အခန်း (၃၀၈)
Vol. 31 Ch. 308
ကျန်းကျန်းထံ၌ မနက်ဖြန်အတွက် သူမ ကိုယ်တိုင်သွားရောက်ရမည့် အရေးကြီးသောနေရာတစ်ခု ရှိသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျန်းကျန်း မျက်နှာဖုံးစွပ်၍ ကျင်းကျန်းသို့ သွားရောက်ခဲ့စဉ် လောင်မင်ဆိုသည့် သူတစ်ယောက်နှင့် သူ၏သူငယ်ချင်းများက သူ့၌ ဘိုးဘွားပိုင်ပစ္စည်းတစ်ခု ရှိပြီး ရောင်းချလိုသည်၊ သင့်တော်သည့်သူကို မိတ်ဆက်ပေးပါဟု ပြောသည်ကို ကြားခဲ့ရသည်။
ကျန်းကျန်း မေးလိုက်မိသည်။
“ဘယ်လိုရတနာမျိုးလဲ၊ ကောင်းမွန်တယ်ဆိုရင် ကျွန်မဝယ်နိုင်တယ်”
အစပိုင်း၌ လောင်မင်က ငယ်ရွယ်သည့်မိန်းကလေးဖြစ်သည့် ကျန်းကျန်းကို ကြည့်၍ စိတ်မဝင်စားခဲ့ပေ။ ကျန်းကျန်းက သူမ၏အိတ်ထဲမှ ငွေအထပ်များကို ထုတ်၍ သူ့ကို ပစ်ပေးလိုက်သောအခါမှသာ လောင်မင်က သူမကို တစ်ချက်ကြည့်လာခဲ့သည်။
မည်သည့်အကြောင်းကြောင့် မသိရသော်လည်း ကျန်းကျန်းကို ပစ္စည်းများဆီသို့ တိုက်ရိုက်မခေါ်ဆောင်ဘဲ တနင်္ဂနွေနေ့မှ ပြန်လာရန် နောက်ထပ်ချိန်းဆိုလိုက်သည်။
ကျန်းကျန်းက အိမ်သို့ ညသန်းခေါင်မှသာ ပြန်ရောက်ခဲ့သည်။ ထို့အပြင် မနက်အိပ်ယာထလာသည်နှင့် မနက်စာကို စားခဲ့ကာ အလောတကြီး ထွက်သွားခဲ့ပြန်သည်။ ထို့ကြောင့် မဒမ်လီတစ်ယောက် အချိန်ကြာမြင့်စွာ ပွစိပွစိပြောနေခဲ့သည်။
သဘောတူထားသည့်နေရာသို့ ရောက်သောအခါတွင် ကျန်းကျန်းသည် ထိုသူအပြင် တခြားစိမ်းသက်သည့်သူ နှစ်ဦး ရှိနေသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း ၎င်းတို့သည်က ဝယ်သူများလား၊ သို့မဟုတ် လောင်မင်က ဖိတ်ခေါ်ထားခြင်းလားကို သူမသိပေ။
လောင်မင်က လူအနည်းငယ်ကို အပြင်ခန်းထဲသို့ ခေါ်ထားခဲ့ကာ သူကတော့ အတွင်းခန်းထဲသို့ ဝင်ပြီး အချိန်အတော်ကြာအောင် လှည့်ပတ်နေခဲ့သည်။
နောက်ဆုံးတွင်တော့ အဝါရောင် တောက်ပနေသည့် သေတ္တာတစ်လုံးနှင့် ပြန်ထွက်လာသည်။
ကျန်းကျန်းသည် သူမ၏အသိစိတ်ဖြင့် တစ်ချက်ကြည့်လိုက်သည်နှင့် အံ့အားသင့်သွားသည်။ ထိုအချိန်၌ လောင်မင်သည်လည်း သေတ္တာအဖုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ နွေးထွေးပုံရကာ ဖြူစင်သည့် ကျောက်စိမ်းတံဆိပ်တစ်ခုသည် လူတိုင်းရှေ့၌ ပေါ်လာသည်။
ဤသည်မှာ ယုံကျန်းဧကရာဇ်မင်း၏ တော်ဝင်ရတနာဖြစ်ပြီး ကျောက်စိမ်းကိုးချောင်းခလုတ် လေးထောင့်တံဆိပ်ဖြစ်သည်။
ယုံကျန်းဧကရာဇ်မင်း၏ တံဆိပ် ငါးခုထဲမှ တစ်ခုတည်းသော ကျောက်စိမ်းဖြင့်ထွင်းထုထားသော တစ်ခုပင်။
