အခန်း (၃၄၆)
Vol. 35 Ch. 346
ကျန်းကျန်းက မဒမ်လီအား လက်လှမ်းဖက်၍
ပြောခဲ့သည်။
“အဖွား၊ သမီး အဖွားကို အရမ်းလွမ်းတာပဲ၊ အမြဲတမ်း အဖွားအကြောင်းကို အိမ်မက်တွေ မက်နေတာ”
မဒမ်လီက ကျန်းကျန်းအား ပြုံး၍ ပွတ်သပ်ပေးကာ ပြောလာသည်။
“အဖွားက မင်းပြန်လာမဲ့အချိန်ထိ စောင့်နေမယ်လို့ မင်းကို ပြောသားပဲ၊ စိတ်မပူနဲ့”
ဆိုသော်လည်း သူမ၏မျက်နှာ၌ အပြုံးများရှိနေခဲ့ကာ ကျန်းကျန်း၏လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
ဝမ်စုဖန်းနှင့် လီမူဝူလည်း အနားသို့ရောက်လာကြပြီး သမီးဖြစ်သူ၏မျက်နှာပေါ်မှ အပြုံးကို ကြည့်ကာ ပြုံးရယ်နေခဲ့ကြသည်။ ကျန်းကျန်းက ဝမ်စုဖန်းနှင့် လီမူဝူတို့အား လက်လှမ်းဖက်လိုက်လျှင် လီမူဝူ၏မျက်နှာနီရဲသွားကာ ပြောလာသည်။
“ဒီလောက်ကြီးနေတဲ့ မိန်းကလေးက အဖေကို ကလေးဆန်ဆန် ဆိုးနွဲ့နေသေးတယ်၊ သူများတွေ ရယ်စရာဖြစ်လိမ့်မယ်”
ထိုသို့ ပြောသော်လည်း မဖုံးကွယ်နိုင်သော ဂုဏ်ယူသည့်အမူအရာက သူ၏ရင်ထဲမှ ခံစားချက်ကို အကုန်ဖော်ပြနေသည်။ ကျန်းကျန်းက ပြုံးလိုက် အဖေဖြစ်သူ့အား ထပ်ဖက်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။
“သမီး အဖေ့ကို အရမ်းလွမ်းနေတာ”
လီမူဝူလည်း ပျော်လွန်း၍ ပါးစပ်ပင် မစိနိုင်တော့ဘဲ ပြောလာသည်။
“ကောင်းပြီ စကားပြောနေရင် ကြာတယ်၊ အဖေ မင်းကို ညစာလိုက်ကျွေးမယ်၊ စားသောက်ဆိုင်ကိုသွားရအောင်”
ဘေးတွင်ရှိနေသော ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့ကလည်း ရှီကျွင်းကျဲအား မေးခွန်းများမေးရင်း စကားစမြည်ပြောနေခဲ့ကြသည်။
နှစ်ဖက်စလုံး စကားပြောပြီးသည့်တောက်တွင် ကျန်းကျန်းက သူတို့၏အနားသို့သွားကာ ခေါ်လိုက်လေသည်။
“အဖေ၊ အမေ”
လင်းရှို့လန်က ပြုံး၍ ကျန်းကျန်း၏လက်ကိုဆွဲကိုင်ကာ အနီးကပ်ကြည့်လိုက်ရင်း ပြောလာခဲ့သည်။
“ငါတို့ရဲ့ ကျန်းကျန်းလေးက ပိုလှလာလိုက်တာ”
ရှီချန်ပေါ်က ရှီကျွင့်ကျဲနှင့် လီမိသားစုတို့ နှုတ်ဆက်ပြီးစီးသည်ကို မြင်သည်တွင် လူများကို ကားပေါ်တက်ရန် အလျင်အမြန် လှမ်းခေါ်လိုက်သည်။
“အခု စားသောက်ဆိုင်မှာ ကြိုတင်မှာထားတယ်၊ အရင်ဆုံး နေ့လည်စာစားပြီးမှ အိမ်ပြန်ပြီး ကလေးနှစ်ယောက်ကို ကောင်းကောင်းအနားယူခိုင်းရအောင်”
