အခန်း (၃၁၇)
Vol. 32 Ch. 317
မင်္ဂလာပွဲသည်ကား ပျော်ရွှင်ဖွယ်ကောင်းစေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ပွဲတစ်ခုသာဖြစ်ပေသည်။
ထို့ကြောင့် ရှီကျစ်ဟောင်က စိတ်အားထက်သန်စွာဖြင့် ဟုန်ပေါင်းလက်ဆောင်ငွေများ ပေးလိုက်သောအခါတွင် ဟုန်ပေါင်းရရှိသည့် လီမိသားစုဝင်များကလည်း ဟုန်ပေါင်းငွေများကို ပွတ်သပ်လျက် အသိစိတ်ရှိရှိဖြင့် နောက်ကိုဆုတ်ပေးလိုက်ကြသည်။
မကြာမီအချိန်၌ပင် လျို့ချန်လင်းနှင့် ရှီကျစ်ဟောင်က ရှီကျွင့်ကျဲကို အကာအကွယ်ပေးကာ လီမိသားစုအိမ်၏ အိမ်တံခါးဂိတ်ဝသို့ ဝင်ရောက်သွားနိုင်ခဲ့ကြသည်။
ဓလေ့ထုံးတမ်းများ ဤမျှ လျင်မြန်စွာ ပြီးဆုံးသွားသည်ကို မြင်သောအခါ ရှီကျွင့်ကျဲ၏ အခန်းဖော်ဟောင်းအချို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးကာ ရှီကျွင့်ကျဲကို ဝိုင်းရဲလျက် အနောက်ဘက်မှ အလျင်အမြန်သွားကြသည်။
ရှီကျွင့်ကျဲ၏ အိမ်သည်ကား ဘုရင်ခံဝမ်ဖူ၏ အနောက်ဘက်လမ်းတွင် အသစ်ပြောင်းလဲတည်ဆောက်ထားသော အိမ်ဖြစ်ပြီး ကျန်းကျန်း၏ အိမ်ကမူ မူရင်း ဘုရင်ခံ၏ ညာဘက်လမ်းတွင် ရှိသည်။
အိမ်၏ အပြင်အဆင်များက အတူတူပင် ရှိနေသေးသည်။ လူတစ်စုလုံးက ရှေးဟောင်းအဆောက်အအုံများနှင့် ခြံတွင်းရှိ သန်မာသောသစ်ပင်များကို ကြည့်လျက် သတို့သမီးကို ဆွေမျိုးအဖြစ် လာရောက်ကြိုရန်ဟူသော အကြောင်းကိုပင် မေ့သွားတော့မလို ဖြစ်နေခဲ့ကြသည်။
မမျှော်လင့်ဘဲ ဆွေမျိုးကို လာရောက်ကြိုသည့် အဖွဲ့သည်ကား သိပ်ပြီးဝေးဝေးမသွားရသေးမီတွင်ပင်ပင် ရွှေကြိုးတန်ဆာတံခါးရှေ့၌ နောက်တစ်ကြိမ် ရပ်တန့်ခံလိုက်ရပြန်သည်။
စုဝေ့ရန်နှင့် တခြားသူများက တံခါးပေါက်ရှေ့၌ ထိုင်နေသည်ကို မြင်သောအခါ ရှီကျွင့်ကျဲတစ်ယောက် ငိုချင်လာခဲ့ရသည်။
“ဆရာကြီးတို့၊ ဘာလို့ ဆရာတို့ကပါ တံခါးကို လာပြီး ပိတ်ထားရတာလဲ”
ရှီကျွင့်ကျဲသည်ကား ဤလူတစ်စုထဲတွင်ကျန်းရန်ကျယ်နှင့် အရင်းနှီးဆုံးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းရန်ကျယ်မှာ နွေရာသီကျောင်းပိတ်ရက်အတွင်း ရှီကျွင်းကျဲကို ဗုဒ္ဓနံရံပေါ်က ခုန်ချဟင်းပွဲ စားပွဲပြင်ဆင်ခိုင်းခဲ့သောကြောင့် သူတို့လည်း ရင်းနှီးလာခဲ့ကြရပြီဖြစ်သည်။
ကျန်းရန်ကျယ်က သူ၏ လက်အတွင်းရှိ ယပ်တောင်ကို ခါရမ်းလျက် သူကို ပြုံးကာ ကြည့်လိုက်သည်။