လောင်မင်သည်ကား ဤရှေးဟောင်းပစ္စည်းအကြောင်းကို ဖုန်းအာ့ထက် ပို၍ သိသည်။ ထို့ကြောင့် သူက စားပွဲပေါ်သို့တင်ရန် ဖလန်နယ်အဝတ်စတစ်စကို အထူးရှာဖွေ၍မှ ကျောက်စိမ်းတံဆိပ်ကို သေသေချာချာ ဂရုတစိုက်ဖြင့် ထုတ်ယူလိုက်သည်။
ကျန်းကျန်း လောင်မင်ကို ကြည့်၍ မေးလိုက်မိသည်။
“ရှင့်ရဲ့ဘိုးဘေးတွေက နန်းတွင်းရေးရာဝန်ကြီးဌာနကလား”
“နန်းတွင်းရေးရာဝန်ကြီးဌာနက ဟုတ်လား...”
လောင်မင်က နှာခေါင်းရှုံ့လိုက်သည်။
“ငါ့ရဲ့ ဘိုးဘေးတွေက မိန်းမစိုးတွေ”
ကျန်းကျန်းတစ်ယောက် တုန်လှုပ်သွားရသည်။
“မိန်းမစိုးတွေမှာ မျိုးဆက်ရှိတာလား”
လောင်မင်သည်ကား တကယ်တမ်းတွင် အနည်းငယ် ဂုဏ်ယူနေခဲ့သည်။
“မင်းမသိဘူးလား၊ နာမည်ကြီး မိန်းမစိုးတစ်ယောက်ဖြစ်နေမယ်ဆိုရင် သူ့သားကို မွေးစားနိုင်တယ်လေ။”
ကျန်းကျန်းသည်ကား သူ၏ဂုဏ်ယူမှုက မည်သည့်နေရာမှ လာသည်ကို အမှမ်တကယ်နားမလည်ခဲ့ပေ။
သို့သော်လည်း စားပွဲပေါ်ရှိ ကျောက်စိမ်းတံဆိပ်ကို တစ်ချက်ကြည့်လိုက်သောအခါတွင် ကျန်းကျန်း ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။
“သူက မိန်းမစိုးကြီးတစ်ယောက်ဖြစ်နေတာပဲ၊ သူ တော်တော်လေးသတ္တိရှိတယ်”
“ဟုတ်တယ်။”
လောင်မင်သည်လည်း အနည်းငယ် ဝင့်ကြွားနေခဲ့သည်။
“မင်းစဉ်းစားကြည့်လိုက်လေ၊ မိန်းမစိုးအငယ်လေးက ဒီလောက်ထိရဲရင့်ဖို့ဆိုတာ ဖြစ်နိုင်လောက်လို့လား၊ မဖြစ်နိုင်ဘူးမလား၊ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ငါတို့ရဲ့ဘိုးဘေးတွေတွေက အကြီးအကဲ၊ မိန်းမစိုးကြီးတစ်ယောက်ဖြစ်တယ်လို့ ပြသနေတာပဲ”
“ရှင် သူက ဘယ်အဆင့်လဲဆိုတာ မသိဘူးလား”
ဤသည်ကို နားထောင်ပြီးသည့်နောက်တွင်ကပင် ကျန်းကျန်းသည်ကား တစ်ဖက်လူက မည်သည့်အရာကို ဂုဏ်ယူနေကြောင်းး နားမလည်ခဲ့သေးပါချေ။
လောင်မင်သည်က မျက်နှာကို လက်ဖြင့်ကုတ်၍ နောင်တရသလို ပုံစံဖြင့် ပြောလိုက်သည်။
“အရင်တုန်းက ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်ခုတော့ ရှိခဲ့တယ်။ သူ့ရဲ့နှောင်းပိုင်းဘဝမှာ နန်းတော်ကနေ ထွက်ပြီးမှ ရေးခဲ့တာလို့ ပြောတယ်။
ဒါပေမဲ့ အဲဒီအချိန်ကစပြီး ကမ္ဘာကြီးက ငြိမ်းချမ်းမှုမရှိတော့ဘူးလေ၊ ဒါကြောင့် ဒါကို အနာဂတ်မျိုးဆက်တွေကို ပေးဖို့ဆိုတာ မရှိတော့ဘူး”
သူသည်ကား ကျောက်စိမ်းတံဆိပ်ပေါ်ရှိ ကိုးခုတွဲလျက်ရှိသော နဂါးများကို ကိုင်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။
