သတ်ဖြတ်ခြင်း
Vol. 159 Ch. 2253
ကိုက်ချိန်၏ မျက်လုံးများက ရုတ်တရက် ပြောင်းလဲသွားသည်။ ရီဖူရှင်းက သူ့ထံသို့ လျှောက်လာနေသည်ကို ကြည့်ရင်း သူ့ မျက်လုံးများထဲ၌ အကြောက်တရားတို့ ဖြစ်ပေါ်လာသည်။ မဟာအင်ပါယာ၏ စွမ်းအားက အလွန် အားကောင်းလှပြီး အရာအားလုံးကို ဖျက်ဆီးနိုင်ကာ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ခဲ့ဖူးသော နေမင်းနတ်ဘုရားတောင်တန်းမှ ကျင့်ကြံသူသည်ပင် အသည်းအသန် ရှောင်တိမ်းခဲ့ရသည်။
ဘုန်း...
နတ်အလင်းက အလွန် တောက်ပနေခဲ့သည်။ ရွှေရောင်နတ်ပြည်ထောင်သခင် ကိုက်ချိန်သည် မတိုက်ခိုက်ဘဲ လေဟာနယ်အတွင်း အသည်းအသန် ဆုတ်ခွာခဲ့ကာ ထိုနေရာမှ ထွက်ပြေးချင်ခဲ့ပေသည်။ ပြောစရာမလိုအောင်ပင် လူတိုင်းက အံ့အားသင့်သွားခဲ့သည်။ ဤအဆင့်မှ အားကောင်းသော ပုဂ္ဂိုလ်သည်ပင် ထွက်ပြေးရန် ရွေးချယ်ခဲ့မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုမြင်ကွင်းသည် ရီဖူရှင်း၏ ရန်သူများဖြစ်သော မူလဘုံမှ လူများကို နှလုံးသားထဲမှ အကြောက်တရားအား ခံစားမိစေခဲ့သည်။ ရီဖူရှင်းက ကိုက်ချိန်ကို ဖျက်ဆီးခဲ့ပြီးနောက် သူတို့၏ အလှည့်ကျရောက်လာမည်လား။
မဟာအင်ပါယာရှန်ကျား၏ မျက်လုံးများတွင် ကြောက်မက်ဖွယ် အလင်းများ ရှိနေပြီး နတ်အလင်းတန်းများက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ကိုက်ချိန်၏ အထက်ကောင်းကင်မှ သင်္ကေတအက္ခရာများ ကျဆင်းလာပြီး အကြွင်းမဲ့ ကန့်သတ်နယ်မြေကို ဖြစ်ပေါ်စေခဲ့သည်။
ကိုက်ချိန်၏ ခန္ဓာကိုယ်က ပြင်းထန်သော အင်အားနှင့် ၎င်းအပေါ်သို့ ရိုက်ခတ်မိသော်လည်း သူက မချိုးဖျက်နိုင်ခဲ့ပေ။ သူ၏ မျက်နှာက ပို၍ပင် မည်းမှောင်လာသည်။ သူက ခေါင်းကို လှည့်လိုက်သည့်အခါ ရီဖူရှင်း ထိန်းချုပ်ထားသည့် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က သူ့ထံ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။ တွေဝေခြင်းမရှိဘဲ ၎င်းသည် ရှည်လျားသည့် လှံကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ အောက်သို့ ထိုးစိုက်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် အမှောင်အက်ကြောင်းက လေဟာနယ်ကို အပြည့်အဝ စုတ်ဖြဲပစ်လိုက်သည်။
ကိုက်ချိန်သည် ဟစ်ကြွေးလိုက်ပြီး အနန္တနတ်ရောင်ဝါတို့ ပျော်ဝင်နေသည့် ရွှေရောင်နတ်အလင်းတို့ ထိုးထွက်လာသည်။ နတ်ဘုရားကဲ့သို့ ပုံရိပ်သည် ရွှေရောင်လှံကို ကိုင်စွဲကာ တိုက်ခိုက်မှုအား တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော် လှံအရိပ်နှင့်အတူ ကြောက်မက်ဖွယ် အနက်ရောင်အက်ကြောင်းက ကျဆင်းလာပြီး နတ်ဘုရားကဲ့သို့ ခန္ဓာကိုယ်ကို ထိခတ်ကာ အပိုင်းပိုင်း ပြိုကွဲသွားစေသည်။ ကိုက်ချိန်၏ မျက်လုံးများထဲ၌ စိတ်ပျက်အားငယ်ခြင်းတို့ ရှိနေခဲ့သည်။ သူက အဆုံးမဲ့ ရွှေရောင်နတ်အလင်းတို့ကို ထုတ်လွှတ်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ် အပိုင်းပိုင်း စုတ်ဖြဲခံခဲ့ရခြင်းမှ မတားဆီးနိုင်ခဲ့ပေ။
ဘန်း...
