ပြိုင်ဘက်ကင်း
Vol. 159 Ch. 2254
ရီဖူရှင်းအား တိုက်ခိုက်သည့် အစွမ်းထက် ကျင့်ကြံသူများက အလွန် မပျော်မရွှင် ဖြစ်နေပုံပေါ်သည်။ ထိုသို့သော အခြေအနေအောက်တွင် ရီဖူရှင်းအား သတ်ဖြတ်ပြီး မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအား လုယူရန် မဆိုထားနှင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန်ပင် ပြဿနာဖြစ်နေခဲ့သည်။
"ရုပ်ကြွင်းကို ထားပြီး သူ့ခန္ဓာကိုယ်ဆီကိုသွား။" တစ်စုံတစ်ယောက်က အကြံပေးလိုက်သည်။ ချက်ချင်းပင် ထိပ်သီးပုဂ္ဂိုလ်အချို့၏ မျက်လုံးများက လင်းလက်လာသည်။ ၎င်းက နည်းလမ်းကျသော အစီအစဥ် ဖြစ်သည်။ သူတို့သည် ရီဖူရှင်း ထိန်းချုပ်ထားသော မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို အရင်ဆုံး ဖယ်ထုတ်ထားနိုင်ပေသည်။
"ကောင်းပြီ။"
ထိုစကားလုံးများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က လှုပ်ရှားလိုက်သည်။ ရှန်ကလန်မှ ထိပ်သီးပုဂ္ဂိုလ်များက ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။ ပြင်းထန်လှသည့် လေဟာနယ်မုန်တိုင်းတစ်ခု ထွက်ပေါ်လာ၏။ မုန်တိုင်းသည် လေဟာနယ်ကို စုတ်ဖြဲကာ တစ်စုံတစ်ဦး၏ စိတ်ဝိညာဥ်ကို ဖြတ်တောက်ပစ်နိုင်သော စွမ်းအားပင် ပါဝင်နေသည်။
ဘုန်း...
ကျယ်လောင်သော အော်သံနှင့်အတူ ဖျက်ဆီးခြင်း လေဟာနယ်မုန်တိုင်းက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဝါးမြိုရန် လှုပ်ရှားလာသည်။ သူတို့သည်သာ တိုက်ခိုက်ခြင်းမဟုတ်ဘဲ အခြားထိပ်သီးပုဂ္ဂိုလ်များကလည်း ရီဖူရှင်းထံသို့ တိုက်ခိုက်မှုများ ထုတ်လွှတ်လာသည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ပြဿဒ်တစ်ခုက လေဟာနယ်ကို ဖျက်ဆီးကာ စုတ်ဖြဲပစ်နေပြီး ကြောက်မက်ဖွယ် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။
"မြှုပ်ပစ်စမ်း..."
