← Chapters

လီယွမ်၏အကျပ်အတည်း

Vol. 5 Ch. 63

လီယွမ်၏အကျပ်အတည်း

Vol. 5 Ch. 63

"မင်းဘာတွေအံ့ဩနေတာလဲ...နောက်ဘ၀ကိုကောင်းကောင်းသွား..."

ရှယွဲ့လျန်သည် မြေပြင်ပေါ်သို့လဲကျသွားစဉ် လီယွမ်၏ပုခုံးပေါ်၌ ရောင်စုံမီးတောက်မြွေတစ်ကောင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် မြွေလေးသည် ကြည်လင်တောက်ပသော အပြာရောင်နှင့်မြစိမ်းရောင်ရောယှက်နေသော မီးတောက်ကို ကျောက်ပိုင်တုံထံဦးတည်၍ ပစ်လွှတ်လိုက်ရာ ကျောက်ပိုင်တုံ၏အမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။

အန္တာရယ်ကင်းပုံရပြီး ထူးဆန်းသောမေးခွန်းများအား မေးမြန်းတတ်သောရိုးသားသည့်လူငယ်လေးသည် ယခုလိုရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုကို ရုတ်တရက်လုပ်ဆောင်လိမ့်မည်ဟု သူမည်သည့်အခါမှမမျှော်လင့်ထားခဲ့ပေ။

ကျောက်ပိုင်တုံသည် ချက်ချင်းတုံ့ပြန်လိုက်ကာ သူ၏ပင်မဂူကောင်ဖြစ်သော အရိပ်မဲ့ဂူကောင်ကို ချက်ချင်းဆင့်ခေါ်၍ မိုးပြာရောင်မီးတောက်ကိုရှောင်တိမ်းကာ သူ၏လက်တစ်ဖက်ဖြင့် တန်ပြန်ရိုက်ထုတ်လိုက်သည်။

သို့သော်လည်း သူမျှော်လင့်မထားသော အသက်ရှုကြပ်ရလောက်အောင် အေးစိမ့်သောဒဏ်က ရုတ်ချည်းတိုး၀င်လာကာ မျက်စိတစ်မှိတ်အတွင်း သူ၏လက်များကိုတောင့်တင်းသွားစေခဲ့သည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ..."

ကျောက်ပိုင်တုံသည် ယခုအချိန်ထိ လီယွမ်၏ပင်မဂူကောင်ကို ခန့်မှန်း၍မရသေးပေ။ထိုအချိန်တွင် လီယွမ်သည် မီးတောက်ကဲ့သို့သွေးချီစွမ်းအင်များကိုထုတ်ဖော်၍ သူ့ဆီသို့ပြေး၀င်လာခဲ့သည်။

ဒါက သာမန်ဆဌမအဆင့်ဂူသခင်တစ်ယောက်လား...

ကျောက်ပိုင်တုံသည် မည်မျှပင်သွက်လက်နေပါစေ ဤကျဥ်း‌မြောင်းသောနေရာတွင်ရှောင်တိမ်းရန် ခက်ခဲနေခဲ့သည်။

အကြိမ်အနည်းငယ်တိုက်ခိုက်ပြီးနောက် လီယွမ်သည် ကျောက်ပိုင်တုံ၏လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။

"နန်းတော်သခင်ရဲ့တပည့်တစ်ယောက်က ငါမျှော်လင့်ထားသလိုပဲ...အဆင့်တူတွေကြားမှာ ငါ့ရဲ့တိုက်ခိုက်မှုတွေကို အချိန်တစ်ခုထိတားဆီးနိုင်ခဲ့တာက မင်းဘ၀မှာဂုဏ်ယူသင့့်တယ်...မြေအောက်ကမ္ဘာမှာ မင်းကြွားလုံးထုတ်လို့ရပြီ"

ထိုအခိုက်အတန့်တွင် လီယွမ်၏မျက်လုံးများက မီး၀င်း၀င်းတောက်နေခဲ့ကာ အလွန်ပင်မာနကြီးနေခဲ့သည်။သူသည် လူတိုင်းအားငုံ့ကြည့်ကာ မောက်မာသောစကားလုံးများအား ပြောဆိုနေခဲ့သည်။

