အခန်း (၃၀၉)
Vol. 31 Ch. 309
လောင်မင် ရေခွက်ချပြီး မော့ကြည့်လိုက်သည့်အခါ အခန်းထဲ၌ ထိုသူ မရှိတော့သည်ကို တွေ့လိုက်ရပြီးနောက် ဒေါသတကြီး ရယ်မောလိုက်သည်။
“ဟေး၊ အဲဒီတစ်ယောက်က လက်မှတ်ဖိုးတောင် မပေးဘဲ ထွက်ပြေးသွားတာပဲ”
စိတ်တိုနေသည့် လူငယ်လေးက မျက်လုံးလှန်၍ ပြောလိုက်သည်။
“ကျွန်တော်လည်း ရှေးဟောင်းပစ္စည်းတွေ အများကြီး ဝယ်ခဲ့ဖူးတယ်၊ ရှေးဟောင်းပစ္စည်းဝယ်တဲ့အချိန်မှာ လက်မှတ်ဝယ်ရတယ်ဆိုတာကို တစ်ခါမှ မမြင်ဖူးဘူး”
လောင်မင်သည်ကား မည်သို့မျှ ရှက်ရွံ့ခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးဖြင့်ပင် ပြောလာခဲ့သည်။
“အဲဒါ သူတို့ရဲ့ပစ္စည်းတွေက ငါ့ပစ္စည်းလောက် မကောင်းလို့ လက်မှတ်ခယူဖို့အတွက် ရှက်နေတာနေမှာပေါ့။”
သူသည်ကား မျက်နှာကို လက်နှင့်ပွတ်၍ အခန်းထဲရှိ လူလေးဦးကို ကြည့်လိုက်ပြီး ရုတ်တရက် ပျော်ရွှင်သွားသည်။
“တကယ်တော့ ငါ့အမြင်မှာ ဒီနည်းလမ်းက အတော်လေးကောင်းတယ်၊ မင်းတို့ မဝယ်ရင်တောင် နောက်ထပ်လူတွေအတွက် လက်မှတ်ဖိုး ဆက်ကောက်လို့ရတယ်၊ ဒီလောက် ပိုက်ဆံရရင် တစ်ပတ်လုံး ဗိုက်ဝနေမှာပဲ”
လောင်မင်သည်က စကားများစွာကို တရစပ်ပြောနေသော်လည်း ကျန်းကျန်းကတော့ ဤကျောက်စိမ်းတံဆိပ်နှင့် ပတ်သက်သည့် သူမ မသိသော အသေးစိတ်အချက်အလက်အားလုံးကို အာရုံမပြောင်းမလဲဖြင့် စစ်ဆေးနေဆဲပင်။
အပြင်ပန်းကတော့ မည်သို့မျှ မှားယွင်းမှု မရှိပေ။ ထို့ကြောင့် ကျန်းကျန်းက သူမ၏ အသိစိတ်အာရုံကိုပါသုံး၍ ကျောက်စိမ်းတံဆိပ်၏ အစိတ်အပိုင်းတိုင်းကိုပါ အတွင်းပိုင်းအထိ ကြည့်လိုက်သည်။
သက်တမ်းနှင့် လက်ရာသည်လည်း မှန်ကန်သည်။
ကျန်းကျန်း အဆုံးတွင် ဤကျောက်စိမ်းတံဆိပ်သည်က အမှန်တကယ် အစစ်အမှန်ဖြစ်သည်ဟု ကောက်ချက်ချလိုက်သည်။
ကျောက်စိမ်းတံဆိပ်ကို ၎င်း၏ မူလနေရာ၌ ပြန်ထားလိုက်ပြီးနောက် ကျန်းကျန်းက နောက်တစ်ဦး ကြည့်ရှုနိုင်စေရန်အတွက် ဘေးသို့ ထွက်ရပ်လိုက်သည်။
လူအနည်းငယ် ကြည့်ရှုပြီးနောက်တွင် လောင်မင်က အဖုံးကိုပိတ်လိုက်လေ၏။ နောက်ဆုံးတွင်တော့ သူ၏ မျက်နှာ၌ အလေးအနက်ထားသည့် အမူအရာ ပေါ်လာခဲ့သည်။
“ကောင်းပြီ၊ အခု မင်းတို့ ဈေးခေါ်ကြတော့။”
