အခန်း (၃၃၉)
Vol. 34 Ch. 339
အခန်းအလယ်၌ အပေါ်ယံလွှာများ ကွာကျ၍ အဖုံးအုပ်ထားသည့် စားပွဲတစ်ခုရှိနေပြီး ထိုစားပွဲပေါ်၌ သွေးရောင်နီးပါး ရဲတောက်နေသည့် ချန်လုံဧကရာဇ်၏ ကျောက်စိမ်းတံဆိပ်ကြီး ရှိနေသည်။
ကျန်းကျန်းက ဖားလော့ခ်ကို ပြန်လှည့်ကြည့်လိုက်လျှင် ဖားလော့ခ်က မည်သည်ကိုမျှ ဂရုမစိုက်ဘဲ မှန်အဖုံးကို ဖွင့်လိုက်လေသည်။
“မင်း ကြည့်ချင်ရင် ကြည့်လေ”
ကျန်းကျန်းကျောက်စိမ်းတံဆိပ်ကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး အပေါ်၌ ထွင်းထားသည့် နဂါးပုံစံနှင့် အောက်ခြေမှ “ချန်လုံ၏ နန်းတော်မှ ဘဏ္ဍာ” ဟူသည့် စာလုံးများကို သေချာကြည့်သည်။
“ဒါက မင်းတို့နိုင်ငံရဲ့ အရင်တုန်းက ဘုရင်တွေ သုံးစွဲခဲ့တဲ့တံဆိပ်လား”
ဖားလော့ခ်က ရုတ်တရက် မေးလာသည်။
“ဒါကို ဝယ်ဖို့ဆိုတာက နည်းတဲ့ပိုက်ဆံလောက်နဲ့ ရမှာ မဟုတ်ဘူး”
ကျန်းကျန်း မည်သည်ကိုမှ မပြောဘဲ ကျောက်စိမ်းတံဆိပ်ကို မူလနေရာ၌ ပြန်ထားလိုက်ကာ ဘေးဘက်တွင်ရှိနေသော စားပွဲတစ်လုံးဆီသို့ ဆက်သွားလိုက်သည်။
ထိုစားပွဲအပေါ်၌ စာအုပ်ပေါင်း ၂၀ ကျော် ရှိနေခဲ့သည်။ ကျန်းကျန်းက တစ်အုပ်ကို ဂရုတစိုက် ကောက်ယူလိုက်ပြီး အပေါ်ဘက်တွင် ရေးထိုးထားသော နာမည်ကို မြင်သော် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ရသည်။
“ယုံရွှယ် အင်စိုက်ကလိုပီးဒီးယား”
ကျန်းကျန်းက စားပွဲပေါ်မှ စာအုပ်များကို အမြန်ရေတွက်လိုက်သော် စုစုပေါင်း ၂၃ အုပ် ရှိနေခဲ့သည်။
သူမ ယုံရွှယ် အင်စိုက်ကလိုပီးဒီးယား စာအုပ်ကို မူလနေရာသို့ ဂရုတစိုက် ပြန်ထားလိုက်သည်။
ထိုနောက်စင်ပေါ်မှ ပြသထားသည့် ပစ္စည်းများသည်က ပို၍ပင် တန်ဖိုးကြီးသည်ကိုတွေ့လိုက်ရသညာ။
ထိုအရာများက နတ်ဘုရားအရိုးစာ ၁၀ ခုပင်။ ကျန်းကျန်း လက်ကို ဆန့်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်သည်။
ဤသည်က အလွန်အမင်း တန်ဖိုးကြီးလွန်း၍ သူမလက်၏အလေးချိန်ကြောင့် နတ်ဘုရားအရိုးစာများ ပျက်စီးသွားမည်ကို စိုးရိမ်ခြင်းကြောင့်ပင်။
“မင်း ဒီပစ္စည်းတွေကို တော်တော်လေး နှစ်သက်ပုံရတယ်”
ဖားလော့ခ်၏ လေသံက အနည်းငယ်လှောင်ပြောင်သလို ဖြစ်နေခဲ့သည်။
“ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တာဆိုတော့ ပြန်ဝယ်သင့်တာပေါ့ ၊ ဟုတ်တယ်မလား”
ကျန်းကျန်း မည်သည်စကားကိုမှ မပြောသေးဘဲ အခန်းထဲမှ ပစ္စည်းအားလုံးကို ဂရုတစိုက် ကြည့်ရှုလိုက်လေသည်။
