အခန်း (၃၃၇)
Vol. 34 Ch. 337
ချန်ရွှယ်ကို ပြန်လွှတ်လိုက်ပြီးနောက် လင်းရှို့လန် သိပ်ပြီးစောင့်မနေလိုက်ရချေ။ အသက် ၄၀-၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သူမ၏လက်ကို ဆွဲကိုင်လိုက်ပြီး ပြောလာသည်။
“ချန်ရွှယ် လာတုန်းက ကျွန်မ အပြင်မှာ တန်းစီနေတာနဲ့ အမှတ်မထင် ဆုံမိခဲ့တယ်၊ အခုချိန်က နဂိုနဲ့ နှိုင်းယှဉ်လိုက်တော့ လူနှစ်ယောက်လိုပဲ၊ ဒါကြောင့် ကျွန်မရောအပေါ်ကို တက်လာပြီး ရှင့်ကို ပြင်ဆင်ခိုင်းရင် လှပလာနိုင်လောက်မလား”
လင်းရှို့လန်က ပြုံး၍ ပြောလိုက်လေ၏။
“ရှင့်ရဲ့ အသက်နဲ့ လိုက်ဖက်တဲ့ ဂါဝန်တွေလည်း ကျွန်မတို့မှာ ရှိပါတယ်၊ ဒါပေမဲ့ ဝန်ဆောင်မှုတွေကတော့ ပိုဈေးကြီးပါတယ်”
“ဈေးကြီးတာ အရေးမကြီးပါဘူး၊ ကျွန်မ ပိုက်ဆံအကုန်ယူလာတယ်၊ တကယ်တော့ ဒီည ကျွန်မရဲ့ခမည်းခမက်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ရမှာလေ၊ ခမည်းခမက်တွေက မော်ဒူကနေ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ နိုင်ငံခြားက ပြန်လာကြတာ၊
ကျွန်မရဲ့သားက ကျွန်မရဲ့ အဝတ်အစားတွေက ခေတ်မမီဘူးလို့ ပြောတယ်၊ ဒါကြောင့် ကျွန်မ ကြိုးစားရမယ်၊ မြို့တော်က လူတွေကို မျက်နှာပျက်အောင် မလုပ်နိုင်ဘူး။”
သူမက လင်းရှို့လန်၏လက်ကို ဆုပ်ကိုင်ပြီး ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။
“စိတ်ချလက်ချနှင့်သာ ကျွန်မကို ကူညီပေးပါ၊ ကျွန်မရဲ့သားက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းကက လျှပ်စစ်ပစ္စည်းတွေ ရောင်းပြီး ပိုက်ဆံအများကြီး ရှာထားတယ်”
လင်းရှို့လန်သည် သူမကို ကြောင်၍ ကြည့်နေလိုက်မိပြီး ဓာတ်လှေကားတံခါး ပိတ်သွားမှသာ အသံတိုးတိုးလေးနှင့် ပြောလိုက်သည် ။
“အစ်မကြီး၊ ကျွန်မတို့ရဲ့အပေါ်ထပ်မှာ ပြင်ဆင်မှုက တကယ်ကို ဈေးကြီးပါတယ်၊ ချန်ရွှယ်လိုမျိုးဆိုရင် ယွမ် ၁၈၀၀လောက် ကျသင့်ပါလိမ့်မယ်”
“ဒါက တကယ်ကို မသက်သာဘူးပဲ”
တစ်ဖက်မှအန်တီကြီးက တွေဝေသွားသည်။ သို့သော်လည်း ဓာတ်လှေကားတံခါးပွင့်လာသောအခါ အတွင်း၌ ပတ်ဝန်းကျင်ကို မြင်ပြီး အံကြိတ်၍ ဝင်လာခဲ့သည် ။