“ရှီကျွင့်ကျဲ၊ ဒီကျန်းကျန်းက ငါတို့ရဲ့ အချစ်ဆုံးကျောင်းသားတစ်ယောက်ပဲ၊ ဒါကြောင့် မင်း အထဲကိုဝင်ပြီး သတို့သမီးကို လက်ထပ်ချင်ရင်တော့ ငါတို့ရဲ့အဆင့်ကို အရင်ဆုံး ကျော်ဖြတ်ရမယ်”
ရှီကျွင့်ကျဲ၏ အတန်းဖော်သူငယ်ချင်းများ၊ သူ၏ ဝမ်းကွဲမောင်နှမများသည်ကား ဤပုံစံကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပြီး မေးခွန်းများစွာရှိလာကြကာ မျက်နှာချင်းဆိုင် တိုးတိုးလေး ပြောဆိုကြသည်။
“ဒါ စုဝေ့ရန်ဆိုတဲ့ ပန်းချီဆရာကြီးပဲမလား၊ ကျွန်တော့်အဘိုးက သူ့ပန်းချီကားတွေကို အကြိုက်ဆုံးပဲ။”
“နောက်ပြီး အဲဒါက ဆရာကြီးရှဲ့ရှူးရန်လေ၊ ပေကျင်းအော်ပရာရဲ့ ဆရာကြီးပဲ၊ ကျွန်တော်တို့ရဲ့ အဘွားဆိုရင် သူ့ရဲ့ပြဇာတ်တွေကို TV ကနေ အမြဲတမ်းကြည့်နေတာ”
“ဟိုဘက်က ဆရာကြီးက ကျန်းရန်ကျယ်ဆိုတာကို ကျွန်တော်သိတယ်၊ မကြာသေးခင်ကမှ ကျွန်တော်တို မိသားစုထဲက တစ်ယောက် ဆေးကုဖို့ ကူညီပေးခဲ့သေးတာ”
ဝမ်းကွဲများစွာသည်ကား အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြ၊ အနောက်ကို လှည့်ကာ ပြန်ပြေးသွားကြသည်။
ကျန်းရန်ကျယ်က ပြုံးလိုက်လေသည်။
“ဘာလဲ၊ မင်းကိုကယ်ဆယ်ပေးမဲ့လူကို စောင့်နေတုန်းလား ၊ လာပြီး မဲနှိုက်ကြစို့။”
ရှီကျွင်ကျဲက စာရေးဆရာဆရာကြီးများ၏ မေးခွန်းများမှာ များပြားစွာရှိနေသဖြင့် သူတို့က မဲနှိုက်ကာ ဆုံးဖြတ်ဖို့လုပ်နေသည်ကို တွေ့လိုက်ရသည်။
သူက ကျပန်းတစ်ခုကို ရွေးချယ်ကာ ဖွင့်လိုက်သောအခါ အတွင်းတွင် နံပါတ်တစ်ခုကို တွေ့ရှိလိုက်ရသည်။
ရှီကျွင့်ကျဲက မှတ်စုကို ကျန်းရန်ကျယ်ဆီသို့ ပြလိုက်သည်။
“နံပါတ် ငါး”
ကျန်းရန်ကျယ်က တံခါးဝ၌ ထိုင်နေသော လူကြီးများကို ပြန်ကြည့်ကာ ပျော်ရွှင်စွာ မေးလိုက်သည်။
“ဘယ်သူ့ နံပါတ်လဲ”
“ငါ့ရဲ့နံပါတ်ပဲ”
စုဝေ့ရန်က အရင်ဆုံး ထရပ်လိုက်သည်။ ဤကမ္ဘာကျော် ပန်းချီဆရာကို မြင်သောအခါ ရှီကျွင့်ကျဲတစ်ယောက် ခေါင်းကိုက်စွာ ပြုံးလိုက်မိလေသည်။
“ဆရာကြီးစုဝေ့ရန်ပဲ၊ ကျွန်တော့်ကို ပန်းချီဆွဲခိုင်းမှာတော့ မဟုတ်ဘူးမလား”
စုဝေ့ရန်က ညင်သာစွာ ပြုံးလိုက်သည်။
“ကဗျာ၊ စာပေယာဥ်ကျေးမှုနဲ့၊ ပန်းချီဆိုတာ ဘယ်တော့မှ တစ်ခုနဲ့တစ်ခု မကွဲပြားဘူး၊ ဒီမှာ ပန်းချီကားတစ်ချပ်ရှိတယ်၊ မင်း ကဗျာတစ်ပုဒ်ရေးပေးရမယ်။”
