အခန်း (၃၅၀)
Vol. 35 Ch. 350
ကျန်းရန်ကျယ်က မဒမ်လီက မှတ်မိစေရန်အတွက် အလေးအနက်ထားကာ နှစ်ကြိမ်တိုင်တိုင်ပြောခဲ့သည်။
“ကောင်းပြီလေ၊ ဒါဆို ပုစွန်ချက်မယ်၊ ငါးပေါင်းမယ်၊ ဟင်းသီးဟင်းရွက်ကြော်တွေ ချက်မယ်”
ကျန်းကျန်း စိတ်သက်သာရာရသွားသည်ကို မြင်သည့်အခါ မဒမ်လီ သက်ပြင်းတစ်ချက် ထပ်ချလျက် ပြောလိုက်ပြန်သည်။
“အခုခေတ်မှာ ကြက်သား၊ ဘဲသားကိုတောင် မစားချင်တော့ဘူးလို့ ပြောနိုင်တယ်၊ မင်းရဲ့အမေ မင်းကို ကိုယ်ဝန်ရှိတုန်းကဆို ငါ့မှာ သူ့ကို ကောင်းကောင်းကျွေးမွေးပြုစုချင်ပေမဲ့ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး”
ယခင်က အခြေအနေများအား ပြန်လည်စဥ်းစားမိသည့်အခါတွင် သက်ကြီးရွယ်အို အများစု၏ မျက်နှာများက အနည်းငယ် မှိုင်းမှောင်သွားခဲ့သည်။
ကျန်းကျန်းလည်း ၎င်းတို့၏ စိတ်ခံစားချက်များ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ရယ်မောလျက် ပြောလိုက်သည်။
“တကယ်လို့ အရင်က ဘဝကို တကယ်လွမ်းတယ်ဆိုရင် နေ့လယ်စာကို အမှတ်တရအျြစာ ဒုက္ခခံပြီး စားကြမလား၊ ဘန်းကိတ်မုန့်ကြီးတစ်လုံးလုပ်ပြီး တောဟင်းတွေ ချက်စားကြတာပေါ့”
မဒမ်လီက ချက်ချင်း ပြုံးလာခဲ့သည်။
“နင်စားချင်ရင်တောင် ငါ အခု သွားယူလာမပေးနိုင်တော့ဘူး၊ အခုခေတ်ကာလက ပြောင်းဖူးမှုန့်တွေက အရင်ကထက် အများကြီး ပိုနူးညံ့နေပြီ၊
ဆန်နှမ်းမှုန့်တွေထက်တောင် မဆိုးတော့ဘူး၊ ပြီးတော့၊ ငါတို့က အရင်က ပြောင်းဖူးမှုန့် အစစ်ပဲ စားခဲ့ရတာ၊ ဘဝတိုးတက်လာတယ်လို့ ပြောရင်တောင် များသောအားဖြင့် ကန်စွန်းဥမှုန့် တစ်ဝက်လောက် ရောထည့်တယ်၊ ဗိုက်ဆာတာပြေပေမဲ့ တကယ်တော့ လည်ချောင်းနာတယ်”
ကျန်းရန်ကျယ်က သက်ပြင်းချလျက် ပြောလာသည်။
“ခင်ဗျားတို့ ပေရှားဒေသမှာက တောကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ကန်စွန်းဥခေါက်ဆွဲတွေ စားရသွးတယ်၊ ကျန်းကျန်း ပြောတာကြားဖူးတယ်၊
တောင်တွေနဲ့ လွင်ပြင်တွေမှာ မှိုတွေနဲ့ တခြားအရာတွေ အပြည့်ပဲတဲ့၊ မြို့မှာနေတဲ့ ကျွန်တော်တို့ကတော့ တကယ်ကို ခက်ခဲတယ်၊ တောရိုင်း ဟင်းရွက်တွေ ခူးစရာနေရာတောင် မရှိဘူး”
ကျန်းကျန်း နဖူးအား အုပ်လျက် ပြောလာခဲ့သည်။
“ဒီအကြောင်းတွေကို မပြောပါနဲ့တော့၊ ရှစ်ဖူ ကျွန်မတို့ စစ်တုရင် ကစားကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် အားနေရင်လည်း ပျင်းနေမှာပဲ”
