အခန်း (၃၂၉)
Vol. 33 Ch. 329
စစ်ရာရန်တစ်ယောက် ဆူးတောင်ဟင်းချို၏ စျေးနှုန်းကြောင့် ထိတ်လန့်သွားသော်လည်း မတိုင်ခင်က သူ စားလိုက်သည့် အရသာကို ပြန်စဉ်းစားပြီးတွင် စစ်ရာရန် ဤဟင်းပွဲ ဈေးကြီးရသည့် အကြောင်းရင်းအား နားလည်သွားသည်။
“ဒါပေမဲ့ တကယ်ကို အရသာရှိတာပဲ၊ ဝက်သားတစ်အိုးနဲ့ ဒီအရသာကို ယှဉ်လို့မရဘူး”
“ဒါက ကျွန်မတို့ ထုတ်လုပ်ခဲ့တဲ့ ကံကောင်းခြင်းရှပ်အင်္ကျီနဲ့အတူတူပဲ”
ကျန်းကျန်းက ပြုံး၍ ကျန်နေသည့် ငါးကို စားလိုက်ပြီး စစ်ရာရန်အား နောက်တစ်ပန်းကန်ပေးလိုက်သည်။
“ဈေးကြီးပေမဲ့ လူတွေက တန်ဖိုးမရှိဘူးလို့ မထင်ကြဘူး၊ အဲဒီအစား ဒါက အမျိုးသမီးငယ်လေးတွေရဲ့ အိပ်မက်ဖြစ်လာတယ်၊ အဝတ်အစားတစ်ထည်ကို သဘောကျရင် တစ်ခါတလေ ဇိမ်ခံလိုက်တာက ဘာမှ မဖြစ်ဘူးမလား”
သူ့၏သမီးက ထိုဝတ်စုံအတွက် ပိုက်ဆံစုပြီး လစာ၏ တစ်ဝက်ကျော်ခန့်ကို သုံးခဲ့သည်ကို ပြန်တွေးမိသည့်အခါ စစ်ရာရန် အနည်းငယ် နားလည်သွားသည်။
“ဒါက ဒါရိုက်တာဝမ် ပြောတဲ့ ခေတ်စားတာပဲ၊ တကယ်တော့ ဒါရိုက်တာ ဝမ်လည်း ကျွန်တော့်ကို အရင်က ပြခဲ့ဖူးတယ်၊ ကျွန်တော်လည်း ခေတ်ရေစီးကြောင်းကို လိုက်ချင်ပေမဲ့ အမြဲတမ်း မှားနေသလိုပဲ”
ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။
“ဝယ်သူတစ်ယောက်အနေနဲ့ ဖက်ရှင်ကို လိုက်စားနိုင်တယ်၊ ဒါပေမဲ့ ထုတ်လုပ်သူတစ်ယောက်အနေနဲ့လည်း ဖက်ရှင်ကို လိုက်စားနေရင် တခြားသူတွေထက် နှေးကွေးသွားလိမ့်မယ်။
ကျွန်မတို့ လုပ်ရမှာက ဖက်ရှင်ကို ဦးဆောင်ပြီး ပြောင်းလဲပစ်ဖို့ပဲ၊ ဖက်ရှင်ရဲ့နောက်ကို လိုက်ပြီး ပြာတွေ စားနေရတဲ့သူတွေ မဖြစ်သင့်ဘူး”
ဝမ်ရှင်းကျယ်က ဤစကားများ ကြားသည့်အခါ သူ့မျက်ခုံးများ အနည်းငယ် လှုပ်ရှားကာ နားလည်သကဲ့သို့ ဖြစ်သွားသည်။
ကျန်းကျန်းက အစားအစာ တစ်လုပ်စားပြီး ဝမ်ရှင်းကျယ်အား ဆက်ပြောခဲ့သည်။
“စက်ရုံမှာ ဒီဇိုင်နာ ခေါ်ယူတာ ဘယ်လိုလဲ”
ဝမ်ရှင်းကျယ်က ချက်ချင်း ပြန်ဖြေသည်။
“စက်ရုံက ဝန်ထမ်းတွေထဲကနေ ဒီဇိုင်းမှာ အရမ်းတော်တဲ့ လူငယ်တစ်ယောက်ကို တွေ့တယ်၊ ဒါပေမဲ့ သူက အရင်က အနုပညာကို မသင်ဖူးသေးဘူး၊ ကောင်းမွန်တဲ့ အကြံဥာဏ်တွေ အများကြီးရှိပေမဲ့ ပုံဆွဲမတတ်ဘူး၊
