အခန်း (၃၃၂)
Vol. 34 Ch. 332
မဒမ်လီတစ်ယောက် ကလေးမယူသည့်ကိစ္စနဲ့ပတ်သက်၍ လင်းရှို့လန်တို့ဘက်မှ ကျန်းကျန်းအပေါ်တွင် တိုးရွားသောအမြင်များမရှိကြောင်းကို ကြားရသောကြောင့် စိတ်သက်သာရာရသွားခဲ့ရပြီး သူမ၏ မျက်နှာပေါ်၌ အပြုံးများက ပို၍ ထင်ရှားလာခဲ့ လေသည်။
“ဒီလိုဆိုမှ ငါ့ရဲ့မြေးမလေး ကျန်းကျန်းက တကယ်ကို ကံကောင်းလွန်းတာပဲ၊ တခြားယောက္ခမတွေဆိုရင် ဒီလလက်ထပ်ပြီးတာနဲ့ နောက်လမှာ ကိုယ်ဝန်ရှိဖို့ကို မစောင့်နိုင်ကြဘူး
လက်ထပ်ပြီးလို့ နှစ်လ သုံးလလောက်အထိ နောက်ကျတာနဲ့ သူတို့ရဲ့ မျက်နှာပေါ်မှာ မကျေနပ်တော့တဲ့ အမူအရာတွေ ပေါ်နေတာ၊
ဒါပေမဲ့ မင်းကတော့ တကယ့်ကိုယောက္ခမကောင်းကိုရထားခဲ့တာ၊ ဒီလိုမျိုး နှစ်ပေါင်းများစွာ ကြာတာကိုတောင် ကျန်းကျန်းရဲ့ စိတ်ကူးကို ပျော်ပျော်ရွှင်ရွှင် ချီးကျူးနေသေးတယ်”
“အခုခေတ်က မတူတော့ဘူးလေ၊ အခုဆိုရင် နိုင်ငံမှာရှိတဲ့ မူဝါဒတွေက အရမ်းကောင်းနေပြီ၊
လူတွေက ပိုက်ဆံရှာတဲ့နည်းလမ်းတွေကို သိပ်မတွေးဘဲ ကလေးမွေး၊ ကလေးပြုစုပျိုးထောင်ဖို့ကို အာရုံစိုက်နေရကြတာကိုတောင် အထက်ပိုင်းက လူတွေက စိတ်ပူနေရတယ်”
ကျန်းကျန်းက ပန်းသီးကို တစ်ကိုက်ကိုက်၍ ယုံကြည်မှုရှိစွာ ပြောလေသည်။
“ကျွန်မရဲ့ ယောက္ခမက စိတ်ထဲမှာလည်း ကြေးမုံလိုပဲကြည်လင်တယ်၊သူမရဲ့စိတ်က သူမရဲ့ချွေးမ ကလေးမွေးဖို့အတွက်ပဲ အာရုံစိုက်နေတာမျိုး မရှိဘူး”
မဒမ်လီသည်ကား လင်းရှို့လန်၏ မကြာသေးမီက အလုပ်များနေသည့် အခြေအနေကို သတိရသွားခဲ့သည်။ သူမအနေဖြင့် ကျန်းကျန်းကိုကူညီကာ ကလေးကို ပြုစုရန်အတွက် စိတ်မပါလောက်ဟု ထင်မြင်မိခဲ့သောပြောကြောင့် ကျန်းကျန်း၏အနီးသို့ ကပ်၍ တီးတိုးလေး ပြောလိုက်လေသည်။
“နင့်ရဲ့ ယောက္ခမက ကလေးတွေကို ကူညီစောင့်ရှောက်ပေးဖို့ အချိန်မရလောက်ဘူးလား၊ ကျန်းကျန်း.. မင်း စိတ်မပူနဲ့၊ အဖွားတို့က မင်းကို အချစ်ဆုံးပဲ၊
မင်း ကလေးယူချင်တဲ့အချိန် ယူလိုက်လို့ရတယ်၊ မင်းမှာ ငါနဲ့၊ မင်းရဲ့အမေရယ် ရှိတယ်၊ ငါတို့ ကူညီပေးမယ်”