“ကံကောင်းစွာနဲ့ ဒီရတနာကတော့ မပျောက်ပျက်ခဲ့ဘူး၊ နောင်ပိုင်းမှာ အစားအသောက်အဝတ်အစားတွေအတွက် ရောင်းချနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်”
ကျန်းကျန်းတစ်ယောက် ထိုသူမှ ကျောက်စိမ်းတံဆိပ်ကို ပွတ်သပ်နေသည်ကို တွေ့မြင်နေရပြီး သူ၏ ခွဲခွာရခက်သလို အမူအရာမျိုးရှိနေသည်ကို တွေ့သောကြောင့်မနေနိုင်ဘဲ ဖြောင်းဖြလိုက်သည်။
“ဒီပစ္စည်းတွေက အကန့်အသတ်ရှိတယ်နော်၊ ရှင်သာ ရောင်းလိုက်ရင် နောက်ထပ် ဒီလိုတူညီတဲ့ ပစ္စည်းမျိုးကို ပြန်ရှာလို့မရတော့ဘူး၊ ဒါကြောင့် ရှင် မရောင်းခင် သေသေချာချာစဉ်းစားပြီးဝယ်တာ ပိုကောင်းလိမ့်မယ်၊ ကျွန်မ ဝယ်သွားပြီးလို့ နှစ်နည်းနည်းလောက်ကြာပြီးမှ ကျွန်မဆီကိုလာပြီး ငိုတာမျိုးတော့ မလုပ်နဲ့။”
“မင်းက အချိန်တိုင်း မျက်နှာဖုံးစွပ်ထားတာလေ၊ မင်းဆီကိုလာပြီး ငိုချင်မယ်ဆိုရင်တောင် ဘယ်နေရာမှာ သွားငိုရမှန်းတောင် ငါမသိဘူး”
လောင်မင်က လှောင်ပြုံးပြုံး၍ ဘေးနားတွင်ရှိနေသော ကုလားထိုင်ပကို ဆွဲယူကာ လှည့်ထိုင်လိုက်သည်။
ထို့နောက် သူ၏ ခြေထောက်များအား ဘေးရှိကုလားထိုင်ပေါ် တင်ရင်းဖြင့် ပြောလာသည်။
“မင်းက ကြင်နာတတ်မှန်း ငါသိပါတယ်၊ ဒါပေမဲ့ မလိုအပ်ပါဘူး”
သူသည်က ကျန်းကျန်းကို မာနကြီးစွာဖြင့် ကြည့်လိုက်ပြီး ဆက်ပြောခဲ့သည်။
“ငါ့မိသားစုအတွက် ဗိုက်မဆာတော့တဲ့အထိ ဝလင်အောင်စားဖို့ရှိနေမယ်ဆိုရင်တော့ ငါ ဒါကို ရောင်းချင်စိတ်ရှိမှာမဟုတ်ဘူး၊ ဒီရတနာကို ငါ့လက်ထဲမှာ ဆက်ပြီးထားမယ်ဆိုရင် ဘယ်သူ့အတွက် ပိုပြီး ကောင်းမွန်သွားစေနိုင်လောက်မလဲဆိုတာ ငါမသိဘူး၊
ငါ့အတွက်ကတော့ အခု ရောင်းလိုက်တာ ပိုကောင်းလိမ့်မယ်၊ ဒါမှ ငါ့ရဲ့ဇနီးသည်နဲ့သားအတွက်ဘဝတစ်ခု ထူထောင်ဖို့ အဆင်ပြေလာနိုင်မှာ”
လောင်မင်က စကားကိုဆုံးအောင်ပြောပြီးသည်နှင့် အခန်းထဲတွင်တိတ်ဆိတ်နေသော အမျိုးသားလေးဦးကို ကြည့်လိုက်ပြီး ကျန်းကျန်းဘက်ကိုလည်း ပြန်ကြည့်လိုက်သည်။
“ကောင်းပြီ၊ မင်းတို့အားလုံးကို ပိုက်ဆံတွေယူလာကြလို့ ငါပြောခဲ့တယ်မလား၊ ပိုက်ဆံမရှိဘူးဆိုရင်တော့ ငါ့ကိုလာပြီး အလုပ်မရှုပ်နဲ့။
ငါက တော်ဝင်နန်းတော်မှာရှိနေတာ မဟုတ်ဘူး၊ မင်းတို့ကို ယဉ်ကျေးမှုအမွေအနှစ်တွေ ဘာတွေ ပြစရာလည်းမရှိဘူး။ မင်းတို့ တော်ဝင်နန်းတော်ကိုသွားမယ်ဆိုရင်တောင် လက်မှတ်တွေ ဝယ်သွားရတယ်...”