“အစတုန်းက ကျွန်မသားကို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်ဆိုပြီး အထင်သေးကြတယ်၊ ဒါကြောင့် အခုကစပြီး ပုံမှန်အဝတ်အစားတွေနဲ့ဆိုရင် မဖြစ်တော့ဘူး၊ ချန်ရွှယ်လိုပဲ ပြင်ဆင်ပေးပါ၊ ကျွန်မကြောင့် သားဖြစ်သူမင်္ဂလာမဆောင်ဘဲ နေလို့မဖြစ်ဘူး”
လင်းရှို့လန်က ပြုံး၍ ပြောလိုက်သည်။
“ဒါဆို ရှင်နဲ့ ကျွန်မ အဝတ်အစားတွေ အရင် ရွေးကြမယ်”
*
မျက်စိတစ်မှိတ်အတွင်း၌ပင် တစ်နှစ်ပြည့်သွားခဲ့ပေပြီ။ အထည်ချုပ်စက်ရုံမှ ဒီဇိုင်နာများစွာသညာလည်း အောင်မြင်မှုရရှိနေခဲ့ပြီ။
သူတို့ ဒီဇိုင်းထုတ်ထားသည့် အဝတ်အစားအသစ်များသည်လည်း များစွာ ရောင်းရပြီး နာမည်ကြီးဒီဇိုင်းနာများ၏ အဝတ်အစားများကိုပင် မှီနေပြီ။
အလှပြင်ဆိုင်အကြောင်း ပြောရပါက ဈေးအပေါဆုံး အလှပြင်စရိတ်က ယွမ် ၁၀ ယွမ်အထိ ကုန်ကျသော်လည်း မြို့တော်မှ လူများကို မတားဆီးနိုင်သေးပါချေ။ လင်းရှို့လန် အစက ပြောခဲ့သည်အတိုင်း ရီရန်အလှပြင်ဆိုင်သို့ သွားခြင်းက ဖက်ရှင်နှင့် ခေတ်စားနေသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။
မြို့တော်အနီးရှိသည့် ပြည်နယ်များ၊ မြို့များမှ လူငယ်များစွာလည်း ဤနေရာသို့ လာရောက်ခဲ့ကြသည်။
မြို့တော်သို့ ပျားရည်ဆမ်းခရီး လာရင်းဖြင့် ရီရန် အလှပြင်ဆိုင်၌ အလှပြင်ခြင်းက မဖြစ်မနေ လုပ်ရမည့် အရာတစ်ခု ဖြစ်လာခဲ့သည်။
အထည်ချုပ်စက်ရုံနှင့် အလှပြင်ဆိုင်များက လမ်းကြောင်းမှန်ပေါ် ရောက်ရှိသွားပြီးနောက်တွင် ကျန်းကျန်း၏စိတ်က အလုပ်များပေါ်၌သာ ရှိနေသည်။
သူမ လက်ထပ်သည်မှာ တစ်နှစ်ကျော်နေပြီကို တွေ့ရသောအခါ မဒမ်လီက သူမကို ထပ်၍ တိုက်တွန်းသည်။ ကျန်းကျန်းက ပြုံး၍ သူမကို နှစ်သိမ့်လိုက်ပြန်သည်။
“မစိုးရိမ်ပါနဲ့၊ အချိန်ကစောနေပါသေးတယ်”
မဒမ်လီက ရှီကျွင့်ကျဲနှင့် စကားပြောပြီး ကျန်းကျန်းကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခိုင်းရန် စဉ်းစားစဉ်၌ပင် ရှီကျွင့်ကျဲက ပြင်သစ်သို့ သုံးနှစ်တာ ပို့ဆောင်ခံရသည့် အလုပ်ခန့်စာတစ်ခုကို ရရှိခဲ့လေသည်။
