အခန်း (၃၁၄)
Vol. 32 Ch. 314
“အမေ၊ အဝတ်အစားတွေ ဝတ်ကြည့်လိုက်ဦးလေ၊ ကျွန်မ အမေ့ကို အိမ်ထဲ ပြန်ခေါ်သွားပေးမယ်”
လီမင်ရှု၏ ချွေးမသည်က ကျန်းချွမ်ဟွား၏ လက်မောင်းကို လှမ်းကိုင်ပြီး မဒမ်လီနှင့် တိုင်ပင်ရန် လှည့်လိုက်ပြန်၏။
“အဘွား၊ ကျွန်မ အမေနဲ့ အရင် အိမ်ထဲကို ပြန်သွားလိုက်ဦးမယ်နော်၊ အဝတ်အစားတွေကို စမ်းဝတ်ကြည့်လိုက်ဦးမယ်၊ နောက်မှ လာခဲ့မယ်နော်”
မဒမ်လီသည်ကား မျက်လုံး ထက်မြက်ပြီး နှလုံးသားလည်း ကြည်လင်သူဖြစ်သောကြောင့် ကျန်းချွမ်ဟွားတစ်ယောက် မျက်နှာပူနေသည်ကို သိသည့်အတွက် ခေါင်းငြိမ့်ပြလိုက်၏။
“သွားလေ၊ ငါတို့ ဒီမှာ အဆင်ပြေနေတာပဲ၊ မင်းတို့ အမေနဲ့အတူ အဝတ်အစားတွေ ဝတ်ကြည့်လိုက်ကြ? မတော်ရင် မင်းအစ်ကို့ရဲ့ဇနီး ကွေ့ဟွားကို လဲခိုင်းလိုက်လို့ရတယ်၊ သူမရဲ့ဆိုင်မှာ အဝတ်အစားတွေ အများကြီး ရှိတယ်”
လီမင်ရှု၏ ဇနီးသည်က ကျန်းချွမ်ဟွားကို ထွက်သွားရန် ကူညီပေးခဲ့၏။
ငယ်ရွယ်သည့်သူများ၏ ရှေ့တွင် မဒမ်လီကလည်း ကျန်းချွမ်ဟွား၏ အတိတ်က အကြောင်းများကို မဆိုခဲ့ပါချေ။ သူမက အခြားအကြောင်းအရာများကိုသာ ရယ်မောပြောဆိုနေခဲ့၏။
နှစ်ရက်တာကို ပျော်ရွှင်စွာ ဖြတ်သန်းပြီးနောက် နောက်ဆုံး၌ ကျန်းကျန်း မင်္ဂလာဆောင်သည့်နေ့သို့ ရောက်ရှိလာခဲ့ပေပြီ။
မဒမ်လီနှင့် ဝမ်စုဖန်းတို့နှစ်ယောက်က မိုးမလင်းမီလေး၌ပင် အိပ်ယာမှထလာခဲ့ကြ၏။ သူတို့နှစ်ယောက် မျက်နှာသစ်ကာ၊ ဆံပင်များကိုဖြီးလိမ်းပြင်ဆင်ပြီး၊ အဝတ်အစားအသစ်များကို ဝတ်ဆင်ခဲ့ကြသည်။
ဝမ်စုဖန်းတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ရင်ဘတ်ကိုဖိရင်း ခုံပေါ်တွင် ထိုင်ချလိုက်မိ၏။
“အမေ၊ ကျွန်မ ဒီနေ့ ဘာလို့ ဒီလောက်တောင်စိတ်လှုပ်ရှားနေရတာလဲမသိဘူး၊ ကျွန်မ လီမူဝူနှင့် လက်ထပ်တဲ့အချိန်တုန်းကလိုမျိုး ခံစားရတယ်”
မဒမ်လီသည်က သူမ၏ပါးစပ်ထဲမှ ပျားရည်ကို ပြန်ထုတ်မိတော့မလို ဖြစ်သွားရချေ၏။ သူမ ပျားရည်များကို အနိုင်နိုင် မြိုချလိုက်ပြီးနောက် ရယ်မောချင်စွာဖြင့် ချွေးမဖြစ်သူကို ကြည့်လိုက်လေသည်။
“မင်း ယောက္ခမ ဖြစ်တော့မှာမို့လို့ စိတ်လှုပ်ရှားနေတာဖြစ်မှာပေါ့”