"ကျေးဇူးပြုပြီးတော့ အသက်ကိုချမ်းသာပေးပါ...ငါငါ...ကတိတည်မှာပါ...မင်း ကတိသစ္စာဂူကောင်ကိုသုံးလို့ရတယ်လေ...ငါဒီ‌အကြောင်းကို ဘယ်တော့မှထုတ်မပြောပါဘူး"

ကျောက်ပိုင်တုံက အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်သည်။

"ဂူကောင်တွေကိုငါမယုံဘူး...သေသူတွေကသာလျှို့ဝှက်ချက်ကို ထိန်းထားနိုင်တယ်"

လီယွမ်က သူ၏လက်ကိုပြင်းပြင်းထန်ထန်လိမ်ချလိုက်သည်။

ဂျွတ်...

အရိုးကျိုးသံနှင့်အတူ ကျောက်ပိုင်တုံ၏လည်ပင်းက ကျိုးထွက်သွားကာ သူ၏မျက်လုံးများက ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားခဲ့ပြီး ခဏအကြာတွင် အသက်ထွက်သွားခဲ့သည်။

လီယွမ်သည် ဧရာမဝိညာဉ်ဂူကောင်ကို အသက်သွင်းခြင်းမှ ရပ်တန့်လိုက်သည်။

"ဒီလိုအခြေအနေထိရောက်လာဖို့...ငါမမျှော်လင့်ထားဘူး...ဂူသခင်တွေကြားမှာ ခုလိုအရူးတွေအများကြီးရှိနေတာပဲ...ကြောက်စရာကောင်းလိုက်တာ"

လီယွမ်က သက်ပြင်းချလိုက်မိသည်။ကံကောင်းထောက်မစွာဖြင့် သူသည်တစ်ဖက်လူများထက် မြန်ဆန်စွာလှုပ်ရှားမိခဲ့သည်။ထိုသို့မဟုတ်ပါက သူသည်ယနေ့တွင်လွတ်မြောက်နိုင်မည်မဟုတ်ပေ။

"ဒီမှာအကြာကြီးနေဖို့ မသင့်တော်ဘူး...အရင်ထွက်သွားတာ ပိုကောင်းမယ်ထင်တယ်..."

ထိုဧရာမခေါင်းတလားထဲတွင် အိပ်ပျော်နေသူမှာ ဂူအင်မော်တယ်၏သမီးဖြစ်ကြောင်း သိရှိပြီးနောက်တွင် လီယွမ်သည် ဤနေရာအားစုံစမ်းစစ်ဆေးရန် စိတ်မပါတော့ပေ။ဂူအင်မော်တယ်ထံတွင် အဆုံးမဲ့နည်းလမ်းများရှိပြီး သူ၏စိတ်ဆန္ဒက နှစ်ပေါင်း၃၀၀၀ကြာတည်မြဲနေရာ စွန့်စားရသည်မှာ မထိုက်တန်လှပေ။

ထိုသို့တွေးပြီးနောက် လီယွမ်ကလှည့်ထွက်သွားသော်လည်း ထိုအခိုက်အတန့်တွင် အိပ်မက်သစ်ပင်၏အမြစ်များက ရုတ်တရက်လှုပ်ရှားလာခဲ့ကာ ရောင်စုံအလင်းတန်းများက တောက်ပလာခဲ့သည်။

လီယွမ်သည် ရုတ်တရက်ဖြစ်ပေါ်လာသောမြင်ကွင်းကိုကြည့်၍ ထိတ်လန့်နေချိန်တွင် မြေပြင်ပေါ်ရှိ အလောင်း၂ခုကလည်း ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် လျှို့ဝှက်လမ်းကြောင်းတစ်ခုလုံးက ပြင်းထန်စွာလှုပ်ခါလာခဲ့ကာ ကျောက်တုံးများက ပြိုကျလာခဲ့ပြီး လီယွမ်တို့၀င်‌လာခဲ့သောထွက်ပေါက်ကိုလည်း အပြီးတိုင်ပိတ်ဆို့သွားခဲ့သည်။