အသံတစ်ခုက အော်ဟစ်လိုက်သည်။ မှောင်မိုက်နေသော စွမ်းအားက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ဝါးမြိုပြီး လေဟာနယ်အတွင်း မြှုပ်နှံပစ်ချင်နေသလို ထင်မှတ်ရသည်။
"သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်။" နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် ထိပ်သီးပုဂ္ဂိုလ်များက အောက်ဘက်သို့ အဆက်မပြတ် ပြေးဆင်းသွားကာ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ကာကွယ်ထားသည့် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရန် တိုက်ရိုက်တိုးဝင်သွားသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရလျှင် သူ့ဝိညာဥ်က နားခိုနိုင်သည့် နေရာရှိလိမ့်တော့မည် မဟုတ်ပေ။ သူက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို အချိန်အကြာကြီး ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ရှန်ကလန် ထိပ်သီးပုဂ္ဂိုလ် ရှန်ကောင်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် လေဟာနယ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ထက်မှ ကျဆင်းလာကာ တည်ရှိမှုအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ မုန်တိုင်းအားလုံးက လေဟာနယ်နတ်ဓားကဲ့သို့ လေဟာနယ်ကို ခုတ်ဖြတ်ကာ ကြယ်အကာအကွယ်ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်၍ မြေပြင်သို့ ခုတ်ပိုင်းလာခဲ့သည်။
ထိပ်သီးပုဂ္ဂိုလ်များ၏ တိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု ကျဆင်းလာသည်။ ပြဿာဒ်တစ်ဆောင်က လေဟာနယ်အတွင်း ထွက်ပေါ်လာပြီး ၎င်းမှ စွမ်းအားများ ပေါက်ကွဲထွက်လာကာ ပြိုင်ဘက်ကင်းစွမ်းအားတို့နှင့် ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ ခုခံရေးအကာအကွယ်က ပျက်စီးတော့မည် ဖြစ်၏။
ဟူး…
ရှန်ကောင်းက လေဟာနယ်စွမ်းအား၌ ကျွမ်းကျင်သည်။ သူသည် အခွင့်အရေးကို အရယူပြီး အကာအကွယ်ကွန်ရက်အား ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ သူက အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်သို့ ထိုးဆင်းလာကာ တိုက်ခိုက်မှုအား လူအုပ်ကြီးထံ လမ်းကြောင်းလွှဲလိုက်ကာ ရီဖူရှင်းအား စောင့်ကြပ်ပေးနေသည့် ထိပ်သီးပုဂ္ဂိုလ်များ ပြန့်ကျဲသွားရန် မျှော်လင့်နေသည်။ ထိုလူများအားလုံးသည် ကြောက်မက်ဖွယ် အဆင့်များ ရှိကြပြီး စီဝေ့အင်ပါယာနန်းတော်၏ ထိပ်သီးအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ထဲက မည်သူကမှ အားနည်းမနေပေ။ ရီဖူရှင်း၏ ခန္ဓာကိုယ်က ဖျက်ဆီးရန်အတွက် သူတို့က ရီဖူရှင်းအား အတူတကွ ကာကွယ်နိုင်စွမ်းမရှိစေရန် သူတို့ကို နေရာအနှံ့ ပြန့်ကျဲသွားစေရမည် ဖြစ်သည်။
သို့သော် သူ၏ တိုက်ခိုက်မှု ကျဆင်းလာသည့်နေရာတွင် အကာအကွယ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး မှောင်မိုက်သည့် တွင်းနက်ကြီးတစ်ခုဆီမှ အလင်းရောင်များ တောက်ပနေသော လက်တစ်ဖက် ပေါ်ပေါက်လာသလိုပင် ဖြစ်သည်။ ထိုလက်က ရှေ့သို့ ဖြေးညင်းစွာ ဆန့်ထုတ်လိုက်ပြီး တဖြေးဖြေး ကြီးမားလာသည်။ ၎င်းသည် အနန္တအက္ခရာများဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် လက်တစ်ဖက်အဖြစ် ဖွဲ့စည်းလာသည်။ ၎င်းသည် ကောင်းကင်သို့ ရွေ့လျားကာ နေမင်းကို ပိတ်ကွယ်လာပြီး ရှန်ကောင်း၏ တိုက်ခိုက်မှုကို ပြိုကွဲသွားစေသည်။ တစ်ချိန်တည်းတွင် ၎င်းက ပျံသန်းလာသည့် ရှန်ကောင်းထံ ရွေ့လျားသွားသည်။