မဒမ်လီက ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီးနောက်တွင် မှောင်နေဆဲဖြစ်သော ကျန်းကျန်း၏ အခန်းကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။
“ကျန်းကျန်းဆိုတဲ့ အဲဒီကလေးမကတော့ ညတုန်းက ဘယ်လောက်တောင် စိတ်လှုပ်ရှားနေခဲ့လဲ မသိဘူး၊ မိုးလင်းနေတာတောင် အိပ်တုန်းပဲ”
ဝမ်စုဖန်းက မှန်ထဲ၌ ကြည့်ရင်း ဆံပင်ကို ဘီးဖြင့် သိမ်းလိုက်၏။ ပြီးသော် သူမ၏ လက်ဖဝါးကို ပွတ်သပ်၍ အပြင်သို့ထွက်သွားခဲ့သည်။
“ကျွန်မ ကျန်းကျန်းကို သွားနှိုးလိုက်ဦးမယ်”
ကျန်းကျန်းသည်ကား အိပ်မက်ထဲ၌ သူမ၏ရှေ့တွင်ရှိနေသော ဆီရွှဲနေသည့် ဝက်သားကင်ကို ကြည့်၍ သွားရည်များကျနေခဲ့၏။ သူမက ဓားနှင့် ခရင်းကို ယူပြီး ဝက်သားကင်တစ်တုံးကို လှီးဖြတ်လိုက်၏။
ထို့နောက် သူမ၏ ပါးစပ်ထဲသို့ ထည့်တော့မည့်အချိန်၌ပင် တံခါးကို မြေငလျင်လှုပ်သကဲ့သို့ အကြီးအကျယ် ခေါက်လာသံ ကြားလိုက်ရလေ၏။
“ကျန်းကျန်း ထတော့ ၊ကျန်းကျန်း အမြန်ထလိုက်တော့”
သူမ၏ခရင်းပေါ်မှ ဝက်သားများက ပျောက်သွားပြီးနောက် ကျန်းကျန်းသည်လည်း နိုးလာခဲ့သည်။
သူမ မကျေနပ်စွာဖြင့် နှုတ်ခမ်းကိုဆူ၍ တံခါးဖွင့်ရန်အတွက် ခြေဗလာနှင့် တံခါးဆီသို့ ပြေးသွားခဲ့၏။
အပြင်သို့ရောက်လျှင် ကျန်းကျန်းက ဝမ်စုဖန်းကို ဝမ်းနည်းစွာ ကြည့်၍ ပြောခဲ့လေသည်။
“သမီး အရမ်းကိုမွှေးကြိုင်တဲ့ ဝက်သားကင်ကို အိပ်မက်မက်နေတာ၊ စားတောင် မစားရသေးဘူး၊ အမေ နှိုးလိုက်လို့ နိုးလာပြီ”
“ဘာကို ဝက်သားကင်တွေလဲ။ နင်ကတော့ ဝက်ပေါက်နဲ့တောင် တူနေပြီ၊ အခုအချိန်က ဘယ်လောက်ရှိနေပြီလဲ၊ ဘာလို့ အလျင်မလိုဘဲ နှေးတိနှေးကွေးလုပ်နေရတာလဲ”
ကျန်းကျန်း၏ ခြေဗလာများကို ကြည့်၍ ဝမ်စုဖန်းတစ်ယောက် ဘေးတွင်ရှိနေသော ဖိနပ်များကို အလျင်အမြန် ဆွဲယူပြီး သူမ၏ခြေထောက်နားသို့ ပစ်ပေးလိုက်၏။
“ခြေဗလာနဲ့ မသွားနဲ့လို့ ငါ မင်းကို ခဏခဏပြောနေတာကို မမှတ်မိဘူးလား၊ မင်းက မကြာခင် လက်ထပ်ရတော့မှာ၊ နောင်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ရတော့မယ်”
ဝမ်စုဖန်းတစ်ယောက် ထိုစကားကို ဆိုရင်း ဝမ်းနည်းမှုက ထိန်းမရတော့ဘဲ မျက်ရည်များ ကျလာရ၏။