အခု သူ့အတွက် အနုပညာဆရာတစ်ယောက်ကို ငှားရမ်းထားပြီး စနစ်တကျ သင်ကြားပေးနေပါတယ်၊ နိုင်ငံခြားကနေလည်း အနုပညာအထူးပြု ကျောင်းသားနှစ်ယောက်ကို ခေါ်ယူထားတယ်။
သူတို့က အခြေခံကောင်းပြီး အဝတ်အထည်နဲ့ပတ်သက်ပြီး ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိပေမဲ့ ဒီဇိုင်းအမြင်ကတော့ အခုထိ ရင့်ကျက်မှု မရှိသေးဘူး။
သူတို့ကို ဆရာကြီးတွေနဲ့ အဝတ်အထည်ချုပ်ပုံကို အရင်သင်ခိုင်းထားတယ်”
ဝမ်ရှင်းကျယ်သည်က နိုင်ငံခြားတွင် ကောလိပ်တက်ခဲ့သည့်သူဖြစ်သည်။ ပြည်ပရှိ ဒိဇိုင်းက အဝတ်အထည်ပိုင်းတွင် ပြည်တွင်းထက် တစ်လှမ်းသာနေသည်။
ဝမ်ရှင်းကျယ်သည်လည်း အဝတ်အထည်ဒီဇိုင်းတွင် ကျွမ်းကျင်သူ မဟုတ်သော်လည်း သူ့၏ အမြင်သည်က ဤလူငယ်သုံးယောက်ထက် များစွာမြင့်သည်။
“ကျွန်ဝောာ်က ဗဟုသုတ နည်းပါးသေးတယ်။”
ကျန်းကျန်းက သက်ပြင်းချလိုက်သည်။
“ ရှင် သူတို့နဲ့ သက်ဆိုင်ရာ စာချုပ်တွေ ချုပ်ဆိုပြီး သူတို့အတွက် ပတ်စ်ပို့နဲ့ ဗီဇာတွေ ပြင်ဆင်ပေးပါဦး...”
“ပတ်စ်ပို့ ဗီဇာ”
စစ်ရာရန်က နိုင်ငံခြားသို့ တစ်ခါမျှ မရောက်ဖူးသော်လည်း သူနှင့် သိသည့် စက်ရုံမန်နေဂျာများမှာ အလုပ်အကိုင် စစ်ဆေးရန် နိုင်ငံခြားသွားဖူးကြပေသည်။
ထို့ကြောင့် စစ်ရာရန်က ဤစကားလုံးများအား သဘာဝအတိုင်း ကြားဖူးပြီးသား။ ဝမ်ရှင်းကျယ်က ဘေးသို့လှည့်၍ စစ်ရာရန်အား ရှင်းပြလိုက်သည်။
“စက်ရုံက ဒီဇိုင်နာနည်းနည်းလောက်ကို ဖက်ရှင်သဘောတရားတွေနဲ့ ဖက်ရှင်ဒီဇိုင်းတွေ လဲလှယ်သင်ယူဖို့အတွက် နိုင်ငံခြားကို စေလွှတ်ဖို့ စီစဉ်ထားတယ်။
သူဌေးက ပြင်သစ်က ဖက်ရှင်ကျောင်းတစ်ခုနဲ့ အထည်ချုပ်ကုမ္ပဏီကြီးအများအပြားကို ဆက်သွယ်ထားပြီးပြီ။
သူတို့ကလည်း ကျွန်တော်တို့ကို လာရောက်ပြီး လေ့လာဖို့အတွက် ဖိတ်ခေါ်ဖို့ ဆန္ဒရှိနေတယ်”
“နိုင်ငံခြားကို သွားသင်ဖို့လား”
စစ်ရာရန်တစ်ယောက် ဤလူငယ်များ၏ ကံကြမ္မာကို အလွန်အားကျသွားခဲ့ကာ အထည်ချုပ်စက်ရုံ၏ အနာဂတ်အတွက်လည်း ယုံကြည်မှုများစွာရှိလာခဲ့သည်။
“လီမင်ကျန်း... ဥက္ကဋ္ဌလီ၊ မင်းက ငယ်ပေမဲ့ တကယ်ကို ရဲရင့်တဲ့လူတစ်ယောက်ပဲ၊
အခုချိန်မှာ နိုင်ငံပိုင်စက်ရုံကြီးတွေကတောင် လူတစ်ယောက်ကို ပြည်ပအထိ စေလွှတ်သင်ကြားခိုင်းဖို့ဆိုရင် ပိုက်ဆံအများကြီး ကုန်ကျတယ်လို့ ထင်ကြတာ။