“မင်းတို့နှစ်ယောက် ကစားနေလိုက်ကြ၊ ငါ မီးဖိုချောင်ထဲသွားပြီး အစားအသောက်တွေ ပြင်ဆင်လိုက်ဦးမယ်”
မဒမ်လီကလည်း ပြော၍ ထွက်သွားခဲ့သည်။ ကျန်းရန်ကျယ်၏ အိမ်သည်က သူတို့နှင့် နီးပြီး တစ်ဦးတည်းနေထိုင်သည့်အတွက် ဤတစ်လခွဲအတွင်း၌ လီမိသားစုအိမ်သို့ ညစာအတွက် ဆယ်ရက်ခန့် လာရောက်စားခဲ့သည်။
တစ်ဦးနှင့်တစ်ဦး အတူတူ နေကြသောကြောင့်လည်း အထီးမကျန်တော့ပေ။ သမိုင်းကြောင်းအရ ကျန်းကျန်း၏ အသက်အရွယ်အိုမင်းပြီးသော ဆရာများအနက် တချို့သည် ယခင်က ဖြစ်ပျက်ခဲ့သည်များကြောင့် ၎င်းတို့၏ ကလေးများအား ခွင့်မလွှတ်လိုခဲ့ကြပေ။
တချို့မှာမူ ၎င်းတို့၏ ကလေးများအား ခွင့်မလွှတ်သည့်အတွက် တစ်ကိုတည်းနေခဲ့ကာ တချို့မှာမူ သားသမီးများနှင့် မိသားစု ပြန်လည်ပေါင်းစည်းခဲ့ကြသည်။
တစ်ဦးတည်းနေထိုင်သော လူအနည်းငယ်အတွက်မူ ကျန်းကျန်းက ၎င်းတို့အား သက်ကြီးရွယ်အို ဘဝအဆုံးအထိ ပြုစုစောင့်ရှောက်ပေးလိုကြောင်း၊ ၎င်းတို့၏ အိမ်၌ အခါအားလျော်စွာ လာရောက်နေထိုင်ရန် ဖိတ်ခေါ်ကြောင်းကို ကြာမြင့်စွာကတည်းက ပြောကြားခဲ့ပြီးဖြစ်သည်။
အဘယ်သို့ပင်ဖြစ်စေ ခြံဝင်းသည်လည်း ကျယ်ဝန်း၍ မိသားစုအတွင်းမှ သက်ကြီးရွယ်အို သုံးဦးသည်လည်း တစ်နေကုန် ပျင်းရိနေကြရာ မိသားစုဝင်များ များပြားလေလေ ကောင်းလေလေပင်။
သို့သော်လည်း ၎င်းတို့သည်က ကျန်းမာရေး ကောင်းမွန်နေသေးသည့်အတွက် ကျန်းကျန်းအား စောစီးစွာ အနှောင့်အယှက် မပေးလိုကြပေ။
ပုံမှန် လက်ဖက်ရည်လာသောက်၍ စကားပြောခြင်းမှအပ ၎င်းတို့ကိုယ်ပိုင်ခြံဝင်းများ၌သာ နေထိုင်ရသည်ကို ပိုနှစ်သက်ကြသည်။
မဒမ်လီက မီးဖိုချောင်သို့သွား၍ နေ့လယ်စာ စီစဥ်ခဲ့ အခန်းတွင်းသို့ ပြန်ရောက်သည့်အခါ လက်ခုပ်တီးလျက် အရေးကြီးသော ကိစ္စကြီးတစ်ခုအား သတိရသွားသည်။
“ကျန်းကျန်း ကိုယ်ဝန်ရှိနေပြီဆိုတာ ကျွန်မတို့ ဘယ်သူ့ကိုမှ မပြောရသေးဘူးပဲ”
ဝမ်စုဖန်းက မဒမ်လီတစ်ယောက် ဖုန်းစာအုပ်နှင့် ဖုန်းဆီ လျှောက်သွားသည်ကို မြင်သည့်အခါ အမြန်လိုက်သွားလျက် ပြောလာသည်။
“အမေ၊ အရင်တုန်းက ကိုယ်ဝန် သုံးလ မပြည့်ခင်အထိ စောင့်ပြီးမှ ပြောရမယ်လို့ မပြောထားဘူးလား”
မဒမ်လီက ဝမ်စုဖန်းအား မျက်စောင်းတစ်ချက်ထိုးလိုက်လေ၏။
