← Chapters

အခန်း (၃၄၁)

Vol. 35 Ch. 341

အခန်း (၃၄၁)

Vol. 35 Ch. 341

ကျန်းကျန်း လှူဒါန်းခဲ့သော ပစ္စည်းများထဲတွင် ဗုဒ္ဓရုပ်ပွားတော်ဦးခေါင်းများ၊ ကျောက်စိမ်းတံဆိပ်တော်များ၊ အရိုးစာတန်းများ၊ “ယုံ့ချင့် မဟာအခမ်းအနား” စသည့် တန်ဖိုးကြီးမားလှသော ပစ္စည်းများ ပါဝင်သည်။

ဗုဒ္ဓ အစိတ်အပိုင်းအချို့နှင့် အနောက်ပိုင်းကျိုးခေတ် ကြေးထည်များသည်များမှာ အားလုံးက အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ကြပြီး အထူးသဖြင့် အော်ရာကယ်အရိုးစာတန်းများနှင့် “ယုံ့ချင့် မဟာအခမ်းအနား” က သုတေသနတန်ဖိုး အမြင့်ဆုံး ဖြစ်ခဲ့သည်။

နိုင်ငံတော်၏ ရတနာများက တခြားနိုင်ငံအထိ ပါသွားပြီးမှ နိုင်ငံဆီသို့ ပြန်ရောက်လာခြင်းသည်က နိုင်ငံလုံးဆိုင်ရာ ပျော်ရွှင်စရာ ကိစ္စဖြစ်ပြီး သဘာဝကျစွာဖြင့် ဟွားကော်သတင်းစာ၌ ဖော်ပြခြင်းကို ခံခဲ့ရလေ၏။

ယွီရှို့ကျင်းမှာ သတင်းကိုတွေ့မြင်ပြီးသောအခါ အနည်းငယ် တွေဝေနေခဲ့ပြီး အတော်ကြာ စဉ်းစားပြီးမှ နိုင်ငံတကာ သတင်းဌာန၏ ဒါရိုက်တာ ကျန်းမင်ရွှမ်၏ ရုံးခန်းသို့ သွားရောက်လိုက်သည်။

“လီမင်ကျန်းကို မင်းရဲ့ဌာနဆီကို လွှဲပေးလိုက်တာက ငါအတွက် အတော်လေး ဆုံးရှုံးနစ်နာသွားရတယ်ထင်တယ်”

“နိုင်ငံပိုင် ပစ္စည်းတွေကို ဆုံးရှုံးတာက မင်းအတွက်ပိုပြီး ဆုံးရှုံးတာမဟုတ်ဘူးလား၊ သူမသာ ပြင်သစ်ကို မသွားရင် ဒီလောက်များတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဘယ်လိုများ ပြန်ရနိုင်မှာတဲ့လဲ”

ကျန်းမင်ရွှမ်က ယွီရှို့ကျင်း၏ မျက်နှာအမူအရာကို ကြည့်ရင်း ပျော်ရွှင်နေခဲ့သည်။

“မင်း လီမင်ကျန်းလို တန်ဖိုးကြီးတဲ့ သတင်းထောက်ကို ဘယ်မှာရှာနိုင်မလဲ၊ သူမက သတင်းကောင်းရေးနေရင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီး ပြန်ရလာတယ်၊ ဒီကလေးမလေးက တကယ်ကို အံ့မခန်းပဲ”

ထိုအချိန်တွင် လီမင်ကျန်းကတော့ သူမ၏ခေါင်းဆောင်နှစ်ဦးမှ သူမအား အမျိုးမျိုး ချီးကျူးနေသည်ကို မသိခဲ့ပါချေ။

ထိုအချိန်၌ သူမက အသိစိတ်အား ညှိယူပြီး တခြားစုဆောင်းသူတစ်ဦးအား သွားရောက်တွေ့ဆုံရန် ပြင်ဆင်နေခဲ့လေ၏။ သို့သော် မသွားရသေးခင်မှာပင် တခြားနိုင်ငံအသီးသီးမှ စုဆောင်းသူအချို့က တံခါးလာခေါက်ကြသည်။

ဧည့်ခန်းထဲ၌ ထိုင်နေသော နိုင်ငံအသီးသီးမှ ဧည့်သည်များအား မြင်သောအခါ ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။

“ရှင်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျွန်မဆီကနေ ပြန်ဝယ်နိုင်တယ်၊ ဒါပေမဲ့ ကျွန်မမှာ တစ်ခုတည်းသော အခြေအနေရှိတယ်၊ အဲဒါက ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ လဲလှယ်ရမယ်”