ကျန်းကျန်းလည်း ထိုသတင်းကို ရရှိသည်နှင့် ချက်ချင်းပင် ဟွားကော် သတင်းအေဂျင်စီသို့ လျှောက်လွှာတင်ပြီး ပြင်သစ်ရုံးသို့ ပြောင်းရွှေ့ရန် ကမ်းလှမ်းလိုက်သည်။
လီမင်ကျန်း၏ လက်တွေ့အခြေအနေနှင့် သူ၏လုပ်ငန်းစွမ်းဆောင်ရည်ကို ထည့်သွင်းစဉ်းစားပြီး ပြည်ပနေထိုင်ခွင့်အတွက် ကျန်းကျန်း တင်သွင်းသည့် လျှောက်လွှာက လျင်မြန်စွာ အတည်ပြုခံခဲ့ရသည်။
မဒမ်လီသည်ကား အစပိုင်းတွင် ရှီကျွင့်ကျဲက သုံးနှစ်ခန့်ကြာအောင် နိုင်ငံခြားသွားမည်ဟု ကြားသောအခါ ဇနီးမောင်နှံနှစ်ယောက်က ဤမျှကြာအောင် ခွဲခွာနေရပါက တချို့အရာများဖြစ်လာမည်ကို မစိုးရိမ်ဘဲ မနေနိုင်ခဲ့ချေ။
သို့သော်လည်း ကျန်းကျန်း၏ လျှောက်လွှာကို အတည်ပြုပြီးနောက်တွင်မူ မဒမ်လီတစ်ယောက် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
သူမသည်ကား ကျန်းကျန်း စတင်၍ မွေးဖွားပြီးကတည်းက ကျန်းကျန်း၏ဘေးမှ မခွာခဲ့ဖူးခြင်းကြောင့် ဖြစ်ပေသည်။
ကျန်းကျန်းသည်လည်း မဒမ်လီအတွက် များစွာ စိုးရိမ်နေခဲ့သည်။ သူမက လီမင်တုန်၊ လီမင်ရှီ၊ လီမင်ပေတို့နှင့် ဆွေးနွေးခဲ့သည်။
ညီအစ်ကိုသုံးဦးက တစ်လလျှင် တစ်လှည့်စီ ခြံဝင်းထဲသို့ လာရောက်ပြီး မဒမ်လီနှင့် သူတို့၏ဖခင်၊ မိခင်တို့နှင့် အတူနေပေးကြလိမ့်မည်။
မဒမ်လီကို ကြိုတင်ပြင်ဆင်ပေးရန် လီမင်တုန် မိသားစုက အရင်ဆုံး ဤနေရာ၌ နေထိုင်လိုက်ကြသည်။
ကျန်းကျန်းက မဒမ်လီ ဝမ်းနည်းနေသည်ကို မြင်သောအခါ သူမ၏လက်ကို ဆုပ်ကိုင်ပြီး ချော့မော့ဆိုခဲ့ပြောသည် ။
“သုံးနှစ်က မကြာခင် ကုန်သွားမှာပါ။ သမီး တစ်ပတ်တစ်ခါ ဖုန်းဆက်ပေးပါ့မယ်၊ ပြင်သစ်ကနေ ပြန်လာရင် ချစ်စရာကောင်းတဲ့ မြေးမလေးကို မွေးပေးမယ်လို့ ကတိပေးပါတယ်”
ဤစကားကြားသောအခါ မဒမ်လီက သက်ပြင်းချလိုက်သည်။
“မင်းရဲ့ အစ်ကိုတွေမှာ ကလေးနှစ်ယောက် သုံးယောက်ရှိနေပြီ၊ မင်းမိသားစုက စီမံကိန်းဆွဲတာတောင် တစ်ယောက်တည်းပဲ ဖြစ်နေဦးမှာလား”
ကျန်းကျန်းက အဲကိုတင်းတင်းကြိတ်ပြီး ပြောခဲ့သည်။
“ပြန်လာရင် အမွှာလေးမွေးပေးမယ်လို့ ကတိပေးတယ်”
“တကယ်လား”
မဒမ်လီသည် သူမကို မျက်လုံးမှေး၍ ကြည့်သည်။