"ဓားနတ်သမီး...ငါမင်းကိုမစော်ကားခဲ့ပါဘူး...အပြစ်မဲ့တဲ့သူတွေကို မထိခိုက်စေနဲ့"

လီယွမ်သည် ဧရာမဝိညာဉ်ဂူကောင်အား တဖန်အသက်သွင်းလိုက်သည်။သူသည် ပြိုကျလုဆဲဆဲဖြစ်နေသော လမ်းကြောင်းထဲမှရုန်းထွက်ရန်အတွက် လက်သီးများဖြင့် အဆက်မပြတ်ဝှေ့ယမ်းလိုက်သည်။

ထိုအခါ မလှမ်းမကမ်းရှိ သစ်ပင်အမြစ်များက စတင်လှုပ်ခါလာခဲ့သည်။

လီယွမ်သည် သူ၏အမြင်အာရုံမှတဆင့် လှမ်းကြည့်လိုက်ချိန်တွင် သစ်ပင်အောက်ခြေရှိ ဧရာမခေါင်းတလား၏အဖုံးက ပွင့်လာကြောင်း တွေ့လိုက်ရသည်။

"သေစမ်း..."

လီယွမ်သည် မသိစိတ်မှတဆင့်ချက်ချင်းကျိန်ဆဲလိုက်လိုသော်လည်း ချက်ချင်းပင်စကားပြောင်းလိုက်သည်။

"ဓားနတ်သမီး...ငါမင်းကိုစော်ကားဖို့မရည်ရွယ်ပါဘူး...ငါမင်းအတွက်လူဆိုးတွေကိုသတ်ပေးခဲ့တယ်လေ...လူကောင်းတွေကို မှားယွင်းပြီးမသတ်မိပါစေနဲ့"

လီယွမ်၏ရှင်းပြသံသည် အလွန်ဖျော့တော့နေကာ အစွမ်းမရှိသကဲ့သို့ ခံစားရစေခဲ့သည်။

ထိုအချိန် ခေါင်းတလားအတွင်းမှ ဓားမြည်သံက ထွက်ပေါ်လာခဲ့သည်။

ခဏလေးအတွင်းမှာပင် အိပ်မက်သစ်ပင်၏အမြစ်များသည် ယခင်လိုမှိတ်တုတ်မှိတ်တုတ်ဖြစ်မနေတော့ဘဲ မြေအောက်လမ်းကြောင်းတစ်ခုလုံးကို လင်းထိန်တောက်ပသွားစေကာ လီယွမ်ထံသို့ဦးတည်လာခဲ့သည်။

"ကျောက်ပိုင်တုံ...ရှယွဲ့လျန်...သတ္တမနန်းတော် မင်းတို့အကုန်လုံးငရဲကိုသာသွားကြတော့..."

လီယွမ်သည် သည်းမခံနိုင်တော့ဘဲ ကျယ်လောင်စွာ ကျိန်ဆဲလိုက်မိသည်။

"ရှောင်ကိုင်၊ဝူမေ့...စတော့...စီနီယာဓားနတ်သမီးကို ငြိမ်သက်စွာအနားယူနိုင်အောင်လို့ လုပ်ဆောင်ပေးကြပါ"

ထိုအခိုက်အတန့်တွင် လီယွမ်သည် အကြီးအကဲများအား လေးစားသည့်စိတ်ကိုမထားနိုင်တော့ပေ။

ဝူမေ့သည် သူမ၏ပါးစပ်ကိုဖွင့်၍ အဖြူရောင်မြစ်ကဲ့သို့ မရေမတွက်နိုင်သော ပင့်ကူပိုးမျှင်များအား ထွေးထုတ်လိုက်ကာ ထိုရောင်စုံသစ်မြစ်များကို အဆက်မပြတ်တိုက်ထုတ်လိုက်သည်။