ထိုတိုက်ခိုက်မှု ကျဆင်းလာသည့်အခါ အရာအားလုံးက ပျောက်ကွယ်သွားရသည်။ လူတိုင်းသည် ရွှေရောင်နတ်ပြည်ထောင်၏ ဘုရင် ကိုက်ချိန်က လှံတိုက်ခိုက်မှု တစ်ချက်တည်းနှင့် ဝိညာဥ်ပါ ပြိုကွဲသွားပြီး မည်သည်မှ မကျန်တော့အောင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ကြရသည်။ ထို့ပြင် သူ အသတ်ခံခဲ့ရသည့် ဖြစ်စဥ်အတွင်း မည်သူကမှ အကူအညီမပေးနိုင်ခဲ့ချေ။ သူတို့သည် ထိပ်သီးကျင့်ကြံသူတစ်ဦး အသတ်ခံခဲ့ရသည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်ပေသည်။
ရွှေရောင်နတ်ပြည်ထောင်သည် သူတို့၏ ဘုရင်ကို ဆုံးရှုံးခဲ့ရပြီး အနာဂတ်၌ နိမ့်ပါးသွားရတော့မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
လူအများ၏ နှလုံးသားများက တုန်ယင်နေခဲ့သည်။ ရှန်ကလန်မှ ကျင့်ကြံသူများ၊ သိုင်းနတ်ဘုရားကလန်၊ ထျန်းရှန်းကျောင်းတော်မှ ကျန့်အော့နှင့် အခြား ထပ်သိီးပုဂ္ဂိုလ်အများအပြားသည် အားကောင်းလှသည့် စိုးထိတ်မှုကို ခံစားလိုက်ကြရသည်။ ကိုက်ချိန်သည် ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆန့်ကျင်ရန် သူတို့နှင့် လက်တွဲ တိုက်ခိုက်ခဲ့သည့် မဟာမိတ်ဖြစ်သည်။
သို့သော် ယခု သူတို့က ကိုက်ချိန်၏ သေဆုံးခြင်းကို မျက်မြင်တွေ့ခဲ့ရသည့်အခါ ဝမ်းနည်းခြင်းနှင့် ဆုံးရှုံးရသော ခံစားချက်အား ခံစားမိလိုက်ကြပေသည်။
ထို့နောက်၌ ရီဖူရှင်းက သူတို့နှင့် ရင်ဆိုင်လာလျှင် မည်သို့ လုပ်ရမည်နည်း။
ယခု ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်နေသည့်အတွက် သူ့အား မည်သူက တိုက်ခိုက်နိုင်ပါမည်နည်း။ မူလဘုံရှိ မည်သည့် ထိပ်သီးပုဂ္ဂိုလ်မှ သူနှင့် ရင်ဆိုင်ရန် အရည်အချင်း မပြည့်မီပေ။ သူတို့သည် ကိုက်ချိန်ကဲ့သို့ တစ်ချက်တည်းနှင့် သတ်ဖြတ်ခံလိုက်ရနိုင်ပေသည်။
အဝေးရှိ ရွှေရောင်နတ်ပြည်ထောင်မှ ကျင့်ကြံသူများသည် ထိုထိတ်လန့်ဖွယ် မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရပေသည်။ ယခု သူတို့က ဝမ်းနည်းပူဆွေးမှုကို အကြီးအကျယ် ခံစားနေကြရပေသည်။
သူတို့၏ အုပ်ချုပ်သူက တိုက်ပွဲအတွင်း ထိုကဲ့သို့ သေဆုံးခဲ့ရသည်လား။
ရီဖူရှင်းသည် ကျင့်ကြံသူများအားလုံး ရှေ့တွင် သူ့ကို သတ်ဖြတ်ခဲ့သည်။ သူက အသတ်ခံခဲ့ရပေသည်။ ရီဖူရှင်းကို အင်အားစုများအားလုံး စုပေါင်း၍ပင် တိုက်ခိုက်နိုင်ပါမည်လား။