“ဒီကိစ္စအတွက်တော့ ငါ့ကို လိမ်လို့မရဘူးနော်”
“တကယ်ပြောတာ”
ကျန်းကျန်းက သူမ၏ရင်ဘတ်ကို ပုတ်ပြီး ကတိပေးခဲ့သည်။
“ကတိပေးပါတယ်”
ဘေးတွင်ရှိနေသည့် လူများသည်လည်း အဘွားအိုနှင့်မြေးမလေး၏ စကားပြောသံကို ကြားရသည်တွင် ရယ်မောချင်သွားခဲ့ကြပြီး လီမင်ရှီက ရယ်မော၍ ဝင်ပြောလိုက်သည်။
“အမွှာဆိုတာမျိုးက အာမခံလို့မရဘူး၊ ဒီအရာက မျိုးရိုးလိုက်တာ၊ ငါတို့ရဲ့မိသားစုမှာ အမွှာမွေးဖူးတဲ့ သာဓကမရှိဘူး၊ ရှီကျွင့်ကျဲတို့မိစားစုမှာလည်း မရှိဘူး၊ ဒီလောက်ဆိုရင် မဖြစ်နိုင်တာက လုံလောက်ပြီလို့ ထင်တယ်”
မဒမ်လီတစ်ယောက် စိတ်မပျော်မရွှင်ဖြစ်သွားရသည်။ သူမက သူမ၏ လက်ကိုင်တုတ်ကို ဆန့်ထုတ်ပြီး လီမင်ရှီကို ရိုက်လိုက်သည်။
“မင်းရဲ့ ပါးစပ်ပိတ်ထားစမ်းပါ၊ မင်း ဘာမှမသိဘူး”
လီမင်တုန်သည်လည်း လီမင်ရှီကို နောက်မှ လှမ်းကန်လိုက်ပြီး ချက်ချင်း ထပ်ပြောလိုက်သည်။
“အဘွားပြောတာမှန်တယ်၊ မင်ရှီ.. မင်းက သိပ္ပံပညာရှင် ဖြစ်နေရင်တောင် သိပ္ပံနည်းနှင့်ဆိုရင်အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို မင်း ဘာမှမသိဘူး၊
ကျန်းကျန်း၊ မင်းနဲ့ ရှီကျွင့်ကျဲ ပြင်သစ်ကနေ ပြန်လာပြီးရင် ကြိုးစားလိုက်ကြ၊ အမွှာလေး မွေးနိုင်မှာပါ”
တခြားလူများကလည်း နောက်ပြောင်ပြောဆိုကြသောကြောင့် မတိုင်ခင်က ရှိနေခဲ့သည့် ဝမ်းနည်းဖွယ် ခွဲခွာခြင်းအကွေ့အသက်များက ပျောက်ကွယ်သွားခဲ့သည်။
ကျန်းကျန်း ထွက်ခွာသွားသောအချိန်၌ပင် မဒမ်လီက ပြုံးနေဆဲပင်။ လီမင်ရှီနှင့် လီမင်ပေက မဒမ်လီ စိတ်မသက်မသာ ဖြစ်မည်ကို စိုးရိမ်သောကြောင့် အိမ်သို့ ပြန်မသွားရဲခဲ့ကြချေ။
သူတို့က မဒမ်လီနှင့် မာကျောက်ကစားပြီး သီချင်းဆိုပေးရန်အတွက် အလှည့်ကျလုပ်ဆောင်နေခဲ့ကြသည်။ မဒမ်လီက စိတ်ညှိုးငယ်နေသော်လည်း သူမ၏မြေးများက စုဝေးပြီး သူမ၏ရှေ့၌ သူမကို ပျော်ရွှင်အောင် ချော့မော့နေသည်ကို မြင်ရသောအခါ ရုတ်တရက် သူမ၏ဘဝက ပြည့်စုံသွားပြီဟု ခံစားလိုက်ရသည်။
လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ရှီကျွင့်ကျဲက ကျန်းကျန်းကို ပွဲစားကုမ္ပဏီတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး သော့သွားယူလိုက်သည်။