လီယွမ်သည် ရှောင်ကိုင်နှင့်အတူ နေရာလွတ်ထဲသို့ စတင်တိုးဝင်ခဲ့သည်။ယခုအခါ လွတ်မြောက်ရန်စိတ်ကူးစိတ်သန်းများက လက်တွေ့မကျတော့သည်ဖြစ်ရာ သူလုပ်နိုင်သောတစ်ခုတည်းသောအရာမှာ မူလဇာစ်မြစ်ကိုဖျက်ဆီးရန်ဖြစ်သည်။

ဝူမေ့၏နှောင့်ယှက်မှုအောက်တွင် လီယွမ်နှင့်ရှောင်ကိုင်တို့သည် သစ်ပင်အမြစ်များ၏အနီးသို့ရောက်ရှိလာခဲ့သည်။ရှောင်ကိုင်သည် ထိုသစ်မြစ်များကိုလောင်ကျွမ်းစေရန်အတွက် အပြင်းထန်ဆုံးမီးတောက်ကို အဆင်သင့်ပြင်ဆင်ထားခဲ့သည်။

‌ရှဲ..ရှဲ

အနီရောင်မီးတောက်ထွက်ပေါ်လာချိန်တွင် သစ်ပင်အမြစ်များက ရှေ့ဆက်မတိုးနိုင်တော့ပေ။ထိုသစ်မြစ်များက အနီရောင်မီးတောက်နှင့်အတွေ့တွင် ပြာအဖြစ်လောင်ကျွမ်းသွားခဲ့ရသည်။

ရွှီ...

ထိုအခိုက်အတန့်တွင် ဓားမြည်သံကဒုတိယအကြိမ်ထွက်ပေါ်လာကာ မမြင်တွေ့နိုင်သောစွမ်းအားတစ်ခုက အနီရောင်မီးတောက်ကို ချက်ချင်းငြိမ်းသွားစေခဲ့သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ"

လီယွမ်သည် အလွန်ပင်အံ့ဩသွားခဲ့သည်။တစ်ဖက်မှ ပေါ့ပေါ့ပါးပါးထုတ်လွှတ်လိုက်သော ဓားစွမ်းအင်သည် အနီရောင်မီးတောက်ကို အလွယ်တကူငြိမ်းသတ်ပြလိုက်ခြင်းက သူနှင့်ဓားနတ်သမီးကြား ကွာဟချက်အလွန်ကြီးမားကြောင်း သက်သေပြနေခဲ့သည်။

"ကျောက်ပိုင်ထုံရဲ့စကားအရဆိုရင် ဓားနတ်သမီးဟာ သူမအသက်ရှင်နေစဉ်မှာ အဌမအဆင့်ကိုရောက်နေခဲ့ပြီ...သူမသာတကယ်အသက်ပြန်ရှင်လာခဲ့ရင် သူမရဲ့ဓားတစ်ချက်ကိုတောင် ငါတောင့်ခံနိုင်မှာမဟုတ်ဘူး..."

"ဒါပေမဲ့ အလောင်းတစ်ခုသာဆိုရင်တော့ ငါ့မှာအခွင့်အရေးရှိသေးတယ်"

ထိုသို့အတွေး၀င်လာသည်နှင့်တပြိုင်နက် လီယွမ်က သူ၏ညာဘက်လက်တစ်ခုလုံး ဗလာဖြစ်သွားသလိုခံစားလိုက်ရသည်။

မမြင်တွေ့နိုင်သောဓားစွမ်းအင်က သူ၏ညာဘက်လက်အား အလွယ်တကူပင် ဖြတ်တောက်သွားခဲ့ပေသည်။

"တော်တော်အစွမ်းထက်တာပဲ..."

လီယွမ်သည် ပြန်လည်ရှင်သန်ခြင်းဂူကောင်ကို အသက်သွင်းလိုက်ရာ လက်အသစ်တစ်ဖက်ကထွက်ပေါ်လာခဲ့သည်။

ရွှီ...ရွှီ...ရွှီ...