ရှုကျားကျားနှင့် ကွားရှောင်ချင်းတို့က ဆရာကြီးစုဝေ့ရန်၏ လက်တွင်းမှ ပန်းချီကားလိပ်ကိုယူကာ ဖြည်းညှင်းစွာ ဖြန့်လိုက်ကြသည်။
ရှီကျွင့်ကျဲက အရှေ့သို့တိုးကာ ကြည့်သောအခါ အလွန်ပင်အံ့အားသင့်သွားရသည်။
ဤသည်ကား ကျန်းကျန်းနှင့် ရှီကျွင့်ကျဲကို အခြေခံ၍ ရေးဆွဲထားသော ချစ်ခြင်းမေတ္တာဆိုင်ရာ ပန်းချီကားလိပ်တစ်ချပ်ဖြစ်သည်။
စုဝေ့ရန်သည်က ဘက်စုံတော်သည့် ပန်းချီဆရာတစ်ဦးဖြစ်ချေသည်။ သူ၏ ရှုခင်းနှင့် ပန်းပွင့်ပန်းချီကားများက ထင်ရှားသော်လည်း သူ၏ ပုံတူပန်းချီကားများကလည်း ထူးခြားသည်။
သို့သော် ကမ္ဘာတွင် သူ၏ ပုံတူပန်းချီကားများကို သိပ်ပြီးမမြင်တွေ့ရပေ။
ရှီကျွင့်ကျဲက ပန်းချီကားလိပ်ရှည်ကို ကြည့်လျက် ကျန်းကျန်းနှင့်အတူ လျှောက်လှမ်းခဲ့သည့် မြင်ကွင်းများကို ပြန်လည်အမှတ်ရနေခဲ့သည်။
ဤကဲ့သို့ လှပသော မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံရခြင်း၊ အချင်းချင်း ချစ်ကြိုက်ရခြင်း၊ နောက်ဆုံး တစ်သက်တာ အတူနေထိုင်ရခြင်းသည် မည်မျှပင် ကံကောင်းပါသနည်းဟု တွေးမိရပြန်သည်။
ရှီကျွင့်ကျဲက သူ၏ ရှေ့မှ ပန်းချီကားကို ကြည့်လျက် မျက်လုံးများ နီရဲလာခဲ့ပြီး စုဝေ့ရန်ကို ခါးကိုင်းကာ နက်ရှိုင်းစွာ ဦးညွတ်လိုက်သည်။
“ဆရာကြီး၊ ပန်းချီကားအတွက် ကျေးဇူး အများကြီးတင်ပါတယ်”
“ဟေး၊ ဟေး၊ လိမ်ညာလှည့်ဖျားဖို့မကြိုးစားနဲ့။”
စုဝေရန်က ပန်းချီကားလိပ်ကို လက်ညှိုးထိုးကာ ပြုံးလိုက်သည်။
“ကဗျာ ရေးပါဦး”
ရှီကျွင့်ကျဲတစ်ယောက် ရုတ်တရက် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
သူသည်ကား ငယ်စဉ်ကတည်းက ပြင်သစ်၌ ကြီးပြင်းခဲ့ပြီး ဆယ်ကျော်သက်အရွယ်ရောက်မှ ပြန်လာခြင်းဖြစ်ပေသည်။
ကဗျာရွတ်ဆိုရန်ပင် မတတ်သည့်သူဖြစ်ကာ ကဗျာရေးရန်အတွက်ဆိုလျှင် ပို၍ ဆိုးရွားပေသည်။
သူက လက်ကိုင်ပဝါကို ထုတ်ကာ နဖူးမှ ချွေးများကို ထပ်သုတ်လိုက်မိသည်။
ထို့နောက် ရှီကျွင့်ကျဲက သူ၏ ညီအစ်ကိုကောင်းများကို အကူအညီတောင်းရန် မျက်လုံးဖြင့် လှမ်းကြည့်လိုက်လေသည်။
လျို့ချန်လင်းနှင့် တခြားသူများက ရှီကျွင်းကျဲ၏ နှစ်လိုဖွယ်အပြုံးကို ကြည့်လျက် ခေါင်းများကို တပြိုင်တည်း ခါယမ်းကာ တညီတညွတ်တည်း နောက်သို့ တစ်လှမ်းဆုတ်သွားခဲ့ကြသည်။
