← Chapters

အခန်း (၃၄၀)

Vol. 34 Ch. 340

အခန်း (၃၄၀)

Vol. 34 Ch. 340

ပန်းပင်ငယ်လေး၏ ပြန်လည်အသက်ဝင်လာမှုနှင့်အတူ

ဖားလော့ခ်တစ်ယောက် သက်ပြင်းချလိုက်မိပြီး ကျန်းကျန်းကို ကြည့်သော အကြည့်များက ပို၍ ကြင်နာနွေးထွေးလာခဲ့လေ၏။

“မင်းရဲ့ အာဟာရဓါတ်ဆေးရည်က တကယ်ကြီးကို အစွမ်းထက်တာပဲ၊ ဒါပေမဲ့ ဒီဆေးရည်က ငါ့ပန်းပင်ကို အချိန် ဘယ်လောက်ကြာမှ ကယ်တင်ပေးနိုင်လောက်မလဲ”

ဖားလော့ခ်သည်ကား ပဲရစ်နှင့် အတော်အတန် ဝေးသောနေရာ၌ နေထိုင်ပြီး ကားမောင်းလျှင် သုံးနာရီ ကြာမြင့်သည်။ ကျန်းကျန်း သူမ၏ အချိန်များကို တွက်ကြည့်ရာ တစ်ပတ်လျှင် တစ်ကြိမ် လာနိုင်ခြင်းကသာ အများဆုံး ဖြစ်ပေသည်။

ထို့ကြောင့် သူမ ပြောလိုက်သည်။

“ကျွန်မ တစ်ပတ်တစ်ခါ ဒီကို လာခဲ့မယ်၊ တစ်လဆိုရင် ဒီသစ်ကိုင်းခြောက်က အသက်ပြန်ဝင်လာလိမ့်မယ်၊ သုံးလဆိုရင် အညွန့်သစ်တွေ ထွက်လာမယ်။ လေးလဆိုရင် ပန်းပွင့်ဖတ်လေးတွေ ပေါ်လာမယ်”

“လေးလကြာမယ်!”

ဖားလော့ခ်က အနည်းငယ် စိတ်မကောင်း ဖြစ်သွားပုံရသော်လည်း ခဏအကြာ၌ ခေါင်းငြိမ့်ကာ

ပြောသည်။

“လေးလကြာရင်လည်း လေးလပေါ့၊ ဘာပဲဖြစ်ဖြစ် တစ်နှစ်ရဲ့ သုံးပုံတစ်ပုံလောက်ပါပဲ၊ မင်းက ငါ့အချစ်ဆုံးပန်းတွေကို သေချာပေါက် ကယ်တင်နိုင်တယ်လို့ ပြောခဲ့တာပဲ ၊ မင်းပြောတဲ့အတိုင်းသာ လုပ်နိုင်ရင် ငါ့ဆီမှာရှိတဲ့ တရုတ်စုဆောင်းမှုတွေ အကုန်လုံးကို မင်းကို ပေးမယ်”

“တခြားနိုင်ငံက စုဆောင်းမှုတွေကိုရော ရှင် ဘယ်လိုများ လဲလှယ်ဖို့ စီစဉ်ထားလဲ”

ကျန်းကျန်းက မျက်တောင်တဖျပ်ဖျပ်ခတ်၍ ပရိယာယ်ဆန်စွာ မေးလိုက်သည်။

ဖားလော့ခ်က ပြုံး၍ ပြောလာလေ၏။

“ကောင်မလေး၊ မင်းက နည်းနည်းတော့ ကောက်ကျစ်တာပဲ၊ အဲဒါတွေက မင်းနိုင်ငံက မဟုတ်ဘူးလေ”

“ကျွန်မ သိပါတယ်”

ကျန်းကျန်းက ခပ်တည်တည်ပင် ပြန်ဖြေသည်။

“ဒါပေမဲ့ ကျွန်မတို့နိုင်ငံမှာလည်း နိုင်ငံတွင်း စုဆောင်းမှုတွေ လုပ်တတ်တဲ့သူတွေ အများကြီးရှိတယ်၊ အဲဒီစုဆောင်းမှုတွေကို သူတို့နဲ့ လဲလှယ်လို့ရတယ်”

“မင်းက တော်တော်လေး ဉာဏ်ကောင်းတာပဲ”

ဖားလော့ခ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အကုန်ထုတ်ပေးရမှာဆိုတော့ မင်းသာ လိုချင်ရင် စိန်ခေါ်ကြည့်ပေါ့”