ပြီးနောက် ပဲရစ်၌ရှိသည့် ရှီမိသားစု၏ တိုက်တစ်ခုဆီသို့ တိုက်ရိုက်သွားလိုက်လေသည်။ရှီချန်ပေါ်ထံမှ သူ နိုင်ငံခြားသို့ထွက်ရမည်ဟု အရိပ်အမြွက် သိထားရပြီးချိန်ကတည်းက ရှီကျွင့်ကျဲက အိမ်ငှား၏ စာချုပ်သက်တမ်း ကုန်ဆုံးသောအခါတွင် ပွဲစားကုမ္ပဏီကို စာချုပ်ထပ်မချုပ်ခိုင်းဘဲ အိမ်ကို စောစီးစွာ ပြန်ယူထားခဲ့သည်။
အိမ်တံခါးကို ဖွင့်လိုက်သည့်နောက်တွင် ကျန်းကျန်းက အတွင်းပိုင်း ပရိဘောဂများကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။
အချိန်ကြာမြင့်နေပြီး အငှားချထားခြင်းကြောင့် အိမ်ထဲရှိ ဆိုဖာနှင့် ထမင်းစားပွဲက အနည်းငယ်ခေတ်နောက်ကျနေခဲ့သည်။
သို့သော်လည်း ကံကောင်းစွာဖြင့် ဤအိမ်၌ အရင်က နေခဲ့သည့် အိမ်ငှားများသည်ကား ပုံမှန်နှင့် နှိုင်းယှဉ်လျှင် အလွန်သန့်ရှင်းသည်။ အိမ်က သပ်သပ်ရပ်ရပ် ရှိပြီး မီးဖိုချောင်၌လည်း မီးခိုးအငွေ့များ တစ်စက်မျှ မကျန်ခဲ့ချေ
လူငယ်စုံတွဲသည်က အိမ်ကို ထပ်မံ၍ သန့်ရှင်းရေး လုပ်ခဲ့ကြသည်။ ကျန်းကျန်းက ရှီကျွင့် ကျဲ ရေချိုးနေသည်ကို အခွင့်အရေးယူပြီး စောင်များနှင့် ခေါင်းအုံးအဟောင်းများကို နေရာထဲသို့ အမြန်ထည့်လိုက်ပြီး အသစ်တစ်စုံကို ထုတ်၍ ခင်းလိုက်သည်။
ဆိုဖာနှင့် ထမင်းစားပွဲက အဆင်ပြေသော်လည်း တခြားလူများ၏ အိပ်ရာပေါ်၌ အိပ်ခိုင်းမည်ဆိုလျှင်တော့ ကျန်းကျန်းအနေဖြင့် သူမ၏စိတ်ထဲ၌ မကျော်လွှားနိုင်ဟု ပြောရပေမည်။
အိပ်ရာခင်းများ၊ ခေါင်းအုံးစွပ်များ ကို အသစ်တပ်လိုက်ပြီး ကျန်းကျန်းက သူမ၏အိမ်အသစ်ကို ချီးကျူးရန်ပင် ဂရုမစိုက်နိုင်ခဲ့ချေ။
လက်ရှိတွင် သူမ၏ အသိစိတ်ထဲမှ မြေပုံကို အမြန်ဆုံး အပ်ဒိတ်လုပ်လိုက်ရသည်။
ဤတစ်ကြိမ်တွင် ပြင်သစ်သို့ လာရောက်ရန် လျှောက်ထားခြင်း၏ ပထမတစ်ချက်က အလုပ်အတွေ့အကြုံ ရယူရန်ဖြစ်ပြီး နောက်တစ်ချက်က ဤနိုင်ငံတွင် အျံ့နှံ့နေပြီဖြစ်သည့် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များက ဈေးနှုန်းများ အဆမတန် မတက်မီ တတ်နိုင်သမျှ ပြန်ဝယ်ရန်သာ ဖြစ်ပေသည်။
*