ဤကဲ့သို့ စည်းရုံးမှုကင်းမဲ့လွန်းသည့် ညီအစ်ကိုတစ်စုကို မြင်သောအခါ ရှီကျွင့်ကျဲသည်ကား မျက်ရည်မကျဘဲ ငိုချင်လာရသည်။
ဇနီးသည်တစ်ယောက် ယူရန် အဘယ်ကြောင့် ဤမျှ ခက်ခဲရပါသနည်း။
“ဘယ်မှာလဲ ဘာလို့ မမြင်ရတာလဲ”
ရှီမိသားစု၏ အဘိုးနှင့် အဘွားတို့မှာ သူတို့၏ မြေးဆီမှတဆင်သ သူတို့၏ လေးစားအားကျသည့်သူများ ရောက်နေသည်ကို သိလိုက်ရသောအခါတွင် လက်ကိုင်တုတ်များကိုပင် အစုံးပြုစရာ မလိုတော့ချေ။
သူတို့က တစ်ဦးထက် တစ်ဦး ပိုမိုလျင်မြန်စွာ ပြေးလာကြသည်။ ရှီကျွင့်ကျဲ၏ ဝမ်းကွဲများစွာကမူ သူတို့နောက်သို့ လိုက်မမီနိုင်အောင် ဖြစ်နေကြရသည်။
ရှီမိသားစု၏ အဘိုးက ရှေ့ဆုံးသို့ တိုးဝင်လာပြီး လေထဲ၌ တလွင့်လွင့်ဖြစ်နေသည့် မုတ်ဆိတ်များနှင့် စိတ်အားထက်သန်နေသော အဘိုးကြီးက ရှည်လျားသည့် ပန်းချီကားလိပ်ရှေ့၌ ရပ်နေသည်ကို ကြည့်လျက် ဝမ်းသာအားရဖြင့် ခုန်ပေါက်မတတ် ဖြစ်နေသည်။
မဒမ်ရှီသည်လည်း ရှီကျွင့်ကျဲ၏ အင်္ကျီလက်ကို ဆွဲကာ စိတ်လှုပ်ရှားနေခဲ့ရပြီး ပါးစပ်က မပိတ်နိုင်ဖြစ်နေသည်။
“မင်း ဘာလို့ မဝင်သေးတာလဲ၊ ဇနီးသည်ကို သွားပြီးကြိုဆိုလိုက်တော့လေ”
ရှီကျွင့်ကျဲက စုဝေရန်ကို နာကျင်စွာ ကြည့်လျက် မဒမ်ရှီကို တိုးတိုးလေး ညည်းညူလိုက်သည်။
“ဆရာကြီးစုဝေ့ရန်က ကျွန်တော်နဲ့ ကျန်းကျန်းအတွက် ပန်းချီကားလိပ်ရှည်တစ်ချပ် ရေးဆွဲပေးထားတယ်၊ ကျွန်တော့်ကို ဝင်ခွင့်ပေးဖို့အတွက် ဒီပန်းချီကားဆီမှာ ကဗျာတစ်ပုဒ်ရေးပေးရမယ်တဲ့”
မြေးဖြစ်သူ၏ မျှော်လင့်တကြီးကြည့်နေသော မျက်လုံးများကို ကြည့်လျက် မဒမ်ရှီက သူ၏ ရှေ့၌ တဖျန်းဖျန်းရိုက်လိုက်သည်။
“ဒါဆိုလည်း အမြန်လုပ်တော့လေ”
ရှီကျွင့်ကျဲက ရုတ်တရက် သဘောပေါက်သွားသည်။ သူ၏ အဘိုးနှင့်တွဲ၍ လုပ်မည်ဆိုပါလျှင် ဤသည်က လုပ်ဖို့ မဖြစ်နိုင်ဟူ၍ပင်။
ကျန်းရန်ကျယ်က သူ၏ နာရီကိုကြည့်ကာ ရှီကျွင့်ကျဲကို တိုက်တွန်းလိုက်သည်။
“မြန်မြန်လုပ်တော့လေ၊ မင်္ဂလာအချိန်က နီးလာပြီ။”
ရှီကျွင့်ကျဲတွင် အခြားရွေးစရာမရှိဘဲ သူ၏ အခြေအနေကိုသာ ရိုးသားစွာ ဝန်ခံလိုက်ရသည်။
“ဆရာကြီးတို့၊ ကျွန်တော် တကယ်ပဲ ဒါကို ဘယ်လိုလုပ်ရမှန်း မသိဘူ။”
မမျှော်လင့်ဘဲ ဆရာကြီးအချို့က ဤသည်ကို ကြားသောအခါ ဝမ်းသာအားရဖြစ်သွားပြီး ချက်ချင်း ပြောလိုက်သည်။