သူတို့ထဲမှ တစ်ဦးဖြစ်သော ဆံပင်နက်၍ အသားဝါသော ပုဂ္ဂိုလ်အား ကြည့်ပြီး ကျန်းကျန်းက သူမ၏လေသံကို ပို၍ လေးလေးနက်နက်ထားလိုက်သည်။

“စုဆောင်းမှု ဘာသာရပ်နဲ့ပတ်သက်ပြီးတော့လည်း ကျွန်မမှာ သုတေသနဆိုင်ရာတွေ အချက်အလက်တွေလည်း အများကြီးရှိတယ်၊ အမှတ်တံဆိပ်ကြီးတွေကို မေးမြန်းဖို့ မရှက်ပါနဲ့”

တစ်လခွဲအကြာ၌မူ ကျန်းကျန်းက ဖားလော့ခ်၏ စုဆောင်းမှုများအား ကမ္ဘာတစ်ဝန်းရှိ စုဆောင်းသူများဖြင့် လဲလှယ်ပြီးစီးခဲ့သည်။ ကျန်းကျန်းက ရှီကျွင့်ကျဲကို ဖုန်းဆက်၍ ပြောလိုက်လေ၏။

“ကျွန်မ ရတနာတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီးလဲလှယ်ခဲ့တယ်၊ ကျေးဇူးပြုပြီး သံရုံးကနေ ဒါတွေကို တရုတ်နိုင်ငံကို ပြန်ပို့ပေးပါ”

ရှီကျွင်းကျဲက ဖုန်းထဲမှ ညင်သာစွာ ပြုံး၍ ပြောလာခဲ့သည်။

“ မင်းက ဒီယဉ်ကျေးမှုအမွေအနှစ်အားလုံးကို ဟွားကော်နိုင်ငံအတွင်းကို လှူဒါန်းဖို့ လုပ်ချင်နေတာလား”

ကျန်းကျန်း၏ မျက်လုံးကြီးများက အပြုံးရိပ်ကြောင့် လခြမ်းလေးကဲ့သို့ ပြောင်းလဲသွားကာ အင်မတန်ချစ်စရာကောင်းနေခဲ့သည်။

“သေချာပေါက်ပဲပေါ့”

သူမ ယဉ်ကျေးမှု အမွေအနှစ်များ၏ နောက်တစ်သုတ်ကို တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့သည်။

ပထမအကြိမ်ကဲ့သို့ နိုင်ငံတော်ရတနာများ များစွာ မရှိခဲ့သော်လည်း ဤတစ်သုတ်၏ အရေအတွက်က နိုင်ငံကို တုန်လှုပ်စေရန် လုံလောက်ခဲ့သည်။

ပထမအကြိမ်ကဲ့သို့ပင် ယဉ်ကျေးမှု အမွေအနှစ်များအား ဟွားကော်ပြတိုက်နှင့် တော်ဝင်နန်းတော်ပြတိုက်သို့ တိုက်ရိုက်ပို့ခဲ့ပြီး ကျွမ်းကျင်သူအဖွဲ့က ယဉ်ကျေးမှု အမွေအနှစ်များအား တစ်ခုပြီးတစ်ခု စစ်ဆေးခဲ့ကြပြီး အရာအားလုံးက အအစစ်မှန်ဖြစ်နေသည်ကို တွေ့ရှိခဲ့လေသည်။

“ဒီသတင်းထောက်လီက တကယ်ကို အံ့သြစရာပဲ၊ သူမက မျိုးချစ်စိတ်ဓာတ် အပြည့်ရှိနေရုံသာမကဘူး၊ အရေးအကြီးဆုံးက ယဉ်ကျေးမှုအမွေအနှစ်တွေကို တကယ်ပြီး ရှာဖွေတွေ့မြင်နိုင်တာပဲ

ယဉ်ကျေးမှုအမွေအနှစ်တွေ ပို့ပေးလာတဲ့ နှစ်သုတ်လုံးက တန်ဖိုးရှိတဲ့ ပစ္စည်းတွေဖြစ်ရုံသာမက တချို့က ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေမှာရှိတဲ့ ကွက်လပ်တွေကို ဖြည့်ပေးတယ်

သူမက ပြည်တွင်းယဉ်ကျေးမှုအမွေအနှစ် ဗဟုသုတကို ပြည့်ပြည့်ဝဝ နားလည်ထားပုံရတယ်”

လက်အိတ်အဖြူဝတ်ဆင်ထားသော ရှေးဟောင်းပရိဘောဂ ကျွမ်းကျင်သူတစ်ဦးက ပျော်ရွှင်စွာ ပြောလိုက်လေသည်။