ဖားလော့ခ်က ကျန်းကျန်းကို အနီးအနားရှိ ပျက်စီးနေသော အိမ်ကြီးတစ်လုံးဆီ ခေါ်သွားပြီး ပြောလာလေ၏။

“ဒါက ငါ့ဘိုးဘွားတွေရဲ့ အမွေအနှစ်ပဲ၊ ငါ့ရဲ်ဇနီးနဲ့ စတင်တွေ့ဆုံတုန်းကလည်း ဒီနေရာကို အလည်ခေါ်လာခဲ့တယ်၊ အဲဒီတုန်းက တစ်ယောက်နဲ့တစ်ယောက် ပြောချင်တာတွေကို ရေးပြီး တစ်ယောက်ကိုတစ်ယောက် ရှာတွေ့ဖို့အတွက် တစ်နေရာရာမှာ ဝှက်ထားခဲ့ကြတယ်

ဒါပေမဲ့ အဲဒီအချိန်တုန်းက ကစားပွဲကို မပြီးမသတ်ရသေးခင် မမျှော်လင့်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ငါတို့ ထွက်ခွာခဲ့ရတယ်၊ ငါ့ရဲ့ဇနီးရေးထားတဲ့ စာကိုလည်း ငါ မရှာတွေ့ခဲ့တော့ဘူး

ငါ့ရဲ့ ဇနီးဆုံးပြီးကတည်းက ဒီအဖြစ်အပျက်ကို ရုတ်တရက် သတိရလာမိတယ်၊ ဒါပေမဲ့ အကြိမ်ကြိမ် ဝင်ရှာခဲ့ပေမဲ့လည်း စာကို မတွေ့ခဲ့ဘူး

မင်းသာ ငါ့အတွက် အဲဒီစာကို ရှာပေးနိုင်မယ်ဆိုရင် တခြားနိုင်ငံရဲ့ စုဆောင်းမှုတွေကို ပေးမယ်”

ကျန်းကျန်းက အိမ်ကြီး၏ ထောင့်တိုင်းအား သူမ၏ စိတ်ဖြင့် လှည့်ပတ်ကြည့်ရှုရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“တခြား ဘာတွေ လိုချင်သေးလဲ”

“နောက်ပြီးတော့လား၊ ငါ ငါ့ဇနီးရဲ့ ဂူရှေ့မှာ သူမ အကြိုက်ဆုံး နှင်းဆီပန်းတွေကို စိုက်ပျိုးချင်တယ်

ဒါပေမဲ့ နှစ်ပေါင်းများစွာ ဂရုတစိုက် စိုက်ပျိုးခဲ့ပေမဲ့လည်း ငါ လိုချင်တဲ့ နှင်းဆီကို မစိုက်နိုင်ခဲ့ဘူး၊ မင်းသာ ငါ့ရါ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရင် တခြားကျန်တဲ့ နိုင်ငံတွေရဲ့ စုဆောင်းမှုကို ပေးမယ်”

ကျန်းကျန်းက ခေါင်းငြိမ့်လိုက်သည်။ ပထမနှစ်ခုနှင့် ယှဉ်လျှင် ဤကိစ္စက သူ၏အတွက် သိပ်မခက်ခဲပါခေေ။ ဤနေရာ၌ မြေကြီးမရှိဘဲ ကျောက်တုံးအလွတ် ဖြစ်နေလျှင်ပင် သူမက ပန်းများ ပွင့်လာအောင် လုပ်ပေးနိုင်ပေသည်။

“တခြား ဘာများ ရှိသေးလဲ”

ကျန်းကျန်းက မေးလိုက်သည်။

“နောက်ဆုံးတစ်ခုက...”