ထို့ပြင် သူတို့သည် အားလုံယကိည ပြန်ဆုတ်ခွာရန် ဖိအားပေးနိုင်ခဲ့သော လူတစ်ယောက်၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီး မည်သူမှ သူ့ရှေ့တွင် မရပ်ရဲကြတော့ပေ။
"ကိုက်ချိန်"
ရွှေရောင်နတ်ပြည်ထောင်၌ နောက်ထပ် ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်သော ကိုက်ချုံ ရှိနေသေးပေသည်။ သူ့မျက်စိရှေ့မှာပင် သူ၏ အစ်ကိုက အသတ်ခံလိုက်ရသော်လည်း သူက ကူညီရန် အင်အားမရှိခဲ့ပေ။ သူသည် ဝင်ကူညီခဲ့လျှင်ပင် ရလဒ်က တူညီနေရုံမျှမက သူသည်လည်း အသက်ဆုံးရှုံးရလိမ့်မည်ကို သိနေခဲ့သည်။
ဤတစ်ကြိမ်၌ ကိုက်ချုံ၏ အသံကြောင့် ဆွဲဆောင်ခံလိုက်ရသကဲ့သို့ မဟာအင်ပါယာရှန်ကျား၏ အကြည့်တို့က ကိုက်ချုံထံသို့ ကျရောက်လာသည်။
"ကိုက်ချုံ ခင်ဗျားက မဟာအင်ပါယာရဲ့ လက်အောက်ခံအဖြစ်နဲ့ အင်ပါယာနန်းတော်မှာ ကျင့်ကြံနေခဲ့တယ်။ ဒါပေမယ့် ခင်ဗျားက ကောင်းကင်ဒေသအတွင်း အတွင်းရေးပဋိပက္ခတွေဖြစ်လာအောင် သွေးထိုးလှုံ့ဆော်ပေးပြီး ပြင်ပဘုံက ကျင့်ကြံသူတွေနဲ့ လျှို့ဝှက်ကြံစည်ခဲ့တယ်။ ပြီးတော့လည်း ကျုပ်ကို အကြိမ်ပေါင်းများစွာ အန္တရာယ်ပြုခဲ့တဲ့အတွက် ဒီနေ့ ခင်ဗျားကို အပြစ်ပေးရတော့မယ်။ အင်ပါယာနန်းတော်က နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
သူ၏ အသံဆုံးသွားသည်နှင့် မဟာအင်ပါယာ ရှန်ကျား၏ ခန္ဓာကိုယ်မှ နတ်အလင်းများ ပေါက်ကွဲထွက်လာသည်။ သူ့ခန္ဓာကိုယ်က လေထဲတွင် အလွန် လျင်မြန်လှသော အရှိန်နှင့် ခရီးဆက်သွားပြီး သူ့လက်ထဲမှ လှံရှည်က ကခုန်နေကာ တစ်ဖန် ကျဆင်းလာပြန်သည်။
ကိုက်ချုံ၏ မျက်နှာက ထိတ်လန့်မှုကြောင့် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ နတ်ဘုရားတစ်ပါးကဲ့သို့ ပုံရိပ်က ကောင်းကင်နှင့် မြေကြီးကြား မားမားမတ်မတ် ရပ်နေခဲ့သည်။ သူ၏ လက်ဝါးနှစ်ဖက်လုံးကို ရှေ့သို့ ဆန့်ထုတ်လိုက်ကာ ကြီးမားသည့် လက်ဝါးရိပ်ကြီးနှစ်ခုက ကြောက်မက်ဖွယ် လှံရှည်မှ ထုတ်လွှတ်လိုက်သည့် တိုက်ခိုက်မှုအား ရပ်တန့်ရန် ကြိုးစားလိုက်သည်။
သို့သော် ကြောက်မက်ဖွယ် အမှောင်အက်ကြောင်းများက လေဟာနယ်တွင် ပေါ်ပေါက်လာကာ ကောင်းကင်နှင့် မြေကြီးကြားမှ လေထုကို မငြိမ်မသက်ဖြစ်လာကာ ပြိုကျပျက်စီးစေခဲ့သည်။ ဤလှံက မူလဘုံတစ်ခုလုံးကို မုန်တိုင်းထန်စေပြီး မဟာလမ်းစဥ်စွမ်းအားများကိုပင် သက်ရောက်စေခဲ့သည်။
ဘန်း...