ကျန်းကျန်းက အခန်းတွင်း၌ ဆူညံပွတ်လောရိုက်စွာ ဆော့ကစား ပျော်ရွှင်နေကြသည့် ကလေးများကို တစ်ချက် လှမ်းကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် မေးလိုက်လေသည်။
“အဖွား၊ အိမ်မှာ ကလေးတွေနဲ့ ဒီလောက်ထိ ဆူညံနေတာကိုတောင် အားမရသေးဘူးလား”
“မင်း ဘာသိလို့လဲ”
မဒမ်လီက သူမကို မျက်လုံးလှန်၍ ကြည့်ရင်း ပြောလာခဲ့သည်။
“အသက်ကြီးလာရင် ဒီလို ဆူဆူညံညံအသံတွေနဲ့ ပျော်ပျော်ပါးပါးသက်ဝင်လှုပ်ရှားတာတွေကို ကြိုက်လာတတ်တယ်၊ ငါနဲ့ မင်းရဲ့မိဘနဲ့ အိမ်မှာရှိနေရင် ငြီးငွေ့စရာကောင်းလွန်းတယ်၊ ဘဝက အသက်ဝင်မှုမရှိဘူး”
ကလေးများက ချွေးများနှင့်စိုရွဲလောက်အောင် ကစားနေသည်ကို မြင်လိုက်ရသောကြောင့် ကျန်းကျန်းက ခေါင်းညိတ်၍ သဘောတူလိုက်သည်။
“အသက်ဝင်မှုတော့ လုံလောက်ပါတယ်”
ကောင်လေးများက ဧည့်ခန်းတွင်း၌ ရူးသွပ်စွာ ဆော့ကစားနေကြပြီး မိန်းကလေးသုံးယောက်ကမူ မဒမ်လီ၏အိမ်ခန်းထဲ၌ ငြိမ်သက်စွာ ကစားနေခဲ့နေကြသည်။
သကြားမုန့်လုံးနှင့် သူမ၏ ဝမ်းကွဲညီမငယ် နှစ်ယောက်က မဒမ်လီ၏ ခုတင်ပေါ်၌ ထိုင်၍ ကျန်းကျန်းဝယ်လာပေးခဲ့သည့် အရုပ်အပုံကြီးနှင့် စုပေါင်းကာ ဆော့ကစားနေခဲ့ကြသည်။
ဤမိန်းကလေးနှစ်ယောက်သည်ကား လီမင်ရှီနှင့် လီမင်ပေတို့၏ နောက်ဆုံးကလေးများ ဖြစ်ကြသည်။
သူတို့နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်းနီးပါး မွေးဖွားလာသည့် မိန်းကလေးများလည်း ဖြစ်ကြလေ၏။ ဤကဲ့သို့ ကံကောင်းသည့် အဖြစ်မျိုးနှင့် ကြုံရသည့်အတွက် ညီအစ်ကိုနှစ်ယောက်က ထိုမိန်းကလေးနှစ်ယောက်ကို ညီအစ်မအရင်းကဲ့သို့ နာမည်ဆင်တူပေးရန် ဆွေးနွေးခဲ့ကြသည်။
တစ်ယောက်က တျန့်တျန့်ဖြစ်ပြီး နောက်တစ်ယောက်က ရှင်းရှင်းဖြစ်လေ၏။
သူတို့၏ နာမည်များသည်က အသားမုန့်လုံး၊ သကြားမုန့်လုံး စသည့် နာမည်များထက် ကောင်းမွန်သော်လည်း အစာအစာ အစဥ်တန်းထဲကမူ ပြေးမလွတ်သေးပါချေ။
ယခုအချိန်တွင် မိန်းကလေးနှစ်ယောက်လုံးက သုံးနှစ်အရွယ်ရှိနေခဲ့ပေပြီ။ သူတို့က ဖြူဖြူဖွေးဖွေးနှင့် နူးညံ့ပြီး ကြည့်ရသည်၌ပင် ချစ်စရာကောင်းလှသည်။