ရှန်နှင့် ကျိုးခေတ် ၏ကြေးထည်များ၊ “ယုံရွှယ် အင်စိုက်ကလိုပီးဒီးယား” စာအုပ်များထဲမှ ၂၃ အုပ်၊ နတ်ဘုရားအရိုးပြား ၁၀ ခုအပြင် ပို၍ အရေးပါသည့် ပစ္စည်းများက ပန်းချီကားနှင့် လက်ရေးမူ ၂၅ ခု၊ ကြွေထည် ၈ ခု၊ ယွန်းထည် ၅ ခု၊ ကျောက်စိမ်း ၃၀ ခုနှင့် နောက်ဆုံး အကွက်ကြီးထဲ၌ ဗုဒ္ဓရုပ်ပွားတော်၏ ခေါင်းတစ်လုံးပင် ရှိနေသည်။
ကျန်းကျန်း၏ မျက်နှာက အနည်းငယ်ညိုမှိုင်းသွားခဲ့ကာ ရင်ထဲ၌လည်း မအီမသာ ဖြစ်နေခဲ့ရသည်။
ပြင်သစ်မှ သေးငယ်သည့်စုဆောင်းသူလေးတစ်ဦး၌ပင် တရုတ်ယဉ်ကျေးမှု အမွေအနှစ်များက ဤမျှ များစွာ ရှိနေသည်ဆိုလျှင် တခြားပြတိုက်ကြီးများနှင့် စုဆောင်းသူကြီးများဆီ၌ လုယက်ထားသည့် ရတနာများ မည်မျှလောက်အထိ များပြားလိုက်မည်နည်း။
ကျန်းကျန်း ရှည်လျားစွာ သက်ပြင်းချလိုက်ပြီး မျက်လုံးများကို ခဏမျှ မှိတ်ထားလိုက်သည်။ သူမ၏ စိတ်ခံစားမှုများ တည်ငြိမ်သွားသည်အထိ စောင့်ပြီးမှသာ မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်လေသည်။
“ဈေးနှုန်းပြောပါ”
“ငါ့အတွက် ပိုက်ဆံမလိုဘူး၊ ဒီပစ္စည်းတွေက ငါ့အတွက် တန်ဖိုးဖြတ်လို့ မရဘူး”
ဖားလော့ခ်က ပြုံးလိုက်ပြီး မင်ချန်ဟွား ခေတ်အတွင်းမှ ကြာပန်းနှင့် ကြာစေ့ပုံစံပန်းအိုးလေးကို ကောက်ယူကာ အပေါ်မှ ပုံစံကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။
“ဒါဆို ရှင် ဘာလိုချင်တာလဲ”
ကျန်းကျန်း၏ မျက်နှာက မူလအတိုင်းရှိနေဆဲပင်။ သို့သော်လည်း သူမ၏ လေသံက အနည်းငယ်ပို၍ အေးစက်သွားခဲ့သည်။
ဖားလော့ခ်က အပြာနှင့်အဖြူရောင် ပန်းအိုးကို ချလိုက်ပြီး ကျန်းကျန်းနှင့်အတူ အခန်းထဲမှ ထွက်ကာ ဧည့်ခန်းသို့ ပြန်သွားသည်။
“တကယ်တော့ ငါက ပိုက်ဆံကို ဂရုမစိုက်ဘူး၊ ငါ့ရဲ့ ကလေးလည်း သေပြီ၊ ငါ့ရဲ့ဇနီးလည်း သေပြီ၊ ပိုက်ဆံဆိုတာက ငါ့အတွက်တော့ အိမ်သာသုံးစက္ကူလောက်တောင် တန်ဖိုးမရှိဘူး”
ကျန်းကျန်း၏ မျက်နှာက အရောင်ပြောင်းသွားခဲ့သည်။ ပစ္စည်းများကိုသတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် တိုက်ရိုက်ဝယ်ယူခြင်းကသာ အလွယ်ဆုံးဖြစ်ပေသည်။ အဆိုးဆုံးသည်ကား ဤသို့သော ပုံမှန်အတိုင်း မလုပ်ဆောင်သည့် သူများပင် ဖြစ်လေ၏။
ဖားလော့ခ်က ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ နွေးထွေးသည့် နေရောင်ခြည်က သူ၏မျက်နှာပေါ်သို့ ကျရောက်လာခဲ့ကာ သူ့ကို ပို၍ပင် မခန့်မှန်းနိုင်အောင် ဖြစ်စေသည်။