ထိုအချိန်တွင် ဓားစွမ်းအင်များက ပိုမိုထွက်ပေါ်လာခဲ့သည်။

လီယွမ်၏ ဘယ်ဘက်ခြေထောက်၊ဘယ်ဘက်လက်ပြတ်တောက်သွားကာ ဗိုက်ပေါ်၌လည်း အပေါက်ကြီးတစ်ပေါက်ဖြစ်သွားခဲ့သည်။

လီယွမ်က တိုးတိုးလေးညဉ်းညူလိုက်သည်။

"ဒါက ဘယ်တော့မှအဆုံးသတ်မှာလဲ..."

ပြန်လည်ရှင်သန်ခြင်းဂူကောင်၏ အသက်စွမ်းအားနှင့်ဧရာမဝိညာဉ်ဂူကောင်မှ ပေးစွမ်းလာသော သွေးချီပမာဏတို့ကြောင့်မဟုတ်ပါက လီယွမ်သည်ထိုနေရာ၌ပင် အကြိမ်ရာနှင့်ချီ၍ သေဆုံးသွားတော့မည်ဖြစ်သည်။

ဤအရာသည် ဓားနတ်သမီး၏ မသိစိတ်မှထွက်ပေါ်လာသော ဓားစွမ်းအင်ပင်ဖြစ်သည်။

အကယ်၍ သူမသာအသက်ရှင်သန်နေပါက သူ့အားပစ်မှတ်ထားတိုက်ခိုက်မည်ဆိုလျှင် ဓားကွက်အနည်းငယ်မျှဖြင့် သူ့အားသတ်ဖြတ်နိုင်ပေသည်။

"ငါ့ရဲ့အချိန်တွေကို ဒီလိုအလဟဿမဖြုန်းတီးနိုင်ဘူး...ငါမသေခင် ဖောက်ထွက်ဖို့နည်းလမ်းရှာရမယ်"

လီယွမ်သည် ဘေးပတ်ပတ်လည်အား လှည့်ကြည့်လိုက်ရာ မကြာမှီသံသယဖြစ်စရာ တစ်စုံတစ်ခုအား တွေ့ရှိလိုက်သည်။ထိုဓားစွမ်းအင်သည် သူ့အားတိုက်ခိုက်နေရုံတင်မက မြေအောက်လမ်းကြောင်းထဲရှိ အခြားအကောင်ငယ်လေးများကိုပါ တိုက်ခိုက်နေခဲ့သည်။

သက်ရှိလက္ခဏာမရှိပါက ဓားစွမ်းအင်လည်းမရှိပေ။

"အသက်လက္ခဏာကို ရှာဖွေတာလား"

ထိုသို့တွေးမိပြီးနောက် လီယွမ်သည်မြေပေါ်လဲချလိုက်ကာ အသေကောင်သဖွယ်ဟန်ဆောင်ရန် ရွေးချယ်လိုက်သည်။သူသည်ရှောင်ကိုင်နှင့်ဝူမေ့တို့ကိုဖုံးကွယ်ထားလိုက်ကာ အသက်လက္ခဏာအားလုံးကို ပိတ်ဆို့ထားလိုက်သည်။

နောက်အခိုက်အတန့်တွင် လျှို့ဝှက်လမ်းကြောင်းက ငြိမ်သက်သွားခဲ့ပြန်သည်။

"ငါတွေးထားသလိုပဲ..."

လီယွမ်သည် သူ၏ခန့်မှန်းချက်မှန်ကန်သွားသည့်အတွက် ၀မ်းသာမိသော်လည်း ပြဿနာတစ်ခုက သူ့ရှေ့၌ရှိနေပြန်သည်။

ငါဒီကနေ ဘယ်လိုထွက်ရမလဲ...