“အဲဒါက နင့်ရဲ့ခန္ဓာကိုယ်က မကောင်းလို့ပဲလေ၊ နင့်ရဲ့ကိုယ်ဝန်က မြဲမမြဲကို ဘယ်သူသိမှာလဲ၊ ငါတို့မိသားစု ကျန်းကျန်းကတော့ အဲလိုစိုးရိမ်စရာမရှိဘူး၊ ကလေးက ရောက်ရှိလာမှာ သေချာတယ်”
ဝမ်စုဖန်းက သူမ၏သမီးသည်က နတ်ဘုရားများ၏ ကောင်းချီးဖြင့် မွေးဖွားလာသည့်အတွက် သာမန်လူများနှင့် မတူဟု တွေးလိုက်ကာ စိတ်ချလက်ချဖြင့် မဒမ်လီရှေ့၌ ထိုင်ချလိုက်သည်။
မဒမ်လီနှင့် ဝမ်စုဖန်းတို့ နှစ်ယောက်လုံးက စာမတတ်တတတ်ဖြင့် စာကြည့် မျက်မှန်နျား တပ်လျက် ဖုန်းစာအုပ်အတွင်းမှ စာလုံးကြီးများအား မှတ်မိစေရန် ကြိုးစားကြသည်။
ဝမ်စုဖန်းက “ခမည်းခမက်” ဟူသော စာလုံးပေါ် လက်ညှိုးထိုးလျက် ပြောလိုက်သည်။
“ဒါက ကျန်းကျန်းရဲ့ယောက္ခမ ဖုန်းနံပါတ်ပဲ၊ ခမည်းခမက်ကို အရင် ပြောလိုက်ပါဦး”
မဒမ်လီက အချိန်အကြာကြီး ကြည့်ရှုပြီးနောက် ထိုစာလုံးနှစ်လုံးအား မှတ်မိသွားခဲ့သည်။
“ကောင်းပြီ၊ နင်ငါ့ကို ဖတ်ပြပေး၊ ငါ ဖုန်းခေါ်လိုက်မယ်”
ဖုန်းက သုံးကြိမ်ခန့် မြည်ပြီးနောက်တွင့ လင်းရှို့လန် ဖုန်းကိုင်လိုက်သည်။
“ဟဲလို၊ ကျွန်မ လင်းရှို့လန် ပါ”
“ချစ်ရတဲ့ မိသားစုဝင်ရေ!”
မဒမ်လီ ဝမ်းသာအားရ အော်လိုက်သည်။
“ငါ မင်္ဂလာသတင်းကြီးတစ်ခု ပြောမလို့၊ ငါတို့မိသားစုရဲ့ ကျန်းကျန်း ကိုယ်ဝန်ရှိနေပြီ၊ အင်း.. နဂါးနဲ့ဖီးနစ်လေးတဲ့! ရတာ တစ်လပဲ ရှိသေးတယ်!”
လင်းရှို့လန်တစ်ယောက် ဖုန်းထဲတွင် အနည်းငယ် ရှုပ်ထွေးသွားသည်။ ဤကိုယ်ဝန်တစ်လဟူသည်က နားလည်ရန် လွယ်ကူသည်။ အဘယ်ကြောင့် အမြွှာဟု ပြောသနည်း။
ဤအချိန်၌ ဆေးရုံသွား၍ B-ultrasound စစ်လျှင်ပင် သေးငယ်သော သန္ဓေသားလောင်း နှစ်ခုသာ ရှိနိုင်မည်။ မြင်သည့်အပေါ်၌ နှစ်ဦးဟု ပြောခြင်း၊ နဂါးနှင့် ဖီးနစ်ဟူသည် များစွာ အဓိပ္ပါယ်မဲ့သည်။
သို့သော်လည်း မဒမ်လီ၏ ဆန္ဒအား လင်းရှို့လန် နားလည်နိုင်သေးသည်။
ယခုခေတ်၌ မိသားစုစီမံကိန်း ရှိနေသည့်အတွက် တစ်မိသားစုလျှင် တစ်ကြိမ်သာ မွေးဖွားနိုင်သည်။
သို့သော်လည်း ကျန်းကျန်းတွင် ကိုယ်ဝန်ရှိသည်ကို သိရသည့်အခါ၌ လင်းရှို့လန်လည်း များစွာ ပျော်ရွှင်ခဲ့သည်။
မကြာသေးခင် နှစ်များအတွင်း လင်းမိသားစု၏ သက်ကြီးရွယ်အို နှစ်ဦးက ကျန်းကျန်း၏ ဗိုက်အကြောင်း မေးမြန်းနေခဲ့ကြသည်။
သို့သော်လည်း လင်းရှို့လန်က ၎င်းတို့၌ နိုင်ငံခြား၌ ရှိနေသောကြောင့် ကလေးရှိလာခဲ့ပါက ပြုစုစောင့်ရှောက်မည့်သူ မရှိဟူသော အကြောင်းပြချက်ဖြင့် တားဆီးပေးထားခဲ့သည်။