ဖားလော့ခ်က ကျန်းကျန်းအား အလေးအနက်ထား၍ ကြည့်ရင်း ပြောလာလေ၏။

“မင်းသိတဲ့အတိုင်းပဲ၊ ငါ့မှာ ဆွေမျိုးမိတ်ဆွေဆိုတာ မရှိဘူး၊ ငါနေတဲ့နေရာကို မင်းမြင်ရင် အိမ်နီးနားချင်းတောင် မရှိဘူးဆိုတာ သိလိမ့်မယ်၊ ရိုးရိုးသားသားပြောရရင် ငါက ကင်ဆာရောဂါသည်ပါ

ဆရာဝန်က ငါ့ကို ခြောက်လပဲ အသက်ရှင်နိုင်မယ်လို့ ပြောတယ်၊ တကယ်တော့ ငါ့အတွက် သေခြင်းတရားက ကြောက်စရာမကောင်းဘူး

ငါစိုးရိမ်တာက သူမရဲသဘေးမှာ မြေမြှုပ်ခွင့်မရမှာပဲ၊ ဒါကြောင့် ငါ့ရဲ့ နောက်ဆုံးဆန္ဒက ငါသေတဲ့အခါ ငါနဲ့ ငါ့ဇနီးကို ဂူတစ်ခုတည်းမှာ မြှုပ်နှံပေးပါ”

ကျန်းကျန်း၏ နှာခေါင်းဝက စူးရှနာကျင်လာခဲ့ရကာ ပြန်ပြောလိုက်မိသည်။

“ရှင် သူ့ကို တကယ်ချစ်တာပဲ”

“ဟုတ်တယ်”

ဖားလော့ခ်က ပြုံး၍ပြောလာသည်။

“ငါ သူမကို အရမ်းချစ်တာ၊ ပြီးတော့ မမေ့နဲ့နော်၊ ငါ့ရဲ့ ခရမ်းရောင် မြေအိုးတွေကို ငါတို့ ဂူတွေထဲမှာ ထည့်ထားပေးပါလို့၊ လီလီက အဲဒီပစ္စည်းတွေကို ကြိုက်တယ်”

ကျန်းကျန်းက သူမ၏ မျက်ဝန်းမှ မျက်ရည်စများအား ညင်သာစွာ သုတ်လိုက်ပြီး ပြုံးလိုက်မိသည်။

“အခု အဲဒီစာကို ကျွန်မနဲ့အတူ လိုက်ရှာလို့ အဆင်ပြေမလား၊ ဘယ်နေရာမှာ ရှိနေတာလဲဆိုတာကို ကျွန်မ ခန့်မှန်းမိပြီထင်တယ်”

ဖားလော့ခ်က ကျန်းကျန်းနောက်မှ လိုက်ပါလာပြီး ပျက်စီးနေသော အိမ်ကြီးဆီသို့ သွားကာ တံခါးကိုဖွင့်လိုက်သည်။

ဖားလော့ခ်က သူ၏ အတိတ်တို့ကို ပို၍ လွမ်းဆွတ်နေပုံရသည်။

“ငါ့ရဲ့ အဘိုး ဒီမှာနေခဲ့တာလေ၊ ငါ ငယ်ငယ်တုန်းက သူ့ကို ခဏခဏ လာစောင့်ပေးခဲ့တယ်၊ ဒါပေမဲ့ ငါ့အဖေက အဘိုး ဆုံးပြီးကတည်းက ဒီမှာ မနေချင်တော့ဘူး၊အိမ်က အရမ်းဟောင်းနေပြီလို့ ထင်ခဲ့တယ်”

သူက သူ၏လက်အား ညင်သာစွာ ဝှေ့ညမ်းလိုက်လေ၏။

သူတို့နှစ်ယောက် လမ်းလျှောက်ရင်း ထွက်ပေါ်လာသော ဖုန်မှုန့်များက မြေပြင်ပေါ်သို့ ပြန်လည်ကျဆင်းသွားသည်။

ပြုပြင်ထိန်းသိမ်းမှု မရှိခြင်းကြောင့် ဤနေရာရှိ လျှပ်စစ်ပတ်လမ်းများ အားလုံး ပျက်စီးနေခဲ့သည်။

ပြတင်းပေါက်အကျိုးများမှ နေရောင်ခြည် အနည်းငယ် ဝင်ရောက်ခြင်းမှလွဲ၍ ကျန်ရှိသည်များ အားလုံး ဖားလော့ခ်၏ လက်ထဲမှ ဓာတ်မီး၏ အလင်းရောင်လေးသာ လင်းနေခဲ့သည်။

ကျန်းကျန်းက သူ့အား စကားမရှည်တော့ဘဲ ဓာတ်ပုံတစ်ခု၏အောက်၌ တန်း၍ ရပ်တန့်လိုက်သည်။

ဖားလော့ခ်က အပေါ်မှ ဓာတ်ပုံကို ကြည့်ပြီး မျက်နှာပေါ်၌ အမှတ်တရများ ပေါ်လာခဲ့ပြန်သည်။