ရှန်ကောင်းက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလိုက်ပြီး သူ့အမူအရာက ပြောင်းလဲသွားကာ နောက်ပြန်ဆုတ်လိုသည့် ဆန္ဒတို့ဖြင့် သူ့ခန္ဓာကိုယ်ကို ရပ်တန့်လိုက်သည်။
"သတိထား။" ရှန်ကလန်ခေါင်းဆောင်က စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်သည်။
နတ်အလင်းက တောက်ပလာသည်။ ရှန်ကောင်းသည် လေဟာနယ်ကို ဖြတ်သန်းကာ ထွက်သွားချင်သော်လည်း ကြီးမားလှသော လက်ဝါးကြီးတစ်ခုက လေဟာနယ်အား ဆုပ်ဆွဲလိုက်သည်ကို တွေ့ရှိလိုက်ရသည်။ ရုတ်တရက် အဆုံးမဲ့ သင်္ကေတစာလုံးများစွာက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပြီး ထိုနေရာတစ်ခုလုံးကို ဖုံးအုပ်နိုင်သည့် ကြီးမားသော လက်ဝါးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းက လက်သီးဆုပ်တစ်ခု ဖြစ်သွားပြီး ရှန်ကောင်း၏ ပြန်ဆုတ်ခွာရာ လမ်းကြောင်းကို တားဆီးခဲ့၏။
အက်ကြောင်းအတွင်းမှ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က တစ်ဖန် ထွက်ပေါ်လာသည်။ ထို လက်သီးက သူ့ထံမှ ဖြစ်လေသည်။
"သူ့ရဲ့ ထိန်းချုပ်မှုက တကယ်အားကောင်းတာပဲ။" သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း အစွမ်းထက် ကျင့်ကြံသူများ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာကြသည်။ ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို သူ၏ စွမ်းအားများနှင့် ထိန်းချုပ်ရန်နည်းလမ်းအား ကျွမ်းကျင်ပိုင်နိုင်နေပုံရသည်။ သူသည် ၎င်းကို လုပ်ဆောင်ရင်း ပို၍ပင် ကျင့်သားရလာပုံပေါ်သည်။
ကြီးမားသော လက်ဝါးကြီးက ရုတ်တရက် လက်သီးဆုပ်လိုက်ကာ ကျယ်လောင်သည့် ပေါက်ကွဲသံကိုထုတ်လွှတ်လာသည်။ ရှန်ကောင်း၏ မျက်နှာထက်တွင် အကြောက်တရားတို့ ပေါ်ပေါက်လာ၏။ သူသည် ထွက်ခွာ၍ မရနိုင်သော အကြွင်းမဲ့ လေဟာနယ်တစ်ခုအတွင်း ပိတ်မိနေသလို ထင်မှတ်ရသည်။ သူက သူ ရှိနေသည့် နေရာကို ထိန်းချုပ်လာသည့် နတ်ဘုရားလက်ကြီးအား ကြည့်နေရုံသာ တတ်နိုင်သည်။
ချက်ချင်းပင် သူက ထိုလက်ကြီးထဲ၌ ဖမ်းဆုပ်ခံလိုက်ရပြီး ကြောက်မက်ဖွယ် တောက်ပသည့် နတ်အလင်းများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဆိုးရွားသည့် လေဟာနယ်မုန်တိုင်းကို ၎င်းတို့က သက်ရောက်ပုံမရပေ။ ၎င်းတို့က လက်ဝါးကြီးနှင့် ထိတွေ့မိသည်နှင့် ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။ သူက ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ခဲ့ပါချေ။
"အား..."
စူးရှကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသာ်။ လက်ဝါးကြီးမှ ထွက်ပေါ်လာသည့် နတ်အလင်းတို့က ရှန်ကောင်း၏ အသွေးအသားတို့ကို တဖြေးဖြေး ဖျက်ဆီးပစ်လိုက်ပြီး သူ့ခန္ဓာကိုယ်အား ပြိုကွဲကာ ပျောက်ကွယ်သွားစေခဲ့သည်။ ပုံရိပ်တစ်ခုက ထိုခန္ဓာကိုယ်အတွင်းမှ ထွက်ပြေးလာသည်။ ၎င်းက ရှန်ကောင်း၏ ဝိညာဥ်ဖြစ်သည်။
သို့သော် လက်ဝါးမှ နတ်အလင်းက ချက်ချင်းပင် သူ့ထံ ပြေးဝင်သွားပြီး သူ့အား ပြာမှုန်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ သူ၏ စိတ်ဝိညာဥ်သည်ပင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိခဲ့ပေ။
ဘန်း...