လီမူဝူက မကျေမနပ်မျက်နှာဖြင့် တိုးဝင်လာခဲ့လေ၏။
“ငါက ငါ့သမီးကို နေ့လည်စာကျွေးမယ်လို့ ပြောထားတာ၊ မင်းက ဖြတ်လုပြန်ပြီ”
ရှီကျွင့်ကျဲတစ်ယောက် ဤနှစ်နှစာတာအတွင်း အိမ်၌ မရှိခဲ့သည်ဖြစ်၍ ထိုကာလအတွင်း ရှီချန်ပေါ် အကြိုက်ဆုံးမှာ လီမူဝူနှင့် မကြာခဏ စကားငြင်းခုံခြင်းပင်။
ရှီချန်ပေါ်က လီမူဝူ၏ “ဖြတ်လုတယ်”ဟု ပြောလာသည်ကို ကြားချိန်တွင် ချက်ချင်းပြန်လှည့်၍ မေးလိုက်သည်။
“မင်းက စားသောက်ဆိုင်ကို ကြိုတင်မှာထားပြီးပြီမို့လို့လား”
လီမူဝူက ချက်ချင်း ကြောင်သွား၍ပြန်မေးသည်။
“ဒီအတိုင်းပဲ သွားလို့ရတယ် မဟုတ်ဘူးလား”
ရှီချန်ပေါ်က ဂုဏ်ကျက်သရေရှိစွာ မျက်လုံးလှန်ကြည့်လိုက်၍ ပြောလာပြန်သည်။
“ဒီနေ့က တနင်္ဂနွေနေ့ပဲ၊ လေဆိပ်ကနေ မြို့ထဲကို ၁၂ နာရီကျော်မှ ပြန်ရောက်မယ်၊ အဲဒီအချိန်ကျရင် ဟိုတယ်ကြီးတွေမှာ နေရာမရှိတော့တာ ဖြစ်နိုင်တယ်”
ရှီချန်ပေါ်က ဂုဏ်ယူစွာ ကြွားလုံးထုတ်လိုက်သည်။
“ငါ အခန်းကြီးတစ်ခု ကြိုတင်မှာထားတယ်၊ ငါတို့ နှစ်မိသားစုလုံးကို ဖိတ်ထားတယ်၊ သွားစားလိုက်ရုံပဲ”
လီမူဝူက လည်ပင်းကို မတ်မတ်ထားလိုက်ကာ မကျေမနပ်ဖြင့် ပြောလာခဲ့သည်။
“ဒါဆိုလည်း ငါပဲ ပိုက်ဆံရှင်းလိုက်မယ်၊ ငါ့သမီးအတွက် ဧည့်ခံပွဲလုပ်ပေးရမယ်”
ရှီချန်ပေါ်က ရယ်မောရင်း ခေါင်းခါကာ အလျှော့ပေးခဲ့သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ နေ့လယ်စာအတွက် မင်းပဲ ရှင်းပေးလိုက်ပါ၊ ငါ ကြိုပြောထားမယ်နော်၊ မင်းပိုက်ဆံကုန်သွားတဲ့အချိန်ကျရင် ငါ့ဆီကို လာပြီး မငိုနဲ့”
လီမူဝူက နောက်ဆုံးစကားကို မကြားချင်ယောင်ဆောင်လိုက်ပြီး ဝမ်းသာအားရစွာ ကျန်းကျန်းဘေးသို့ ပြေးသွားခဲ့ကာ အလွန်ပင် ဂုဏ်ယူစွာဖြင့် ပြောခဲ့သည်။
“ကျန်းကျန်း၊ ဒီနေ့ နေ့လယ်စာကို အဖေ ပိုက်ဆံရှင်းပေးမယ်နော်”
ကျန်းကျန်းလည်း အဖေနှစ်ယောက်ကြားမှ စကားဝိုင်းကိုကြားလိုက်ရသည်ဖြစ်၍ ရယ်မောကာ ပြောလိုက်မိသည်။
“ကောင်းပါပြီ”
ကျန်းကျန်းက သူမ၏လက်များကို လီမူဝူ၏ လက်မောင်း၌ ရစ်ပတ်လိုက်၍ ဆက်ပြောခဲ့သည်။
“ဒါဆို သမီး ဟင်းကောင်းကောင်းလေးတွေ မှာပြီးစားရမယ်”
“ဘာကြိုက်စားလဲ၊ အဖေ ဒီနေ့ ပိုက်ဆံအများကြီး ယူလာခဲ့တယ်”