ဒါပေမဲ့ မင်းလို ပုဂ္ဂလိက စက်ရုံပိုင်ရှင် ဝန်ထမ်းသစ် သုံးယောက်ကိုတောင် တစ်ခါတည်း လေ့ကျင့်ရေးပို့နိုင်တယ်၊ ဒါနဲ့တင် မင်းကို လေးစားရပြီ”
“သင်ယူခြင်းဆိုတာ ဘယ်တော့မှ ရပ်လို့မရပါဘူး”
ကျန်းကျန်းက သူတို့အား ကြည့်၍ ပြောလိုက်သည်။
“နောင်ဆိုရင် ကျွန်မတို့စက်ရုံက ထူးချွန်တဲ့ ဝန်ထမ်းတွေအပါအဝင် မန်နေဂျာတွေပါ အမျိုးမျိုးသော သင်တန်းတွေ တက်ဖို့ အခွင့်အရေးရပါလိမ့်မယ်။
ကျွန်မတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေ တိုးတက်နေမှသာ စက်ရုံက ပိုမိုကျယ်ပြန့်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ဧရိယာ ရှိမှာပါ”
သူတို့နှစ်ယောက်လုံးခေါင်းညိတ်သည်ကို မြင်သည့်အတွက် ကျန်းကျန်းက သူမ၏ အိတ်ထဲမှ စာရင်းတစ်ခု ထုတ်ယူ၍ ဝမ်ရှင်းကျယ်အား ပေးလိုက်သည်။
“ဒီလူတွေက ကျွန်မ ကိုယ်တိုင် ရှာဖွေခဲ့တဲ့ ဒီဇိုင်နာတွေပဲ သူတို့ထဲက တချို့က အဝတ်အထည်နယ်ပယ်ကို စတင်ထိတွေ့နေကြပြီ၊ တချို့လူတွေကတော့ ဒီလုပ်ငန်းအကြောင်းကို ဘာမှမသိသေးပေမဲ့ အစကနေ ပြုစုပျိုးထောင်လို့ရပါတယ်၊
ကျွန်မ သူတို့ဆီမှာရှိတဲ့ အဝတ်အထည် ဒီဇိုင်းနဲ့ပတ်သက်တဲ့ ထူးခြားတဲ့ စိတ်ဓာတ်ကို ကြိုက်တယ်”
ဝမ်ရှင်းကျယ်က ကျန်းကျန်း၏ ပါရမီရှင်များကို ရှာဖွေနိုင်စွမ်းအပေါ် အလွန်ယုံကြည်သည်။ သူ ပထမဆုံး တရုတ်သို့ ပြန်ရောက်စဉ်က ကိုယ်ပိုင်လုပ်ငန်းစရန် စီစဉ်ခဲ့သော်လည်း သူ့၏အဖေက မတော်တဆမှုကြောင့် ရုတ်တရက် ဆုံးပါးသွားလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။
သူ့အမေကလည်း အလွန်စိတ်ထိခိုက်၍ ပြင်းထန်စွာ ဖျားနာခဲ့သည်။
တစ်နေ့နှင့်တစ်ည ကယ်ဆယ်ပြီးမှသာ အသက်ရှင်နိုင်ခဲ့သော်လည်း နောက်ဆက်တွဲ ကုသစရိတ်က မသေးခဲ့ပေ။
မိသားစု၏ စုဆောင်းငွေများက ထိုတစ်လခွဲအတွင်း ကုန်သွားခဲ့သည်။ ဤသို့သော အပြောင်းအလဲများကြောင့် လူတိုင်း၏ အမြင်တွင် ချမ်းသာသည့် မိသားစုဟု သတ်မှတ်ခံရသည့် ဝမ်မိသားစုသည်က ရုတ်တရက် ပိုင်ဆိုင်မှုကင်းမဲ့သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ထိုစဉ်အချိန်တုန်းက ဝမ်မိသားစုသည်ကား ဝမ်ရှင်းကျယ်အတွက် ကိုယ်ပိုင်လုပ်ငန်းစခိုင်းရန် မတတ်နိုင်တော့သည့်အပြင် သူ့အမေကို ဆရာဝန်ပြရန်အတွက် ဝမ်ရှင်းကျယ်အနေဖြင့် ပိုက်ဆံရှာရရန် လိုအပ်နေသည်။