နာကျင်စူးရှသော အော်သံ၏ အလယ်တွင် လက်သီးက ရှန်ကောင်းကို တိုက်ရိုက်ဖျက်ဆီးလိုက်သည်။ ၎င်းသည် အားထုတ်စရာမလိုဘဲ ပြီးဆုံးသွားသလို ခံစားလိုက်ရသည်။ အခြားစကားနှင့် ပြောရလျှင် သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သတ်ဖြတ်ခံခဲ့ရပေသည်။ ၎င်းသည် မူလက သွေးဆောင်ခံခဲ့ရသော ကျင့်ကြံသူများကို သူတို့၏ လောဘနှင့် ရည်မှန်းချက်များအား ပြန်သိမ်း၍ လှုပ်ရှားမှုများကို နောက်သို့ ပြန်ဆုတ်သွားစေခဲ့သည်။
သူက အလွန် အန္တရာယ်များလှသည်။ ထိုအခိုက်အတန့်တွင် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ရီဖူရှင်းက သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။ သူသည် လက်သီးတစ်ချက်တည်းနှင့် ရှန်ကောင်းကို သတ်ပစ်လိုက်နိုင်သည်။ သူတို့ကို ထိုသို့ တိုက်ခိုက်လာလျှင် သူတို့သည်လည်း သူ့ကဲ့သို့ အဆုံးသတ်သွားရပေလိမ့်မည်။
သူတို့က မည်မျှ လောဘပြီးနေပါစေ ကိုယ့်အသက်ကိုယ် ထိန်းသိမ်းချင်သေးပေသည်။ သူတို့ထံ၌ စောင့်ကြည့်နေရန်သာ ရွေးချယ်စရာ ရှိသည်။ သူတို့သည် ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းအား အချိန်ကြာမြင့်စွာ ထိန်းချုပ်နိုင်မည်ကို ယုံကြည်ရန် ငြင်းဆန်နေကြသည်။
နတ်ဘုရားရုပ်ကြွင်းအား ထိန်းချုပ်မှုက ပိုမိုကောင်းမွန်လေ သူ့အတွက် ခြေကုန်လက်ပမ်းကျမှု ပိုများလာလေ ဖြစ်သည်။ အနှေးနှင့်အမြန် သူ့ စိတ်ဝိညာဥ်က ထိုသို့ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် ထိုအချိန်တွင် ရှန်ကလန်မှ ထိပ်သီးများက အနည်းငယ် မျှော်လင့်ချက်မဲ့နေသလို ခံစားကြရပေသည်။ ရှန်ကောင်းက အသတ်ခံလိုက်ရပြီဖြစ်သည်။ သူသည် ကောင်းကင်ဒေသအတွင်းရှိ မူလရှန်ကလန်မှ လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက ထိုသို့ နည်းလမ်းမျိုးဖြင့် အသတ်ဖြတ်ခံလိုက်ရပေသည်။ ရှန်ကောင်းသည် ယခင်က ကိုက်ချိန်၊ ကိုက်ချုံတို့နှင့်အတူ ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ခိုက်ခဲ့ရာ၌ ပါဝင်သော ထိပ်သီးပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်သည်။
ယခု ရီဖူရှင်းက လက်စားချေခဲ့ပြီ ဖြစ်သည်။ သူက ဤအခွင့်အရေးကို အသုံးချပြီး အတိတ်မှ သူ၏ ရန်သူများကို ဖျက်ဆီးပစ်ခဲ့သည်။
အစွမ်းထက်သည့် လေဟာနယ်ဖြိုခွင်းခြင်း စွမ်းအားသည်ပင် သူ့ကို မဆန့်ကျင်နိုင်ခဲ့ပေ။
သို့ဆိုလျှင် သူ့ကို မည်သို့ သတ်ဖြတ်နိုင်ပါမည်နည်း။
သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ သူ့ ကိုယ်ပိုင် ဖိအားအောက်၌ ပျက်စီးခြင်းဆိုက်ရောက်သွားရန်သာ ဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် လေထဲ၌ ရှိနေသည့် ထိပ်သီးပုဂ္ဂိုလ်များကို ကြည့်လိုက်သည်။ သူသည် ထိုသူများထဲမှ အများစုက လှုပ်ရှားမှုမပြုရသေးဘဲ စောင့်ကြည့်နေရုံသာ ရှိကြောင်း သိရှိပေသည်။ အမှန်တွင် သူတို့အားလုံးက လိုချင်စိတ်လောဘများနှင့် သူ့ကို ကြည့်နေကြသည်။ သူတို့က မဟာအင်ပါယာရှန်ကျား၏ စွမ်းအားကို မျက်မြင်တွေ့ရလေ သူတို့၏ လောဘက အားကောင်းလာလေ ဖြစ်သည်။
သူတို့ကဲ့သို့ အဆင့်သို့ ကျင့်ကြံနိုင်ခဲ့သူများအတွက် အမြင့်ဆုံးအဆင့်ထိ မရောက်ချင်သည့်သူ မည်သူရှိပါမည်နည်း။
ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်က နတ်ဘုရားလမ်းစဥ်နှင့် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပြီး ရီဖူရှင်းကဲ့သို့ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပါလျှင် သူတို့က ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။
သေချာသလောက်ပင် ရီဖူရှင်းသည် သူမှလွဲ၍ နတ်ဘုရားကပ်ဘေးအား ကျော်ဖြတ်ဖူးသော ပုဂ္ဂိုလ်သည်ပင် မဟာအင်ပါယာရှန်ကျားအား ထိန်းချုပ်ရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သူ့နှလုံးသားထဲမှ သိရှိထားပေသည်။ သို့သော် ထိုအထဲ၌ ဆရာသခင်အား ဖယ်ထားရပေလိမ့်မည်။
ဆရာသခင်က မည်သို့ လုပ်နိုင်စွမ်းရှိခဲ့သည်ကို ရီဖူရှင်းက မဖော်ထုတ်နိုင်သေးပေ။ ဆရာသခင်က ဤလောကထက် သာလွန်သော ဖြစ်တည်မှု ဖြစ်သောကြောင့် သူက မေးခွန်းထုတ်လိမ့်မည် မဟုတ်ပါချေ။
သူ့ဝန်းကျင်ရှိ ထိပ်သီးအင်အားစုများကို ကြည့်ရင်း ရီဖူရှင်း ပို၍ ပြင်းထန်သော ဖိအားများအောက် ကျရောက်လာသည်။ သူ၏ စိတ်ဝိညာဥ်က အနည်းငယ် မတည်မငြိမ် ဖြစ်လာ၏။ သူသည် တိုက်ပွဲဆက်တိုက်ရန် အချိန်ကြာမြင့်စွာ ဆက်မထိန်းထားနိုင်တော့ပေ။ သူက တိုက်ပွဲအား တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်နိုင်မည့် နည်းလမ်းကို စဥ်းစားရပေမည်။ မဟုတ်လျှင် ၎င်းက ပို၍ ပြဿနာ ကြီးမားလာနိုင်ပေသည်။
သူ့ထံ၌ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် သူ့ကို မျက်စိကျနေသည့် အင်အားစုများက သူနှင့် ရင်ဆိုင်ရန် ပူးပေါင်းလိုက်မည်မှာ သေချာသည်။ ထိုသို့ဖြစ်လိမ့်မည်ကို ရီဖူရှင်းက သေချာ သိရှိပေသည်။
***