“တကယ်တော့ ဒီရတနာတွေကို ငါ့ရဲ့အဘိုးက မင်းတို့ရဲ့နိုင်ငံကနေ ခိုးယူလာခဲ့တာ”
ဖားလော့ခ် နောက်သို့ ပြန်လှည့်လာခဲ့ပြီး ပြတင်းပေါက်ဘောင်ကို မှီကာ လှောင်ရယ်သံတစ်သံ ပြုလုပ်လိုက်သည်။
“ဒီလိုရာဇဝတ်မှုမျိုးကို ဘုရားသခင်က အပြစ်ပေးချင်တာ ဖြစ်နိုင်တယ်၊ ငါ့ရဲ့အဘိုးမှာ ရတနာတွေ အများကြီး ရှိပေမယ့် တရုတ်ပြည်ကနေ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ခဲ့ရတယ်
ဆယ်စုနှစ်ပေါင်းများစွာ ရောဂါနဲ့ ရုန်းကန်ခဲ့ရပြီး တစ်သက်လုံး ဆင်းရဲဒုက္ခခံခဲ့ရတယ်၊ ငါ့ရဲ့အဖေလည်း ဒီလိုပဲ၊ အခု ငါ့ရဲ့မျိုးဆက်မှာတော့ ပြင်းထန်တဲ့ ရောဂါမရှိပေမယ့် ငါ့ရဲ့ကလေးက ငါအသက် လေးဆယ်မှာ သေဆုံးခဲ့ရပြီး ငါ့ရဲ့ဇနီးက အသက်ငါးဆယ်မှာ ဆုံးရှုံးခဲ့ရတယ်၊
တစ်ယောက်တည်း အသက်ရှင်နေရတာ ဘာအသုံးဝင်တော့မလဲ၊ ပျော်ပျော်ရွှင်ရွှင် သေတာက ပိုကောင်းတယ်၊
ငါတို့ မိသားစုက မင်းတို့နိုင်ငံကနေ ကျိန်စာသင့်ခံရတာ မဟုတ်ဘူးလား”
ကျန်းကျန်း သူ၏ရှေ့မှ လက်ဖက်ရည်ခွက်ကို ကြည့်၍ မည်သည်စကားကိုမှ မပြောပေ။
သမိုင်းအတွက် ရှက်စရာကောင်းသည့် အဖြစ်အပျက်က တရုတ်လူမျိုးတိုင်း၏ မုန်းတီးခြင်းကိုခံရလိမ့်မည်။ သူမသည်ကား အတိတ်ကို မပြောင်းလဲနိုင်ပေ။
သူမအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ် တချို့ကို ပြန်ယူလာရန် တတ်နိုင်သမျှ ကြိုးစားရုံသာ လုပ်ဆောင်နိုင်ပေသည်။
ဖားလော့ခ်က ကျန်းကျန်း၏ အဖြေကို မလိုအပ်ပါချေ။ သူသည် အရက်တစ်ခွက်ကိုသောက်လိုက်ပြီး ရုတ်တရက် သူ၏ဇနီးအကြောင်း ပြန်ပြောသည်။
“ဒါက ငါ့ရဲ့နာမည်ကနေ ကံဆိုးခြင်းတွေကို ယူဆောင်လာတာပဲ ဖြစ်ရမယ်၊ ငါ သိခဲ့တယ်၊ ငါ ဒီမိသားစုကို ထားခဲ့ပြီး သူမနဲ့အတူ တခြားနိုင်ငံကို သွားသင့်ခဲ့တာ”
ဖားလော့ခ်က ဝိုင်နီ တစ်ခွက်ပြီး တစ်ခွက်သောက်ရင်း သူ၏ဇနီးနှင့် စတင်တွေ့ဆုံခဲ့ပုံအကြောင်း ပြော၍ နှစ်ဦးကြားမှ ချစ်ခြင်းမေတ္တာအကြောင်း ဟိုရောက်သည်ရောက် ပြောဆိုနေသည်။
“ပြတင်းပေါက်ဘောင်ပေါ်က ပန်းအိုးကို မြင်လား”
ဖားလော့ခ်က ရုတ်တရက် မေးလိုက်သည်။
ကျန်းကျန်း၏ မျက်လုံးများက ပြတင်းပေါက်ဘောင်ပေါ်မှ အပင်သေများ ပြည့်နေသည့် ပန်းအိုးပေါ်သို့ ကျရောက်သွားသည်။
ဤသည်ကို ပန်းဟုပင် မခေါ်ဆိုနိုင်တော့ပေ။ အသက်ရှင်နေသည့် အမြစ်အနည်းငယ်မှလွဲ၍ တခြားအစိတ်အပိုင်းများက လုံးဝ သေဆုံးနေပေပြီ။