စိတ်မရှည်သည့် လူငယ်လေးက သူ့အား မျက်လုံးလှန်၍ ပုံမှန်အတိုင်း မကစားတတ်သည့် လူများအား မခံမရပ်နိုင်ဖြစ်ပြီး ပြောလာသည်။
“ခင်ဗျား အခြေခံဈေးနှုန်းကို ပြောလို့ရတယ်”
လောင်မင်ခဏမျှ စဉ်းစားပြီးလျှင် လူလေးဦး၏ မျက်နှာများအား တစ်လှည့်စီ ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“မင်းတို့ လက်မှတ်ဖိုးတွေ အရင်ပေးလိုက်ကြပါလား၊ တော်ကြာ တစ်ယောက်ယောက်က ဝယ်သွားရင် ကျန်တဲ့သုံးယောက်က ထွက်ပြေးသွားမှာ စိုးရတယ်။ ငါ့မှာ ပိုက်ဆံတွေ ဆုံးရှုံးသွားလိမ့်မယ်။”
လူငယ်လေးမှာ ဒေါသတကြီး ရယ်မောမိလိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ ငါးဆယ်ပြားကို ထုတ်ယူ၍ သူ့အား ပစ်ပေးလိုက်သည်။
ကျန်းကျန်းသည်လည်း စကားမပြောတော့နိုင်သည့် အမူအရာဖြင့် ကျသင့်ငွေကို ပေးလိုက်သည်။
လောင်မင်သည်က ငွေအနည်းငယ်ကို ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်ခံယူပြီးနောက် ပြောလာလေ၏။
“အခြေခံဈေးက တစ်ထောင်”
စိတ်တိုနေသည့် လူငယ်လေးမှာ အနည်းငယ်မျှပင် တုံ့ဆိုင်မှုမရှိဘဲ သူ၏ ပါးစပ်ဖွင့်၍ တစ်ရာထပ်တိုးလိုက်သည်။
“တစ်ထောင့်တစ်ရာ။”
အနောက်တွင်ရှိနေသည့် အမျိုးသားနှစ်ဦးသည်က တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
ဈေးနှုန်းက ရုတ်တရက် တစ်ရာစီ တိုးမြှင့်သွားလိမ့်မည်ကို သူတို့ မမျှော်လင့်ထားပုံရသည်။
နှစ်ဦးသား တီးတိုးပြောပြီး တစ်ဦးက ကျန်းကျန်းအား ကြည့်လိုက်သည်။
“ကျွန်တော် တစ်ထောင့်တစ်ရာငါးဆယ် ပေးမယ်”
“တစ်ထောင့်နှစ်ရာ”
လူငယ်လေးသည်ကား သူ၏ ပြိုင်ဘက်များကို မာနကြီးကြီးဖြင့် အနိုင်ယူလိုဟန်ရှိပြီး ဈေးနှုန်းကို မချီတုံချတုံမဖြစ်ဘဲ ပြောလိုက်ပြန်သည်။
ကျန်းကျန်း သူ၏ ချမ်းသာကြွယ်ဝသည့် ပုံစံကို ကြည့်၍ အနည်းငယ် ပြုံးလိုက်မိသည်။ သူမသည်ကား ငွေကြေးအရ ယှဥ်ပြိုင်ခြင်းနှင့် ပတ်သက်၍ မည်သည့်အခါမျှ မရှုံးနိမ့်ဖူးပေ။
ဤကျောက်စိမ်းတံဆိပ်သည်က ဧကရာဇ်မင်း၏ အာဏာကို ကိုယ်စားပြုသည်။ အရေအတွက်သည်လည်း များစွာ နည်းပါးသည်။
ယုံကျန်းမင်း ကိုယ်တိုင် သုံးခဲ့သည်ဆိုသောကြောင့် ပြောစရာပင် မလိုတော့ပေ။