ရှုမုန်ကွမ်းက သူ၏စကားကို ကြားသည်နှင့် ချက်ချင်းပင် ဂုဏ်ယူစွာ ခေါင်းထောင်ကာ ပြောလိုက်သည်။

“သူမကို ဘယ်သူက သင်ပေးတာလဲဆိုတာ မင်းမသိဘူးလား၊ ဒီလီမင်ကျန်းဆိုတာက ငါကိုယ်တိုင်သင်ပြပေးထားတဲ့ တပည့်ပဲ”

“တကယ်ကြီးလား ၊ တကယ်ကြီး ခင်ဗျားရဲ့တပည့်အဖြစ် လက်ခံထားတာလား”

ကျွမ်းကျင်သူအဖွဲ့ဝင်များ အားလုံးက ရှုမုန်ကွမ်းအား ကြည့်လိုက်ကြပြီး တစ်ဖက်လူက ဂုဏ်ယူစွာ ခေါင်းထောင်နေသည်ကို တွေ့သောအခါ တချို့က ပြောလာကြသည်။

“ဒီလီမင်ကျန်းက တော်ဝင်တက္ကသိုလ်က ဘွဲ့ရတာမဟုတ်ဘူးလား၊ နောက်ပြီး သူမက သမိုင်းဌာနက မဟုတ်ဘူးလေ၊ မင်းရဲ့ကျောင်းသူလို့ ဘယ်လိုသတ်မှတ်လို့ရမှာလဲ”

ရှုမုန်ကွမ်းက အတော်လေး ဂုဏ်ယူစွာ ပြောလိုက်သည်။

“ဒီကလေးနဲ့ ကျွန်တော် နည်းနည်း ပတ်သက်မှုရှိတယ်၊ ရေရှည်ခင်မင်မှုလို့ပြောရမှာပေါ့၊ ကျွန်တော်က သူ့ကို ယဉ်ကျေးမှုအမွေအနှစ်ဗဟုသုတတွေ သင်ပေးခဲ့တယ်

မင်းတို့တွေထဲက တချို့လူတွေက စနေ၊ တနင်္ဂနွေမှာ ဘာလို့ ငါ့ကို ရှာမတွေ့တာလဲလို့ မေးခဲ့ဖူးတယ်မလား၊

အဲဒါက ငါ လီမင်ကျန်းရဲ့အိမ်ကို ယဉ်ကျေးမှုအမွေအနှစ်တွေ ကြည့်ဖို့သွားတာလေ၊

ဒီကလေးက တရုတ်နိုင်ငံမှာတုန်းက ကောင်းတဲ့ပစ္စည်းတွေ အများကြီးရခဲ့တယ်၊ သူမရဲ့လက်ထဲမှာ ကွမ်းစုန့် မီးဖိုသုံးလုံးတောင် ရှိတယ်၊ အရောင်မတူတဲ့ဟာတွေပေါ့”

“ဝိုး!”

ကျွမ်းကျင်သူများ အားလုံး၏ မျက်လုံးများ လင်းလက်လာပြီး ရှုမုန်ကွမ်းနှင့် အသက်တူခန့်ရှိသော အဘိုးကြီးတစ်ဦးက မနာလိုစွာဖြင့် ပြောလာ၏။

“ဒီကလေးမလေးက ရုပ်လည်းချောတယ်၊ ကံလည်းကောင်းတယ်၊ ငါ့ဘဝတစ်လျှောက်လုံး ရှေးဟောင်းပစ္စည်းတွေ စုဆောင်းခဲ့ပေမဲ့ ကွမ်းစုန့် မီးဖိုတစ်လုံးတောင် မရခဲ့ဘူး”

သူကလည်း ရှုမုန်ကွမ်းဖြင့် ဆက်ဆံရေး တည်ဆောက်ရန် အမြန်လှုပ်ရှားလိုက်သည်။

“ရှုမုန်၊ လီမင်ကျန်း တရုတ်ပြည်ပြန်ရောက်ရင် ကျွန်တော်တို့ ကိုယ်စား သူ့ကို ပြတိုက်ကို ဖိတ်ပေးပါဦး

ပြီးရင် သူ့အိမ်ကိုလည်း သွားထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ဗဟုသုတတွေ ဖလှယ်ကြတာပေါ့”