တရုတ်သို့ ပြန်ရောက်သည်နှင့် ဤသို့ ရှုပ်ထွေးသည့် အခြေအနေနှင့် ရင်ဆိုင်ရသည်။ ဝမ်ရှင်းကျယ်က ထူးချွန်သည့် ဘွဲ့တစ်ခု ရထားသော်လည်း တော်ဝင်မြို့တော်ရှိ မည်သည့်ဌာနမှ သူ့ကို ဒုတိယအကြိမ် ပြန်မကြည့်ချင်ကြပါချေ။
ဝန်ထမ်းခေါ်ယူရန် အချိန်မရောက်သေးဟုသာ အေးတိအေးစက် ပြောခဲ့သည်။
ထိုအချိန်တွင်ပင် ကျန်းကျန်းက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
သူမက ဝမ်ရှင်းကျယ်အား ဒုတိယစက်ရုံဒါရိုက်တာရာထူးကို တိုက်ရိုက်ပေးခဲ့သည့်အပြင် သူ၏ အမေအတွက် ဆေးကုသရန်အတွက် ခြောက်လစာ လစာကိုလည်း ကြိုပေးခဲ့သည်။
ထိုစဉ်က ပရိဘောဂစက်ရုံမှာ ယခု အထည်ချုပ်စက်ရုံကဲ့သို့ ဆင်းရဲတွင်းနက်နေခြင်း မဟုတ်သည်ကို သိထားရမည်။
ထိုစဉ်က ပရိဘောဂစက်ရုံသည်ကား သစ်သားပရိဘောဂများ တင်ပို့၍ ပြည်တွင်းတွင် မွေ့ရာများနှင့် အသင့်ပြင်ဆင်ပရိဘောဂများ ရောင်းချနေခဲ့ပေပြီ။
ဆိုရလျှင် စက်ရုံကတော်ဝင်မြို့တော်တွင် ရောင်းအားကောင်းသည့် ကုမ္ပဏီကောင်းတစ်ခု ဖြစ်နေခဲ့ပြီ။
ငွေအမြောက်အမြား ကြိုတင်ရခဲ့သည့်အတွက် ဝမ်ရှင်းကျယ်၏ အမေကို အခြေအနေကောင်းသည်အထိ ဆက်လက်ကုသနိုင်ခဲ့သည်။
ပရိဘောဂစက်ရုံတွင် ရှိစဉ်က ဝမ်ရှင်းကျယ်အနေဖြင့် စက်ရုံဒါရိုက်တာ စွမ်းရန်သယ်ထံ၌ ကျန်းကျန်းမှ သူ့ကို အဘယ်သို့ ရှာတွေ့ခဲ့သည်ကို ပြောပြဖူးသည်။
ထိုစဉ်က စွမ်းရန်သယ်၏အခြေအနေမှာ ဝမ်ရှင်းကျယ်ထက် များစွာ ပိုဆိုးခဲ့သည်။ ကျန်းကျန်းသာ နောက်နှစ်ရက်ခန့် နောက်ကျခဲ့လျှင် စွမ်းရန်သယ်က ကြိုးတစ်ကြိုးရှာ၍ ကိုယ့်ကိုယ်ကို ဆွဲကြိုးချမိတော့မည်ကိုပင် စိုးရိမ်ရသည်။
ဝမ်ရှင်းကျယ်အနေဖြင့် ကျန်းကျန်းမှ သူနှင့် စွမ်းရန်သယ်ကို အဘယ်သို့ သိခဲ့သည်ကို မသိခဲ့ချေ။
သူမက သူတို့နှစ်ယောက်ကို စီမံခန့်ခွဲမှု၌ ပါရမီရှိသည်ဟု ယုံကြည်ကာ ဤသို့သော စက်ရုံကြီးကို ဆက်သွယ်မှု အနည်းငယ်သာရှိသည့် သူတို့၏လက်ထဲ ပေးရန် ဆန္ဒရှိခဲ့သည်ကိုလည်း သူ မယုံကြည်နိုင်ခဲ့။