“နောင်ဆိုရင် အမေက မင်းကို လာနှိုးပေးပြီး ဖိနပ်တွေ စီးခိုင်းဖို့ မလုပ်နိုင်တော့ဘူး”
ကျန်းကျန်းက လက်ကိုဆန့်ထုတ်၍ ဝမ်စုဖန်းကို ပွေ့ဖက်လိုက်သည်။ သူမ၏မျက်လုံးများသည်လည်း အနည်းငယ်နီရဲခဲ့သော်လည်း အသံကို ပေါ့ပါးစေရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး ပြောလိုက်လေသည်။
“အမေကတော့ ကြည့်ပါဦး၊ ကျွန်မတို့မိသားစုက အခုလိုမျိုး ခြံကြီးတစ်ခုထဲမှာ အတူတူနေမှာကိုတောင် ဝမ်းနည်းနေတုန်းပဲ၊
တခြားမိသားစုက သမီးတွေလို အိမ်က တကယ်ကြီးဝေးကွာတဲ့နေရာမှာ လက်ထပ်နေရတဲ့သူတွေဆိုရင် အမေကငိုတဲ့ပုံနဲ့ဆိုရင် ကျွန်တို့ရဲ့အိမ်နံရံကိုတောင် ပြိုလဲသွားစေလိမ့်မှာ မဟုတ်ဘူးလား”
ကျန်းကျန်းက မျက်ရည်များကို ထိန်းချုပ်ရင်း ဝမ်စုဖန်း၏ ပခုံးပေါ်၌ ပြုံး၍ ဆက်ပြောလိုက်သည်။
“အာ၊ အမေက ဒီနေ့အဝတ်အသစ်တွေ ဝတ်ထားတာပဲ၊ ကြည့်ပါဦး။ အိုး.. ဘာလို့ ဒီလောက်တောင်မှ ချောနေရတာလဲ၊ ဘုရင်မကြီးထက်တောင် ပိုလှနေပြီ”
ဝမ်စုဖန်းက သူမ၏မျက်လုံးများကို လက်ဖမိုးဖြင့် သုတ်လိုက်ပြီး ကျန်းကျန်း၏ နောက်ကျောကို အသာပုတ်ကာ ပြုံး၍ ပြောလိုက်သည်။
“ကောင်းပြီ၊ ပေါ့ပေါ့ဆဆ ပြောမနေနဲ့တော့၊ မြန်မြန်လေးထပြီး ရေချိုးလိုကာတော့၊ ခဏနေရင် ဧည့်သည်တွေ လာတော့မယ်”
သူမ၏ စကားသံဆုံးသည်နှင့် ကျန်းကျန်း၏အခန်းအတွင်းမှ နှိုးစက်မြည်လာခဲ့သည်။ ကျန်းကျန်းက နှိုးစက်ကို သွားပိတ်လိုက်ပြီးဝမ်စုဖန်း၏ ပါးကို နမ်းကာ ပြုံး၍ ပြောလိုက်သည်။
“အမေက အမြဲတမ်း နှိုးစက်ထက်ပိုပြီးစောနေတာပဲ”
ဝမ်စုဖန်းက သူမ၏ နမ်းရှိုက်မှုကို မကြိုက်သကဲ့သို့ လက်ကိုင်ပဝါဖြင့် ပြန်သုတ်လိုက်သည်။
“မင်းက သွားတောင် မတိုက်ရသေးဘူး၊ လာနမ်းနေတာပဲ”
ကျန်းကျန်းက ချက်ချင်းပင် ပြန်လည်ချေပကာ ပြောလိုက်သည်။
“သမီးဆီက မနံပါဘူး၊ အမေ.. အမေ ပြောင်းလဲသွားပြီ၊ အမေက သမီးကိုတောင် မကြိုက်တော့ဘူး။”
ကျန်းကျန်း၏ အိပ်ခန်းအတွင်းမှ ရယ်သံများက ချိုသာစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအတူ လီမိသားစုတစ်စုလုံးသည်လည်း အိပ်ယာမှ ထလာခဲ့ကြသည်။