ရှုမုန်ကွမ်းက ပြုံး၍ ပြောလိုက်လေ၏။

“သူမက ဒီလိုမျိုး ပစ္စည်းချင်းဖလှယ်ရတာကို တကယ်ကြိုက်တာပဲ၊ ဒါပေမဲ့ သူမက ဒီတစ်ခါ နိုင်ငံခြားမှာ သုံးနှစ်တောင် ကြာအောင်နေရမှာ၊ အခုမှ တစ်နှစ်ခွဲပဲရှိသေးတယ်၊ နှစ်နှစ်ကျော်လောက်ကြာမှပဲ ပြောကြတာပေါ့”

“လီမင်ကျန်းက ပြင်သစ်ကို သွားတာ တစ်နှစ်ခွဲပဲ ရှိနေသေးတာလား၊ ခင်ဗျား ရက်စွဲကို မှန်မှန်ကန်ကန်ရော မှတ်ထားတာလား”

မုန်ရှန်လင်းဟုခေါ်သော ပို၍အသက်ငယ်သည့် ကျွမ်းကျင်သူတစ်ဦးက မေးလိုက်သည်။

ရှုမုန်ကွမ်းက မည်သည်စကားကိုမျှ မပြောဘဲ ခေါင်းငြိမ့်နေသည်ကို မြင်သောအခါ မုန်ရှန်လင်း၏ မျက်နှာပေါ်မှ လေးစားမှုများ ပိုမို များပြားလာသည်။

“သူမက ဒီလိုမျိုး အဖိုးတန်တဲ့ပစ္စည်းတွေအများကြီးကို ရှာဖွေစုဆောင်းတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နှစ်ခွဲအတွင်း အပြီးသတ်ခဲ့တာလား၊

ပြီးတော့ ဒီလောက်များတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေက နိုင်ငံအတွင်းကို ပြန်ရောက်လာတယ်၊ သူမသာ သုံးနှစ်ကြာအောင်နေခဲ့ပြီးရင် လီမင်ကျန်း ပြန်ယူလာတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေက ဒီအခန်းကို ပြည့်နေလောက်တော့မှာပဲ”

ဤသည်က ယခုမှ ဖွင့်ထားသော ဂိုဒေါင်အသစ်ပင်။ တခြားသူများသည်လညား အခန်းလွတ်အား ကြည့်ပြီး တစ်ညီတညွတ်တည်း ခေါင်းခါရမ်းလိုက်ကြသည်။

“ဒီအခန်းကို ပြည့်အောင်ဆိုရင် ယဉ်ကျေးမှုအမွေအနှစ် အနည်းဆုံး ၁၀၀၀၀ လောက်ရှိရမယ်၊ လီမင်ကျန်းက ဒီရာချီလောက်ကို ပြန်ရတာကတောင် တော်တော်ခက်ခဲနေလောက်ပြီ”

ထိုအချိန်က ဟွားကော်သတင်းစာဌာနမှ ယွီရှို့ကျင်းသည်ကား သတင်းရေးသားခြင်း၌ နစ်မြောနေခဲ့သည်။

တန်ဖိုးရှိသော ယဉ်ကျေးမှု အမွေအနှစ်များ အမြောက်အများ ပြန်လည်ရောက်ရှိလာသောသတင်းက မနက်ဖြန် သတင်းစာ၏ မျက်နှာဖုံး၌ ပါဝင်ရန် လုံလောက်ခဲ့သည်။

အကြောင်းအရာအား စစ်ဆေးပြီးနောက် ယွီရှို့ကျင်းက အတော်လေး ကျေနပ်နေခဲ့လေသည်။

“ဒီလီမင်ကျန်းက တကယ်တော်လွန်းတာပဲ၊ သူ့ကို ပြင်သစ်ကို သတင်းရေးခိုင်းတာ၊ ရလဒ်ကတော့ သူကိုယ်တိုင် မျက်နှာဖုံးသတင်း ဖြစ်သွားတယ်”

ယဉ်ကျေးမှု အမွေအနှစ်နှစ်သုတ် ပြန်လည်ရောက်ရှိပြီးနောက် ပြင်သစ်နိုင်ငံမှ စုဆောင်းသူအချို့သည်လည်း လီမင်ကျန်း အမည်အား ထင်ထင်ရှားရှား သိရှိသွားကြသည်။

အဘယ်ကြောင့်ဆိုသော် တရုတ်သတင်းစာများသာမက ပြင်သစ်မီဒီယာများကပါ အာရုံစိုက်လာခြင်းကြောင့် ဖြစ်လေသည်။