“အန်တီ၊ ကျွန်မ နားလည်ပါပြီ၊ ကျွန်မ အခုပဲ အိမ်ပြန်တော့မယ်၊ ကျန်းကျန်း ဘာစားချင်လဲဆိုတာ အန်တီ မေးထားလိုက်ပါဦး၊ ကျွန်မ ဝယ်လာခဲ့မယ်။”
“ငါတို့အိမ်မှာ အကုန်ရှိတယ်၊ ငါတို့လည်း ရှိတယ်၊ မင်းအလုပ်ကိုပဲ မင်းလုပ်ပါ၊ ဟိုပြေးဒီပြေး မလုပ်ပါနဲ့ဦး”
“မင်းတို့အားလုံး ညနေစာကို ငါတို့နဲ့ လာစားကြလေ၊ ကျန်းရန်ကျယ်က ကျန်းကျန်း အတွက် ဟင်းတွေ ပိုချက်ပေးမယ်လို့ ပြောထားတယ်၊ အများကြီး စားကြတာပေါ့”
“ကောင်းပါပြီ”
လင်းရှို့လန် ဖုန်းပထဲမှ ပြုံးလိုက်သည်။
“ကျွန်မ ရှီကျွင့်ကျဲ ရဲ့ အဖေကို ပြောလိုက်မယ်၊ ဟုတ်သားပဲ၊ ရှီကျွင့်ကျဲကို ကြိုမပြောထားပါနဲ့ဦး၊ သူတို့ဇနီးမောင်နှံ ကိုယ်တိုင် ပြောပါစေ”
မဒမ်လီလည်း သဘောတူ၍ ဖုန်းချပြီးနောက် မဒမ်လီက ရှီကျွင့်ကျဲ၏ အဘွားဆီသို့ ဖုန်းခေါ်လိုက်သည်။
“ရှီအဘွား၊ ကျွန်မတို့ ကျန်းကျန်းလေးဆီမှာ ကိုယ်ဝန်ရှိနေပြီ၊ နဂါးနဲ့ ဖီးနစ်လေးတဲ့၊ ဘာလဲ နဂါးနဲ့ ဖီးနစ်လေးလို့ ဘယ်သူပြောလဲလို့ပြောတာလား၊ ကျွန်မရဲ့ ကျန်းကျန်းက ကတိပေးထားတာလေ၊
သေချာပေါက် ဖြစ်လာရလိမ့်မယ်၊ ကျန်းကျန်းကို လာတွေ့ချင်လား၊ ကောင်းပြီ၊ နေ့လယ်စာအတွက် မီးဖိုချောင်ကို ဟင်းတွေ ပိုချက်ခိုင်းလိုက်မယ်၊ အတူတူ ဂုဏ်ပြုကြရအောင်။”
“မူဝမ်၊ ကျွန်မတို့ ကျန်းကျန်း ကိုယ်ဝန်ရှိနေပြီ”
“တဆိတ်လောက်ပါ၊ လီမူလင်းရှိလား။ ရှင်က သူ့ယောက္ခမလား၊ သူ စစ်ဆေးရေး ထွက်သွားတယ်လား၊ ဒါဆို သူ့ရဲ့တူမ ကိုယ်ဝန်ရှိနေပြီလို့ ကျွန်မအတွက် ပြောပေးပါဦး”
“လောင်လျို့ လား၊ ငါလီမူဝူ ရဲ့ အမေပါ၊ ငါတို့ တတိယမြောက် မိသားစုရဲ့ ချွေးမ လျို့ရှို့လန် ကို ဖုန်းခေါ်ပေးပါဦး၊ ဘာကိစ္စလဲလို့မေးတာလား၊ ကျွန်မရဲ့ ကျန်းကျန်း ကိုယ်ဝန်ရှိနေပြီလေ”
ရပ်ကွက်ရုံးမှ လူများလည်း ပျော်ရွှင်စွာ ဖုန်းချပြီး လီမူစန်းဆီသို့သွား၍ လျို့ရှို့လန်အား ရှာဖွေခြင်းအစား အသံချဲ့စက်ဖြင့် အော်လိုက်သည်။
“သတင်းကောင်းရှိတယ်! သတင်းကောင်းရှိတယ်!
ငါတို့ ပေရှားဒေသရဲ့ နာမည်ကြီး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သလို မျိုးချစ်ဂုဏ်ဆောင်ဖြစ်တဲ့ လီမင်ကျန်းဆီမှာ ကိုယ်ဝန်ရှိနေပါပြီတဲ့!
လျို့ရှို့လန်၊ မြန်မြန် လာပါဦး! ရပ်ကွက်ရုံးက မင်းရဲ့ ယောက္ခမဆီကို ဖုန်းပြန်ဆက်လိုက်ဦး၊မင်းရဲ့ယောက္ခမ ဖုန်းမျှော်နေတယ်”