လက်မှတ်အကြောင်းကို ပြောရင်းဖြင့် လောင်မင်၏ မျက်လုံးများက ရုတ်တရက် ဝင်းလက်သွားခဲ့သည်။
“ဒါနဲ့ မင်းတို့တွေ လက်မှတ်ဖိုး ဝယ်ထားရဦးမယ်နော်၊ဒီကျောက်စိမ်းတံဆိပ်ကို အလကား ကြည့်လို့မရဘူး”
“ခင်ဗျားရဲ့ ကျောက်စိမ်းတံဆိပ်က အစစ်လား အတုလားဆိုတာကို ဘယ်သူက သိလို့ လက်မှတ်ဖိုးပေးရမှာလဲ၊ အမှန်အတိုင်းပြောရရင်...”
လူငယ်တစ်ဦးမှာ တစ်ဖက်လူ၏ စကားပြောဆိုခြင်းကို နားထောင်းနေရသည့်အပေါ်တွင် ငြီးငွေ့လာပုံရပြီး မနေနိုင်ဘဲ ပြောလိုက်သည်။
“ကောင်းပြီ၊ လာကြည့်လိုက်ကြ”
လောင်မင်သည် ခေါင်းကုတ်၍ သူတို့အား လက်ညှိုးထိုးပြလိုက်သည်။
“တစ်ယောက်ကို ၁၀ မိနစ်စီအချိန်ရမယ်၊ တန်းစီပြီး ကြည့်ရမယ်၊ ပြီးတော့ လက်မှတ်ဖိုးအပြင် ထိတွေ့ခ၊ တစ်ယောက်ကို ဆင့်ငါးဆယ် ပေးရမယ်။”
လောင်မင်၏ ကပ်စေးနဲသော ပုံစံကြောင့် ကျန်းကျန်းတစ်ယောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လောင်မင်သည်ကား နှာခေါင်းရှုံ့၍ သိသိသာသာ ဒေါသထွက်နေသည့် လူငယ်အား တစ်ချက်ကြည့်လိုက်သည်။
ထိာ့နောက် ပထမဆုံး ကျန်းကျန်းအား လက်ညှိုးထိုးပြပြီး ပြောလိုက်လေ၏။
“မင်းတို့ထဲက ဘယ်သူအရင်ကြည့်ချင်လဲ၊ ဒီကောင်မလေးက ကြည့်ရတာ သဘောကျစရာကောင်းတယ်။ ဒါကြောင့် ဒီကောင်မလေးကို အရင်ကြည့်ခိုင်းလိုက်”
ပြောပြီးနောက် လောင်မင်က အဖြူရောင်လက်အိတ်တစ်စုံကို ထုတ်ယူ၍ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
“မင်းတို့တွေ လက်အိတ်တွေနဲ့ ကိုင်တွယ်ရမယ်၊ ကိုင်တွယ်တဲ့အခါ သတိထားနော်၊ ဒီကျောက်စိမ်းတံဆိပ်က အရမ်းတန်ဖိုးရှိတယ်၊ မင်းတို့ရဲ့ အိမ်ကိုရောင်းရင်တောင် ပေးဆပ်နိုင်မှာ မဟုတ်ဘူး။”
လောင်မင်သည်ကား ကျောက်စိမ်းတံဆိပ်၏ ဈေးနှုန်းကိုပါ သွယ်ဝိုက်စွာ ထည့်ပြောလိုက်ပြီး သုံးလေးရာခန့်လောက်သာ ဈေးမပေးသင့်ဟု ဆိုလိုသည့်ပုံရသည်။