ကျန်းကျန်းသည်ကား ယုံကျန်းမင်းကို ကောင်းမွန်သည့် ထင်မြင်ချက် ရှိသည်။ တစ်ခုမှာ သူ၏ သမိုင်းဝင် အောင်မြင်မှုများကြောင့်ဖြစ်ပြီး နောက်တစ်ခုသည်ကား သူမ၏ အတိတ်ဘဝ၌ ကျင်းကျန်း စာပေမြို့မှ ဝတ္ထုများကို မကြာခဏ ဖတ်ခဲ့သောကြောင့်ပင် ဖြစ်သည်။
၎င်း၌ ချင်ချွမ်လီသည်က လေးဦးမြောက် သခင်ဖြစ်၍ ဝတ္ထုအမျိုးမျိုးဖြင့် များစွာ အလုပ်များပြီး အမျိုးသားဇာတ်ဆောင်ဖြစ်နေသောကြောင့် သူ၏ ထင်ရှားမှုသည်က များစွာ ရှိခဲ့သည်။
လူနှစ်ဦးစီက ငါးဆယ်မျှသာ ထပ်ထည့်ပြီးနောက်တွင် လူငယ်လေးက ဈေးကို တစ်ထောင့်သုံးရာအထိ မြှင့်တင်လိုက်သည်။
လူငယ်လေးက ပြိုင်ပွဲမှ ထိုနှစ်ဦးစလုံး လက်လျှော့သွားသည်ကို ကြည့်၍ ကျေနပ်စွာ ပြုံးလိုက်သည်။
ကျန်းကျန်းကိုတော့ သူက လုံးဝ ဂရုမစိုက်ပေ။ ကျန်းကျန်းသည်က မျက်နှာဖုံးစွပ်ထားသော်လည်း သူမ၏ မျက်ခုံးမွေးနှင့် ပုံပန်းသဏ္ဌာန်မှ သူမသည် များစွာ ငယ်ရွယ်သည့် မိန်းကလေးတစ်ဦး၊ သို့မဟုတ် ကျောင်းသူတစ်ဦးကဲ့သို့ပင် ရှိသေးသည်ကို ထင်ရှားစွာ သိသာသည်။
လူငယ်လေးက သူမဘက်မှ များစွာ မေးမြန်းသည်ကို တွေ့ရသော်လည်း တစ်ခါမျှ ဈေးမခေါ်သောကြောင့် သူက ကျန်းကျန်းကို အပျော် လာကြည့်ခြင်းသာ ဖြစ်သည်ဟု တွေးလိုက်သည်။
ဤသို့ တွေးနေစဉ် မျက်နှာဖုံးအောက်မှ ကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်ကို သူကြားလိုက်ရလေသည်။
“တစ်ထောင့်ငါးရာ”
လူငယ်လေးက မျက်မှောင်ကြုတ်လိုက်သည်။ ဤမိန်းကလေးသည်က သူထက် ပို၍ မာနကြီးပြီး တစ်ခါတည်း နှစ်ရာတိုးလိုက်လိမ့်မည်ကို သူ မမျှော်လင့်ထားခဲ့ပေ
။
လောင်မင်ကတော့ ပျော်ရွှင်စွာဖြင့် ပြောလာသည်။
“ကောင်မလေး၊ မင်း နောက်ဆုံးတော့ စကားပြောလာပြီပဲ၊ ခုနကတော့ ဒီလူငယ်လေးကပဲ ဝယ်သွားရတော့မယ် ထင်လိုက်လို့ သေတော့မလို ကြောက်သွားတာ။”
ကျန်းကျန်းက သူ့အား ကြည့်၍ မနေနိုင်ဘဲ ရယ်လိုက်သည်။
“ရှင်က ပစ္စည်းတွေ ရောင်းနေတာကိုတောင် လူကို ကြည့်တုန်းပဲလား။”
“ဟုတ်တယ်၊ ပစ္စည်းတွေကို နှစ်ခြိုက်သဘောကျတဲ့ပုံနဲ့ ကြည့်တတ်တဲ့သူကို ဘယ်သူက မရောင်းချင်မှာလဲ။”
သူသည်က လူငယ်လေးကို မျက်လုံးလှန်ကြည့်၍ တစ်ဖက်လူကိုမနှစ်သက်ဟူသော အမူအရာမျိုးရှိနေခဲ့သည်။
လူငယ်လေး၏ ဆံပင်များက ဒေါသတကြီး ထောင်ထသွားသည်။
“နှစ်ထောင်၊ ခင်ဗျား ရောင်းမှာလား၊ မရောင်းရင် ကျွန်တော် ပြန်တော့မယ်”
