို ကမ္ဘာတစ်ဝှမ်းလုံးက သိရှိထားကြပြီး အခမ်းအနားကျင်းပချိန်တွင် နဂါးသွေးပြန်ကြောများထွက်ပေါ်လာကာ ကြီးမြတ်သောကံကြမ္မာကောင်းချီးကို ပေးအပ်လေ့ရှိသည်။
ခွန်းလွန်တောင်ကြားအခမ်းအနားတွင်ပါ၀င်ရန်အတွက် ခွန်းလွန်တောင်ကြားသို့ သွားရောက်မည့် မည်သူမဆို နဂါး၏ကောင်းချီးပေးခြင်းကို ရရှိမည်ဖြစ်သည်။ထိုအရာသည် ရှားရှားပါးပါးအခွင့်အရေးဖြစ်၍ မရေမတွက်နိုင်သောပါရမီရှင်များက စုစည်းလေ့ရှိကြသည်။
"ငါမသွားချင်ဘူး...ငတုံးဖေးနဲ့ဂျူနီယာမောင်လေးကို အခွင့်အရေးပေးလိုက်ပါ"
စီနီယာအကျဆုံးအဖြစ် နင်ဟုန်ယုက ထိုအခွင့်အရေးကို လက်လျော့ရန် အစပြုခဲ့သည်။
"ငါတို့၃ယောက်ထဲမှာ ငါကအဆိုးရွားဆုံးပါရမီရှိတယ်...ဒီအခွင့်အလမ်းကအရမ်းကိုရှားပါးတာဆိုတော့ ငါ့ရဲ့စီနီယာအစ်မနဲ့ဂျူနီယာညီလေးကိုပဲ ပေးလိုက်တာပိုကောင်းပါတယ်..."
ဖေးလော့ချင်က ပြုံး၍ပြောလိုက်သည်။
လီယွမ်....
သေစမ်း...မင်းတို့က ငါ့ကိုအရှက်မဲ့အောင်လုပ်နေတာပဲ...
သူသည် ခွန်းလွန်တောင်ကြားအခမ်းအနားကို အမှန်တကယ်တက်ရောက်လိုခဲ့သည်။
ဤကိစ္စသည် သူ၏မိသားစုနောက်ခံနှင့်သွေးကြွေးများ ပါ၀င်ပတ်သက်နေခဲ့သည်။တော်၀င်သမားတော်၏မြေးဖြစ်သူနှင့် သူ့မိခင်ဖြစ်သူနှင့်ပတ်သက်သော သဲလွန်စများရှိနေ၍ သူသွားကိုသွားရမည်ဖြစ်သည်။
သူ၏ကိုယ်ပိုင်လုံခြုံမှုနှင့်ပတ်သက်လာလျှင် ထူးခြားဂူကောင်ဖြစ်သော ဆန်းကြယ်ပုံရိပ်ဂူကောင်ကို ပိုင်ဆိုင်ထားပေရာ သူ့ကိုယ်သူထုတ်ဖော်မပြသရွေ့ သူ၏အထောက်အထားအမှန်ကို မည်သူမှရှာမတွေ့နိုင်ပေ။
…