လောင်မင်၏ အသံထွက်ပေါ်လာသည်နှင့် တန်းစီရာ၏ နောက်ဆုံး၌ ရပ်နေသည့် အမျိုးသား၏ မျက်နှာတွင် တုံ့ဆိုင်းမှုများ ပေါ်လာသည်။
သူ၏ မိသားစုသည်ကား များစွာ ချမ်းသာသည် မဟုတ်သော်လည်း လက်ထဲ၌ ပိုက်ဆံပိုလျှံများ အနည်းငယ်တော့ ရှိသည်။
သူ့အနေဖြင့် ၎င်းအား သိမ်းထားမည့်အစား မိသားစုအမွေအဖြစ် ထားရှိနိုင်သည့် ပစ္စည်းတစ်ခုခုကို ဝယ်ယူ၍ ကလေးများအတွက် ထားခဲ့ခြင်းက ပို၍ကောင်းမည်ဟု သူတွေးထားခြင်းဖြစ်ပေသည်။
အပြောင်းအလဲ များစွာရှိသည့် ခေတ်၌ ရှေးဟောင်းပစ္စည်းများသည်က ရွှေကဲ့သို့ပင် တန်ဖိုးရှိသည်။
ယခုနောက်ပိုင်း နှစ်နှစ်အတွင်း သာမန်ပြည်သူများ၏ ဘဝသည်လည်း ပို၍ ကောင်းမွန်လာခဲ့သည်။
သူ၏ ဉာဏ်အလင်းပွင့်မှုသည်ကား အလွန် ထက်မြက်ပြီး သူ၏ အကြံဉာဏ်များလည်း ကောင်းသည်။ သို့သော် တစ်ခုရှက်စရာ ကောင်းသည်မှာ သူ၌ ငွေများစွာ မရှိခြင်းပင်။
သာမန်လူများ၏ အိမ်ခြေအနေနှင့်ဆိုလျှင် သူ၏ပိုင်ဆိုင်မှုက မနည်းပေ။ ၅၀၀ ယွမ် ပြည့်ရှိသည်။ သို့သော် လောင်မင်၏ စကားကို နားထောင်လိုက်သည့်အခါ မလုံလောက်ဟု ထင်ရသည်။ သူခဏမျှ တုံ့ဆိုင်းပြီး မနေနိုင်ဘဲ မေးလိုက်သည်။
“လောင်မင်၊ ခင်ဗျားရဲ့ အခြေခံဈေးနှုန်းက ဘယ်လောက်လဲ၊ အရင်ဆုံး အကြမ်းဖျင်းလေး ပြောပြပါဦး။”
လောင်မင်သည်ကား အတော်ပင် ရိုင်းစိုင်းသော်လည်း သူ၏ မျက်လုံးများကလည်း အလွန် ကောင်းမွန်သည်။ သူက အမျိုးသား၏ အိတ်ကို မျက်လုံးဖြင့် လှည့်ပတ်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“မင်းအိတ်ထဲမှာ တစ်ထောင်မရှိရင် စောစောပြန်လိုက်တာကောင်းမယ်”
ဤစကားကို ကြားလိုက်သည်နှင့် ထိုအမျိုးသားသည်လည်း သူ့အနေဖြင့် မည်သို့မျှ ဆက်လက်ပြောဆို၍ မရနိုင်ကြောင်း သိလိုက်သည်။
ထို့ ကြောင့် လောင်မင် ရေခွက်ကိုလှမ်းယူနေသည့်အချိန် သူက ဘက်မှနောက်ကွယ်မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
*