“ဒီမေးခွန်းကို မင်းအတွက် ငါဖြေပေးနိုင်တယ်၊ ဒါပေမဲ့ ငါ့မှာ အခြေအနေတစ်ခုရှိတယ်”
“အခြေအနေလား”
ရှီကျွင့်ကျဲက ဆရာကြီးများ၏ ကောက်ကျစ်စဉ်းလဲသော အပြုံးများကို ကြည့်လျက် ရုတ်တရက် သဘောပေါက်သွားသည်။
“ကျွန်တော် လက်ထပ်ပြီးရင် ဆရာကြီးတို့အတွက် ချက်ပြုတ်ပေးပါ့မယ်”
ဆရာကြီးများ၏ မျက်လုံးများ တောက်ပလာသည်ကို ကြည့်လျက် ရှီကျွင့်ကျဲက လက်ဝါးဖြန့်လိုက်သည်။
“ငါးကြိမ်”
“သဘောတူပြီ”
ထိုနှင့် မစ်စတာဝမ်မင်က စုတ်တံတစ်ချောင်းကိုထုတ်ကာ ကဗျာတစ်ပုဒ်ကို စက္ကူဖြူပေါ်၌ အလျင်အမြန် ရေးခြစ်ပြီး စုဝေ့ရန်ကို ပေးလိုက်သည်။
“အမြန်ရေးပေးလိုက်၊ ကိစ္စတွေကို မနှောင့်နှေးစေနဲ့။”
စုဝေ့ရန်က မှင်ကို သေသေချာချာပြင်ဆင်ထားပြီးသားဖြစ်ကာ စုတ်တံကိုယူ၍ တစ်ချက်တည်းဖြင့် ရေးဆွဲလိုက်သည်။
သူ၏ အမည်ပါသော တံဆိပ်တုံးကို တပ်ပြီးနောက်တွင် စုဝေ့ရန်နှင့် တခြားသူများက ပြုံးလျက် ရှီကျွင့်ကျဲကို လက်အမူအရာပြကာ နှုတ်ဆက်လိုက်ကြသည်။
“နှစ်တစ်ရာတိုင်တိုင် ကောင်းမွန်စွာနှင့်မေတ္တာတရားချင်း ဆက်နွှယ်ပါစေလို့ ဆုတောင်းပေးပါတယ်”
ရှီကျွင့်ကျဲကလည်း စိတ်လှုပ်ရှားစွာနှင့်ချက်ချင်းပင် ဆရာကြီးများကို ဦးညွတ်ပြီး ကျန်းကျန်း၏ အိမ်ဘက်သို့ အပြေးအလွှား သွားချင်နေခဲ့သည်။
ပန်းချီကားသည်ကား မင် မခြောက်သေးသောကြောင့် စားပွဲပေါ်၌ ခဏထားပြီး ခြောက်ခံရဦးမည်။
ထို့ကြောင့် မဒမ်ရှီက ဤအခွင့်အရေးကိုယူကာ စားပွဲပေါ်ရှိ ပန်းချီကားလိပ်ရှည်ကို သွားကြည့်လိုက်သည်။
သူမ မြေး၏ မျက်နှာက ပန်းချီကားတွင်း၌ ရှိနေသည်ကို မြင်သောအခါ မဒမ်ရှီက မနာလိုဖြစ်သွားသည်။
“ဒီကလေးက ကျွန်မ ငယ်ငယ်တုန်းကလောက်တောင် မချောဘူး၊ ဆရာကြီးစုဝေ့ရန်၊ ကျွန်မကိုလည်း ဆွဲလို့ရမလားဆိုတာ ကြည့်ပေးပါဦး။”
*
“သတို့သားရောက် လာပြီ”
ကွားရှောင်ချင်း၏ လေသံပြတ်သားသော အော်သံနှင့်အတူ လျို့ချန်လင်းနှင့် အခြားအဖွဲ့ဝင်များမှာ ရှီကျွင့်ကျဲ၏နောက်မှနေ၍ သတို့သမီးအခန်းတွင်းသို့ ဝင်လာခဲ့ကြသည်။
ခုတင်ပေါ်၌ အနီရောင်ပဝါခြုံကာ ထိုင်နေသော ကျန်းကျန်းကို ကြည့်လိုက်သောအခါ ရှီကျွင်းကျဲ၏ ခြေလှမ်းများက နှေးကွေးသွားရုံမျှမက အခြားသူများပါ တိတ်ဆိတ်သွားကြသည်။
**