“ဒါက ငါ့ရဲ့ဇနီး နောက်ဆုံးပေးခဲ့တဲ့ လက်ဆောင်ပဲ၊ ဒါပေမယ့် ငါ သူ့ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး”
ဖားလော့ခ်၏ မျက်နှာပေါ်တွင် မျက်ရည်တစ်စက် စီးကျလာသည်။
“မင်းသာ သူ့ကို ပြန်အသက်သွင်းပြီး ပန်းတွေပြန်ပွင့်အောင် လုပ်နိုင်မယ်ဆိုရင် ငါစုဆောင်းထားတဲ့ ဟွားကော် ပစ္စည်းအားလုံးကို မင်းကို အခမဲ့ လှူဒါန်းပါ့မယ်”
ကျန်းကျန်း ချက်ချင်း ရယ်မောလိုက်မိသည်။ သူမ စိတ်ထဲမှ အတွေးကိုလည်း ပြန်လည်းရုပ်သိမ်းလိုက်သည်။
ငွေကြေးမတောင်းသည့် စုဆောင်းသူများသည်က အခြေအနေများ ဖန်တီးပေးရန် အလွန်လွယ်ကူသည်ပင်။
ကျန်းကျန်း၏ ယုံကြည်မှုရှိသည့် အပြုံးကို မြင်သော် ဖားလော့ခ်က သူမကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“အသုံးမဝင်တဲ့ အကြံတွေ မသုံးနဲ့၊ ဒီမတိုင်ခင်က ဂျပန်လူမျိုးတစ်ယောက် ရောက်လာဖူးတယ်၊ သူ ငါ့ရဲ့ပန်းတွေကို ပြန်ယူသွားပြီး အပင်အသစ်တွေနဲ့ လဲလှယ်ဖို့ ကြိုးစားခဲ့တယ်၊
ငါက အဲဒီလောက် အသုံးမကျဘူးလို့ သူထင်နေတာလား၊ မင်းကို ပြောလိုက်မယ်၊ မင်းနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို လိုချင်ရင် ဒီနေမှာပဲ ကုသရမယ်၊ ဒီပန်းတွေ ပြန်အသက်ဝင်လာတာကို ငါ ကိုယ်တိုင် မြင်ချင်တယ်”
ကျန်းကျန်း၏ စွမ်းရည်အရဆိုလျှင် တစ်စက္ကန့်အတွင်း၌ အရွက်များထွက်၍ ပွင့်လာအောင် လုပ်ဆောင်နိုင်သော်လည်း အပြင်၌မူ သူမ၏ စွမ်းရည်ကို ထိန်းချုပ်ထားရမည် ဖြစ်သည်။
အလွန်အမင်း ချဲ့ကာားလုပ်၍ မရပေ။ ကျန်းကျန်းက သူမ၏အိတ်ထဲမှ ပလပ်စတစ်ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။
“ကံကောင်းစွာနဲ့ပဲ ကျွန်မက အပင်တွေနဲ့ ပတ်သက်ပြီး နည်းနည်းလေ့လာထားတယ်၊ ဒါက ကျွန်မ အထူးတလည် ပြင်ဆင်ထားတဲ့ အာဟာရဖြည့်ဆေးရည်ပါ၊ အစတုန်းကတော့ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကို ပေးဖို့ စီစဉ်ထားတာ၊ ဒီမှာ အသုံးဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ကျန်းကျန်းက ပုလင်းသေးသေးလေးကို ယူ၍ ပန်းအိုးဆီသို့ လျှောက်သွားသည်။ ဖားလော့ခ်သည်လည်း မစောင့်နိုင်တော့ဘဲ နောက်ကနေ လိုက်သွားခဲ့လေသည်။
ပုလင်းဖုံးကို ဖွင့်ပြီးနောက် ကျန်းကျန်းက ရုတ်တရက် ခေါင်းလှည့်၍ ပြောသည်။
“ရှင့်အနေနဲ့ ဒီပန်းအိုးကို ကျွန်မဆီမှာ ကယ်တင်ခိုင်းဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ဘာကိုမှ ဝင်မစွက်ဖက်နဲ့။ မဟုတ်ရင် ကယ်တင်ခံရတာက ..”