သူသာဤနေရာ၌ အချိန်ဆက်ဖြုန်းနေပါက ဂူအင်မော်တယ်၏ဆန္ဒကြောင့် ပျက်စီးသွားရမည်ဖြစ်သည်။

"ငါအဲလောက်စိတ်မလောသင့်ဘူး...ကျောက်ပိုင်တုံရဲ့အသက်ကိုချမ်းသာပေးပြီးတော့ အကြောင်းစုံကိုမေးလိုက်သင့်တယ်"

သို့သော်လည်း ဧရာမဝိညာဉ်ဂူကောင်အား အသက်သွင်းလိုက်သည်နှင့်တပြိုင်နက် တဟုန်ထိုးမြင့်တက်လာသော သွေးချီစွမ်းအင်က သူ၏အတွေးအမြင်အားထိခိုက်စေခဲ့သည်။ထိုအချိန်တွင် သူသည်ဤအကြောင်းကို ဆက်ပြီးမစဉ်းစားနိုင်ခဲ့ပေ။

ယခုပြန်တွေးကြည့်လိုက်ချိန်တွင် ကျောက်ပိုင်ထုံနှင့်ရှယွဲ့လျန်တို့သည် အိပ်မောကျနေသော ဓားနတ်သမီး၏အလောင်းကို ရယူလိုသည်ဖြစ်၍ ဤကိစ္စအတွက် သူတို့ထံတွင် ကြိုတင်ပြင်ဆင်မှုများရှိထားနိုင်သည်။

"အမှန်တရားကိုသိချင်ရင် အခေါင်းကိုဖွင့်ကြည့်ရမှာပဲ..."

လီယွမ်သည် ရုတ်တရက်ထခုန်လိုက်ကာ ဧရာမအခေါင်းကြီးထံ ပြေး၀င်သွားခဲ့သည်။

ရွှီ...ရွှီ...ရွှီ...

ထိုအချိန်တွင် ဓားစွမ်းအင်က သူ့အားတဖန်တိုက်ခိုက်လာခဲ့ပြန်သည်။

"သေဟန်ဆောင်ဟေ့..."

လီယွမ်သည် မြေကြီးပေါ်တွင်တဖန်မလှုပ်မယှက်လဲလျောင်းနေခဲ့ကာ အသက်ရှုရပ်တန့်၍ သေဟန်ဆောင်လိုက်ပြန်သည်။

ထို့နောက် ဓားစွမ်းအင်လျော့နည်းသွားချိန်တွင် တဖန်ခုန်ထလာခဲ့သည်။

ထို့နောက် ဓားစွမ်းအင်က တဖန်ထွက်ပေါ် လာပြီး လီယွမ်ကလည်း သေဟန်ဆောင်ခဲ့ပြန်သည်။

"ဒါက မခက်ခဲဘူးထင်ရပေမဲ့ တကယ်တော့သေလမ်းရှာတဲ့အပြုအမူတစ်ခုပဲ...အခြားသူသာ ငါ့လိုလိုက်လုပ်မယ်ဆိုရင် အကြိမ်ရာနဲ့ချီသေဆုံးသွားလောက်ပြီ..."

လီယွမ်က တိုးတိုးလေးညဉ်းညူလိုက်သည်။

အကြိမ်ပေါင်းများစွာတိုင်အောင် သေဟန်ဆောင်ပြီးနောက်တွင် လီယွမ်သည် အဖုံးဖွင့်လုဆဲဆဲဖြစ်နေသော ဧရာမခေါင်းတလားအနီးသို့ အောင်မြင်စွာချဉ်းကပ်သွားနိုင်ခဲ့သည်။

"နောက်ဆုံးတစ်ကြိမ်ပဲ..."

လီယွမ်၏နှလုံးသည်ပင် လှုပ်ရှားခြင်းမရှိတော့သော်လည်း သူ့စိတ်ထဲတွင်မူ တင်းမာနေခဲ့သည်။

"စီနီယာဓားနတ်သမီး...ငါတကယ်ကိုတောင်းပန်ပါတယ်...ငါအသက်ရှင်သန်ဖို့လုပ်ဆောင်ချက်က မင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် ခွင့်လွှတ်ပေးပါ"

…

All Chapters