နောက်ထပ် ကြောက်မက်ဖွယ် ကျယ်လောင်သော ဆူညံသံကို ကြားလိုက်ရကာ နောက်ထပ် ကျင့်ကြံသူတစ်ယောက် သတ်ဖြတ်ခံလိုက်ရပေသည်။ အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ယောက်က ရီဖူရှင်းထံမှ တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။ သူ၏ ဝိညာဥ်က ကွဲထွက်သွားပြီး မည်သည်မှ မကျန်ရစ်ခဲ့တော့ပေ။
၎င်းက အလွန် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ရီဖူရှင်းသည် ရုပ်ကြွင်းအတွင်း ရှိနေသည့် ဖျက်ဆီးခြင်းစွမ်းအားကို အသုံးပြုနိုင်စွမ်း ရှိပေသည်။ တိုက်ခိုက်မှုတိုင်းက လေဟာနယ်ကို ဖျက်ဆီးစုတ်ဖြဲနိုင်သော စွမ်းအားများ ပါဝင်နေပြီး ထိပ်သီးပုဂ္ဂိုလ်များသည်ပင် သူ့တိုက်ခိုက်မှုကို တားဆီးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်း ထိပ်သီးပုဂ္ဂိုလ်နှစ်ယောက် သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။ သူတို့နှစ်ယောက်က ညီအစ်ကိုများဖြစ်ပြီး ရွှေရောင်နတ်ပြည်ထောင်၏ ပင်မထောက်တိုင်များ ဖြစ်ကြသည်။
ထိုအဓိကပုဂ္ဂိုလ်နှစ်ဦး၏ ကျဆုံးမှုသည် ရွှေရောင်နတ်ပြည်ထောင် ပျက်စီးခြင်းပင် ဖြစ်၏။ ၎င်းတို့က ထိပ်တန်းအင်အားစုအဖြစ်မှ လျှောကျသွားသည့် ကံကြမ္မာနှင့် ရင်ဆိုင်ရပေလိမ့်မည်။
"အခု ဘယ်သူကများ ရီဖူရှင်းနဲ့ ရင်ဆိုင်နိုင်မှာလဲ။" ကျင့်ကြံသူများက ထိတ်လန့် တုန်ယင်သွားကြပြီး အထူးသဖြင့် ရီဖူရှင်း၏ ကမ္ဘာမကြေရန်သူများ ဖြစ်ပေသည်။ သူတို့သည် ရီဖူရှင်းကို ဝန်းရံကာ ဖျက်ဆီးချင်ခဲ့သော်လည်း မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်ပြီးနောက် ရီဖူရှင်းသည်သာ အစွမ်းထက်ဆုံး တည်ရှိမှုဖြစ်နေသည်အား တွေ့ရှိလိုက်ရသည်။ သူ၏ အစွမ်းထက်စွမ်းအားများကို မည်သူကမှ မရပ်တန့်နိုင်ခဲ့ပေ။
တိုက်ပွဲမြေပြင်က ပို၍ ကျယ်ပြန့်သွားခဲ့သည်။ မတူညီသော အင်အားစုများမှ ကျင့်ကြံသူတို့က ရီဖူရှင်းနှင့် နီးကပ်နေခြင်းမှ ရှောင်ရှားရန် အဝေးသို့ ဆုတ်ခွာလိုက်ကြသည်။ သူတို့သည် ရီဖူရှင်းက ရုတ်တရက် သူတို့ကို တိုက်ခိုက်လာပြီး ကိုက်ချုံနှင့် ကိုက်ချိန်တို့၏ ကံကြမ္မာနှင့် တူသွားလိမ့်မည်ကို စိုးရွံ့နေကြသည်။