သူတို့က ကျန်းကျန်းအား ဆက်သွယ်၍ ကုန်သွယ်မှုပြုရန် ကြိုးစားခဲ့ကြသည်။

ကျန်းကျန်းက ဖားလော့ခ်၏ စပျစ်ခြံကိုလည်း အမွေဆက်ခံခဲ့သည်။

ပေါင်းမြက်များဖြင့် ပြည့်နေပြီး စပျစ်သီးများသည် မချိုလွန်းသော်လည်း ဧရိယာ ၁၀ ဟက်တာခန်း ကျယ်ဝန်းသည်။

စပျစ်သီးများအား ကောင်းမွန်စွာ အသုံးချပါက ငွေကြေးများစွာ ရရှိနိုင်ပါသည်။

ကျန်းကျန်းသည်က အပင်များအား အမြဲထိန်းချုပ်နိုင်သူ ဖြစ်ပြီး ကံကောင်းစွာဖြင့် ဖားလော့ခ်သည်လည်း တစ်ဦးတည်း နေထိုင်သူ ဖြစ်သည်။

ဇနီးသည် ကွယ်လွန်ပြီးနောက် တစ်ဦးတည်း နေထိုင်သောကြောင့် ပြင်ပလူများဖြင့် အဆက်အသွယ် မရှိသလောက် ဖြစ်ပြီး ဝိုင်မထုတ်သော ဤအိမ်ကြီးအား မည်သူမျှ ဂရုမစိုက်ကြတော့ပေ။

ကျန်းကျန်းက ဤနေရာရှိ ပေါင်းမြက်များအား တစ်ရက်တည်းဖြင့် ဖယ်ရှားခဲ့သည်။ စပျစ်သီးများသည်က အမျိုးအစား တူညီဆဲ ဖြစ်သော်လည်း ကျန်းကျန်း၏ စွမ်းရည်ပြောင်းလဲမှုအောက်၌ ပိုမိုချိုလာသည်။

စွန့်ပစ်ထားသော ရဲတိုက်ထဲတွင်မူ နာမည်ကြီး ပန်းချီကားများ တချို့ တွေ့ရှိပြီးနောက် ကျန်းကျန်းသည် ယာယီအားဖြင့် ပြန်လည်ပြင်ဆင်ခြင်းကို မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

နောင်၌ သူမ၏ ရှေးဟောင်းပစ္စည်းများစွာသည် ဤရာစုနှစ်ချီကြာသော အိမ်အား အသုံးပြု၍ ကမ္ဘာကြီးရှေ့၌ ပေါ်ထွက်လာရမည်ပင်။

ကျန်းကျန်းက ပြင်သစ်သမိုင်းနှင့် ရှေးဟောင်းပစ္စည်းများအကြောင်းအား သိပ်မသိသော်လည်း သူမ၏ ထူးခြားသောစွမ်းရည်ကြောင့် နှစ်စဉ်နှစ်တိုင်း၏ အနှစ်အား ခံစားသိရှိနိုင်ခြင်းသည် ကျန်းကျန်း၏အတွက် လုံလောက်စွာ အရေးကြီးသည်။

ပြင်သစ်၌ စွန့်ပစ်ထားသော ရဲတိုက်ပေါင်း ၃၀,၀၀၀ ကျော် ရှိပြီး များစွာသော ရဲတိုက်များသည်က စွန့်ပစ်ထားခြင်း ခံရသည်။

အတိတ်က ရတနာများ ဝှက်ထားတတ်သော အလေ့အကျင့်ကြောင့် ဤစွန့်ပစ်ထားသော ရဲတိုက်များသည်လည်း ကျန်းကျန်း၏အတွက် ရတနာရှာဖွေရာ နေရာများ ဖြစ်လာသည်။

ရှေးဟောင်းရဲတိုက်များက စွန့်ပစ်ထားသော်လည်း ပိုင်ရှင်ရှိနေသေးသည်။ ကျန်းကျန်းက ရှေးဟောင်းရဲတိုက်များ၌ လက်ရေးမူများ၊ ပန်းချီကားများ သို့မဟုတ် ရှေးဟောင်းပစ္စည်းများအား တွေ့ရှိတိုင်း တန်ဖိုးဖြတ်ပြီးမှ ထိုရှေးဟောင်းရဲတိုက်အား ဝယ်ယူရန် အရှေ့သို့ ထွက်လေ့ရှိသည်။

ဤရှေးဟောင်းရဲတိုက်များ၏ ဈေးနှုန်းက မများသော်လည်း အများအပြား ဝယ်ယူရန်အတွက်မူ တန်ဖိုး အလွန်များပြားနေသေးသောကြောင့် ကျန်းကျန်း တရုတ်နိုင်ငံမှ ယူလာသော ငွေကြေးက မလုံလောက်တော့ပေ။

*

All Chapters