လီမင်ပေကတော့ သူ၏မိသားစုမှ သမီးလေး၏ “အဖေ” ဟု နူးညံ့အိစက်သည့်အသံဖြင့် ခေါ်သည်ကို ကြားရသည့်အခါတိုင်း လူရူးတစ်ယောက်ကဲ့သို့ ပြုံးနေတတ်သည်။
သူ၏တင်ပါး၌ အမြီးသာရှိခဲ့လျှင် ကောင်းကင်ဘုံကိုတက်နိုင်သည်အထိ လှုပ်ခါနိုင်လောက်မည်ပင်။
အိမ်ထဲမှ မြေးမလေးများ၏ ချိုမြိန်နူးညံ့သည့် ရယ်သံများကို ကြားနေရသောကြောင့် မဒမ်လီလည်း အပြင်ဘက်၌ မထိုင်နိုင်တော့ပေ။
“အဲဒီမိန်းကလေးနှစ်ယောက်ကို သွားကြည့်လိုက်ဦးမယ်”
“အိုး .. အဖွားက မြစ်မလေးတွေရှိနေတော့ ဒီမြေးမလေးကို မလိုချင်တော့ဘူးပေါ့”
ကျန်းကျန်းက တမင်တကာဖြင့် ခေါင်းကိုခါရမ်းရင်း မနာလိုသည့် ပုံစံဖြင့် သက်ပြင်းချလေသည်။
“ခုနလေးတင် ငါက မင်းကို အချစ်ဆုံးလို့ ပြောပြီးသားလေ၊ မျက်စိတစ်မှိတ်အတွင်း မေ့သွားပြီလား”
မဒမ်လီက ဤကဲ့သို့ အသံကို ကြားရသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။
“ကောင်းပြီ၊ ကောင်းပြီ၊ အဖွားက မင်းကို အချစ်ဆုံးပဲ၊ မင်းကတော့ ဒီလိုမျိုး လူကြီးဖြစ်နေတာတောင် ရှက်တာမျိုး မရှိဘူး”
သူမက ကျန်းကျန်းကို ပြော၍ ထွက်သွားရင်း မမေ့မလျော့ တီးတိုး ရေရွတ်လိုက်လေသည်။
“ငါ့ရဲ့မြေးမလေး ကျန်းကျန်းက ကံကောင်းလွန်းတယ်၊ ကျန်းကျန်းရှိလာပြီးတဲ့အချိန်ကတည်းက ငါတို့မိသားစုရဲ့ကံကြမ္မာတွေကလည်း အကုန်လုံး ပြောင်းသွားခဲ့တာ၊
မဟုတ်ရင် တစ်မျိုးဆက်တည်း မိန်းကလေးသုံးယောက်တောင် ရရှိတဲ့ ကောင်းမွန်တဲ့အရာမျိုးက ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ”
ခဏအကြာတွင် နေ့လယ်စာစားချိန်သို့ ရောက်ရှိလာခဲ့သည်။ ရှီကျွင့်ကျဲက ညနေဘက်၌ ရှီမိသားစုအိမ်ဟောင်းသို့ ပြန်ရမည်ဖြစ်၍ နေ့လယ်စာစားချိန်တွင် မဒမ်လီနှင့် အဖော်ပြုရန် ရောက်လာပြီး နှစ်သစ်ကူးလက်ဆောင်များကိုလည်း မမေ့မလျေား ယူလာခဲ့လေ၏။
မဒမ်လီ၊ လီမူဝူနှင့် ဝမ်စုဖန်းတို့အတွက် အဝတ်အထည်၊ လက်ဝတ်ရတနာနှင့် ဖြည့်စွက်စာများကမူ အချိန်ကြာမြင့်စွာကတည်းက ရောက်နှင့်ပြီး ဖြစ်သည်။
သူတို့က ကလေးများအတွက် လက်ဆောင်ပစ္စည်းများ ဝယ်ထားခဲ့ကြလေ၏။
ရှီကျွင့်ကျဲက အဝတ်အထည်အိတ်အသစ် တစ်အိတ်စီကို ထုတ်ယူကာ နာမည်များ ကပ်ထားသည်အတိုင်း ဝေငှပေးခဲ့သည်။