သို့သော်လည်း ဤနှစ်အနည်းငယ် ဆက်သွယ်မှုတွင် ကျန်းကျန်းသည်ကား ဝမ်ရှင်းကျယ်၏ နှလုံးသားထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့ပြီ။
ဝမ်ရှင်းကျယ်သည်ကား ကျန်းကျန်း ဆုံးဖြတ်ချက်ချလိုက်သည်နှင့် မည်သည်ကမျှ မှားစရာမရှိဟု ခံစားရသည်။
ကမ္ဘာပေါ်တွင် ကျန်းကျန်း မသိသည့် အရာဟူ၍ မည်သည့်အရာမှ မရှိသကဲ့သို့ ကျန်းကျန်း ရှာဖွေသည့်လူများက ပါရမီရှင်များသာဟု ယုံထားခဲ့သည်။
သို့သော်လည်း ဤလူများသည်က နောက်တစ်ချိန်တွင် ထွန်းလင်းလာမည့် ဖက်ရှင်ဒီဇိုင်နာများ ဖြစ်သော်လည်း သူတို့၏ ပါရမီများကမူ ယခုအထိ ပေါ်လွင်ခြင်း မရှိသေးချေ။
စက်ရုံမှ လူများအား လေ့ကျင့်ပေးရန် ပိုက်ဆံများစွာ သုံးရသော်လည်း ကျန်းကျန်းကမူ သူတို့ နောက်တစ်ချိန်တွင် ဖန်တီးမည့် စည်းစိမ်ဥစ္စာများနှင့် အောင်မြင်မှုများနှင့် ယှဉ်လျှင် ဤလေ့ကျင့်ရေးစရိတ်များသည်က ထည့်ပြောလောက်စရာမဟုတ်ဟု ခံစားရသည်။
ဝမ်ရှင်းကျယ်သည်ကား ကျန်းကျန်းရေးပေးထားသည့် လိပ်စာအတိုင်း တစ်နိုင်ငံလုံးမှ လူငယ်များကို လျင်မြန်စွာ ဆွဲခေါ်လာနိုင်ခဲ့သည်။
တော်ဝင်တက္ကသိုလ်မှ နှစ်ယောက်မှလွဲ၍ တခြားနေရာမှ ခြောက်ယောက်ကို ဝမ်ရှင်းကျယ်က အချိန်များစွာပေး၍ စကားပြောခဲ့ရသည်။
ဤခေတ်ကာလတွင် တော်ဝင်မြို့တော်၌ အလုပ်သွားလုပ်ရသည်က အလွန်ဆွဲဆောင်မှု ရှိသော်လည်း ရုတ်တရက် လူတစ်ယောက်က အိမ်သို့လာ၍ သူတို့၏ကလေးများအား နာမည်တပ်၍ ခေါ်သွားသည်ဆိုလျှင် မည်သူက ယုံကြည်မည်နည်း။
သူတို့၏ကလေးများသည်ကား ငယ်ရွယ်သည့်အပြင် တော်လွန်းသည်ဟုလည်း မထင်ရပေ။
အဝတ်အထည်ဒီဇိုင်းနှင့် ပတ်သက်လာလျှင် အဝတ်အထည်ချုပ်ပုံကိုပင် မသိသည့်အတွက် မည်သူက သံသယမဝင်ဘဲနေမည်နည်း။
ဝမ်ရှင်းကျယ်က မိတ်ဆက်စာများကို ယူလာခဲ့သော်လည်း လူများက မယုံကြည်ခဲ့ကြပေ။
သူတို့က မုန်လာဥပေါ်တွင် တံဆိပ်တုံးတပ်၍ ပုံတူကူးထားသည့် မိတ်ဆက်စာဟုပင် သံသယရှိခဲ့ကြသည်။
နောက်ဆုံးတွင်တော့ ဝမ်ရှင်းကျယ်က ထိုလူအနည်းငယ်၏ မိဘများအား တော်ဝင်တက္ကသိုလ်သို့ ဖိတ်ခေါ်လိုက်သည်။
စက်ရုံအား မြင်ပြီးသည့်နောက်မှသာ မိသားစုများက သူတို့ကလေးများအား အထည်ချုပ်စက်ရုံနှင့် စာချုပ်ချုပ်ရန် စိတ်ချခဲ့ကြလေသည်။
*