လောင်မင်က ချက်ချင်းဆိုသလိုပင် ကျန်းကျန်းထံသို့ အာရုံစိုက်လိုက်သည်။ ကျန်းကျန်းက သူမ၏ လက်ဖြင့် စားပွဲကို ထိလိုက်သည်။
“နှစ်ထောင့်ငါးရာ”
ဤဈေးနှုန်းသည်က ယခုခေတ်ကာလဆိုလျှင် မနည်းတော့ပေ။ အနည်းဆုံး တော်ဝင်မြို့တော် ၌ဆိုလျှင် သာမန်နေရာရှိ အိမ်လေးတစ်လုံးကို ဝယ်ယူ၍ ရနိုင်သည်။
လူငယ်လေး၏ မျက်လုံးများက မယုံကြည်နိုင်မှုများကြောင့် ပြူးကျယ်သွားသည်။ ဤမိန်းကလေးသည်က ဤမျှ ချမ်းသာလိမ့်မည်ဟု သူ မမျှော်လင့်ထားပုံရသည်။
လောင်မင်က လူငယ်လေး ဈေးမခေါ်သည်ကို တွေ့သောအခါ ချက်ချင်းလိုပင် ကျန်းကျန်းအား လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“ကောင်မလေးကို ရောင်းမယ်၊ ပိုက်ဆံရှင်းလိုက်တော့”
ကျန်းကျန်း ယူလာသည့် ကျောင်းအိတ်ကြီးထဲ၌ ဤမျှ ငွေပမာဏများ မပါလာခဲ့သော်လည်း သူမထံတွင် နေရာလွတ်များ ရှိသည်။
သူမက လွယ်အိတ်၏ ဇစ်ကို ဖြည်းဖြည်းချင်း ဖွင့်၍ နေရာလွတ်မှ ငွေများ အနည်းငယ်စီကို ထုတ်ယူလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ငွေပုံတစ်ပုံသည်က စားပွဲပေါ်၌ မြင့်မားစွာ ပုံလာခဲ့သည်
လူငယ်လေးက သူမ၏ ကျောင်းအိတ်ကို ကြည့်၍ မည်သည့်အတွက်ကြောင့် ဤမျှ များစွာသော ငွေများအား အိတ်ထဲ၌ ထည့်ထားနိုင်သည်ကို နားမလည်ပုံရသည်။
သူကိုယ်တိုင်သည်ကား ပိုက်ဆံပုံးနှင့် လာသည်ကို သတိပြုရမည်။
လောင်မင်မှာ ကြမ်းတမ်းသော်လည်း ငွေကြေးအပေါ်၌တော့ စည့်စနစ်ကြကာ သေသေချာချာ ဂရုတစိုက်ရှိသည်။
ပထမတော့ သူသည်က ကျန်းကျန်းပေးသည့် ငွေများအား တစ်ရွက်ချင်းစီ စစ်ဆေးသည်။ ငွေပုံကြီးကို စစ်ဆေးပြီးသည့်အခါ သူ၏ မျက်နှာက ပြောင်းလဲသွားခဲ့သည်။
သူက ကျန်းကျန်းကို ကြည့်၍ အသံခပ်အက်အက်ဖြင့် မေးလိုက်သည်။
“မိန်းကလေးက မင်း ဘယ်မိသားစုကလဲ။”
ကျန်းကျန်းက သူ၏ မျက်လုံးများ နဖူးပေါ်ရောက်နေသည့် ပုံစံကို မကြိုက်ပေ။ သူသည်ကား လူတိုင်း၏ ဦးလေးကဲ့သို့ ဟန်ဆောင်နေခြင်းဖြစ်သည်။
“ဘယ်မိသားစုက ဖြစ်ဖြစ် ရှင့်နဲ့ ဘာဆိုင်လို့လဲ၊ ဘယ်သူကမှ ကျောက်စိမ်းတံဆိပ်ကို ရောင်းတဲ့အချိန်မှာ ရှင့်လိုမျိုး မေးမြန်းနေမှာမဟုတ်ဘူး”
“ဟုတ်တယ်၊ ဟုတ်တယ်”