သူတို့မိသားစုအတွင်းမှ အိမ်အကူက ခေါက်ဆွဲများကို ချက်ပြုတ်ပေးထားခဲ့သည်။ မိသားစုက မနက်စာကို လျှင်မြန်စွာစားပြီးသည်နှင့် အိမ်ကို အလျင်အမြန် သန့်ရှင်းရေးလုပ်၍ ဧည့်သည်များလာရောက်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ကျန်းကျန်းက သူမ၏သွားများကို တိုက်ပြီးနောက် ဟောင်ကောင်ကျွန်းမှ ဝယ်ယူလာသည့် မိတ်ကပ်ပစ္စည်းများကိုယူကာ မှန်ရှေ့၌ သူမ၏မျက်ခုံးမွှေးများနှင့် မိတ်ကပ်များကို လိမ်းခြယ်ခဲ့သည်။
ဝေ့ယွီကျင်း၊ ရှုကျားကျားနှင့် သူမ၏ ကျောင်းအဆောင်ထဲမှတခြားသူများက ပထမဆုံး ရောက်လာကြပြီး ကျန်းကျန်း၏ ဆံပင်များ ရှုပ်ပွနေသည်ကို မြင်လျှင် အားလုံးက စိုးရိမ်တကြီး ပြောဆိုလာခဲ့ကြသည်။
“ခေါင်းက ဘာလို့ မဖြီးရသေးတာလဲ။”
ကျန်းကျန်းက သူမ၏နှုတ်ခမ်းကို နှုတ်ခမ်းနီဆိုးပြီးသည်နှင့် လှည့်၍ ပြုံးလိုက်သည်။
“လောစရာ မလိုသေးပါဘူး”
ထိုစကားပြောပြီးသည့်နောက်တွင် သူမဒသူငယ်ချင်းအချို့က သူ့ကို ပါးစပ်အဟောင်းသား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ကြည့်ရတာမကောင်းဘူးလား”
ကျန်းကျန်း အနည်းငယ် စိတ်ရှုပ်သွားခဲ့ရသည်။ သူမက ခေါင်းကို မှန်ဘက်သို့ လှည့်၍ သူမ၏မိတ်ကပ်ကို ကြည့်လိုက်သည်။
၁၉၈၀ ပြည့်လွန်နှစ်များက လူများသည်ကား မိတ်ကပ်လိမ်းလျှင် ပါးနီအလွန်အကျွံလိမ်းခြင်းကိုလည်း နှစ်သက်ကြသည်။
သို့သော်လည်း ကျန်းကျန်းက နောက်ပိုင်းမျိုးဆက်များ၏ မိတ်ကပ်လိမ်းနည်းပညာကို အသုံးပြုထားခြင်းကြောင့် အလွန်ပင် သဘာဝကျစွာ ရှိနေခဲ့လေသည်။
ရှုကျားကျားနှင့် အခြားသူများက ကျန်းကျန်းကို မည်သို့ပင် ကြည့်ကြည့်စေကာမူ၊ သူမ၏မျက်နှာသည်က မိတ်ကပ်မပါသကဲ့သို့ပင်။
သို့သော် သူမသည်က ထူးထူးခြားခြားပင် အလွန်တရာမှ လှပနေခဲ့သည်။
“ငေးကြောင်မနေကြနဲ့”
ဝေ့ယွီကျင်းက အရင်ဆုံး သတိပြန်ဝင်လာခဲ့သည်။
“ငါတို့တွေ ကျန်းကျန်းကို ဆံပင်ကူပြီးထုံးပေးရအောင်။”
သူမက ဘီးကိုရှာ၍ ကျန်းကျန်းကို ဆံပင်ဖြီးပေးနေရင်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“အနီရောင်ပန်းကြီး ဘယ်မှာလဲ။”
“အနီရောင်ပန်းကြီးကို မပြင်ဆင်ထားဘူး။”