“ဒါက ငါငယ်ငယ်တုန်းက ငါအဘိုး နှင့်အတူရိုက်ထားတဲ့ ဓာတ်ပုံပဲ”

ကျန်းကျန်းက ခြေဖျားထောက်၍ ပုံတူပန်းချီကို ချွတ်လိုက်လေ၏။ ထို့နောက့တွင် ဝါကျင့်ကျင့်အရောင်ပြောင်းနေပြီဖြစ်သော စာရွက်လိပ်လေးတစ်ခု ပြုတ်ကျလာခဲ့သည်။

ဖားလော့ခ်က သူ၏ ခြေထောက်နားသို့ လွင့်ကျလာသော စာရွက်လိပ်ကို ကြည့်ပြီး မျက်ရည်များ စီးကျလာတော့သည်။

သူ့အတွက် မည်သည့်စိုးရိမ်စရာမျှ မကျန်ရှိတော့သကဲ့သို့ပင်။ သူ နှစ်ပေါင်းများစွာ ရှာဖွေနေသော စာက ပန်းချီကားနောက်၌ ဝှက်ထားခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။

“တကယ်တော့ ငါ ခန့်မှန်းခဲ့သင့်တာပဲ”

ဖားလော့ခ်က စာလိပ်ကို ကောက်ယူပြီး ပြုံးလိုက်လေသည်။

“ဒီအိမ်ထဲမှာ ဒါက ငါ ပိုင်တဲ့ ၊ ငါနဲ့ပတ်သက်တဲ့ တစ်ခုတည်းသော ဓာတ်ပုံပဲလေ”

ကျန်းကျန်းက လက်လှမ်း၍ ဓာတ်မီးယူပေးလိုက်ကာ ဖားလော့ခ်အား စာရွက်ပေါ်ရှိ စာများအား ဖတ်ရှုနိုင်ရန် ကူညီပေးလိုက်သည်။

ဖားလော့ခ်၏ မျက်လုံးများက မျက်ရည်များ ပြည့်နေပြီး စာရွက်ပေါ်၌ မည်သည့်အကြောင်းအရာများကို ရေးထားသည်ကို ကြည့်ရန် အချိန်တော်တော်ကြာခဲ့သည်။

စာထဲတွင် မည်သည့်အရာများ ရေးထားသည်ကို မသိသော်လည်း စာဖတ်ပြီးသောအခါတွင် ဖားလော့ခ်၏ အလွန်အမင်း စိတ်မကောင်းဖြစ်နေမှုများမှာ သက်သာသွားပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးများက ပို၍ ထင်ရှားလာခဲ့သည်။

သူက စာရွက်ကို ဂရုတစိုက် ခေါက်၍ ရတနာတစ်ခုသဖွယ် သူ၏ ရင်ဘတ်အိတ်ထဲ၌ ထည့်လိုက်သည်။

“ရှင့်ရဲ့ ဒုတိယဆန္ဒက နှင်းဆီပန်းတွေတွေ စိုက်ဖို့အတွက်မလား”

ကျန်းကျန်းက အုပ်ဂူဆီ ရောက်ရှိလာပြီးနောက်တွင် သေးငယ်၍ အားနည်းဖျော့တော့နေသော နှင်းဆီပင်များအား ကြည့်ကာ သူမ၏ အိတ်ထဲမှ ရေသန့်ဘူး တစ်ဘူးကို ထပ်မံထုတ်လိုက်သည်။

ဖားလော့ခ်၏ အိမ်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့ ဆွေးနွေးပြီး နိုင်ငံခြားမှ ရရှိသော ယဉ်ကျေးမှု အမွေအနှစ်များ အားလုံးကို နိုင်ငံတော်သို့ လှူဒါန်းရန် ဆုံးဖြတ်လိုက်သည်။

၎င်းတို့သည်ကား နိုင်ငံတော်၏အတွက် ပြန်လည်ရရှိရန် အတော်ပင် ခက်ခဲသည့် အရာများဖြစ်ပေသည်မဟုတ်ပါလား။

နောက်တစ်ပတ်၌ ကျန်းကျန်းက သဘောတူထားသည့်အတိုင်း ဖားလော့ခ်အိမ်သို့ ထပ်မံ ရောက်ရှိလာသည်။ ပြတင်းပေါက်ဘောင်ပေါ်ရှိ အကိုင်းခြောက်အိုးသည်ကား သဘာဝလွန်စွမ်းအားများဖြင့် တစ်ပတ်တာ အာဟာရဖြည့်တင်းပေးထားခြင်းကြောင့် သေးငယ်သော အညွန့်များ အနည်းငယ်အား မှိန်မှိန်လေး မြင်လာခဲ့ရသည်။