ထို့အပြင် ကျောင်းတက်နေသည့် ကလေးများက ကျောင်းလွယ်အိတ်အသစ် တစ်လုံးစီနှင့် ကျောင်းပြင်ပ စာအုပ်တစ်စုံစီ ရရှိခဲ့ကြသည်။
ကျောင်းမတက်သေးသည့် ကလေးများကိုမူ အရုပ်များနှင့် မုန့်များကို တိုး၍ပေးခဲ့သည်။
တျန့်တျန့်နှင့် ရှင်းရှင်းတို့က သူတို့အရပ်ထက် ပိုမြင့်သည့် အရုပ်တစ်ရုပ်စီကို ကိုင်ထားပြီး အလွန်အမင်း ပျော်ရွှင်စွာနှင့် ကျန်းကျန်း၏ မျက်နှာထက်ကို အနမ်းများ ပေးလာခဲ့ကြသည်။
နေ့လယ်စာ စားပြီးနောက်ပိုင်းတွင် လင်းရှို့လန်က အိမ်တွင် ခဏတာလောက် အိပ်ပျော်နေခဲ့ပြီး မွန်းလွဲပိုင်း ၄ နာရီ၌ ရှီမိသားစု၏ အိမ်ဟောင်းသို့ သွားရန် စီစဉ်ထားခဲ့ကြသည်။
တရုတ်နှစ်သစ်ကူး မတိုင်မီ နှစ်ရက်ခန့် လိုသေးသော်လည်း အဘွားရီက ဤအချိန်၌ အိမ်ဖော်များကို အားလပ်ရက်ပေးထားခဲ့ပြီးဖြစ်ကာ ဟင်းချက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စသည့် အလုပ်များကို မိသားစုဝင်များ ကိုယ်တိုင် လုပ်ကိုင်ခဲ့ကြသည်။
ရှီမိသားစု၏ အိမ်ဟောင်းက လုံလောက်စွာ ကြီးမားသော်လည်း အဘွားရှီ၌ သားသုံးယောက်နှင့် မြေးများစွာ ရှိသောကြောင့် နှစ်သစ်ကူးကာလသို့ ရောက်လျှင် အိမ်တစ်ခုလုံး ၌ လူများဖြင့် ပြည့်နှက်နေတတ်သည်။
စင်စစ်ဆိုရလျှင် လူများခြင်းက ကြောက်လန့်စရာမကောင်းပါပေ။ စိတ်သေဘာထား ကောင်းမွန်ခြင်း မရှိသည့်လူများ ရှိနေလျှင်စာ အဆင်မပြေခြင်းများ ဖြစ်ကြရသည်။
ကံကောင်းထောက်မစွာပင် ကျန်းကျန်းနှင့် ရှီမိသားစုတို့ ပေါင်းစည်းခဲ့သည့် နှစ်အနည်းငယ်အတွင်း ထိုကဲ့သို့သော ဆွေမျိုးများက ရှီစူးမေ့၏ မိသားစုသာ ရှိခဲ့လေသည်။ သူတို့ကိုလည်း နှစ်သစ်ကူး၌ မတွေ့ရပေ။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အဘွားရှီ၏ ဘဝက ပို၍ အဆင်ပြေလာသည်နှင့်အမျှ တစ်နေ့တာလုံး မနှစ်မြို့ဖွယ်ကောင်းသည့် စကားကိုသာဆိုနေတတ်သော သမီးငယ်နှင့် တွက်ချက်မှုများနှင့်သာ ပြည့်နေသည့် မြေးမအပေါ်၌ သည်းခံနိုင်စွမ်းက နည်းသထက် နည်းလာသည်။