အားလုံးသော ကျင့်ကြံသူများက လူတစ်ယောက်ကြောင့်နှင့် စိုးထိတ်နေကြရသည်။
ရှန်ချင်းနယ်မြေမှ ကျင့်ကြံသူများက လေးမျက်နှာကျေးရွာအပြင်ဘက်မှ တိုက်ပွဲကို ပြန်စဥ်းစားမိလိုက်ကြသည်။ ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏ ကြောက်မက်ဖွယ်စွမ်းအားကို အသားကျနေကာ သူ့လမ်းတလျှောက် လူတိုင်းကို သတ်ဖြတ်ပစ်နေသည်။
မှော်နက်လောကနှင့် နတ္ထိဘုံမှ ကျင့်ကြံသူများက စောင့်ကြည့်နေကြသည်။ သူတို့သည် လှုပ်ရှားရန် ရည်ရွယ်ချက်မရှိတော့ပေ။ သူတို့အတွက် အလျင်လိုရန် မလိုအပ်ပါချေ။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများက အချင်းချင်း သတ်ဖြတ်ကြပြီး ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်သည့် စွမ်းရည်အားလည်း စောင့်ကြည့်ချင်နေသည်။ သူက အထွတ်အထိပ် အခြေအနေကို ထိန်းသိမ်းနိုင်လျှင် သူ့အား ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
ဤနေရာ၌ မည်သူကမှ ရီဖူရှင်းနှင့် ရင်ဆိုင်နိုင်ခြင်း မရှိခဲ့ပေ။ ဤနေရာရှိ ကျင့်ကြံသူများကြားတွင် အားအကောင်းဆုံးမှာ နတ်ဘုရားကပ်ဘေး ပထမအဆင့် အောင်မြင်ပြီးသူ ဖြစ်သည်။ နေမင်းနတ်ဘုရားတောင်တန်းမှ ထိုအဆင့် ကျင့်ကြံသူသည်ပင် ရီဖူရှင်း၏ တိုက်ရိုက်အနိုင်ယူခြင်းကို ခံခဲ့ရပြီး နောက်ထပ် တိုက်ရိုက်ရင်ဆိုင်ရန် မဝံ့ရဲ ဖြစ်နေခဲ့သည်။
အဝေးရှိ စားသောက်ဆိုင်၌ မေ့ထန်က တိတ်တဆိတ် ရပ်နေခဲ့သည်။ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အပြောင်းအလဲ ဖြစ်နေပါစေ သူသည် အမူအရာမရှိ တည်ငြိမ်နေဆဲ ဖြစ်သည်။ သို့သော် သူ့မျက်လုံးများက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ကြည့်နေခဲ့ပြီး တစ်ခုခု မတူကွဲပြားနေပုံရသည်။ ရီဖူရှင်းအကြောင်း သူ၏ သိချင်စိတ်က အားကောင်းလာခဲ့သည်။ ရီဖူရှင်းက မည်သို့သော လူမျိုးဖြစ်၍ အခြားသူများ မလုပ်နိုင်သည့် ကိစ္စများကို အောင်မြင်နိုင်ရသနည်း။
မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ထိန်းချုပ်နိုင်ပြီး စီဝေ့မဟာအင်ပါယာ၏ အမွေအနှစ်အား ရရှိခဲ့သည်။ ထိုသို့သော စွမ်းဆောင်ရည်က ယူချင်းအား ရီဖူရှင်းနောက်သို့ လိုလိုလားလား လိုက်ပါရန် ပြုလုပ်နေသည်။
***