ကျန်းကျန်း၏ သေးငယ်သည့် မျက်နှာလေးအား ကြည့်၍ လီမူဝူ အလွန်စိတ်မသက်မသာ ဖြစ်သွားကာ ဆက်ပြောလိုက်သည်။
“နိုင်ငံခြားမှာ အစားအသောက်တွေ မကောင်းဘူးလား၊ မင်းယောက္ခမက ပြောတယ်၊ အပြင်ဘက်နိုင်ငံတွေမှာ ဝက်နံရိုးပေါင်းတွေ၊ ဝက်သားဆီပြန်ဟင်းတွေ မရှိဘူးတဲ့၊ အခု ဘာဖြစ်သွားပြီလဲ၊ ငါ့သမီးလေးကို ကြည့်ပါဦး၊ ပိန်ပြီး အရိုးတွေတောင်ပေါ်နေပြီ”
ကျန်းကျန်းက သူမ၏ မျက်နှာကို လက်ဖြင့်တို့ထိကာ ရယ်ရခက်၊ ငိုရခက်နှင့် ပြောခဲ့သည်။
“အဖေ၊ မျက်နှာကြီးက ကိတ်မုန့်လိုဝိုင်းနေမယ်ဆိုရင် မလှတော့ဘူးလေ”
“လှပါတယ်၊ ငါ့ရဲ့သမီးလေးက ဘယ်လိုပုံစံပဲဖြစ်ဖြစ် ချောတယ်”
လီမူဝူက ကားတံခါးကို ဖွင့်၍ ကျန်းကျန်းအား ကားထဲဝင်ခိုင်းလိုက်သည်။ မဒမ်လီကလည်း ချက်ချင်းပင် ကျန်းကျန်းနောက်မှ ကပ်ဝင်လာပြီး ဝမ်စုဖန်းကမူ ပညာရှိစွာဖြင့် အခြားတစ်ဖက်မှ တံခါးကိုဖွင့်ကာ လီမူဝူအား မော်ကြွားသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ကျန်းကျန်း၏ ဘေး၌ ဝင်ထိုင်လိုက်လေသည်။
သမီးမိန်းကလေးက သူ၏မိခင်နှင့် သူ့ဇနီးကြား ညှပ်နေသည်ကို မြင်သည်တွင် လီမူဝူ စိတ်ပျက်လက်ပျက်ဖြင့် တံခါးကို ပိတ်လိုက်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အရှေ့ဘက်ခုံ၌ ဝင်ထိုင်လိုက်ရသည်။
ကားက တော်ဝင်ဟိုတယ်သို့ တိုက်ရိုက်မောင်းသွားခဲ့ကာ ရှီချန်ပေါ်က စားပွဲသုံးလုံးပါသည့် သီးသန့်အခန်းကြီးတစ်ခန်းကို မှာထားခဲ့သည်။
ရှီမိသားစုနှင့် လီမိသားစုတို့အားလုံးက ထိုနေရာ၌ ရှိနေခဲ့ကြပြီဖြစ်ကာ ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့အား စောင့်ဆိုင်းနေကြသည်။
သီးသန့်အခန်းတံခါးကို တွန်းဖွင့်လိုက်သည်တွင် ရှီချန်ပေါ်က အထဲသို့ဝင်လာခဲ့ကာ သူ၏နောက်မှ ရှီကျွင်းကျဲနှင့် ကျန်းကျန်းတို့ လိုက်ဝင်လာသည်။
မိသားစုနှစ်ခုမှ လူငယ်များက ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်ကြလိုက်ကြလေ၏။ ကျန်းကျန်းက အထဲမှလူများအား မမြင်မီပင် သူမ၏လက်များထဲသို့ ပန်းစည်းများစွာ ထိုးထည့်ပေးခံလိုက်ရသဖြင့် သူမ၏အမြင်အာရုံက တိုက်ရိုက်ပိတ်ဆို့သွားခဲ့သည်။
“ညီမလေး၊ မင်းက အရမ်းတော်တာပဲ!”
“အန်တီ၊ သမီး အန်တီ့ကို အရမ်းလွမ်းနေတာ”
“ကျန်းကျန်း၊ မင်း ပြန်လာပြီ!”