နှစ်သစ်ကူးအချိန်ကာလများ ၊ ပွဲတော်များ၊ မွေးနေ့များကဲ့သို့ အရေးကြီးသည့် နေ့များ၌ သူတို့ကို လုံးဝ လာခွင့်မပြုခဲ့တော့ပေ။
ပုံမှန်ရက်များအတွင်း သူတို့ လာလိုသည်ဆိုလျှင်ပင် အဘွားရှီက တနင်္ဂနွေ သို့မဟုတ် စနေနေ့ညများကို ရှောင်ခဲ့သည်။ သူမက ရှီစူးမေ့မှ သူမတို့၏မိသားစု၏ ပြန်လည်ဆုံစည်းမှုကို နှောင့်ယှက်ခြင်းမျိုးကို မလိုလားခဲ့ပေ။
ရှီစူးမေ့၏ အစ်ကိုကြီး သုံးယောက်နှင့် အစ်မတစ်ယောက်အတွက်ကမူ သူမအပေါ်၌ ကြာမြင့်သည့်အချိန်ကတည်းက အေးစက်နေခဲ့ကြပြီ။
တစ်နှစ်ကို တစ်ကြိမ်ထက် ပိုမတွေ့ရလျှင်ပင် သူမကို သတိမရသည့် အချိန်များစွာ ရှိသည်။
တစ်ခါတစ်ရံ ထိုကဲ့သို့လူရှိနေသေးသည်ကိုပင် မေ့သွားလုနီးပါး ဖြစ်နေခဲ့သည်။
ရှီစူးမေ့၏သမီး ရှန်ချင်းရန်က တစ်ချိန်က ကျန်းကျန်းနှင့် သူငယ်ချင်းဖြစ်ချင်ခဲ့ပြီး ကျန်းကျန်းထံမှ ငွေရှာရန် စိတ်ကူးရှိခဲ့သည်။
ရှန်ချင်းရန်၏ စိတ်ကူးက အလွန်ကောင်းသည်ဟု ပြောရမည်ပင်။
သို့သော် ကျန်းကျန်းက သူမ၏စိတ်ကူးကို အကောင်အထည်ဖော်ရန် အခွင့်အရေး မပေးခဲ့ပေ။
ကျန်းကျန်းအနေဖြင့် “ငါ နင့်ကို လှည့်စားချင်တယ်” ဟူသည့် စာလုံးများကို မျက်နှာပေါ်၌ ရေးထားသည့် လူများကို မည်သည့်အချိန်တုန်းကမှ မကြိုက်ခဲ့ပေ။
သူတို့နှင့် စကားပြောရန်လည်းအချိန်မရှိပါချေ။ ဤမျှ ကြိုးစားအားထုတ်မှုလောက်နှင့် မည်မျှ ငွေရှာနိုင်မည်နည်း။
သူမက ဤကဲ့သို့ လူများအတွက် အဘယ်ကြောင့် အချိန်ဖြုန်းရမည်နည်း။
ထို့ကြောင့် ကျန်းကျန်း၏ ရှန်ချင်းရန်အပေါ် နည်းလမ်းကမူ ရှောင်ဖယ်နေခြင်းပင်။ နေရာလွတ်နှင့် စွမ်းအားများရှိနေသည်ဖြစ်၍ ကျန်းကျန်းက လူတစ်ယောက်ကို မမြင်လိုသည်ဆိုလျှင် ထိုလူက သေအောင်ရှာလျှင်ပင် သူမကို ရှာမတွေ့နိုင်ပါချေ။
အချိန်ကာလ ကြာလာသည်နှင့်အမျှ ကျန်းကျန်း၏ စက်ရုံက ပိုမိို၍ ကြီးလာပြီး ဤအချိန်၌ ရှန်ချင်းရန်မှ ကျန်းကျန်း၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ရန် စီစဉ်ထားသည့် အစီအစဉ်က ကြက်ဥအကာထဲ၌သာ ရှိနေဆဲပင်။
မည်သည့်အချိန်အခါကမှ အကောင်ပေါက်ရန် အခွင့်အရေး မရရှိခဲ့ပါချေ။
*