ကျန်းကျန်းက ပြုံး၍ သူမ၏ခေါင်းကို လှည့်လိုက်သည်။
“အဲဒီလို ဆံပင်မျိုး မလုပ်ချင်ဘူး၊ ကျွန်မ ဆံပင်ပုံစံအကြောင်းကို တစ်ယောက်နဲ့ သဘောတူထားပြီးပြီ ၊ သူမက ပုံစံအသစ်နဲ့ လုပ်ပေးဖို့ ပြောထားတယ်”
စကားပြောနေစဉ်အချိန်၌ပင် ကွေ့ဟွားက ခန်းမကြီးမှ သေတ္တာတစ်လုံးကို လက်၌ ကိုင်၍ ရောက်လာသည်။
ဝေ့ယွီကျင်းက သူမအတွက်နေရာကို အလျင်အမြန်ပေးလိုက်သည်။
ကွေ့ဟွားသည်ကား လွန်ခဲ့သည့် နှစ်ရက်ကတည်းက ကျန်းကျန်း၏ ဆံပင်အတွက် လေ့ကျင့်နေခဲ့ခြင်းဖြစ်သောကြောင့် အတော်လေးပင် အကျွမ်းတဝင်ရှိနေပြီဖြစ်သည်။
သူမက လှပသည့် သတို့သမီးဆံပင်ပုံစံကို လုပ်ရန် မိနစ် ၃၀ သာ ကြာသည်။ ပြီးနောက် သူမယူလာသည့် သေတ္တာကို ဖွင့်လိုက်လျှင် တောက်ပသည့် စိန်များဖြင့် ထည့်ထားသည့် သေးငယ်သည့် ဆံထိုးတစ်ဒါဇင်ခန့် က ထွက်ပေါ်လာရှိသည်။
ကွေ့ဟွားက သေးငယ်သည့် ကွင်းများကို ကျန်းကျန်း၏ ဆံပင်ထဲ၌ တစ်ခုချင်းစီ ချိတ်ဆွဲပေးခဲ့သည်။ နေရောင်ခြည်အောက်တွင် စိန်ထည်များက မျက်စိစူးလောက်အောင် လှပနေခဲ့သည်။
ကျန်းကျန်းက ဤနေရာ၌ အပြီးသတ် သန့်ရှင်းရေးလုပ်ပြီးသည်နှင့် စာပေပည်ရှင် မစ္စတာ ဝမ်မင်၊ ပန်းချီပညာရှင် မစ္စတာ စုဝေ့ရန်၊ တရုတ်တိုင်းရင်းဆေးပညာရှင် မစ္စတာ ကျန်းရန်ကျယ်၊ နာမည်ကြီး တရုတ်တိုင်းရင်းဆေးဆရာ မစ္စတာ ချန်ရွှယ်ဝူ၊ ပေကျင်းအော်ပရာ မာစတာ ရှဲ့ရှူးရန်၊ ကွမ်ချူးမာစတာ ယန်ပေါင်ကျိုးတို့က စောစီးစွာ ရောက်လာခဲ့ကြသည်။
လီမိသားစုက မြို့တော်သို့ ပြောင်းလာသည့်အချိန်မှစ၍ ကျန်းကျန်းက တစ်လ သို့မဟုတ် နှစ်လလျှင် တစ်ကြိမ်လောက် သူမ၏အိမ်သို့ ဆရာကြီးအချို့ကို ဖိတ်ခေါ်လေ့ရှိသည်။
မဒမ်လီကလည်း သူတို့နှင့် ရင်းနှီးသည်ဖြစ်၍ အပြင်သို့မထွက်စေဘဲ အလျင်အမြန် ခေါ်သွင်းခဲ့လေသည်။
ဆရာကြီးတချို့ထံမှ လက်ဆောင်များက အတော်လေးပင်စျေးကြီးလွန်းလှသည်။ အထူးသဖြင့် စုဝေ့ရန်က ကျန်းကျန်းအတွက် ပေးသည့် ပန်းချီကားများသည်ကား အလွန်ပင် ရှာရခဲလှသည်။
သူတို့က မဒမ်လီကို နှုတ်ဆက်ပြီးနောက် ပန်းထိုးပိုးထည်သေတ္တာကို ကျန်းကျန်း၏ အိမ်သို့ သွားပို့လိုက်ကြသည်။
*