ရင်းနှီးသည့်သူများနှင့် မရင်းနှီးသည့်သူများများ အားလုံး စုဝေးနေကြသည်။
ကျန်းကျန်းက နိုင်ငံခြား၌ ဤသုံးနှစ်အတွင်း ပြုလုပ်ခဲ့သည့်အရာများက တရုတ်နိုင်ငံအတွက် ထောင်ပေါင်းများစွာသော ယဉ်ကျေးမှုအမွေအနှစ်များအား ပြန်ယူလာပေးခဲ့ရုံသာမက ပရိသတ်အများအပြားကိုလည်း ရရှိခဲ့သည်။
အထူးသဖြင့် အိမ်၌ရှိသည့် ကလေးငယ်လေးများက ကျန်းကျန်းအား အထူးလေးစားကြည်ညိုခဲ့ကြသည်။
ကျန်းကျန်းက လက်ထဲမှ ပန်းစည်းများကို ဘေးသိာ့ဖယ်ထားပြီး ရှေးဦးစွာ မဒမ်ရှီ၊ ရှီမိသားစုမှ အကြီးအကဲများနှင့် လီမူဝမ်းတို့အား နှုတ်ဆက်လိုက်သည်။
လေဆိပ်၌တုန်းက ရှီချန်ပေါ်က နှစ်ဖက်မိသားစုဝင်များအား ညစာစားပွဲသို့ ဖိတ်ထားသည်ဟု ပြောသည်ကို ကျန်းကျန်း ကြားခဲ့ရသော်လည်း ရှီမိသားစုမှ အကြီးအကဲများတင်မကဘဲ ရာထူးကြီးသည့် ဦးလေးနှစ်ယောက် ဖြစ်သည့် ရှီချန်ရှန်နှင့် လီမူဝမ်းတို့ပါ ဧည့်ခံပွဲသို့ တက်ရောက်မည်ဟုမူ သူမ မမျှော်လင့်ခဲ့ပေ။
အဓိကစားပွဲ၌ထိုင်ရင်း ရှီချန်ရှန်က ပြုံး၍ ပြောလာသည်။
“မင်ကျန်းက ဒီနှစ်တွေမှာ နိုင်ငံခြားမှာရှိနေပြီး လုပ်ခဲ့တဲ့ကိစ္စတွေကြောင့် အခုတော့ ငါတို့နိုင်ငံမှာ နာမည်ကြီးနေပြီ”
ရှီကျွင့်ကျဲ၏အဒေါ် ချန်လဲ့ချင်းကလည်း ချက်ချင်းပင် ပြုံး၍ ပြောလာသည်။
“ကျန်းကျန်းကတော့ မသိသေးဘူး၊ ဒါပေမဲ့ အခုတော့ ဟွားကော်ပြတိုက်ရဲ့ လီမင်ကျန်းပြခန်းက တစ်ထပ်လုံးနေရာယူထားပြီး ပြတိုက်ထဲမှာ အကြီးဆုံးပြခန်း ဖြစ်နေပြီ”
ဟွားကော်ပြတိုက်သည်ကား အစဉ်အမြဲ ခေတ်အလိုက် ပြခန်းဧရိယာများကို ပိုင်းခြားထားသည်။
ကျန်းကျန်း ပြန်ယူလာသည့် ယဉ်ကျေးမှုအမွေအနှစ်များသည်ကား ရှေးဟောင်းအရိုးစာများမှ ချင်းမင်းဆက်လက်ရာများအထိ ထောင်စုနှစ်များစွာ သက်တမ်းရှိသည်။
သို့သော် လီမင်ကျန်း၏ ကိုယ်ကျိုးမဖက်သည့် လှူဒါန်းမှုကို ကျေးဇူးတင်သည့်အားဖြင့် ပြတိုက်က မူလက ထားရှိခဲ့သည့် နေရာခွဲခြားသည့် စည်းကမ်းများကို ချိုးဖောက်၍ သီးသန့်တည်ထောင်ခဲ့သည်။
လီမင်ကျန်းပြခန်းကို ထောင်၍ နေရာသည်လည်း မူလအခန်းတစ်ခန်းစာမှ ယခုတွင် တစ်ထပ်ဧရိယာအထိ ပြောင်းလဲသွားခဲ့လေသည်။
“ငါတို့တွေ အကြိမ်တော်တော်များများ ရောက်ဖူးတယ်”
ချန်လဲ့ချင်းက ပြောလိုက်သည်။
“မင်းလည်း အနားယူပြီးရင် သွားကြည့်လိုက်လေ”
လီမူဝမ်း၏ ဇနီး ရွှယ်ဝမ်ဟွားသည်လည်း ရှေးကကဲ့သို့ ယဉ်ကျေးသည့်အနေအထားဖြင့် ခပ်ဝေးဝေးမနေတော့၊ နွေးထွေးသည့် အပြုံးမျက်နှာဖြင့် ပြောလာခဲ့သည်။
“နန်းတော်ထဲမှာလည်း ဒီရက်ပိုင်း လီမင်ကျန်းရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပြပွဲရှိတယ်၊ မနေ့က ငါနဲ့ မင်းရဲ့ဦးလေး သွားကြည့်ခဲ့ကြတယ်၊ မင်းဦးလေးကတော့ မင်းက ငါတို့ လီမိသားစုရဲ့ ဂုဏ်ယူစရာပဲဆိုပြီး တတွတ်တွတ် ပြောနေခဲ့တာ”
*