“ငါ သိပါတယ်”
ဖားလော့ခ်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပလာကာ ကျန်းကျန်းကို ဆက်တိုက် တိုက်တွန်းနေသည်။
“လာစမ်းပါ၊ မင်းရဲ့ အာဟာရရည်က အာနိသင်ရှိလားဆိုတာ ကြည့်ရအောင်”
တကယ်တမ်း ဤသည်က သာမန်ရေသန့်ဘူးတစ်ဘူးပင် ဖြစ်သည်။ ကျန်းကျန်းအနေဖြင့်အပြင်သို့ထွက်သည့်အချိန်တွင် ရေငတ်ပြေရန် သောက်သည့် ရေသန့်ဘူးပင်။
သို့သော်လည်း ကျန်းကျန်း၏ လက်ထဲ၌မူ ရေသန့်ဘူးမှ ရှင်သန်ခြင်းဆေးရေဖြစ်လာဖို့ဆိုသည်မှာ ဆိုဖွယ်ရာကိစ္စ မဟုတ်ပေ။
ရေဘုံဘိုင်၏ရေပင် အလုပ်ဖြစ်သည်ပင်။ ကျန်းကျန်းက ပုလင်းဖုံးကို ဖွင့်လိုက်ပြီး ရေကို ဖြည်းဖြည်းချင်း လောင်းထည့်လိုက်သည်။
ထို့နောက် စိုစွတ်နေသည့် မြေကြီးကို လက်ချောင်းများဖြင့် ညင်သာစွာ ဖိလိုက်သည်။ အနည်းငယ်လောက်သော စွမ်းအားက မြေကြီးတလျှောက် အသက်ရှင်ကျန်ရစ်နေသည့် အမြစ်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့လေသည်။
ကျန်းကျန်း ထိုအမြစ်များမှ မြေကြီးထဲမှ ရေကို စုပ်ယူရန် ထိန်းချုပ်လိုက်သည်။ ပုလင်းထဲမှ ရေတစ်ဘူးလုံးကို လောင်းထည့်လိုက်ပြီးသည့်နောက်တွင် စွမ်းအားက အမြစ်အားလုံးကို ကယ်တင်ပြီးသား ဖြစ်နေပြီ။
သို့သော်လည်း ဤအရာအားလုံးက မြေကြီးထဲ၌ ဖြစ်ပျက်နေသည်ဖြစ်၍ မျက်စိဖြင့် မည်သည်က မှ ပြောင်းလဲမှု မမြင်ရပေ။
ဖားလော့ခ်က စိတ်ရှည်စွာ ဘေး၌ရပ်၍ အချိန်အကြာကြီး စောင့်ကြည့်နေသည်။
“အာဟာရရည်” တစ်ပုလင်းလုံး လောင်းထည့်လိုက်ပြီး အိုး၏အောက်ခြေ၌ အရည်များ များစွာ မကျန်တော့သည်ကို တွေ့ရသည်။
ဤသည်က အမြစ်များက အာဟာရဓာတ်များ များစွာ စုပ်ယူသည်ဟု ဆိုလိုသည်။ ဤသို့သော အရာမျိုးက အရင်က မည်သည့်အခါကမှ မဖြစ်ဖူးပေ။
ဤနှစ်ထဲ၌ ဤပန်းအိုးကို ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် လူများ များစွာ ရောက်ရှိလာခဲ့သော်လည်း ထိုလူများ မည်သို့သော နည်းလမ်းများပင် သုံးသုံး၊ လောင်းထည့်လိုက်သည့် ရေအများစုက မြန်မြန်ဆန်ဆန် စီးထွက်သွားကာ အနည်းငယ်သော အချိန်လေးသာ ထိန်းထားနိုင်သည်။