လောင်မင်က ငွေပုံကြီးကို ရေတွက်ပြီးနောက် သူမ၏စကားကို ကြားဖြတ်ပြောလိုက်သည်။
“အသက်ကို ကြည့်ရတာ ငါ့ထက်တောင်ပိုကြီးနေတာတောင်ဖြစ်နိုင်တယ်”
လူငယ်လေးသည်ကား ဤသို့ မြင်သည့်အခါ မည်သည့်နေရာကိုဒေါသ ထွက်ရမည်ကို မသိတော့ဘဲ သူ၏ မျက်နှာတစ်ခုလုံး နီရဲသွားသည်။
သူအနောက်ဘက်သို့ လှည့်၍ ဒေါသတကြီး ထွက်သွားခဲ့သည်။
ကျန်သည့် နှစ်ဦးသည်ကား ကျန်းကျန်းအား ကြည့်၍ မျက်နှာချင်းဆိုင် အမူအရာများ ဖလှယ်ပြီး လူငယ်လေး၏နောက်မှ လိုက်ပါသွားကြသည်။
ကျန်းကျန်းက ကျောက်စိမ်းတံဆိပ်ကို ရင်ခွင်၌ ပိုက်၍ လောင်မင်၏ ငွေကြေးကို အရူးအမူးဖြစ်နေသည့် ပုံကိုကြည့်ရင်း မေးလိုက်သည်။
“ရှေးဟောင်းပစ္စည်း ရောင်းတဲ့သူ ဘယ်နှစ်ယောက် သိလဲ၊ ကျွန်မကို မိတ်ဆက်ပေးပါဦး။”
“မင်းပြောတာက ငါ့လိုမျိုး စီးပွားပျက်ထားတဲ့သူတွေလား”
လောင်မင်က ပင်ပန်းနေပုံရသည်။
စားပွဲပေါ်ရှိ စီးကရက်ဗူးကို ဆွဲယူ၍ စီးကရက်တစ်လိပ်ယူကာ မီးညှိပြီး မီးခိုးငွေ့ဝိုင်းလေးများကို အသာအယာ မှုတ်ထုတ်လိုက်သည်။
“ခေတ်အဆက်ဆက်က အထည်ကြီးပျက်တွေက အများကြီးပဲ။ ဒါပေမဲ့ ဒီလူတွေကြားမှာ ကွာခြားမှုတွေရှိသေးတယ်။”
စီးကရက်တစ်ဖွာပြီးနောက် လောင်မင်က ကိုယ့်ကိုယ်ကိုယ် အနည်းငယ် ကျေနပ်နေသေးဟန်ဖြင့် ပြောလာသည်။
“ငါက ပစ္စည်းတန်ဖိုးကို သိတဲ့ အခည်ကြီးပျက်မျိုးပဲ၊ အနည်းဆုံး ကောင်းတာ၊ ဆိုးတာတွေကိုတော့ နားလည်တယ်။ ဒီပစ္စည်းက ဘယ်လောက်တန်လဲဆိုတာ ငါသိတယ်။
ဈေးကြီးပေးပြီး ရောင်းလို့ရတယ်၊ သေချာတာပေါ့၊ ပိုက်ဆံကြောင့် ရောင်းတဲ့သူတွေလည်း ရှိတယ်၊ ဥပမာ- ကန်ရှီ ပုလင်းတွေ၊ ချန်လုံ ပန်းကန်တွေလိုမျိုးကို ပိုက်ဆံပမာဏ ဒါဇင်လောက်နဲ့ချီ ရောင်းတာ၊ သူတို့က နည်းနည်းလေးမှ မနှမြောဘူး။”
ကျန်းကျန်း ခေါင်းညိတ်လိုက်သည်။ သူမတွေ့ခဲ့သည့် ဖုန်းအာ့သည်က ဤကဲ့သို့ လူမျိုးပင်။
သူက သူမအား တစ်ခုကို နှစ်ဆယ့်တစ်ကျပ် ဈေးပေးခိုင်းခဲ့သည်။
၎င်းအချိန်၌ ကျန်းကျန်းတစ်ယောက် သူမဘက်မှ အထင်မှားနေသည်ဟု ထင်ခဲ့သည်။
သို့သော် ဖုန်းအာ့သည်က ဤပစ္စည်းများကို အလကားသက်သက်ဖြင့် ဤမျှ ဈေးကြီးကြီးနှင့် ရောင်းရသည်ဟု ခံစားရသည်။
ထိုပန်းကန်များမှာ မစားဘဲ၊ မသောက်ဘဲ ထားရသည့် ပန်းကန်တစ်လုံးမျှသာ ဖြစ်မည်။
**