ကျန်းကျန်းက ရေသန့်ဘူးတစ်ဘူးကို ထပ်မံ လောင်းပေးလိုက်ပြီး နှင်းဆီပန်းများ၏အတွက်လည်း မြေဆွပေးရန် အပြင်သို့ထွက်လာသည်။

ဖားလော့ခ်က လီလီ၏ဂူရှေ့၌ ထိုင်၍ ခပ်တိုးတိုးလေး ပြောနေခဲ်သည်။

“လီလီ၊ မင်း ကြည့်ပါဦး၊ မင်း ကြိုက်တဲ့ နှင်းဆီပန်းပင်တွေက အရင်ကထက် အများကြီး ပိုပြီး သန်မာလာပြီ”

ငါးလအကြာ၌ ဖားလော့ခ် ကွယ်လွန်သွားခဲ့ပြီး သူ၏ပိုင်ဆိုင်မှုနှင့် စုဆောင်းမှုများ အားလုံးကို တရုတ်နိုင်ငံသူဖွစ်သည့် လီမင်ကျန်းကို အခမဲ့ ပေးမည်ဟု မှာတမ်းချန်ထားခဲ့လေသည်။

သူက ဤအချိန်ကာလအတွင်း၌ သူ့အား ဂရုစိုက်ပေးသည့်အတွက်လည်း ကျန်းကျန်းကို ကျေးဇူးတင်စကား ပြောထားခဲ့သည်။

ဖားလော့ခ်၏ နောက်ဆုံးဆန္ဒအတိုင်း ကျန်းကျန်းက သူ့အား လီလီနှင့်အတူ မြှုပ်နှံပေးခဲ့လေ၏။ ပြီးနောက် သူတို့၏ ဂူကျောက်တိုင်များဘေး၌ ဖားလော့ခ်၏ အိမ်ထဲမှ အသက်ပြန်ဝင်လာပြီး လှပသောပန်းများ ပွင့်နေသော အပင်ငယ်ကို ရွှေ့ပြောင်းစိုက်ပျိုးပေးလိုက်သည်။

ရင်ထဲ၌ စုဆောင်းမိနေသော လေနွေးများအား ညင်သာစွာ ရှူထုတ်လိုက်ပြီးနောက်တွင် ကျန်းကျန်းက ဂူကျောက်တိုင်အား လေးလေးစားစား ဦးညွှတ်လိုက်သည်။

ဖားလော့ခ်၏အိမ်သို့ ပြန်ရောက်သောအခါတွင် ကျန်းကျန်းက သော့များဖြင့် ရတနာခန်းများ တစ်ခန်းပြီးတစ်ခန်း ဖွင့်လိုက်သည်။

သူမအနေဖြင့် တန်ဖိုးရှိသော ရှေးဟောင်းအမွေအနှစ်များနှင်း ရတနာပစ္စည်းများ ရရှိခဲ့သော်လည်း ဖားလော့ခ်၏ သေဆုံးမှုကြောင့် ကျန်းကျန်း၏ ရင်ထဲ၌မူ အနည်းငယ် ဆို့နင့်စွာ ခံစားနေရဆဲပင်။

ဖားလော့ခ်အိမ်၌ တစ်နေကုန် တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ကျန်းကျန်း၏ စိတ်ခံစားချက်က အနည်းငယ် ပြန်လည်သက်သာလာခဲ့သည်။

သူမက ဟွာကော်နိုင်ငံအတွင်းရှိ စုဆောင်းမှုများအား ပြင်သစ်နိုင်ငံ၌ရှိသော တရုတ်သံရုံးသို့ ပေးအပ်ခဲ့ပြီး ဤယဉ်ကျေးမှု အမွေအနှစ်များအား တရုတ်နိုင်ငံသို့ ပြန်ပို့ရန်နှင့် နိုင်ငံတော်သို့ အခမဲ့လှူဒါန်းရန် သံရုံးအား အကူအညီတောင်းခဲ့သည်။

ဤယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ရောက်ရှိလာခြင်းသည် အတော်လေးကို ဂယက်ရိုက်ခဲ့လေသည်။

*

All Chapters